ဘယ်သူနိုင်မှာလဲ
Vol. 34 Ch. 501
အန်ဂျလီနာမှ ကွန်ပျူတာကိုသာ မှင်တက်၍ ငေးနေမိသည်။
ဆိုက်ဘာမြေပုံပေါ်တွင် ဟန်မြစ်အပိုင်းမှ အရောင်စုံများ တောက်ပလာပြီး ကောင်းကင်မှ လမင်းကြီးနှင့် ကြယ်ရောင်များကဲ့သို့ အလွန်လင်းထိန်နေ၏။
သူ ဂရုတစိုက် ကြည့်နေမိသည်။
အလင်းရောင်မှာ တစ်ပွင့်တည်း တောက်ပနေခြင်းမျိုး မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ထပ်ကာ ထပ်ကာဖြင့် အဆုံးမရှိ အလင်းစုကြီး ဖြစ်၏။
လင်းချွမ်အနေဖြင့် ဆာဗာများစွာကို တိုက်ခိုက်နေကြောင်း သိသာသည်။
“မီးအင်အားပဲ။ ဒါ သူ့ရဲ့ ပုံမှန် ထူးခြားတဲ့ တိုက်ခိုက်ပုံ မဟုတ်ဘူး”
အန်ဂျလီနာ ခပ်တိုးတိုး ရေရွတ်ရင်း ကွန်ပျူတာကိုသာ ငေးစိုက်ကြည့်နေ၏။
သူ မသိသည်မှာတော့ လင်းချွမ်သည် ထိုထူးခြားသော တိုက်ခိုက်ပုံတစ်ခုတည်း တတ်မြောက်သည် မဟုတ်ပါ။
သို့သော် သူ အရင်က တိုက်ခိုက်ခဲ့သော ထူးခြားပုံစံနှင့်တော့ ဆင်တူပါသည်။
မီးအင်အားတိုက်ခိုက်ခြင်းသည် အနည်းငယ် ပိုပြင်းထန်၏။
သို့ရာတွင် လက်ရှိအခြေအနေအရ လင်းချွမ် အစောတည်းက စီစဉ်ထားသည့်အတိုင်း AW ကို ဆာဗာ (၂) ခုလုံး ထိခိုက်သည်အထိ ပေးဆပ်ရသည်အထိ ပြုလုပ်မည့်ပုံ ဖြစ်သည်။ ယခု ဒုတိယအကြိမ် မီးအင်အားတိုက်ခိုက်မှုသည် AW အား အသေထွက်စေခြင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် နောက်ဆုံး လှုပ်ရှားမှုမှာ ပို၍ လွယ်ကူနေပေမည်။
ပြောရလျှင် လင်းချွမ်အနေဖြင့် အရမ်း အာရုံစိုက်နေစရာ မလိုပေ။
ဆိုရိုးရှိသည့်အတိုင်း ဝေလငါး သေဆုံးလျှင် အခြား သတ္တဝါများအတွက် အစာပိုပေါများလာမည်။
AW ကျဆုံးပါက အခြားအဖွဲ့များ နေရာပိုရကာ အလုပ်များ ပိုခွဲဝေနိုင်မည် ဖြစ်၏။
AW ပြန်လာရန်တော့ လုံးဝ အခွင့်အရေး မရှိချေ။
ဆိုက်ဘာတိုက်ခိုက်မှုအရှိန်မှာ အလွန်ပြင်းထန်ပြီး မျက်စိတစ်မှိတ်အတွင်း ကမ္ဘာတစ်ဝှမ်း ကွန်ယက်ဆက်သွယ်မှုများ ရောက်ရှိလာသည်။
နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများ ပြင်းထန်လျက် အရောင်စုံ အလင်းများ တလက်လက် တောက်ပနေ၏။
ကြည့်ရှုနေသော ဟက်ကာတိုင်း ရင်ထဲ တလှပ်လှပ်ဖြင့် စိတ်လှုပ်ရှားနေလေသည်။
အနိုင်အရှုံးကို မကြာမီ ချက်ချင်း အဆုံးအဖြတ် ပေးတော့မည် ဖြစ်၏။
[တကယ်ပဲ။ အရမ်း ပြင်းထန်လွန်းတယ်]
[မယုံနိုင်စရာပဲ။ တစ်ယောက်တည်းနဲ့ AW တစ်ဖွဲ့လုံးကို ခုခံဆနတယ်တဲ့။ ဒါ ဟက်ကာ နတ်ဘုရားလား]
[ဒီအဆင့်နဲ့သာဆိုရင် ရှုံးသွားရင်တောင် သမိုင်းတွင်ကျန်မှာပဲ]
[ကြည့်ရတာ AW နိုင်တော့မယ် ထင်တယ်။ သူတို့ တိုက်ခိုက်မှုက အရမ်းမြန်ပြီး ပြင်းထန်တယ်]
[ဟုတ်တယ်။ ဒီလို တိုက်ခိုက်မှုကို ကုမ္ပဏီပေါင်း (၅၀၀) ရဲ့ ဆိုက်ဘာလုံခြုံရေးနဲ့တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး]
[ကုမ္ပဏီပေါင်း (၅၀၀) မပြောပါနဲ့။ ဆိုက်ဘာစောင့်ကြည့်ရေး မြေပုံတောင် ခံနိုင်ရည် ရှိပါ့မလားပဲ]
[ဘုရားရေ]
အားလုံး ထိတ်လန့်စွာ ဝေဖန်ပြောဆိုနေကြသည်။
ဂျောက်!
ထိုစဉ် ကောမန့်တစ်ခုမှ ပြောသည့်အတိုင်း နိုင်ငံတကာ ဆိုက်ဘာစောင့်ကြည့်ရေး မြေပုံပင် ပျက်စီးသွား၏။
လင်းချွမ်၏ တိုက်ခိုက်မှုနှင့် AW ၏ ခုခံမှု အကြားတွင် တိုက်ရိုက်ထုတ်လွှင့်နေသော အန်ဂျလီနာ၏ပုံရိပ်လေး တဖျတ်ဖျတ် လှုပ်ခတ်လာပြီး ထို့နောက် စာတန်းတစ်ခုမှလွဲ၍ မျက်နှာပြင်လည်း အမှောင်ကျသွားတော့၏။
-ဆာဗာ ပျက်စီးနေပါသည်။ နောက်တစ်ခါမှ ကြိုးစားပါ။
“ဟင်”
အန်ဂျလီနာ လန့်သွား၏။
သူ စိတ်ထဲမှ ကျိတ်ဆဲလိုက်မိသည်။
ဒီဆာဗာကလည်း အရေးအကြောင်းကျမှ ပျက်ရတယ်လို့။
အန်ဂျလီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုအောက်တွင် ကောမန့်များ ပလူပျံလာသည်။
[ဘာကြီးလဲ။ ပြဿနာ တကယ် တက်သွားတာလား]
[ဟာ ဒီမှာ အကုန်ပြင်ဆင်ပြီး ကြည့်တော့မလို့ကို။ ဒါကြီး လာပြနေတာလား]
[နိုင်ငံတကာ ဆိုက်ဘာစောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူကို မြန်မြန် ခေါ်ကြပါ]
[ငါတော့ ဟက်ကာနတ်ဘုရားနိုင်မယ်လို့ လောင်းရဲတယ်]
[ငါက AW ဘက်ကပဲ]
[AW ပဲ နိုင်ရမှာပေါ့ကွ]
[…]
ဟက်ကာများမှာ ဆာဗာပျက်စီးသွားသည်ကို ကြည့်ရင်း အလုအယက် ပြောဆိုနေကြ၏။
ထိုကဲ့သို့ စိတ်ဝင်တစား စောင့်ကြည့်နေသူများထဲတွင် ချင်ယွန်းနှင့် လီထုန်လည်း ပါဝင်ပါသည်။
နှစ်ယောက်သား ကွန်ပျူတာရှေ့တွင် ထိုင်လျက် မျက်လုံးပြူးကာ မျက်နှာပြင်ကြီးကို ငေးကြည့်နေကြသည်။
“လင်းချွမ် နိုင်ရမှာပေါ့”
လီထုန် လက်သီးလေးဆုပ်လျက် အံကြိတ်ကာ တရားခံဖမ်းမိတော့မလို ရင်တဒိန်းဒိန်း ခုန်နေ၏။
အမှန်တော့ စကားဖြင့် ပြောပြမရအောင် ပို၍ ပြင်းထန်ပါသေးသည်။
ဆောင်းရာသီတွင် မြောက်လေများ တိုက်ခတ်၍ ရုံခန်းငယ်လေးတစ်ခုလုံး အေးစိမ့်နေသော်လည်း လက်ဖဝါးများတွင် ချွေးစေးများ ရွှဲနေ၏။
“လင်းချွမ် နိုင်မှာ”
ချင်ယွန်းလည်း အားပေးသလိုဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ရုတ်တရက် မြေပုံဆာဗာ တစ်ချက် ကွဲသွား၏။
နှစ်ယောက်လုံး မှင်တက်သွားကြသည်။
“သူတို့ တိုက်ခိုက်အားက အဲ့လောက် ပြင်းထန်တာလား”
လီထုန် ချင်ယွန်းကိုကြည့်ကာ ပြော၏။
ချင်ယွန်းလည်း ဘာဖြစ်သွားမှန်း မသိသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“လင်းချွမ် ပြန်တိုက်ခိုက်တဲ့အားက အရမ်းပြင်းထန်ပြီး AW ဘက်ကလည်း ကြမ်းတယ်။ အခုအထိ တောင့်ခံနိုင်ရင်တောင် လင်းချွမ် ထပ်တိုက်ခိုက်ရင် လုံးဝ ပြိုသွားလိမ့်မယ်”
“အဲ့တော့ လင်းချွမ် နိုင်နေတာလား”
လီထုန် အသိချင်ဆုံးမေးခွန်းကို မေးလိုက်သည်။
ချင်ယွန်း ခေါင်းယမ်းလျက်
“သိပ်တော့ မသေချာဘူး။ ဒီအတိုင်း လင်းချွမ် တိုက်ခိုက်အားကို ဆာဗာက မနိုင်တာလည်း ဖြစ်နိုင်တယ်”
လီထုန် ဆက်ပြောရန်မရှိ ဖြစ်သွား၏။
ထို့နောက် ကွန်ပျူတာကို ပြန်ကြည့်ရင်း အန်ဂျလီနာ၏ ထုတ်ပြန်မှုကို စောင့်နေသည်။
သို့သော် ကံကောင်းစွာဖြင့် (၂) စက္ကန့်မျှအကြာတွင် ဆိုက်ဘာစောင့်ကြည့်ရေးမြေပုံမှာ အခြားဆာဗာသို့ ချိတ်ဆက်ပေးလိုက်သည်။
အန်ဂျလီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း ပြန်ပေါ်လာ၏။
ကမ္ဘာလုံးပုံ တဖြည်းဖြည်း ထွက်လာပြီး အလင်း ရောင်စုံများ ရစ်ပတ်ထားလေသည်။
[ပြန်လာပြီကွ]
[နိုင်ငံတကာ ဆိုက်ဘာစောင့်ကြည့်ရေးက အရေးပေါ် အခြေအနေကို ကိုင်တွယ်တာ မြန်သားပဲ]
[မြန်မြန်လုပ်။ နတ်မိမယ် လီနာရေ။ ဟန်မြစ်အပိုင်းနဲ့ မြောက်အမေရိကနေရာတွေကိုပဲ အဓိက ထားလိုက်ပါ]
[မြန်မြန် မြန်မြန် မြန်မြန်။ ဘယ်သူ နိုင်သွားလဲ သိချင်နေပြီ]
[AW ဘယ်လိုလဲ]
[…]
အန်ဂျလီနာ ချက်ချင်း ခေါင်းငြိမ့်ပြ၍
“ကျွန်မ အခုပဲ စီစဉ်ပေးပါမယ်”
အမှန်အတိုင်းပြောရလျှင် သူ ထိုအချိန်၌ ချက်ချင်း နေရာမှထ၍ လင်းချွမ်ထံ ပြေးသွားကာ ရလဒ်ကို မေးကြည့်ချင်ပါသည်။
တကယ့် ဟက်ကာတိုက်ပွဲစစ်စစ် ဖြစ်၏။
ဟက်ကာအဖွဲ့အစည်းကြီးနှင့် အင်အားကြီး ဟက်ကာလေးတို့ကြား တိုက်ပွဲပင်။
မည်သူက အနိုင်ပိုင်းမည်နည်း။
မည်သူမျှ မသိနိုင်ချေ။
အန်ဂျလီနာတစ်ယောက် လင်းချွမ်ကို အပြည့်အဝ ယုံကြည်သော်လည်း AW နှင့် ရင်ဆိုင်ရသောအခါ အထင်သေး၍ မရပေ။ HK ထက်ပင် မြင့်နိုင်၏။
လင်းချွမ်နိုင်သွားလျှင် ကမ္ဘာတစ်ဝှမ်းမှ မည်သည့် ဟက်ကာအဖွဲ့ကိုမဆို လွှမ်းမိုးနိုင်လေပြီ။