ငြင်းရင် ဘယ်လိုလုပ်မလဲ
Vol. 33 Ch. 494
“ဘာပြောချင်တာလဲ သိပ်နားမလည်ဘူး”
ကျောက်ဟိုင်ဖျင် သူ့နားသူ မယုံနိုင်အောင် ဖြစ်နေသည်။
ဝတ္ထုထဲမှာ အကြောင်းအရာများမှာ စိတ်ကူးယဉ်ဆန်ပါသည်။
သူ နားမလည်နိုင်စွာဖြင့်
“ဆရာကျောက် ကြားရတာ ထူးဆန်းမှာ သိပေမဲ့ နောက်နေတာ မဟုတ်ပါဘူး။ တကယ် အရေးကြီးလို့ပါ”
လီထုန်မှာ ဟာသပြောသလို မဖြစ်စေရန် အလွန်လေးနက်စွာ ပြော၏။
ကျောက်ဟိုင်ဖျင် လင်းချွမ်ကို မသိသော်လည်း လီထုန်အကြောင်းတော့ သိပါသည်။
သူ့လက်အောက်မှ ထက်မြက်သော ရဲမေလီထုန်သည် လင်းချွမ်ကို အလွန် အထင်ကြီးနေတော့၏။
သူ့ဝတ္ထုတွေထဲမှာ တကယ်ပဲ ထူးဆန်းတာ ပါလို့လား။
“ရဲမေလီ ဘယ်လိုလုပ် သိတာလဲ”
ကျောက်ဟိုင်ဖျင်မှာ အတွေ့အကြုံ ရှိသူပီပီ အတင်းမငြင်းဘဲ ထည့်စဉ်းစားရန် ဆုံးဖြတ်လိုက်၏။
“ကျွန်မ လင်းချွမ်ဝတ္ထုထဲက အသေးစိတ်အချက်အလက်တွေကို မှတ်ထားပါတယ်။ ဒီည ချင်နဲ့အတူ အချောသတ်ပြီး ပို့ပေးလိုက်ပါ့မယ်။ ဖတ်ပြီးရင် ကျွန်မ ဘယ်လို ခံစားနေရလဲ နားလည်မှာပါ”
“ကောင်းပြီလေ။ ထိပ်တန်းရဲတစ်ယောက်ကတောင် သဘောကျလောက်အောင် ဘာတွေ ထူးခြားနေလဲ ကြည့်တာပေါ့”
ကျောက်ဟိုင်ဖျင် ရယ်မော၍ ပြောလိုက်၏။
လီထုန်ပြုံးကာ
“ဆရာကျောက် ဒါ မော်ဂန်နဲ့ ပိုင်ရှန်ကို ဖျက်ဆီးနိုင်မယ့် အခွင့်အရေးကြီးပဲ”
“မင်း မှတ်စုကို အရင်ကြည့်လိုက်ပါဦးမယ်”
“ဟုတ်ကဲ့ပါ”
ထို့နောက် ဖုန်းချလိုက်ကြပြီး လီထုန်နှင့် ချင်ယွန်းတို့ နှစ်ယောက်သား မှတ်စုကို ပြန်စစ်ဆေး စီစဉ်ကြသည်။
မကြာမီ အားလုံး သေသပ်စွာဖြင့် ဒစ်ဂျစ်တယ်ဖိုင် ပြုလုပ်ပြီးသွား၏။
“ကဲ ပြီးပြီ”
ချင်ယွန်း ဖိုင်ကို သိမ်းလိုက်သည်။
လီထုန် ကျေနပ်စွာပြုံးလျက်
“ချင် အခုပဲ ပို့လိုက်တော့”
“ဟုတ်ကဲ့ပါ”
သူတို့ အလုပ်ပြီးသွားချိန်၌ ည (၉:၃၀) နေလေပြီ။
ထို့နောက် သူ့အတွက်ရော၊ ချင်အတွက်ပါ လက်ဖက်ရည်တစ်ခွက်စီ ငှဲ့၍ အနားယူလေ၏။
သူ ထိုရက်ပိုင်းတွင် ဝတ္ထုများဖတ်၍ မှတ်စုရေးရင်းသာ အလုပ်ရှုပ်နေခဲ့သည်။ ယခုမှ ကျေနပ်စွာ နေနိုင်တော့သည်။
“အစ်မလီ ဆရာကျောက်က လက်မခံရင် ဘယ်လိုလုပ်မလဲ”
ချင်ယွန်းမှ မေး၏။
လီထုန် ခေါင်းယမ်းကာ ယုံကြည်ချက်အပြည့်ဖြင့်
“ဆရာကျောက် လက်မခံဘဲ မနေဘူး။ ငါ သူ့အကြောင်း သိတယ်။ ဒီည သေချာဖတ်ပြီးရင် နောက်ရက်ပိုင်းအတွင်း သတင်းကောင်း ကြားရလိမ့်မယ်”
“အဲ့လောက်တောင်လား”
“ဒါပေါ့။ လင်းချွမ်ရဲ့ ယုံကြည်ချက်ကိုတော့ မမီပေမဲ့ပေါ့”
လီထုန် လက်ဖက်ရည်သောက်ရင်း ရယ်မောကာ ပြောလိုက်သည်။
“အစ်မလီကတော့ သူ့ကို အရမ်းအထင်ကြီးနေပြီပဲ။ ကျွန်တော်လည်း သူ့ဝတ္ထုတွေ ဖတ်ဖူးပါတယ်။ ထူးထူးခြားခြား သတိမထားမိခဲ့ဘူး”
ချင်ယွန်း နားမလည်နိုင်စွာကြည့်၍ ပြော၏။
“အင်း… မင်းက အဲ့အဆင့်ကို မရောက်သေးလို့ နေမှာပေါ့”
လီထုန် ရယ်မောကာ ပြောလိုက်သည်။
“ဆရာကျောက်တော့ ဒီည ညလုံးပေါက်မလား မသိပေမဲ့ ကျွန်တော်တော့ တစ်ညလုံး လေ့လာရတော့မယ် ထင်တယ်”
ချင်ယွန်း မှတ်စုများကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။
“ကောင်းပါပြီ။ ယူသွားတော့”
လီထုန် ပြုံးကာ ပြန်ပြော၏။
ထိုညတွင် ချင်ယွန်းရော၊ ကျောက်ဟိုင်ဖျင်ပါ တူညီစွာဖြင့် အလုပ်ရှုပ်နေကြမည်ဟု ခန့်မှန်းမိလေသည်။
…
အင်တာပို အာရှရုံးခွဲ။
ကျောက်ဟိုင်ဖျင်၏ ရုံးခန်း။
ကြီးမားသော စားပွဲကြီးပေါ်၌ ကွန်ပျူတာနှင့် ဖိုင်တွဲများ ချထားသည်။
ကျောက်ဟိုင်ဖျင်တစ်ယောက် လီထုန် ပို့ပေးသည့် ဖိုင်အား ဖွင့်ကြည့်လျက် ရှိသည်။
သူ ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း အချိန်ပေးဖတ်နေ၏။
မှတ်စုထဲတွင် မစ္စတာလင်း၏ လုပ်ကြံရေးတာဝန် အသေးစိတ်ကို အဆင့် (၄) ဆင့် ခွဲထားလေသည်။
(၁) ပစ်မှတ်ကို လေ့လာခြင်း။
(၂) အစီအစဉ် ရေးဆွဲခြင်း။
(၃) တာဝန်စတင်ခြင်း။
(၄) အခင်း ရှင်းလင်းခြင်း။
လီထုန်မှာ ဝတ္ထုကို သေချာဖတ်၍ မှတ်စု ထုတ်ထား၏။
မစ္စတာလင်း၏ လုပ်ဆောင်မှုမှာ သေသပ်၍ သက်သေမကျန်အောင် ဆောင်ရွက်နိုင်ခြင်းသည် ပြီးပြည့်စုံလွန်းသည်။
ကျောက်ဟိုင်ဖျင် ကျွမ်းကျင်လှသောလုပ်ကြံသူထဲမှ ပထမတာဝန်ကို ဖတ်ပြီးနောက် လက်ဖက်ရည် တစ်ကျိုက်မော့ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ကိုယ်ကိုမတ်မတ်ထိုင်၍ စာဖတ်မျက်မှန်အား ပင့်တင်လိုက်၏။
“ဒါသာ အပြင်မှာဆိုရင် တကယ် မဖြေရှင်းနိုင်လောက်အောင်ပဲ”
သူ ပို၍ တက်ကြွလာသည်။
ထို့နောက် ဒုတိယအမှုကို ဆက်၍ ဖတ်ကြည့်၏။
အချိန်မှာ သတိမထားမိမီပင် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်လုံးခြောက်သကဲ့သို့ ခံစားလာရသည်။
စာကြည့်မျက်မှန်ကို ချွတ်ကာ အံဆွဲထဲမှာ မျက်စဉ်းယူ၍ ခတ်ပြီးနောက် အနည်းငယ် ပေါ့ပါးသွား၏။
ထို့နောက် အချိန်ကိုလှမ်းကြည့်လိုက်ရာ (၁၂) နာရီခွဲနေပြီ ဖြစ်၏။
ဟူး…
သူ သက်ပြင်းချကာ ဖုန်းထုတ်၍ စာတစ်စောင် ပို့လိုက်သည်။
“မိန်းမရေ ကို ဒီည အိမ်ပြန်မလာဖြစ်တော့ဘူး”
လီထုန် တွေးထားသည့်အတိိုင်း တစ်ညလုံး အလုပ်ရှုပ်ပေတော့မည်။
တစ်ဖက်တွင်။
အန်လင်း၌ ည (၉:၃၀) အချိန် ဖြစ်၏။
မီးရောင်များမှာ အေးစိမ့်သော လေကို အနည်းငယ် နွေးထွေးစေလေသည်။
အန်လင်းမြစ်ကမ်းဘေး စားသောက်ဆိုင်
ထိုနေရာမှာ လင်းချွမ်၊ ကျန်း၊ ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ စုံနေကျ ဖြစ်၏။
ယခုညတွေ့ဆုံခြင်းမှာ ကျန်းရှင်းရှင်းမှ ဦးဆောင်ခြင်း ဖြစ်သည်။ သူကိုယ်တိုင် ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ကို ဖိတ်ထား၏။
လင်းချွမ်မှာတော့ မပါမဖြစ် ဖြစ်သည်။
လင်းချွမ်မှာ အသားများကို ထမင်းနှင့် အားရပါးရ စားလျက် ရှိ၏။
ဘေးမှ ကျန်းသည် လင်းချွမ်အတွက် ရေနွေးကြမ်း ငှဲ့ပေးလိုက်သည်။
လင်းချွမ် အရင်အတိုင်း ပေါ့ပါးနေသည်ကို တွေ့ကာ
“စာရေးဆရာလင်း ကြည့်ရတာ အေးအေးဆေးဆေး စားသောက်နေနိုင်တယ်နော်။ ပူးပေါင်းရေးက ဘယ်လိုလဲ”
အင်တာပိုနှင့် ပူးပေါင်းရေးကို ဆိုလိုခြင်း ဖြစ်သည်။
“ဘာသတင်းမှ မကြားသေးဘူး”
လင်းချွမ် ရေတစ်ခွက်မော့ရင်း ပြော၏။
“ကြာနေပြီနော်”
ရှန်ချန်းချန်း ရေရွတ်လိုက်မိသည်။
ကျန်း ခေါင်းငြိမ့်လျက်
“ဟုတ်တယ်။ တော်တော် ကြာနေပြီ”
လင်းချွမ် ပြုံးကာ
“လောစရာ မလိုပါဘူး။ မကြာခင် လာမှာပေါ့”
သူ ရှန်ချန်းချန်းကိုကြည့်၍ ပြော၏။
ရှချင်းချင်းလည်း သူ့သူငယ်ချင်းကို လှည့်ကြည့်၍
“ချန်းချန်း အခြေအနေ အသေးစိတ်ကို သိထားလား။
“ဟင့်အင်း”
လင်းချွမ် သူ့ကိုလှမ်းကြည့်ကာ
“အစ်မလီနဲ့ ဝတ္ထုတွေအကြောင်း ဆွေးနွေးတာ ပြီးသွားပြီလား”
“ပြီးပြီလေ”
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍
“ဒါပေမဲ့ သူ ဘယ်လိုတွေးလဲတော့ မသိရဘူးလေ”
“မကြာခင် သိရမှာပါ။ အခုလောက်ဆို အထက်ကို တင်ပြထားလောက်ပြီလေ”
ရှန်ချန်းချန်း ခဏစဉ်းစား၍
“ဆရာ့ကို ကြိုပြီး ပြောထားလိုက်ရမလား။ သူတို့လည်း မငြင်းအောင်။ အဲ့တာ ပိုကောင်းမယ် ထင်တယ်”
လင်းချွမ် လက်ယမ်းပြ၍
“မလိုပါဘူး။ ဒါက ကိစ္စကြီးပဲ။ စဉ်းစားဖို့ အချိန်လိုလိမ့်မယ်”
“ဟိုဘက်က အခုထိတောင် စဉ်းစားတုန်းဆိုရင် ဘယ်လိုလဲ မသိဘူးနော်”
ရှန်ချန်းချန်း စိုးရိမ်စွာ ပြောမိသည်။ သူ့စကားကြောင့် မိန်းကလေးများအားလုံး မျက်နှာပျက်နေ၏။
လင်းချွမ် ထို (၃) ယောက်ကို တစ်လှည့်စီ ကြည့်လိုက်ပြီး
“ညစာ မစားကြတော့ဘူးလား”
“အင်း”
ရှန်ချန်းချန်း ခဏငြိမ်နေပြီးနောက်
“ဗိုက်ပြည့်သလို ဖြစ်နေလို့”
ရှချင်းချင်းလည်း ခေါင်းငြိမ့်ကာ
“ကျွန်မရောပဲ။ ဝပြီ”
“ဒီည ညစာက ပျော်စရာမဟုတ်ဘူးပဲ”
လင်းချွမ် ရယ်မောကာ ပြောလိုက်၏။
“ဟင်”
ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ မှင်တက်သွားကြလေသည်။