ရှင် သတ်ဖူးလား
Vol. 33 Ch. 490
လီထုန် မျက်ခုံးပင့်မိကာ
“ကျွန်မလည်း အဲ့လိုပဲ ထင်ပါတယ်”
လင်းချွမ် နေရခက်စွာ ရယ်မော၍
“ကျွန်တော်တို့ ဒီမနက်ကပဲ တွေ့ခဲ့သေးတယ်လေ”
ချင်ယွန်းလည်း ဘာပြန်ပြောရမည်မသိ ဖြစ်နေ၏။
လီထုန်မှ ပြုံးလျက်
“မတွေ့တာ နေ့တစ်ပိုင်းပဲ ရှိသေးပေမဲ့ ကျွန်မတို့ အကောင်းမြင်တတ်တာ ဖြစ်နိုင်တာပဲလေ”
“ခေါင်းဆောင်လီက နောက်တတ်တာပဲ။ ကျွန်တော်က စားဖို့ လာတာနော်”
သီးသန့်ခန်းထဲတွင် ရယ်မောသံများ ပြည့်နှက်သွား၏။
“ခေါင်းဆောင်လီ ဒီနေ့ မော်ဂန်နဲ့ ပိုင်ရှန်အကြောင်း စုံစမ်းပြီးပြီထင်တယ်။ ဘယ်လိုမြင်လဲ”
လင်းချွမ် ပြုံး၍ ပေါ့ပါးစွာ မေးလိုက်သည်။
လီထုန် သူ့ကို ရင်းနှီးစွာကြည့်၍ ခဏစဉ်းစားပြီးနောက်
“ကျွန်မက ရှင့်ထက်လည်း အသက်ကြီးတယ်ဆိုတော့ လင်းလို့ပဲ ခေါ်လိုက်မယ်နော်”
“ရပါတယ် အစ်မလီ”
လင်းချွမ် ပြုံးပြ၏။
လီထုန် ရယ်မော၍
“လင်း ကျွန်မတို့ အထက်ကိုတော့ ရှင့်အစီအစဉ် တင်ပြပေးထားတယ်။ လက်ရှိ ကျွန်မတို့ကတော့ လုပ်ဆောင်နိုင်စွမ်း မရှိဘူးပေါ့”
လင်းချွမ် ခဏစဉ်းစားကာ
“ကျွန်တော်တို့ အခြေအနေနဲ့ မတတ်နိုင်ဘူးလား”
“ဟုတ်ပါတယ်”
လီထုန် ခေါင်းငြိမ့်ပြ၍ ဆက်ပြော၏။
“အခုချိန်မှာ အင်တာပိုလည်း အခက်အခဲတွေ ရှိနေလို့ အမှုတော်တော်များများတောင် ဆိုင်းထားရတယ်။ မှုခင်းအဖွဲ့ကြီးတွေ ပေါ်လာတာကို လိုက်ထိန်းရတာနဲ့ပဲ ရှုပ်နေတာ။ ဒါပေမဲ့ ရှိသမျှ လူအင်အားနဲ့ ပစ်မှတ်ထား တိုက်ခိုက်ရင်တော့ ဖြစ်နိုင်လောက်ပါတယ်”
သူ အမှန်အတိုင်း ပြောနေမှန်း သိသာပါသည်။
လင်းချွမ် သူ့ထံမှ ထိုအဖြေမျိုး မျှော်လင့်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် စိတ်အရမ်း မပျက်ဘဲ ပြုံး၍
“မော်ဂန်နဲ့ ပိုင်ရှန်ကို ဖြိုခွဲဖို့ အင်အားတော့ လိုတယ်”
လီထုန် ခေါင်းငြိမ့်ပြရင်း လင်းချွမ်အတွက် ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးကာ
“ဒီညကတော့ တစ်ယောက်နဲ့တစ်ယောက် သိရုံ၊ ရင်းနှီးရုံပါပဲ။ နောက်ထပ်အလုပ်တွေမှာ ပိုအဆင်ပြေအောင်ပေါ့”
ဤသည်မှာ သူ့၏ ရည်ရွယ်ချက်အမှန် ဖြစ်လေသည်။
လင်းချွမ်ကို နားလည်နိုင်ရန်။
လင်းချွမ်၌သာ အရည်အချင်း အပြည့်အဝရှိလျှင် သူနှင့် ကျောက်ဟိုင်ဖျင်တို့ လက်ခံရန် တွေးထားသည်။
အင်တာပိုတွင် ပညာရှင်ဆန်သော ကျွမ်းကျင်ဝန်ထမ်း လိုအပ်နေပါသည်။
ထိပ်တန်းအေးဂျင့်တစ်ဦးသာ ရပါက အလွန် တိုးတက်လာမည် ဖြစ်၏။
ထိုအခါ လင်းချွမ်ကိုသာ ပြေးမြင်မိလေသည်။
လင်းချွမ် ပြုံးကာ
“ဒါပေါ့။ နောက်လည်း အလုပ်တွေ အများကြီး တွဲလုပ်ရဦးမှာ”
နက်ရှိုင်းသော ပူးပေါင်းမှု မဟုတ်လျှင်ပင် သူတို့ချင်း နိုင်ငံတကာအမှုနှင့် ပတ်သက်ကာ ဆက်သွယ်နေရဦးမည်။
လီထုန်သည်လည်း အလွန်ကြိုးစား၍ ပြိုင်ဆိုင်လိုစိတ် ပြင်းသော ရဲမေတစ်ဦး ဖြစ်၏။
သူတို့ ဟိုဟိုဒီဒီ စကားဆက်ပြောနေကြစဉ် စားပွဲထိုးလေး တံခါးခေါက်ကာ ဝင်လာ၏။
စားစရာများကို လှည်းဘီးလေးဖြင့် တစ်ခါတည်း တွန်းလာပြီး အခန်းထဲ၌ အမွှေးအကြိုင် ဟင်းရနံ့များ ထုံမွှန်းသွားသည်။
လင်းချွမ်တို့ လက်ဖက်ရည်စားပွဲမှ ထမင်းစားပွဲဆီ ထလာလိုက်ကြ၏။
လီထုန်မှာ လင်းချွမ်နှင့် ချင်ယွန်းတို့ကြားတွင် ထိုင်လိုက်သည်။
ချင်ယွန်းမှ
“လင်းချွမ် ဒီနေ့ ပရိသတ်အသစ်တစ်ယောက် တိုးလာပြီနော်”
လင်းချွမ် ဟင်းများ ထည့်စားရင်း ရယ်မောလျက်
“အစ်မလီကို ပြောတာတော့ မဟုတ်ပါဘူးနော်”
သူ ပြောပြောဆိုဆိုနှင့် လီထုန်အား လှမ်းကြည့်၏။
လီထုန် ရယ်မောကာ
“အလုပ်ပြီးသွားတော့ ရှင့်စာအုပ် ရှာပြီး ဖတ်မိတယ်လေ”
“ကျွန်တော်က ဂုဏ်ယူရမှာပါ”
လင်းချွမ် အားနာစွာ လက်ယမ်းပြသည်။
လီထုန်မှာ မျက်လုံးလေးများ တောက်လျက်
“အဲ့လိုဆိုမှ ကျွန်မက တရားဝင် ကျွမ်းကျင် ရဲဝန်ထမ်းဆိုပေမဲ့ ရှင်နဲ့ ယှဉ်ကြည့်တော့ တော်တော် အားနည်းသေးတာပဲ”
လင်းချွမ် နေရခက်စွာဖြင့်
“အစ်မလီက ဘယ်ဝတ္ထုဖတ်လိုက်တာလဲ”
“ကျွမ်းကျင်လှသော လုပ်ကြံသူနဲ့ ထိပ်တန်းအေးဂျင့်လေ။ ဒါပေမဲ့ အစပိုင်းတွေပဲ ရှိသေးတာ”
လီထုန် သူ့ကို စိုက်ကြည့်ကာ
“ဒါပေမဲ့ ဖတ်ပြီးတော့ နားမလည်တာတွေ ရှိလို့။ လူချင်းတွေ့ပြီး မေးချင်တာနဲ့”
လင်းချွမ် လန့်သွား၏။
အဲ့တာကြောင့်ကိုး။
ကောမန့်များသာ ဖတ်မိလျှင် ပိုဆိုးနိုင်သည်။
‘ဟားဟားဟား။ သေချာပေါက် လူသတ်သမားပဲ။ ငါ့ညစာနဲ့ တိုင်တည်ရဲတယ်’
‘တရားခံက ဂုဏ်သိက္ခာရှိသလို နေနေတယ်’
‘ရဲတွေ ကျွန်တော် တိုင်ကြားစရာလေး ရှိလို့ပါ’
ထိုသို့ဖြင့် ထူးဆန်းစွာ ပြောဆိုထားကြပါသည်။
လင်းချွမ် သူ့ရှေ့မှ နှစ်ယောက်ကို လှမ်းကြည့်ရင်း နာကျင်စွာ ပြုံးမိသည်။
အခု စားနေတုန်း အင်တာပိုက ဝင်လာပြီး ဖမ်းသွားကြတော့မှာလား။
“လင်း”
လင်းချွမ် တိတ်ဆိတ်နေ၍ လီထုန်မှ လှမ်းခေါ်လိုက်သည်။
အပြင်ဘက်တွင်မူ ဆောင်းလေပြင်းပြင်း တိုက်လျက် အေးစိမ့်လာသည်။
ပြတင်းပေါက်တစ်ဖက်မှ ပန်းရနံ့များလည်း ဝင်ရောက်လာ၏။
လင်းချွမ် သူအနွေးထည်ယူလာမိ၍ တော်သေးသည်ဟု တွေးနေ၏။
မဟုတ်လျှင် ယခုအချိန် အတော်လေး ကြက်သီးထကာ စိမ့်နေလောက်လေပြီ။
ထို့နောက် အရိုးသားဆုံး ပြုံး၍
“အစ်မလီ ဘာကိုသိချင်တာလဲ။ ကြိုက်တာ မေးပါ”
လီထုန်လည်း သူ့အပြုံးကြောင့် သူ့အတွေးများ မှားသွားလားဟု ထင်လာသည်။
“ရှင် ကျွမ်းကျင်လှသော လုပ်ကြံသူထဲမှာ ရေးထားတာလေ။ အလုပ်ပြီးရင် အစအဆုံး ပြန်ရှင်းလင်း၊ သက်သေဖျောက်တာ တွေ့လို့။ ရှင် သတ်ဖူးတာလား”
သူ ပြောပြီးနောက် လင်းချွမ်အား ငေးကြည့်နေသည်။
ကျွမ်းကျင်စုံထောက်တစ်ဦး၏ အရှိန်အဝါကြောင့် အခန်းထဲ၌ ပို၍ အေးစက်ကာ စိတ်ဖိစီးစရာ ဖြစ်လာ၏။
တစ်ဖက်မှ ချင်ယွန်းလည်း ဆက်မစားနိုင်ဘဲ စိတ်ဝင်တစားဖြင့် အဖြေကို စောင့်နေသည်။
လီထုန်၏ ကျွမ်းကျင်ရာ မျက်နှာအမူအရာ ဖတ်နေကြောင်း သိလိုက်သည်။
လင်းချွမ် အကြည့်မလွှဲဘဲ ရယ်မော၍
“သတ်ဖူးတာပေါ့”
“ဘယ်လို”
လီထုန် မျက်မှောင်ကြုတ်သွားသည်။
“အဲ့ထဲမှာလည်း ပါတယ်။ အလုပ်အစစ် မစခင် ကြက်သတ်ကြည့်ရတယ်လေ။ ကြက်သတ်တာကတော့ ဥပဒေနဲ့ လွတ်တယ်မလား”
လင်းချွမ် ရိုးသားစွာ ပြုံးပြသည်။
“လွတ်ပါတယ်။ မွေးမြူရေးကြက်တွေအတွက် ကာကွယ်ရေး ဥပဒေ ထုတ်ထားတာမှ မရှိတာ”
လီထုန် အံ့ဩစွာ ရယ်မောနေသည်။
“ဒါဆို တော်သေးတာပေါ့”
လင်းချွမ် ကြက်သားတစ်တုံးကို ကျေနပ်စွာ စားလိုက်သည်။
ချင်ယွန်းမှာ လီထုန်ကိုကြည့်လိုက်၊ လင်းချွမ်ကို ကြည့်လိုက် ဖြစ်နေ၏။
လင်းချွမ်သည် အတွေ့အကြုံများစွာရှိသူပီပီ ယခုတစ်ခေါက်တော့ အရမ်း မခက်ခဲလိုက်ဘဲ ပေါ့ပါးစွာ ဖြေဆိုလိုက်နိုင်သည်။
“ကဲ စားဦးလေ။ ဘာလို့ မစားတာလဲ။ စားပွဲထိုးကို ကြက်သားစွပ်ပြုတ် ထပ်မှာလိုက်ရမလား”
လင်းချွမ် စနောက်လိုက်လေ၏။