(၃) မိနစ်ပဲ အချိန်ရမယ်
Vol. 34 Ch. 500
“ကျွန်မဘက်မှာတော့ ဘာပြဿနာမှ မရှိဘူး။ စိတ်ချထားလိုက်”
အန်ဂျလီနာ လင်းချွမ်အား လှမ်းပြောလိုက်သည်။
ထို့နောက် တိုက်ပွဲထဲ၌ စိတ်နှစ်ထားလိုက်၏။
ဒုံးကျည်ကဲ့သို့ အဆက်မပြတ် ကျရောက်နေသော တိုက်ခိုက်မှုကြောင့် အန်ဂျလီနာအတွက် အနည်းငယ်တော့ ခက်ခဲပါသည်။
“မင်းရဲ့အရည်အချင်းကို ပြရမယ့်အချိန် ရောက်လာပြီ”
လင်းချွမ် စာပို့လာ၏။
အန်ဂျလီနာပြုံးကာ ယုံကြည်ချက် ပိုရှိလာသည်။
သူ လင်းချွမ်အား ပြန်စာပို့ရင်း သူ့ကိုယ်သူ အားပေးလိုက်၏။
“ရှင် ဒုက္ခမရောက်စေရပါဘူး”
အန်ဂျလီနာ၏ အရည်အချင်းများအားလုံး ထွက်ပေါ်လာသည်။
တစ်ဖက်မှ တိုက်ခိုက်လာသော အလင်းရောင်များမှာ အကာအကွယ်အား ရင်မဆိုင်နိုင်ဘဲ ပျောက်ကွယ်သွားကြသည်။
သို့သော် ခုခံရေးအကာအကွယ်တွင်လည်း အတိုင်းအတာ သတ်မှတ်ချက် ရှိ၏။
မည်သည့်အကာအကွယ်မှ ပြီးပြည့်စုံသည်ဟူ၍ လောကတွင် မရှိသေးချေ။
ထိုသို့ ပျက်စီးပါက တဂျွတ်ဂျွတ်အသံများ ကြားရမည် ဖြစ်သည်။
သူ AW ၏ အင်အားကို အာရုံစိုက်ကာ ကြည့်နေသည်။
တိုက်ခိုက်မှုအင်အားသည် မထင်မှတ်ထားလောက်အောင် ပြင်းထန်၏။
ထိုအချိန်တွင် AW အဖွဲ့အစည်းမှ လူအင်အား သာလွန်သောအချက်မှာ ထင်ရှားလှသည်။
အန်ဂျလီနာ ပို၍ စိတ်လှုပ်ရှားလာ၏။
နောက်ထပ် (၅) မိနစ်မျှပင် တောင့်ခံနိုင်ပါဦးမည်လား။
မဖြစ်ဘူး။
နှစ်ကြိမ်ဆက်တိုက် ခုခံရေး ရှုံးသွား၍ သူ့အချိန်ကို ပြန်တွက်ဆနေရသည်။
(၃) မိနစ်လား။
အန်လင်းရဲစခန်းထဲ၌။
ချင်ယွန်းနှင့် လီထုန်တို့လည်း လင်းချွမ်နှင့် AW တို့၏ တိုက်ပွဲကို မျက်ခြေမပြတ် စောင့်ကြည့်နေ၏။
လျှပ်စီးကဲ့သို့ လျင်မြန်သည့် တိုက်ခိုက်မှုအပြီးတွင် AW မှ တန်ပြန်တိုက်ခိုက်မှု စတင်လေပြီ။
လီထုန် မျက်မှောင်ကြုတ်လျက်
“အခြေအနေက မထင်ထားလောက်အောင်ပဲ”
ချင်ယွန်းလည်း မျက်မှောင်ကြုတ်၍ ခဏစဉ်းစားပြီးနောက်
“ကျွန်တော်က ဟက်ကာမဟုတ်တော့ သေချာတော့ မသိပေမဲ့ ဒီလိုအခြေအနေမှာ နောက်ခံဆာဗာကို သုံးထားပုံပဲ”
“AW က ဘာလို့ အဲ့လိုပုံ ဖြစ်နေတာလဲ”
လီထုန် လေးနက်စွာ မေးမိသည်။
“အဲ့တာ လှည့်စားထားတာပေါ့။ အောင်နိုင်ဖို့ဆိုရင် တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိရမယ်လေ”
ချင်ယွန်း သိသလောက် ရှင်းပြသည်။
ထိုစဉ် လီထုန် ရုတ်တရက် ကွန်ပျူတာကို လက်ညှိုးထိုးလျက်
“ချင် မြန်မြန်ကြည့်လိုက်”
ချင်ယွန်း မြေပုံရှိရာကို လှမ်းကြည့်လိုက်၏။
ဟက်ကာလောက၏ အမာခံပရိသတ်တစ်ဦး အနေဖြင့် အခြေအနေကို ရိပ်စားမိပါသည်။
AW မှ နောက်ခံဆာဗာကိုသုံး၍ လင်းချွမ်အား ဖျက်ဆီးချင်ခြင်း ဖြစ်၏။
လုံးဝ မြေမြှုပ်ပစ်ရန်အထိ ကြံစည်ထားသည်။
အဘယ်ကြောင့်ဆိုသော် နောက်ခံဆာဗာ၏ အကောင့်ကို လင်းချွမ် မသိထားပေ။
ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လင်းချွမ် တိုက်ပွဲကိုသာ အာရုံစိုက်နေပြီး နောက်ခံဆာဗာအား ရှာဖွေခြင်းကို ကာကွယ်ထားသည်။
လင်းချွမ်၏ အကာအကွယ်သာ ကျိုးပေါက်သွားလျှင် အလွန်အန္တရာယ်များလှသည်။
ထိုအခါ အစီအစဉ် ကျရှုံးရုံသာမက ၇၂၀ ကုမ္ပဏီမှ အချက်အလက်များလည်း ချက်ချင်း အဖျက်ဆီးခံရနိုင်သည်။
အဆိုးဆုံးမှာ ၇၂၀ ကုမ္ပဏီသည် AW အပိုင်ပင် ဖြစ်သွားနိုင်လေ၏။
ထို့ကြောင့် ချင်ယွန်းကြည့်နေရင်း အလွန် လန့်သွားသည်။
သူ့အမူအရာကြောင့် လီထုန်လည်း ပြင်းထန်သော အခြေအနေကို ခန့်မှန်းမိပါသည်။
…
“ဟွန့် နည်းပညာလုံခြုံရေးကုမ္ပဏီလေးက ရာရာစစ AW ကို သွားစိန်ခေါ်တာပဲ”
AW ၏ ထိပ်တန်းခေါင်းဆောင် ဖလာမှာ သူ့ရုံးခန်းထဲတွင် ထိုင်လျက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ကားလ်သည် သူ့ဝန်ထမ်းကောင်းတစ်ဦး ဖြစ်ခဲ့ပြီး သူကိုယ်တိုင် ထိပ်တန်းရောက်အောင် သင်ကြား ဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။
လင်းချွမ်ကိုတော့ အထင်သေးသော ခံစားချက်တစ်ခုသာ ရှိသည်။
AW သည်သာ စစ်မှန်သော အရှင်သခင် ဖြစ်၏။
တိုက်ပွဲကို နောက် (၃) မိနစ်အတွင်း အနိုင်ပိုင်းနိုင်မည်ဟု တွက်ထားလိုက်သည်။
ဟက်ကာနတ်ဘုရားဟူသည့် လင်းချွမ်ကို ရင်ဆိုင် ရှင်းထုတ်ရင်း AW ၏ အရင်ကျခဲ့သော သိက္ခာများ ပြန်ဆယ်ရမည်။
…
“အိုင်ဒေါလ် ကျွန်မ (၃) မိနစ်လောက်ပဲ အချိန်ထပ်ဆွဲနိုင်တော့မယ်”
အန်ဂျလီနာ အမှန်အတိုင်း တင်ပြလိုက်သည်။
လင်းချွမ် ခေါင်းငြိမ့်လျက်
“အန်ဂျလီနာ ပင်ပန်းသွားပါပြီ။ (၃) မိနစ်ဆို လောက်တယ်နော်”
ရုံးခန်းငယ်လေးထဲတွင် နေရောင်ခြည်များ ပြတင်းပေါက်မှတစ်ဆင့် ကျရောက်၍ မြူမှုန်များ ရစ်ဝဲနေကြ၏။
နူးညံ့သော လေညင်းမှာမူ ပန်းရနံ့များအား မဖြစ်မနေ သယ်ဆောင်လာသည်။
ရှန်ချန်းချန်း၊ ရှချင်းချင်းနှင့် ကျန်းတို့လည်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
ရိုးရှင်းသော တိုက်ပွဲမဖြစ်နိုင်မှန်း ကြိုသိထားကြ၏။
ပွဲမှာ အသေထွက်ရန်သာ ရှိသည်။
လင်းချွမ်နိုင်လျှင် AW ပျောက်ကွယ်၍ AW နိုင်လျှင် ၇၂၀ ပျောက်ကွယ်လိမ့်မည်။
လင်းချွမ်မှာတော့ ပေးဆပ်မှုနည်းပြီး ထွက်ပေါက်လည်း ရှိထား၏။
AW အတွက်ပို၍ အရေးကြီးနေသည်။
မည်သို့ပင်ဖြစ်စေ လင်းချွမ်မှာ အရင်လို တည်ငြိမ်စွာ ထိုင်နေလေ၏။
ထို့နောက် လက်ဝါးများကို တစ်ချက်ပွတ်ကာ ကီးဘုတ်ပေါ် လက်ချောင်းများ တင်လိုက်တော့သည်။ ဓားနှင့် ရင်းနှီးနေပြီးသော သိုင်းသမားကဲ့သို့ ယုံကြည်ချက်အပြည့် ရှိနေ၏။
ဒုတိယလှုပ်ရှားမှု စတင်ပေတော့မည်။
သူ့ချဉ်းကပ်ပုံမှာ မိမိုက်သော်လည်း အန္တရာယ်လည်း များ၏။
သူ ယခု ပထမဆုံး လုပ်ရမည်မှာ AW ၏ နောက်ခံဆာဗာအကောင့်ကို ရှာရန် ဖြစ်သည်။
သူ့တွင် အချိန် (၃) မိနစ်သာ ရှိ၏။
ဟက်ကာတစ်ဦးအတွက်တော့ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်ပါသည်။
စိတ်ပိုင်းဆိုင်ရာရော၊ နည်းပညာပိုင်းဆိုင်ရာပါ သက်ရောက်၏။
မျက်စိတစ်မှိတ်အတွင်း (၃) မိနစ် ကုန်ဆုံးသွားလိမ့်မည်။
ကံကောင်းစွာဖြင့် လင်းချွမ်တစ်ယောက် ထိုတိုက်ပွဲအတွက် များစွာ ပြင်ဆင်ထားပါသည်။
AW ၏ နောက်ခံဆာဗာအကောင့် အသုံးပြုမှုကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကာ အာရုံစိုက်ခဲ့၏။
“အကောင့်ရှာတဲ့ ပရိုဂရမ် စမယ်”
လင်းချွမ် ချက်ချင်း အမိန့်ပေး၍ စတင်လိုက်သည်။
ထိုပရိုဂရမ်မှာ အကာအကွယ်စနစ်ထဲ ထည့်ထားပြီး တိုက်ခိုက်လာသူ၏ အကောင့်နောက်ကြောင်းကို တစ်လွှာချင်းလိုက်နိုင်ရန် စီစဉ်ထား၏။
လင်းချွမ်၏ ခေတ်မီတည်ထွင်မှုမှာ မထင်ထားလောက်အောင် ဖြစ်သည်။
မကြာမီ။
လင်းချွမ်ဘက်မှ ကွန်ပျူတာမျက်နှာပြင်များ၌ အကောင့်များ အလျင်အမြန် ပေါ်လာပြီး အလိုအလျောက် စာရင်းပြုစု သိမ်းနေသည်။
(၁) မိနစ်။
(၂) မိနစ်။
လင်းချွမ်၊ ကျန်းနှင့် ရဲမေ (၂) ဦးတို့၏ ကွန်ပျူတာများတွင် အကောင့်များကို မှတ်တမ်းတင်နေသည်။
ထိုစဉ် အန်ဂျလီနာထံမှ စာဝင်လာ၏။
“အိုင်ဒေါလ်ရေ ကျွန်မ နောက်ထပ် စက္ကန့် (၃၀) ပဲ တောင့်ခံနိုင်တော့မယ်”
ပရိုဂရမ်တိုင်းတွင် အတိုင်းအတာနှင့် ကန့်သတ်ချက်များ ရှိပါသည်။
လုံခြုံရေးအကာအကွယ်လည်း ထိုအတိုင်း ဖြစ်၏။
လင်းချွမ်မှ ခပ်အေးအေး ပြန်တုံ့ပြန်လိုက်သည်။
“ကောင်းပါပြီ”
အန်ဂျလီနာတစ်ယောက် ထိုပြန်စာတွေ့မှ အနည်းငယ် စိတ်အေးသွား၏။ သို့သော် ခုနက စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းများခြောက်ကာ ဖြူဖျော့နေသည်။
ထို့နောက် လင်းချွမ်ရှိသည့် ဆိုက်ဘာမြေပုံကို လှမ်းကြည့်လိုက်သည်။
ထိုစဉ် လင်းချွမ်၏ တိုက်ခိုက်မှု စတင်လေ၏။
ဟန်မြစ်အပိုင်းမှ ရောင်စုံအလင်းရောင်များ ရုတ်တရက် တောက်ပလာသည်။
အန်ဂျလီနာ မျက်လုံးပြူးနေမိသည်။
ထို့နောက် AW ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။
“သူ ဘယ်လိုလုပ်လိုက်တာလဲ”
အန်ဂျလီနာ အံ့ဩမှင်တက်နေမိသည်။
(၃) မိနစ်အတွင်း မှော်ဆန်သော အဖြစ်အပျက် ပေါ်လာ၏။
ဟက်ကာနတ်ဘုရားရဲ့ တကယ့်အရည်အချင်းက ဒါလား။