← Chapters

အဲ့လောက် ယဉ်ကျေးလား

Vol. 33 Ch. 489

အဲ့လောက် ယဉ်ကျေးလား

Vol. 33 Ch. 489

“အစ်မလီ လင်းချွမ်ကို တကယ်ဖမ်းချင်နေတာတော့ မဟုတ်ပါဘူးနော်”

ချင်ယွန်း အံ့ဩစွာကြည့်ရင်း မေးလိုက်မိသည်။

“အရင်ကတော့ မပြောတတ်ပေမဲ့ ဒီနေ့ တကယ် လုပ်မယ် ထင်လို့လား”

ထိုအခါမှ လီထုန် စနောက်နေကြောင်း ချင်ယွန်းတစ်ယောက် သဘောပေါက်သွား၏။

ထို့နောက် သူလည်း ရယ်မော၍

“တစ်နေကုန်နီးပါး လေ့လာပြီးတော့ လင်းချွမ်အကြောင်း တော်တော်သိသွားပြီလား”

လီထုန် ခေါင်းငြိမ့်၍ သက်ပြင်းချကာ

“သိသွားပြီလို့ မဟုတ်ပေမဲ့ နည်းနည်းတော့ ရိပ်မိလာပြီ။ စာအုပ်ကလည်း (၂) အုပ်တည်း ဖတ်ရသေးတာကိုး။ သူနဲ့ တွေ့ရအောင် စီစဉ်ပေးပါ။ ညစာ မဟုတ်လည်း ညလယ်စာပေါ့”

“ဟုတ်ကဲ့ပါ”

ချင်ယွန်း ချက်ချင်း ဖုန်းထုတ်၍ လင်းချွမ်အား ဆက်လိုက်သည်။

တီ တီ တီ…

“လင်းချွမ်”

ယုချင်း ဖုန်းဝင်သည်နှင့် စနှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ”

“ဒီညအားလားဗျ။ ကျွန်တော်တို့ နောက်ပိုင်းလည်း ပူးပေါင်းပြီး အလုပ်လုပ်ရမှာဆိုတော့ ပိုရင်းနှီးအောင်လေ ညစာလေး ဖိတ်ကျွေးချင်လို့”

ချင်ယွန်း လီထုန့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

လီထုန် ပြုံး၍ ခေါင်းငြိမ့်ပြ၏။

လင်းချွမ် ရုတ်တရက်တော့ အံ့ဩသွားပြီး ထို့နောက် ပြုံးကာ ချက်ချင်း လက်ခံလိုက်သည်။

“ရပါတယ်။ ကျွန်တော်က ဝမ်းသာရမှာပါ”

လင်းချွမ်လည်း အင်တာပိုနှင့် ပူးပေါင်းရေးကို တွေးထားပါသည်။

သူ့အစီအစဉ်ထဲတွင် အဓိကအချက်အဖြစ် ပါဝင်နေ၏။

မော်ဂန်နှင့် ပိုင်ရှန်တို့အား ရှင်းလင်းရန် အရေးပါသော အဖွဲ့အစည်း ဖြစ်သည်။

သူတစ်ယောက်တည်းဆိုလျှင် သူ့ကိုယ်ပိုင်နည်း သုံးရမည် ဖြစ်၏။

ထိုအခါ ထိန်းချုပ်ရန် ခက်ခဲပြီး ရဲစခန်း၌ပါ ဒုက္ခရောက်နိုင်သည်။

အလွန် အန္တရာယ်များ၏။

ယခု အင်တာပိုနှင့် ဟန်မြစ်အပိုင်းရဲစခန်းတို့ကဲ့သို့ တရားဝင် အဖွဲ့အစည်းများနှင့် ပူးပေါင်းသောအခါ နောက်ဆက်တွဲပြဿနာများအား ထည့်စဉ်းစားရန် မလိုဘဲ တရားမျှတရေးလည်း စိတ်ချရသည်။

လုံခြုံဘေးကင်း၏။

“ကျုဖန်းမှာဆိုရင်ရော။ ည (၇) နာရီလောက်”

ချင်ယွန်းမှ အချိန်နှင့်နေရာ ပြောပြလိုက်သည်။

လင်းချွမ် သဘောတူလိုက်ပြီးသောအခါ လီထုန် ကျေနပ်စွာ ပြုံးနေတော့၏။

သူ လင်းချွမ်၏ ဝတ္ထု (၂) ပုဒ် ဖတ်ပြီးနောက် သံသယများစွာ ရှိနေသည်။

ထို့ကြောင့် မည်သို့မည်ပုံ ဖြစ်သွားသည်အား လင်းချွမ်ကို မေးချင်ပါသည်။

“အားလုံး စီစဉ်ပြီးပါပြီ”

ချင်ယွန်း လီထုန့်ကို လှည့်ကြည့်၍ ပြောသည်။

လီထုန် ပျော်ရွှင်စွာဖြင့်

“လင်းချွမ်က တကယ် ယုံကြည်ချက်ရှိတာလည်း ဖြစ်နိုင်တာပဲ”

“အစ်မလီ လင်းချွမ်ရဲ့အကြံ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား”

ချင်ယွန်း အံ့ဩသွား၏။

“အတိအကျ မပြောတတ်ပေမဲ့ ဒီည အဖြေတစ်ခုခု ရမှာပေါ့”

သူ ရေရွတ်ရင်း ပြောလိုက်သည်။

ဆောင်းရာသီညနေခင်းတွင် ကောင်းကင်မှာ ဇာပုဝါပါး အုပ်ဆိုင်းထားသကဲ့သို့ မှုန်မှိုင်းကာ ရွှေလိမ္မော်ရောင် နေခြည်သည် လေနုအေးနှင့်အတူ တဖြည်းဖြည်း လွင့်ပါးလာ၏။ သစ်ရွက်များမှာ အလင်းရောင်နှင့် အရိပ်များကြား အသက်ဝင် လှုပ်ရှားနေသည်။

မကြာမီ ည (၇) နာရီ ထိုးလေပြီ။

နေ့တာတို၍ ညတာရှည်လာပြီး ကောင်းကင်ဝါဖျော့ဖျော့မှာ လမ်းမီးရောင်များနှင့် ဟပ်၍ လမင်းကြီးကို ပိုတောက်ပစေရန် ပံ့ပိုးပေးနေသည်။

လင်းချွမ် ကျုဖန်စားသောက်ဆိုင်ရှေ့ ရောက်လာသည်။

ရိုးရာစားသောက်ဆိုင်ဟု ထင်ရှားပြီး သာမာန်နေ့၌ပင် ရှုပ်ယှက်ခတ်နေ၏။

သူ လော်ဘီကိုဖြတ်၍ ဒုတိယထပ်ဆီ တက်သွားလေသည်။

ထို့နောက် ခရမ်းတိမ်ဟူသော သီးသန့်ခန်းထဲ ဝင်သွား၏။

အထဲတွင်မူ တရုတ်ရိုးရာပုံစံ ပြင်ဆင်ထားပြီး လက်ဖက်ရည်စားပွဲနှင့် ပန်းချီများကြောင့် ပို၍ ဆွဲဆောင်မှု ရှိစေသည်။

လီထုန်နှင့် ချင်ယွန်းမှ စဖိတ်သူများပီပီ အရင်ရောက်နှင့်နေကြ၏။

နှစ်ယောက်သား ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်လျက် လက်ဖက်ရည်သောက်ရင်း လင်းချွမ်အား စောင့်နေသည်။

လင်းချွမ် ဝင်လာသောအခါ

“မင်္ဂလာပါ”

“လင်းချွမ် ထိုင်ပါ”

လီထုန် မတ်တပ်ထရပ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်လေသည်။

ထို့နောက် သူ့ကိုထိုင်ရန်လည်း လက်ပြလိုက်၏။

မျက်နှာလေးမှာတော့ ပြုံးရွှင်၍ တောက်ပနေလေသည်။

ထို့ကြောင့် ဘေးမှ ချင်ယွန်းပင် အံ့ဩနေမိသည်။

သူကိုယ်တိုင် မတ်တပ်ထရပ်၍ နှုတ်ဆက်သည်မျိုး တစ်ခါမှ မတွေ့ဖူးပေ။

ကျောက်ဟိုင်ဖျင်ကိုသာ ရာထူးပိုကြီး၍ တလေးတစား ဆက်ဆံတတ်ပါသည်။

ယခုတော့ လင်းချွမ်အတွက် မတ်တပ်ရပ်လာ၏။

အဲ့လောက် ယဉ်ကျေးတာလား။

ချင်ယွန်းပါ မတ်တပ်ရပ်ကာ ပြုံးပြလိုက်ရသည်။

လင်းချွမ်မှာ ယနေ့ အနက်ရောင်ကုတ်အင်္ကျီနှင့် အောက်တွင် ကျားပုံတီရှပ်၊ ပေါ့ပါးသော ဘောင်းဘီတို့ကို ဝတ်ဆင်ထားပြီး နုပျိုလန်းဆန်းနေ၏။

ကျုဖန်စားသောက်ဆိုင် မီးရောင်အောက်၌ လင်းချွမ်၏ သန့်ရှင်းကြည်လင်သော မျက်နှာလေးမှာ ထင်ရှားနေပြီး အရွယ်နှင့်မလိုက်အောင် ရင့်ကျက်လှ၏။

လင်းချွမ်သာ ယူနီဖောင်းဝတ်၍ ရေနွေးကြမ်းခွက် ကိုင်ထားလျှင် ကျောက်ဟိုင်ဖျင်အဆင့်ဟုပင် ထင်ရလောက်သည်။

ဩဇာအာဏာ ရှိလွန်း၏။

ချင်ယွန်းလည်း ထို့အတူ ခံစားရပါသည်။

ကြည့်လေ ကြည့်လေ သာမာန်မဟုတ်မှန်း သိလာမိသည်။

သူကိုယ်တိုင် အတွေ့အကြုံ အတော်အသင့်ရှိ၍ ယုံကြည်ချက်များ ရှိသော်လည်း လင်းချွမ်ကို အလွန်လေးစားနေလေသည်။

ထိုအချိန်တွင် လင်းချွမ် ခုံ၌ဝင်ထိုင်ရင်း ချင်ယွန်း အကြည့်ကြောင့် ရယ်မောကာ

“ရဲသားချင် ဘာတွေ အတိအကျ လိုက်ကြည့်နေတာလဲဗျ”

ချင်ယွန်း ထိုအခါမှ သတိဝင်လာပြီး

“အခု ပိုပြီး အရှိန်အဝါတွေ တောက်နေလို့ပါ”

All Chapters