← Chapters

(၂) နာရီပဲ ကြာမယ်

Vol. 34 Ch. 498

(၂) နာရီပဲ ကြာမယ်

Vol. 34 Ch. 498

“မြန်မြန်ရှာကြစမ်း။ ဘယ်သူက လာရှုပ်နေတာလဲ”

AW လည်း သတင်းတွေ့သည်နှင့် ဒေါသတကြီး တုံ့ပြန်လေ၏။

ဆက်တိုက်အရှုံးပေါ်ခြင်း၊ အရေးကြီးပုဂ္ဂိုလ် ကားလ် အဖမ်းခံရခြင်းတို့ကြောင့် အထိမခံ ဖြစ်နေသည်။

မြင်သည့်အတိုင်း ဟက်ကာဝက်ဘ်ဆိုဒ်များ၌ သူတို့၏ ဂုဏ်သိက္ခာအတော်ကျဆင်းနေလေပြီ။

ဟက်ကာနယ်ပယ်တွင် AW မှာ ဂုဏ်သိက္ခာရှိရှိ အချိန်အတော်ကြာအောင် နေထိုင်ခဲ့သည်။

သို့သော် ယခုလို ဆက်တိုက်အရှုံးပေါ်ခြင်းမှာ သူတို့၏ အင်အားကို ယိမ်းယိုင်စေ၏။

ယခုအချိန်တွင် အဖွဲ့တစ်ခုမှ ပေါ်တင် စစ်ကြေညာနေပြီး အခြေအနေမှာ အလွန် ရှက်စရာ ကောင်းလှသည်။

ထိုအချိန်တွင် AW မှ ဟက်ကာများ အသည်းအသန် စုံစမ်းစစ်ဆေးနေကြသည်။

အန်ဂျလီနာ၏ live ကိုကြည့်ခြင်းကသာ သူတို့၏ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်၏။

[AW မှ ကြေညာချက်: စိန်ခေါ်တဲ့သူ ဘယ်သူမှ မကြောက်ဘူးကွ]

အန်ဂျလီနာ၏ live အလယ်တွင် စာတန်းပေါ်လာသည်။

AW ၏ စိတ်ထားကို အပြည့်အဝ တွေ့ရ၏။

အန်ဂျလီနာ ရယ်မောကာ

“AW အခုမှ သိသွားတာပဲ။ ဒီလိုက အလစ်တိုက်တာလည်း မဟုတ်ဘူး။ အနိုင်ကျင့်တာလည်း မဟုတ်ဘူးမလား”

ထိုအချိန်တွင် အန်ဂျလီနာဘေး၌ လင်းချွမ် ရှိနေသည်။

သူ အသံပိတ်လိုက်ကာ လင်းချွမ်ကိုကြည့်၍

“အိုင်ဒေါလ်ပြောတာ ဒါမျိုးမလား”

လင်းချွမ် ခေါင်းငြိမ့်၍ လက်မထောင်ပြလေသည်။

“အခြေအနေ ကောင်းတယ်”

“ကျွန်မတို့ တည်နေရာကို ပြလိုက်မလား”

အန်ဂျလီနာ တောက်ပစွာပြုံး၍ ပြောသည်။

“ရတယ်လေ”

လင်းချွမ် မငြင်းပေ။

ထိုဟက်ကာများမှာလည်း အရူးမဟုတ်ပေ။

အန်ဂျလီနာ မပြောလျှင်ပင် အနည်းငယ် စစ်ဆေးပြီးနောက် လင်းချွမ်၏ လှုပ်ရှားမှုမှန်း သိသွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူ့တိုက်ခိုက်ပုံမှာ ထူးခြား၏။

လင်းချွမ်မှာ ဟက်ကာနယ်ပယ်တွင် ထူးခြားသော သိုးမည်းတစ်ကောင် ဖြစ်၏။

“ကောင်းပြီ။ စစ်ပွဲ စတာပေါ့”

အန်ဂျလီနာ ရေရွတ်ရင်း မိုက်အသံပြန်ဖွင့်လိုက်သည်။

“နောက်ဆုံးသတင်း ရထားပါတယ်။ လျှို့ဝှက်အဖွဲ့ရဲ့ တည်နေရာက…”

[ဘယ်နေရာလဲ]

[လျှို့ဝှက်အဖွဲ့ရဲ့ အချက်အလက်ကို ထုတ်ပြမလို့လား]

[မိုက်တယ်။ ဘယ်သူလဲ]

[သူတို့တော့ မဟုတ်ဘူးမလား]

အန်ဂျလီနာ ချက်ချင်း မပြောပြဘဲ အချိန်ဆွဲထားရင်း စနောက်နေ၏။ ထိုအချိန်အတွင်း ကွန်ယက်မြေပုံကို ကြည့်ကာ ဟန်မြစ်အပိုင်းအား တည်နေရာ ထောက်လိုက်သည်။

“ဟန်မြစ်လား”

မြေပုံပေါ်တွင် ဟန်မြစ်အပိုင်း၌ အလင်းရောင်များ တလက်လက် ဖြာနေ၏။

မြောက်အမေရိက၏ အခြေအနေနှင့်ယှဉ်လျှင် အတော်လေး တည်ငြိမ် တိတ်ဆိတ်လေသည်။

သို့သော် မည်သူမျှ အထင်မသေးရဲပေ။

ဟန်မြစ်အပိုင်းကို တွေ့သည်နှင့် အားလုံး ထိုတစ်ယောက်ကိုသာ တွေးမိကြသည်။

ဟက်ကာ နတ်ဘုရား။

ထိုလူမှာ AW ၏ တိုက်ခိုက်မှုကို လုံးဝ ပြောင်းပြန် ဖြစ်စေခဲ့ပြီး ဟန်မြစ်အပိုင်းအား ကယ်ခဲ့သူ ဖြစ်သည်။

အားလုံး သူ့ကို သတိထားမိသွားကြသည်။

[ဟက်ကာ နတ်ဘုရားပဲ]

[ဟက်ကာနတ်ဘုရားက တကယ် လှုပ်ရှားလာတာလား]

[လီနာက သတင်းအရင်ရနေတာ ဒါကြောင့်ကိုး]

[ပွဲကောင်း ကြည့်ရတော့မယ်]

[အခုလောက်ဆို AW တော်တော် လန့်နေလောက်ပြီ]

[ဟက်ကာနတ်ဘုရားက သူတို့ရဲ့ အိပ်မက်ဆိုးလေ]

[…]

ကောမန့်ထဲတွင် အားလုံး ဆူညံနေကြသည်။

အစမှာတော့ လျှို့ဝှက်အဖွဲ့ကို အထင်သိပ်မကြီးသော်လည်း မထင်မှတ်စွာဖြင့် ဟန်မြစ်အပိုင်းမှ ဟက်ကာနတ်ဘုရား ဖြစ်နေ၏။

ကြည့်ရှုနေသူများ၏ အမြင်လည်း ပြောင်းသွားသည်။

AW ဒုက္ခရောက်တော့မည်ဟု တွေးမိလာ၏။

“အစ်မလီ”

အင်တာပို အန်လင်းရုံးခန်း၌ ချင်ယွန်းမှ လှမ်းခေါ်လိုက်သည်။

“ဘာလို့လဲ။ ဆရာကျောက်ဆီက စာကျပြီလား”

လီထုန် သူ့စားပွဲတွင် ထိုင်နေရင်းမှ ခေါင်းမော့လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ချင်ယွန်း သူ့အနားရောက်လာပြီး ဝမ်းသာသော အသံဖြင့်

“မဟုတ်ဘူး။ ပွဲကြီး ဖြစ်နေလို့။ ဟက်ကာနတ်ဘုရားက AW ကို တိုက်ခိုက်နေပြီ”

“ဟက်ကာနတ်ဘုရားလား”

လီထုန် ထိုအသုံးအနှုန်းကို ပထမဆုံး ကြားဖူးခြင်း ဖြစ်ကာ မျက်မှောင်ကြုတ်သွားလေသည်။

“အဲ့တာ လင်းချွမ်လေ”

ချင်ယွန်းမှ ရှင်းပြ၏။

“လျှို့ဝှက် ဟက်ကာပလက်ဖောင်းမှာ လီနာက တိုက်ရိုက်ပြနေတာ။ အခု လင်းချွမ် စတိုက်ခိုက်နေပြီ”

လင်းချွမ်ဟု ကြားသည်နှင့် သူ စိတ်ဝင်စားသွား၏။

ဟက်ကာလောကအကြောင်း နားမလည်သော်လည်း အန်ဂျလီနာ၏ ထုတ်လွှင့်မှုထဲ ဝင်ကြည့်လိုက်သည်

ချင်ယွန်းမှ အဓိကအချက်များကို အရင် ရှင်းပြ၏။

“လင်းချွမ်က မြောက်အမေရိကရဲ့ အကြီးဆုံး ဟက်ကာအဖွဲ့ကို ရှင်းမှာလား”

လီထုန် မှင်တက်နေသေးသည်။

ထိုသတင်းမှာ မိုးကြိုးပစ်ချသကဲ့သို့ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားစေ၏။

ချင်ယွန်း ခေါင်းငြိမ့်ပြ၍

“ဟုတ်တယ်။ အခု စနေပြီ”

“သူ့မှာ ၇၂၀ နည်းပညာကုမ္ပဏီထောင်ထားတာတော့ သိတယ်။ AW ကို ယှဉ်နိုင်လောက်အောင်လား”

သူ စိုးရိမ်စွာ ရေရွတ်မိ၏။

“အဲ့တာတွေ စိုးရိမ်စရာ မလိုပါဘူး။ AW က လင်းချွမ်နဲ့ နှစ်ခါတောင် ထိပ်တိုက်တွေ့ဖူးတယ် ကြားတယ်။ ဒါပေမဲ့ လင်းချွမ်ပဲ နိုင်သွားတာ။ အခု အချိန်ဘယ်လောက်နဲ့ နိုင်မလဲပဲ ကြည့်ရမှာ”

ချင်ယွန်းမှာ မြေအောက်လောကဖိုရမ်ထဲ ဝင်ဖတ်လေ့ ရှိသောကြောင့် ထိုသတင်းကို တွေ့လာခြင်း ဖြစ်သည်။

အန်ဂျလီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုအောက်တွင် လူအများ ဆူညံနေကြဆဲပင်။

[ဘာပဲဖြစ်ဖြစ် AW ဆိုတာ ဟက်ကာတွေ အများကြီးရှိတဲ့ လုပ်ငန်းကြီးပဲ။ သူတို့ အင်အားကို ခန့်မှန်းလို့တောင် မရဘူး။ ဒီတစ်ခါတော့ AW ဘက်က လောင်းတယ်]

[ဒီတစ်ခေါက် ဟက်ကာနတ်ဘုရားအနေနဲ့ နည်းနည်း ခက်မယ်ထင်တယ်]

[နိုင်မှာ သေချာတယ်။ ဟက်ကာနတ်ဘုရားဘက်ကပဲ]

[အချိန် (၂) နာရီလောက်ပဲ ကြာလိမ့်မယ်]

[(၂) နာရီလား။ ဒါတော့ များပြီ]

[အကာအကွယ် ဖြိုနိုင်ရင်ပဲ ကံကောင်း]

[…]

“ဘယ်လောက် ကြာမယ်ထင်လဲ”

ရုံခန်းထဲ၌ လီထုန် ချင်ယွန်းကိုကြည့်ကာ မေးလိုက်သည်။

ချင်ယွန်း ခဏစဉ်းစား၍

“(၃) နာရီလောက် ထင်တယ်”

“လင်းချွမ်ကို အထင်သေးတာလား”

လီထုန်ပြုံး၍ မေး၏။

“ကျွန်တော်လည်း လင်းချွမ် အင်အားကို နားမလည်ဘူးလေ။ ကောမန့်ထဲကပဲ ဖတ်ပြီး မှန်းရတာ”

ချင်ယွန်း ရယ်မောကာ ပြန်ဖြေလိုက်သည်။

ရုတ်တရက်။

ချင်ယွန်း စိတ်လှုပ်ရှားစွာ လှမ်းအော်သည်။

“အစ်မလီ မြန်မြန် လာကြည့်ဦး။ လင်းချွမ် စနေပြီ”

သူ မြောက်အမေရိကအပိုင်းကို လက်ညှိုးထိုးကာ ပြော၏။

ချက်ချင်းပင်။

အလင်းရောင်များ ဖြာကျလာပြီး မြောက်အမေရိက တည်နေရာကိုပင် သေချာမမြင်ရတော့ချေ။

“ဒါက…”

ချင်ယွန်း မှင်တက်နေ၏။

“ဒါ အလင်းတိုက်ပွဲပဲ”

All Chapters