အပြင်းအထန်တိုက်ပွဲ
Vol. 34 Ch. 497
မြေအောက် live။
နိုင်ငံတကာဟက်ကာ ပလက်ဖောင်း။
ထိုနေရာမှာ ဟက်ကာများအတွက် စုစည်းရာနေရာ ဖြစ်ပြီး ထိပ်တန်းဟက်ကာများမှအစ အားလပ်ချိန်တွင် အပျော်ဝင်ကြည့်သူများအဆုံး ရှိကြ၏။
အန်ဂျလီနာမှာ လက်ချောင်းလေးများအား ကျွမ်းကျင်စွာ လှုပ်ရှားနေသည်။
သူ့လိုအပ်သောပစ္စည်းများနှင့် ကွန်ယက်ကိုလည်း သေချာအောင် စစ်ဆေးလိုက်၏။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု စတင်လေသည်။
နည်းပညာကုမ္ပဏီတစ်ခု ပီသစွာဖြင့် အင်တာနက်လှိုင်းမှာ အလွန်လျင်မြန်၏။ မျက်စိတစ်မှိတ်အတွင်း အန်ဂျလီနာ၏ တိုက်ရိုက် ထုတ်လွှင့်မှု ပေါ်လာတော့သည်။
သို့သော် မျက်နှာပြင်မှာ မှောင်မိုက်နေ၏။
အန်ဂျလီနာမှ ဘယ်ဘက်လက်ဖြင့် mouse ကိုနှိပ်ရင်း ညာဘက်အောက်ထောင့်တွင် ကာတွန်းရုပ်လေး ပေါ်လာတော့သည်။
ထို့နောက် ဟက်ကာနယ်ပယ်ထဲသို့ စာပို့လိုက်လေသည်။
အရေးပေါ်— မြန်မြန်လာကြ။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုလင့်ခ်ကိုပါ တွဲပေးလိုက်သည်။
ထိုအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ တစ်မိနစ်အတွင်း လူအများ ရောက်လာကြတော့သည်။
[နတ်မိမယ်လီနာက live လွှင့်နေတာလား]
[ပျောက်နေတဲ့ ကောင်မလေး ပြန်ရောက်လာပြီ။ live မလွှင့်တာ တော်တော်ကြာသွားပြီနော်]
[ရောက်ပါပြီဗျာ။ အရေးပေါ်က ဘာလဲ]
[လီနာက ရုတ်တရက် live လွှင့်တာပဲ။ ကျေးဇူးပါ။ အခုလေးတင် ဝင်လာတာကို လီနာနဲ့ တွေ့ရပြီ]
[…]
ကွန်ပျူတာရှေ့၌။
အန်ဂျလီနာမှာ ချောင်းဟန့်၍ အသံထိန်းကာ အင်္ဂလိပ်လို ကျွမ်းကျင်ပြုံးရွှင်စွာ ပြောလိုက်သည်။
“လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ AW ကို တိုက်ခိုက်မယ်လို့ ကျွန်မ အတွင်းသတင်း ရထားပါတယ်။ အခု ကျွန်မကနေ ဒီရှားပါး ပြင်းထန်တိုက်ပွဲကြီးကို အားလုံး ကြည့်နိုင်အောင် live လွှင့်ပေးတော့မှာ ဖြစ်ပါတယ်”
ပုံမှန်အားဖြင့် ဆိုက်ဘာတိုက်ပွဲများကို ကွန်ယက် တိုက်ခိုက်မှု၊ ခုခံမှုဟုသာ ခေါ်တတ်ပါသည်။
သို့သော် ယခု မြောက်အမေရိကတွင် နာမည်ကြီးသော ဟက်ကာအဖွဲ့ကြီးကို ရင်ဆိုင်မည် ဖြစ်သောကြောင့် ပြင်းထန်တိုက်ပွဲကြီးဟု သုံးလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုသူများလည်း ပိုပို၍ များလာ၏။
ခုနလေးတင် တစ်ထောင်ဝန်းကျင်မှ ယခုအခါ တစ်သောင်းအထိ တက်လာလေသည်။
အရှိန်မှာ မထင်ထားလောက်အောင် မြန်ဆန်လွန်း၏။
မကြာမီ မျက်နှာပြင်တွင် ကောမန့်များ ပြည့်လာတော့သည်။
[AW ကိုလား။ AW ကို ထပ်ပြီး တိုက်ခိုက်ပြန်ပြီလား]
[နောက်ပိုင်း AW က အမြဲတိုက်ခိုက်နေတာပဲနော်။ ဒါပေမဲ့ နိုင်တာထက် ရှုံးတာက ပိုများနေတယ်]
[ဟုတ်တယ်။ ဒီတစ်လော တိုက်ပွဲကြီးတွေမှာ တစ်ပွဲမှ မနိုင်သေးဘူး]
[ထပ်ပြောရရင် ရှုံးတာကလည်း အဲ့တစ်ယောက်ထဲကိုပဲနော်။ ဟက်ကာလောက စာရေးဆရာ မစ္စတာလင်းလေ]
[လီနာက ပြင်းထန်တိုက်ပွဲလို့ ပြောနေတာပဲ]
[လျှို့ဝှက်အဖွဲ့က AW ကို အပြတ်ရှင်းတော့မှာလား]
[ဝိုး]
[နတ်မိမယ်လီနာ လျှို့ဝှက်အဖွဲ့ဆိုတာ ဘယ်သူလဲ]
အန်ဂျလီနာ ဆံနွယ်လေးသပ်လျက် ပြုံးကာ
“ခန့်မှန်းကြည့်လေ”
ထိုအခါ ကောမန့်များထဲ၌ ခန့်မှန်းချက်များ ပြည့်သွားကြသည်။
မစ္စတာလင်း၊ HK နှင့် အချို့လည်း မော်ဂန်အုပ်စုဟု ထင်ကြ၏။
ထိုအချိန်တွင် အန်ဂျလီနာမှာ အခြားအလုပ်များလည်း ကိုင်တွယ်နေရသေးသည်။
၇၂၀ ကုမ္ပဏီ၏ အကာအကွယ်ကို စောင့်ကြည့်လျက် တစ်ဖက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအား ထိန်းသိမ်းရပါသည်။
သူ ထိုအနေအထားကို ပိုင်နိုင်ကျွမ်းကျင်ပြီး ဖြစ်၏။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုထဲ၌ ကွန်ယက် တိုက်ခိုက်မှု ပြသသော မြေပုံ ပေါ်လာသည်။
မှောင်မိုက်နေသော ကမ္ဘာလုံးပုံသည် ဖြည်းညင်းစွာ လည်ပတ်နေ၏။
ရစ်ပတ်လျက်ရှိသော ရောင်စုံမီးတန်းများမှာ နိုင်ငံတကာ ဟက်ကာအဖွဲ့အစည်းများအား ကိုယ်စားပြုနေပြီး တိုက်ခိုက်မှုများကို တွေ့ရသည်။
ကွန်ယက်မှာ မမြင်ရသောနေရာ၌ပင် သက်ရောက်ပါသည်။
ထိုနေရာမှာ ဟက်ကာများအတွက် ပုံမှန်ပင် ဖြစ်၏။
အန်ဂျလီနာမှာတော့ မြောက်အမေရိက အပိုင်းကိုသာ အာရုံစိုက်ထားသည်။ ထိုနေရာမှ အစက်လေးများမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ AW ၏နေရာ ဖြစ်လောက်သည်။
[လီနာ ဒီလိုမျိုး AW ကို အရှင်းတိုက်ခိုက်မယ်ဆိုတာ ကြိုပြောတော့ သူတို့ ရှောင်ထွက်လို့ ရမှာပေါ့]
[ဟုတ်တယ်။ အံ့ဩအောင်လုပ်တာ ပိုမကောင်းဘူးလား]
[ဟက်ကာတိုက်ပွဲတွေမှာ နည်းပညာမမြင့်ရင် တည်တည်ငြိမ်ငြိမ်နဲ့ ချဉ်းကပ်ရမှာလေ]
[ဒီမှာ AW ကလူတွေ မရှိဘူးလား]
[…]
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဆူညံသွား၏။
အန်ဂျလီနာမှာ တောက်ပစွာပြုံးလျက် လှပသော မျက်နှာလေးသည် စိမ်းလန်းသော တောအုပ်ကဲ့သို့ စိုပြေသွားလေသည်။
ထို့နောက် ယုံကြည်ချက်အပြည့်ဖြင့်
“ကျွန်မ သိထားသလောက်တော့ သူတို့က AW ကို အလစ်မတိုက်ချင်ဘူး။ ဒါပေမဲ့…”
အန်ဂျလီနာ ခဏရပ်သွားသည်။
အားလုံး ရင်တဒိတ်ဒိတ် ခုန်လာ၏။
“စစ်ကြေညာတာ”
အန်ဂျလီနာအသံမှာ ကြည်လင်ပြတ်သားလှသည်။
ဟက်ကာတိုင်း သူ့အသံကို သေချာကြားရ၏။
သူတို့အားလုံး AW အကြောင်း ကောင်းကောင်းသိကြသည်။
AW မှာ မြောက်အမေရိကမှ ထိပ်တန်းဟက်ကာအဖွဲ့ ဖြစ်ပြီး အားလုံး အနည်းနှင့်အများ ပတ်သက်ကြလေသည်။
ယခု လျှို့ဝှက်အဖွဲ့က AW ကို စစ်ကြေငြာနေသည်လား။
[AW က နောက်ပိုင်း အရမ်းရှုံးနေတော့ တစ်ယောက်ယောက်က စမ်းသပ်တာလား]
[မဖြစ်နိုင်တာ။ AW ကို ထိပ်တိုက်တွေ့ပြီး နိုင်ဖို့ လွယ်တာမှ မဟုတ်တာ]
[ဟုတ်သားပဲ။ အခုတစ်လော ရှုံးတာကလွဲရင် AW ကို လူတိုင်းတော့ မနိုင်နိုင်ပါဘူး]
[ပိုစိတ်ဝင်စားစရာ ကောင်းလာပြီပဲ]
[တွေးရတော့ ခက်တယ်။ AW သာ ဒီတစ်ခေါက် ထပ်ရှုံးရင် ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်မလဲ]
[မြေပုံထဲကတောင် ပျောက်သွားမလား မသိဘူး]
[ဒီမှာ AW က ဘယ်သူမှ မရှိဘူးလား။ ဘယ်သူမှ မပြောကြဘူးလား]
[…]
အန်ဂျလီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တဖြည်းဖြည်း လူသိများ၍ နိုင်ငံတကာအထိ ပေါက်ရောက်ကာ ခေါင်းစည်းပိုင်းများ၌ ရှာဖွေမှု အများဆုံး ဖြစ်လာ၏။
> AW ကို အပြင်းအထန် တိုက်ခိုက်မှုရှိနေကြောင်း မြောက်အမေရိကဟက်ကာများမှ သတင်းပေး။
>လီနာ
>လျှို့ဝှက်အဖွဲ့က ဘယ်သူလဲ။
>AW
ဤသို့ဖြင့် အချင်းချင်း ပြောဆိုကြရင်း အလိုလို ပျံ့နှံ့သွားတော့သည်။
AW လည်း မကြာမီ သတင်းကို တွေ့လေ၏။