AW မသေသေးဘူး
Vol. 34 Ch. 499
အန်ဂျလီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်။
ဟက်ကာများမှာ ထိုထုတ်လွှင့်မှုမှ မြောက်အမေရိကရှိ အလင်းရောင် မြေပုံအခြေအနေကို ကြည့်နေကြသည်။ အလင်းရောင်များမှာ သိပ်သည်းလာပြီး သက်တံ့ကဲ့သို့ ရောင်စုံအတန်းလိုက်ဖြစ်ကာ မကြာမီ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
ဆိုက်ဘာတိုက်ခိုက်မှု စောင့်ကြည့်ရေးမြေပုံတွင် မြောက်အမေရိက ကောင်းကင်မှာ ဤမျှလောက် ပျက်စီးခြောက်သွေ့သော ပုံစံမျိုး မတွေ့ဖူးချေ။
ထိုအချိန်တွင် အလင်းရောင်များမှာ အာတစ်စက်ဝိုင်းအတိုင်း ပြန့်ကျဲ၍ အလွန် နည်းပါးလှသည်။
ကြည့်ရှုနေသူများအားလုံး မှင်တက်နေကြ၏။
သူတို့ ရလဒ်များစွာကို ကြိုတွေးထားခဲ့သော်လည်း ယခုလိုအခြေအနေတော့ မပါပေ။
“အဲ့တာ… တစ်ချက်တည်း ဖျက်ဆီးလိုက်တာလား”
“ဘုရားရေ ဟက်ကာနတ်ဘုရားက အရမ်း အင်အားကြီးလွန်းတာပဲ”
“တကယ် ကြောက်စရာပဲ။ ဒါပေမဲ့ AW ရဲ့ ဂုဏ်သိက္ခာတော့ သွားပြီ”
“တစ်ချက်တည်း အနိုင်ယူလိုက်တာလား။ အဲ့တာတော့ ငါလည်း လုပ်တတ်ပါတယ်”
“အားလုံး သိတဲ့အတိုင်းပဲ။ ငါကတော့ (၁) စက္ကန့်အတွင်း တိုက်နိုင်မယ်လို့ ယုံပြီးသား”
“AW က ရန်သူကို အရမ်းအထင်သေးတာပဲ။ မြောက်အမေရိက ဟက်ကာအဖွဲ့အစည်းကြီး မပြောနဲ့။ ပုံမှန်ဟက်ကာတွေတောင် ခုခံရေး အရည်အချင်းတွေ ကြိုပြင်ထားကြတာပဲလေ”
“…”
ထင်မြင်ချက်အစုံနှင့် ကောမန့်များမှာ ပွက်လောရိုက်နေပြန်၏။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန် အောင်မြင်နေသည်။
ထုတ်လွှင့်သူ အန်ဂျလီနာကိုယ်တိုင်လည်း အံ့ဩလျက် ခပ်တိုးတိုး ရေရွတ်မိသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ”
သူလည်း လင်းချွမ်၏ လှုပ်ရှားမှုကို တိုက်ရိုက် မတွေ့လိုက်ရပေ။
လင်းချွမ်၏ ဟက်ကာအရည်အချင်းကိုတော့ အတော်လေး နားလည်သည်ဟု ထင်ထားပါသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတကာဖိုရမ် မြေအောက်လောကမှာ အန်ဂျလီနာကိုယ်တိုင် တည်ထောင်၍ ဟက်ကာလောကနှင့် ဆက်သွယ်နိုင်ရန် ပြုလုပ်ထား၏။
စာဖတ်သူအများစုမှာ ဟက်ကာလောကဝတ္ထုထဲမှ နည်းပညာများကို နားမလည်သောကြောင့် ဝင်ရောက် ဆွေးနွေးနိုင်သေးသည်။
အန်ဂျလီနာမှာ ရှင်းပြရသည်ကို အလွန် သဘောကျ၏။
ဆိုရိုးရှိသည့်အတိုင်း သင်ကြားခြင်းသည် ဆရာရော၊ ကျောင်းသားအတွက်ပါ အကျိုးရှိပြီး သူ လင်းချွမ်ထံမှ သိထားသော နည်းပညာများ ပိုရှင်းလင်း ပြတ်သားလာ၏။
ထို့ကြောင့် သူ လင်းချွမ်အရည်အချင်းနှင့် သိပ်မကွာတော့ဟု ထင်ထားသော်လည်း ယနေ့ လှုပ်ရှားမှုကို ကြည့်သောအခါ AW အား တစ်ချက်တည်း ဖျက်ဆီးလိုက်နိုင်ပြီး အားလုံးကို အံ့ဩမှင်တက်စေခဲ့ပါသည်။
ထို့ကြောင့် အဖြေမှာ လင်းချွမ်သည် သူ ထင်ထားသည်ထက် အတော်လေး ပို၍ အင်အားကြီး၏။
အိုင်ဒေါလ်၊ ဟက်ကာနတ်ဘုရားဟု ဆိုသည့်အတိုင်း ဂုဏ်သိက္ခာနှင့် လိုက်ဖက်စွာ ရှင်သန်နေလေသည်။
“လီနာ အဲ့တာကို ရပ်လိုက်တော့တဲ့။ သူဌေးက AW ရဲ့ တန်ပြန်တိုက်ခိုက်မှုအတွက် ပြင်ထားဖို့ ပြောတယ်”
ထိုစဉ် ကျန်းရှင်းရှင်း ရောက်လာပြီး သူ့ကို သတိပေးလိုက်သည်။
“ကောင်းပါပြီ”
အန်ဂျလီနာ စိတ်ကိုပြန်ထိန်း၍ ချက်ချင်း ခေါင်းငြိမ့်ပြလိုက်၏။
AW ၏ လက်ရှိအခြေအနေမှာ ကွန်ပျူတာထဲ၌ မြင်ရသလောက်တော့ လုံးဝ မပျက်စီးသေးပေ။
အတွေ့အကြုံရှိ၍ အောင်မြင်သော ဟက်ကာအဖွဲ့အစည်း ဖြစ်သောကြောင့် ဒုတိယအစီအစဉ်တော့ ရှိပါသေးသည်။
တစ်ဖက်မှ နောက်ခံဆာဗာများ အသင့်ပြင်၍ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေသည်။
ယခု စလှုပ်ရှားရန်သာ ကျန်တော့သည်။
ဤသို့ဖြင့် အနေအထား သေချာသည်နှင့် (၂) စက္ကန့်မျှ အကြာတွင် ဆိုက်ဘာစောင့်ကြည့်ရေး မြေပုံတွင် မြောက်အမေရိကမှ အလင်းရောင်များ ခပ်ဖျော့ဖျော့ လက်လာ၏။
ထို့နောက် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်… မရေတွက်နိုင်လောက်အောင် အလင်းရောင်များဆက်တိုက် လင်းလက်၍ ညကောင်းကင်မှ ကြယ်လေးများကဲ့သို့ တဖိတ်ဖိတိ တောက်ပနေကြ၏။
လင်းချွမ်၏ ကနဦးတိုက်ခိုက်မှုမှာ လုံးဝ မရှိခဲ့သလိုပင်။
ထိုအခြေအနေကိုတွေ့သော ကြည့်ရှုသူများမှ ဝေဖန်ပြောဆိုကြပြန်သည်။
“သိသားပဲ။ AW က ရန်သူကို အထင်သေးမိသွားလို့ပါ။ ဒါမှ သူတို့ရဲ့ အင်အားအစစ်”
“ဒါ မြောက်အမေရိကရဲ့ အရှင်သခင်အစစ်လား”
“ကောင်းတယ် ကောင်းတယ်။ AW ပြန်ထလာပြီ”
“ဟက်ကာနတ်ဘုရားဆီက တစ်ချက်တည်း ရှုံးသွားရင် ဟက်ကာအသိုင်းအဝိုင်းအတွက် ရှက်စရာကြီး ဖြစ်တော့မှာပေါ့”
“ပွဲကောင်း ကြည့်ချင်နေတာ။ AW က စိတ်မပျက်စေရဘူးပဲ။ နည်းနည်းပဲ ပိုတောင့်ခံထား။ ငါလောင်းထားတာ နိုင်တော့မယ်”
“ဒါကို သုံးသပ်ရရင် AW က သူတို့ရဲ့ နောက်ခံဆာဗာကို ထုတ်သုံးရတာပဲ။ တကယ့် ဝှက်ဖဲပဲ”
“ခုနက ကြောက်စရာတိုက်ခိုက်မှုကို ကြည့်ရတာ သူတို့ တိုက်ခိုက်သူရဲ့ အကောင့်ကို သိသွားပြီဆိုတော့ ဒီတစ်ခါမှာ ယုံကြည်ချက်ရှိရှိနဲ့ နောက်ခံဆာဗာပါ ထုတ်သုံးတာ ဖြစ်မယ်”
“အဲ့တော့ နောက်ဆုံးပွဲအတွက် ပြင်နေကြပြီလား”
“သူတို့ရဲ့ နောက်ခံဆာဗာကိုပါ ဟက်ကာဘုရင်ဘက်က ဖျက်ဆီးလိုက်ရင်တော့ ဆုံးရှုံးမှုက တွေးတောင် မတွေးရဲစရာပဲ”
“သိပြီ။ တကယ်ကြောက်စရာကြီး”
“…”
တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတို့ ပါဝင်သော ဟက်ကာတိုက်ပွဲမှာ တိုက်ရိုက်ထုတ်လွှင့်မှု၌ တွေ့ရသည့်အတိုင်း လှည့်စား ပြောင်းလဲမှု သိပ်မရှိလှပေ။
နည်းပညာအင်အားအပေါ် အခြေခံ၍ သိသာလှသည်။
ကြည့်ရှုနေသူများ ထင်သည့်အတိုင်း AW မှာ နောက်ဆုံးတိုက်ပွဲအတွက် ဓားစထုတ်လိုက်လေပြီ။
အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသဖြင့် ဆိုက်ဘာတိုက်ခိုက်မှု၏ နည်းလမ်းအမျိုးမျိုး ရှိသည့်အတိုင်း ရောင်စုံ သက်တန့်ကြီးသည် ခိုင်မာစွာ ဖြစ်ပေါ်လာ၏။
ထို့နောက် ဒုံးကျည်ဖြင့် ပစ်သကဲ့သို့ မြောက်အမေရိကမှသည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကာ ဟန်မြစ်အပိုင်းဆီသို့ ဦးတည်၍ သွားနေတော့သည်။
အလင်းရောင်များ အစုံဖြစ်နေခြင်းသည် တိုက်ခိုက်နည်းအမျိုးမျိုး မတူ၍ ဖြစ်၏။
အခြေအနေမှာ အလွန်ပြင်းထန်ပုံပေါ်ပြီး သိပ်သည်းခိုင်မာစွာ ထွက်ခွါသွားသော အလင်းရောင်များကြောင့် ကြည့်ရှုသူများလည်း အသည်းတယားယားဖြင့် ကြက်သီးထနေကြသည်။
AW မှာ အင်အားရှိသေးတာပဲ။
ထိပ်တန်း အဖွဲ့အစည်း ပီသပါပေသည်။
အန်ဂျလီနာသည် လင်းချွမ်၏ ညွှန်ကြားချက်အတိုင်း ၇၂၀ ကုမ္ပဏီ၏ လုံခြုံရေးအကာအကွယ်ကို လျင်မြန်စွာ ဖွင့်လိုက်သည်။ စစ်ပွဲများတွင် အနီးကပ်လာသော ရန်သူအား စက်သေနတ်ကြီးများဖြင့် ပြန်ပစ်မည့်ပုံစံနှင့် တူ၏။
အန်ဂျလီနာ၏ သွယ်လျသော လက်ချောင်းလေးများမှာ ကီးဘုတ်ပေါ်၌ နူးညံ့ပေါ့ပါးစွာ လှုပ်ရှားလျက် ကျွမ်းကျင်စန္ဒရား ပညာရှင်ကဲ့သို့ သူ့ကမ္ဘာငယ်လေးထဲ၌သာ အာရုံစိုက်ထားသည်။
ကီးဘုတ်မှ ခလုတ်နှိပ်သံများမှာ နားထဲတွင် စက်သေနတ်ပစ်သလို အဆက်မပြတ် တဒက်ဒက် ကြားနေရသည်။
ဤကဲ့သို့ ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုကြီးကို ခုခံရခြင်းမှာ သူ့အတွက် ပထမဆုံးဖြစ်၏။
အရင် မြောက်ဝင်ရိုးစွန်း HK ဟက်ကာအဖွဲ့အစည်း၌ ရှိစဉ်က ထိုအခြေအနေမျိုးကို တော်ရုံ မကြုံဖူးပေ။
HK ကို မည်သူမျှ ရူးရူးမိုက်မိုက်ဖြင့် ရန်လာမစရဲသောကြောင့် ဖြစ်လေသည်။
ယခုတော့ သူ ရင်ထဲလေးလံလျက် စိတ်လှုပ်ရှားနေရင်းမှ တိုက်ပွဲမှာ အမြင့်ဆုံး အခြေအနေသို့ ရောက်လာတော့၏။