ကျွန်တော့်ဝတ္ထု ဖတ်ကြည့်ပါဦး
Vol. 33 Ch. 491
လီထုန် အံ့ဩနေရာမှ ပြုံး၍
“စားပါတယ်။ တစ်ခါတစ်လေမှ ကိုယ့်နိုင်ငံ ပြန်ရောက်တာပဲ”
ထို့နောက် ကြက်သားတစ်တုံး အားရပါးရ ထည့်စားလေသည်။
“လင်း အခုလောက်ဆိုရင် ကျွန်မကို ရှင့်ပရိသတ်လို့ သတ်မှတ်နိုင်ပြီလား”
“အပိုင်းတိုင်းကို subscribe လုပ်ပြီးပြီလား”
“အကုန်လုံးလား”
“အင်းပေါ့”
“ကျွန်မက စာဖတ်နေကျ မဟုတ်လို့ပါ။ လုပ်ရမှာပေါ့”
“ကောင်းပါပြီဗျာ”
ဘေးတွင် ကြည့်နေသော ချင်ယွန်းမှာ အကုန် မြင်ရ၍ ထူးဆန်းနေတော့သည်။
အခြေအနေကို လင်းချွမ်မှ ထိန်းချုပ်ထားသလို ဖြစ်နေ၏။
လီထုန်၏ ချဉ်းကပ်မှုမှာ လင်းချွမ်အပေါ် မသက်ရောက်ချေ။
သူ ချင်ယွန်း၏အကြည့်ကိုတွေ့ကာ။ သဘောပေါက်သွားပြီး သက်ပြင်းချ၍ ထပ်မေးသည်။
“Subscribe လုပ်ရတာက ကိစ္စမရှိပါဘူး။ အမှန်တော့ အဲ့လို လက်တွေ့ကျအောင် ဘယ်လိုရေးလဲ သိချင်နေတာ။ ဝတ္ထုထဲမှာဆို လူသတ်ဘုရင်ပဲလေ”
ချင်ယွန်းမှ ဝင်ထောက်ခံ၏။
“ဟုတ်တယ်။ လုပ်ကြံသူလို အချက်အလက်ကျတော့ အင်တာနက်မှာလည်း ရှာလို့မရဘူးလေ။ အဲ့တာ ဘယ်လိုရေးလဲ သိချင်တာ”
လင်းချွမ် လက်ဖက်ရည်တစ်ငုံသောက်ကာ စဉ်းစားနေသည်။
ထို့နောက် အကြည့်ကိုရင်ဆိုင်ကာ ပြုံး၍ တစ်ဖက်လှည့်၍ ပြန်ပြောသည်။
“ကျွန်တော် မဖုံးထားချင်ပါဘူး။ အရင်ကတော့ အဲ့လို လေ့လာပြီး အချက်အလက် ရှာတာပဲ”
“ဪ”
သူ့အဖြေကြောင့် နှစ်ယောက်သား အချင်းချင်း လှည့်ကြည့်မိသည်။
လင်းချွမ်မှ ဆက်၍
“အစ်မလီ မှုခင်းပါရမီရှင်ဆိုတာမျိုး ကြားဖူးလား”
“အင်း ကြားဖူးတယ်”
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာ အလွန်ရှားပါး၍ မတွေ့ဖူးသော်လည်း သင်ကြားချက်များ၌ ကြားဖူးသည်။
လင်းချွမ် သက်ပြင်းချကာ ကံကြမ္မာကို ပုံအပ်ရသကဲ့သို့
“ကျွန်တော်က အဲ့လိုပါရမီ ပါလာတယ်လို့ ခံစားရတယ်”
“ဟင်”
နှစ်ဦးလုံး မှင်တက်သွားကြ၏။
လင်းချွမ် သူတို့ကိုကြည့်ကာ ဆက်ပြောသည်။
“အစ်မလီတို့ (၂) ယောက်အပါအဝင် ဖတ်ဖူးတဲ့သူတိုင်း ကျွန်တော် ဘယ်လိုရေးလဲ သိချင်ကြတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် အင်တာနက်က လေ့လာတာအပြင် စိတ်ထဲမှာ ပုံဖော်ကြည့်တယ်။ မစ္စတာလင်းနေရာကနေ ဝင်ခံစားတာပေါ့။ သူ့နေရာမှာဆို ဘယ်လိုလုပ်မလဲ ဆိုတာမျိုး”
“ဘယ်လိုလုပ်မလဲ”
လီထုန် စိတ်ဝင်တစား မေးသည်။
“မပြောတတ်ဘူး။ ဒါပေမဲ့ အဆိုးဆုံးအခြေအနေတွေတော့ ဖယ်ရှားမှာပဲ။ အဲ့တာကို မြင်ယောင်ကြည့်တာပေါ့”
ချင်ယွန်းလည်း စွံ့အနေ၏။
“ကျွန်တော့်ဝတ္ထုတွေက စိတ်ကြွစေလို့လား”
“ဟင် အင်း။ ဖြစ်ချင် ဖြစ်မှာပေါ့”
ချင်ယွန်း တုံ့ဆိုင်းဆိုင်း ပြန်ပြောသည်။
“အဲ့တာဆို ပြစ်မှုမြောက်မှာလား”
လင်းချွမ် မျက်နှာငယ်ဖြင့် မေး၏။
“မမြောက်ဘူးပေါ့”
လီထုန် ခက်ခက်ခဲခဲ ဝင်ဖြေပြီးနောက်
“ရှင် ဇာတ်လမ်းတစ်ခုချင်းစီကို မြင်ယောင်ပြီး ပြီးပြည့်စုံသလောက် ရေးနိုင်မယ်လို့ မထင်ထားဘူး။ တကယ် မယုံနိုင်စရာပဲ”
လင်းချွမ်မှာ သနားစရာအမူအရာဖြင့် ဆက်၍
“ပြီးပြည့်စုံသလောက်က ပြီးပြည့်စုံတာမှ မဟုတ်တာ ဟင်း…”
သူ့အဖြေကြောင့် နှစ်ယောက်သား ထပ်ကြောင်နေသည်။
လီထုန် သူ့ကို မရဲတရဲကြည့်ကာ
“ရှင် အပြင်မှာ ပြစ်မှုတကယ် ကျူးလွန်ဖူးတာတော့ မဟုတ်ပါဘူးနော်”
လင်းချွမ် ချက်ချင်း ရယ်မော၍ လက်ယမ်းလျက်
“မဟုတ်တာဗျာ။ ကျွန်တော်က ဥပဒေ လိုက်နာတဲ့သူပါ”
လီထုန် သူ့အမူအရာကို အကဲခတ်ရင်း စိတ်ချသွားသလို သက်ပြင်းချလိုက်သည်။
“လင်းကို ရဲတွေနဲ့ ပူးပေါင်းကူညီနေတာနဲ့တင် ဥပဒေ လိုက်နာတာ ယုံလိုက်ပါမယ်။ ရှင့်ပါရမီက တော်တော် အထောက်အကူ ဖြစ်တာ။ နောက်လည်း အလုပ်တွေ အတူတူ ဆက်လုပ်ရအောင်နော်”
“မြှောက်လွန်းနေပါပြီဗျာ”
လင်းချွမ် လက်ဖက်ရည်ခွက် ကောက်ကိုင်၍ အကျင့်အတိုင်း မှုတ်ပြီးမှ သောက်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော် မော်ဂန်နဲ့ ပိုင်ရှန်ကို အမြစ်ဖြတ်ဖို့ ပိုပြီး ယုံကြည်ချက်ရှိတယ်ဗျ”
စကားဝိုင်းမှ လင်းချွမ်ဘက် အသာစီး ရောက်လာသည်။
သူ့တွင် စိတ်ပညာ ထိန်းချုပ် ကိုင်တွယ်နိုင်စွမ်းရှိကြောင်း ဝန်ခံရပေမည်။
“အစ်မလီ ကျွန်တော့်ကို အရည်အချင်း မပြည့်မီဘူး ထင်လို့လား”
လင်းချွမ် သူ့တွေဝေမှုကို ကိုင်၍ မေးလိုက်သည်။
လီထုန် သူ့ကို ခဏငေးကြည့်နေပြီးမှ ခေါင်းငြိမ့်ကာ
“အမှန်အတိုင်း ပြောရရင် သိပ်မလုံလောက်သေးဘူးလို့တော့ ထင်နေတယ်”
လင်းချွမ် ယုံကြည်ချက်ရှိရှိ ပြုံးလျက်
“အစ်မလီက ကျွန်တော့်ကို သေချာ နားမလည်သေးဘူးပဲ။ ကျွန်တော့်ဝတ္ထုတွေ ထပ်ဖတ်ကြည့်လိုက်ပါဦး။ အဲ့တာဆို အဆင်ပြေလိမ့်မယ်”
“ကောင်းပါပြီ”
လီထုန် သဘောတူလိုက်၏။
လင်းချွမ်၏ လုပ်ဆောင်နိုင်စွမ်းမှာ မြင့်သော်လည်း မည်သို့ပင်ဖြစ်စေ သူတစ်ယောက်တည်း ဖြစ်သည်။
ထိပ်တန်း မှောင်ခိုဂိုဏ်းများအား ဖယ်ရှားရန်မှာ ဟာကျူလီမျှ အင်အားရှိမှ ဖြစ်လိမ့်မည်။
“အစ်မလီနဲ့ ရဲသားချင်တို့လည်း မော်ဂန်နဲ့ ပိုင်ရှန်ကို ဖျက်ဆီးချင်နေတာ သိပါတယ်။ အင်အား မမျှဘူးလို့ ထင်နေတာမလား”
လင်းချွမ် သူတို့ကို တစ်လှည့်စီကြည့်ကာ ပြောလိုက်သည်။
ထိုအင်တာပို ရဲ (၂) ဦးမှ သူ့ကို နားလည်လာစေရန် မျှော်လင့်နေသည်။
လီထုန် လင်းချွမ်အား ငေးကြည့်နေ၏။
လင်းချွမ်မှ
“နောက်ထပ် ဖြစ်လာမယ့်ပြဿနာတွေလည်း ရှိတယ်လေ။ ဒီဂိုဏ်းကြီး (၂) ခုကို တိုက်ခိုက်ဖို့က မထင်ထားတဲ့ အင်အားတွေ မလိုပါဘူး။ တစ်ခါတစ်လေ ရိုးရိုးလေးပဲ အမြင်ပြောင်းလိုက်ရင် ရပါတယ်”
“ဘယ်လိုမျိုးလဲ”
“ဥပမာ အင်အားကို စုစည်းပြီး ခေါင်းဆောင်ဆီ တန်းဖမ်းတာမျိုးပေါ့”
စားသောက်ဆိုင် သီးသန့်ခန်းမှာ အသံလုံ၍ တော်သေး၏။
လင်းချွမ် အခန်းထဲ ဝင်လာစဉ်ကလည်း အသံဖမ်းကိရိယာရှိမရှိ စစ်ဆေးထားပါသည်။ ထို့ကြောင့် စိတ်ရှင်းရှင်းဖြင့် ပြောလိုက်၏။
လီထုန် ခပ်တွေးတွေး ဖြစ်သွားသည်။
ချင်ယွန်းလည်း မျက်မှောင်ကြုတ်နေ၏။
လင်းချွမ်မှ ဆက်၍
“ခေါင်းဆောင်တွေကိုဖမ်းပြီး သက်သေတွေကို သက်ဆိုင်ရာဆီ လွှဲလိုက်ရင် နောက်ပိုင်း ယုံကြည်မှုရှိပြီး အကူအညီတွေ ပိုရလာမှာပေါ့”
“ခေါင်းဆောင်ကိုလား”
ချင်ယွန်း ရေရွတ်မိသည်။
“အဲ့တာလွယ်လို့လား”
လီထုန် မျက်မှောင်ကြုတ်လျက်
“ကျွန်မ အင်တာပိုမှာ အလုပ်လုပ်နေတာ ကြာလှပြီ။ မော်ဂန်နဲ့ ပိုင်ရှန်က အချက်အလက်တွေလည်း တော်တော်ရထားတာပဲ။ ဒါပေမဲ့ ခေါင်းဆောင် ဘယ်သူလို့တော့ ထွက်မလာဘူး။ ခေါင်းဆောင်ပိုင်းတွေဆိုတာ ထိပ်တန်း လျှို့ဝှက်ချက်ပဲ”
သူ့စကားမှာ အဓိပ္ပာယ်ရှိပါသည်။
လင်းချွမ်မှာတော့ မစိုးရိမ်ပုံဖြင့် ပြုံးကာ
“ဘယ်နားပဲဖြစ်ဖြစ် လမ်းကတော့ အမြဲရှိပါတယ်။ ခေါင်းဆောင်ကို လိုချင်ရင် ခြေရာခံလိုက်ရမှာပေါ့”
လီထုန် သူ့ယုံကြည်ချက်ကို နားမလည်နိုင်တော့ပေ။
ပါရမီရှင်မို့လို့ပဲလား။
“လင်း ရှင် ယုံကြည်ချက်ရှိတာ သိပေမဲ့ သက်သေ မရှိရင် လေပဲနော်”
လင်းချွမ် ခဏစဉ်းစား၍ အကြံရသွားပုံဖြင့်
“အစ်မလီ ကျွန်တော့်ရဲ့ ဝတ္ထုတွေ ထပ်ဖတ်ကြည့်လိုက်ပါဦး”
“ဟင်”
လီထုန် အံ့ဩစွာ ငေးကြည့်နေသည်။
သူ တကယ် ပြောနေတာလား။