မီးငြှိမ်းပေးဦး
Vol. 34 Ch. 502
ဤသည်မှာ သေချာပေါက် ဟက်ကာနတ်ဘုရား ဖြစ်လေသည်။
အန်ဂျလီနာမှ ဟန်မြစ်အပိုင်းကို ထောက်ကြည့်လိုက်၏။
ထိုအချိန်တွင် မြေပုံထဲ၌ ဟန်မြစ်အပိုင်းသည် အလင်းရောင် ကျိုးတိုးကျဲတဲသာ ဖြစ်နေသည်။
သို့ရာတွင် အလင်းရောင်များသည် လင်းချွမ်တိုက်ခိုက်မှုနှင့် မတိုက်ဆိုင်ပေ။
ဘုရားရေ။
အန်ဂျလီနာ ရင်ထဲ တင်းကြပ်သွား၏။
ထို့နောက် mouse ကို အဆက်မပြတ်နှိပ်ကာ မြေပုံဆာဗာအား ပြန်ဝင်ကြည့်လိုက်သည်။
သို့သော် အခြေအနေမှာ အတူတူပင် ဖြစ်၏။
သူ လင်းချွမ်၏အလင်းရောင်ကို မတွေ့ရဘဲ ဖြစ်နေသည်။
“မဖြစ်နိုင်လိုက်တာ”
အန်ဂျလီနာ ရင်ခုန်သံ မြန်လာပြီး နှလုံးသားမှာ လည်ပင်းအထိ တက်ခုန်သကဲ့သို့ မွန်းကြပ်လာ၏။
လင်းချွမ် ရှုံးသွားသည်ကို မယုံနိုင်ပေ။
မဖြစ်နိုင်ဘူး။
လင်းချွမ် ရှုံးတာ မဖြစ်နိုင်ဘူးလေ။
[AW နိုင်သွားတာလား]
[တကယ်ပဲ။ ငါ့ရဲ့ ဟက်ကာနတ်ဘုရား ဘယ်လိုလုပ် ရှုံးရတာလဲ]
[မယုံနိုင်ဘူး]
[ဟားဟား ပြောသားပဲ။ AW ကို သွားယှဉ်လို့ မရပါဘူးလို့။ မင်းတို့ ဟက်ကာနတ်ဘုရား ရှုံးသွားပြီ]
[ဒါ ကွာခြားချက်ပဲလေ။ ပိုးစုန်းကြူးကများ လမင်းကို ပြိုင်ချင်သေးတယ်]
[လက်နဲ့ ကားကို ကာလို့ ရမလား။ အဆင့်ချင်းမှ မတူတာ။ AW အောင်မြင်ဖို့ ကြိုတွေးထားတာပဲမလား]
[…]
“မကောင်းတဲ့ဟာတွေ တိတ်တိတ်နေကြ”
အန်ဂျလီနာ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
သူသည် လင်းချွမ်၏ အမာခံပရိသတ် ဖြစ်ပြီး ထိုအခြေအနေကို မခံစားနိုင်ပေ။
လင်းချွမ်၏ အလင်းရောင် ပျောက်ကွယ်သွားလျှင်ပင် မျှော်လင့်နေမိသေး၏။
ထိုစဉ်
“မြောက်အမေရိကဘက်ကိုမှ မကြည့်ရသေးတာ”
အန်ဂျလီနာ ချက်ချင်း သတိရကာ မြေပုံကို မြောက်အမေရိကဘက် ယူကြည့်လိုက်သည်။
ကြည့်ရှုနေသူအားလုံး သူ့အပြုအမူကြောင့် ရင်ထိတ်သွားကြ၏။
ဒါ ပြောင်းပြန်ရော ဖြစ်နိုင်တာလား။
ရုတ်တရက်။
မြောက်အမေရိကဘက်မှ အလင်းရောင်များကို ပြလိုက်သည်။
အန်ဂျလီနာကိုယ်တိုင်လည်း မှင်တက်သွား၏။
ပရိသတ််များလည်း လန့်ဖျပ်နေသည်။
အဘယ်ကြောင့်ဆိုသော် မြောက်အမေရိကတွင် အလင်းရောင်များမှာ အလွန်နည်းပါး ဝေးကွာ၍ တိမ်ထူသောည၏ ကြယ်ပွင့်များလို အလွန် တွေ့ရခဲသည်။
[ဘာဖြစ်တာလဲ။ တစ်ယောက်နဲ့တစ်ယောက် ဖျက်ဆီးလိုက်ကြပြီလား]
[ဗိုင်းရပ်စ် ဝင်သွားတာလား]
[ဘာလို့ နှစ်ဖက်လုံး အလင်းရောင် မရှိတော့တာလဲ]
[ဟားဟား AW လည်း မနိုင်ပါဘူး]
[အံ့ဩစရာပဲ။ ဟက်ကာနတ်ဘုရားရေ အလံနီတွေ လွင့်နေတာ မြင်ချင်ပါသေးတယ်]
[မင်းတို့ ဟက်ကာနတ်ဘုရားလည်း ပျောက်သွားပြီလေ။ ဘာကို လွင့်ချင်သေးတာတုန်း]
[…]
မည်သူမျှ ထိုအခြေအနေကို နားမလည်နိုင်ကြပေ။
နှစ်ဖက်စလုံး ပျက်စီးသွားပြီဟု ထင်ရသည်။
“နေဦး”
အန်ဂျလီနာ ရုတ်တရက် ထအော်၏။
ထို့နောက် ဟန်မြစ်အပိုင်းဆီသို့ ပြန်ကြည့်လိုက်သည်။
တိတ်ဆိတ်ငြိမ်သက်သော ထိုနေရာမှ (၂) စက္ကန့်မျှ အကြာတွင် အလင်းရောင်လေး ပြန်တောက်လာသည်။
“အိုင်ဒေါလ် ရှင် လုပ်နိုင်သွားပြီ”
အန်ဂျလီနာ စိတ်လှုပ်ရှားစွာ ထအော်ကာ အလွန် ပျော်ရွှင်နေသည်။
ကြည့်ရှုနေသူများထဲမှ လင်းချွမ်ပရိသတ်များလည်း အလွန် ဆူညံသွား၏။
[ဒါမှ ဟက်ကာနတ်ဘုရားကွ]
[ဟက်ကာ နတ်ဘုရား]
[အင်အားကြီးလိုက်တာ။ လောကမှာ အတော်ဆုံး ဟက်ကာပဲ]
[တကယ့် ကမ္ဘာ့နံပါတ် (၁) ဟက်ကာ]
[၇၂၀ နည်းပညာကုမ္ပဏီက ဟက်ကာတွေအတွက် ကျင့်ကြံရာ မြင့်မြတ်တဲ့နယ်မြေ ဖြစ်လာတော့မယ်]
[…]
လီထုန်လည်း ထိုကောမန့်များကိုကြည့်ရင်း လက်သီးလေး ဆုပ်လျက်
“ရှင် တကယ် လုပ်နိုင်ခဲ့တာပဲ လင်းချွမ်”
“လင်းချွမ်ပဲလေ။ သူ မော်ဂန်နဲ့ ပိုင်ရှန်ကို တစ်ချက်တည်း ဖျက်ဆီးမယ်ဆိုတဲ့ ယုံကြည်ချက် ဘယ်ကရလာလဲ အခုမှ သိတော့တယ်”
ချင်ယွန်း မှင်တက်လျက် ချီးကျူးမိ၏။
“ဆရာကျောက်ကို မြန်မြန်တင်ပြပြီး လင်းချွမ် နောက်ထပ် လုပ်ဆောင်မယ့်အစီအစဉ်ကို ပံ့ပိုးပေးဖို့ ပြောရမယ်”
လီထုန် စိတ်လှုပ်ရှားစွာ ပြော၏။
ထို့နောက် ပြောပြောဆိုဆိုနှင့် ဖုန်းကို ကောက်ကိုင်ကာ ကျောက်ဟိုင်ဖျင်ထံ အမြန်ဆက်လိုက်သည်။
တစ်ဖက်တွင်။
အန်ဂျလီနာ အောင်ပွဲခံရန် လင်းချွမ်ရုံးခန်းဆီ ပြေးမည်ပြင်နေစဉ် သူ့အခန်းရှေ့၌ လင်းချွမ် ရောက်နေနှင့်သည်ကို တွေ့ရ၏။
“အိုင်ဒေါလ် ရှင်…”
အန်ဂျလီနာမှာ အလွန်ကြည်နူး ပျော်ရွှင်နေမိသည်။
“အဲ့မှာပဲ ရပ်မနေနဲ့လေ။ မီးငြှိမ်းဖို့ ကူညီဦး”
လင်းချွမ်မှ မီးသတ်ဆေးဘူးတစ်ဘူး သူ့ထံ လှမ်းပစ်လိုက်သည်။
လင်းချွမ်လည်း တစ်ဘူးကိုင်ထားပြီး သူ့ရုံးခန်းဆီ ပြန်ထွက်သွားသည်။
အန်ဂျလီနာလည်း အနောက်မှ အမြန် လိုက်သွားရ၏။
ရုံးခန်းထဲ၌ ရှန်ချန်းချန်း၊ ရှချင်းချင်းနှင့် ကျန်းတို့မှာ မီးတောက်များအား အဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်လျက် ရှိကြသည်။
သူတို့ရှေ့တွင် ကွန်ပျူတာ (၄) လုံးရှိကာ (၃) လုံးမှာ မီးခိုးများ တလိပ်လိပ် ထွက်၍ အလယ်တစ်ခုမှာ မီးတောက်များ ရှိနေသေးသည်။
လင်းချွမ် ရှေ့တိုးလာကာ လုံခြုံရေးသံချောင်းကို ဖြုတ်၍ မီးတောက်များအား ငြှိမ်းလေ၏။
ထိုအခါ အခန်းထဲတွင် မီးခိုးလုံးများ ပို၍ ပြည့်သွားသည်။
ရုံးခန်းမှာ ပြန်တည်ငြိမ်သွားသော်လည်း တစ်ခန်းလုံး ရှုပ်ပွနေ၏။
အကင်အိုးမှ မီးသွေးမှုန်ပေါ်သို့ နှင်းကျထားသည်နှင့် တူသည်။
ညှော်နံ့များပါ စွဲနေ၏။
“ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်တာလား”
အန်ဂျလီနာမှ ရှုပ်ထွေးနေသော အခြေအနေကို ကြည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အားလုံး ရယ်မောမိလေသည်။
ပုံစံမှာလည်း သူ့အပြောနှင့် တကယ်ညီနေ၏။
လင်းချွမ် မီးသတ်ဆေးဘူးကိုချ၍ အဝတ်များ ခါလိုက်ပြီး ပြုံးကာ
“မင်းက စကားတတ်တာပဲ”
“AW ကို ရှင်းဖို့ ကွန်ပျူတာ (၃) လုံး ဖျက်ဆီးလိုက်တာဆိုရင်တော့ တန်ပါတယ်”
အန်ဂျလီနာ ပြုံးကာ ပြောလိုက်သည်။
အနိုင်ရထားမှန်း သိထား၍ ကိုယ်ရောစိတ်ပါ ပို၍ ပေါ့ပါးနေသည်။
ထိုစဉ် ရှချင်းချင်းမှ ရှင်းပြလေ၏။
“ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာ မဟုတ်ပါဘူး။ ကွန်ပျူတာတွေက အားမနိုင်တော့ဘဲ ပေါက်ကုန်တာ”
ရှန်ချန်းချန်းမှလည်း ဝင်၍
“အဲ့အချိန်အတွင်း လင်းချွမ် ဘယ်လောက် တိုက်ခိုက်လိုက်လဲဆိုတာ ဘုရားပဲ သိလိမ့်မယ်။ ကွန်ပျူတာတွေလည်း ဘယ်ခံနိုင်မလဲ”
ကျန်းမှ ခေါင်းယမ်း၍
“(၃) လုံး ဘယ်ကမလဲ။ အောက်ထပ်က ၇၂၀ ကုမ္ပဏီရဲ့ ကွန်ပျူတာတချို့လည်း ပါသွားသေးတယ်”
အန်ဂျလီနာ လင်းချွမ်ကို အံ့ဩတကြီး လှမ်းကြည့်ကာ လက်မထောင်ပြလေသည်။
လင်းချွမ် နေရခက်စွာ ရယ်မော၍
“ဒါမျိုးကို ကြိုတွေးမိပါတယ်။ အဲ့တာကြောင့် ကွန်ပျူတာ (၇) လုံး ကြိုပြင်ပြီး ချိတ်ထားတာ။ ဒါပေမဲ့ ကံကောင်းလို့ (၆) လုံးပဲ ထိသွားတယ်။ AW ရဲ့အကောင့်မှာ ဆက်သုံးတာပေါ့”
အန်ဂျလီနာ ရယ်မောလျက်
“ဒီပွဲပြီးရင် AW က လစ်သွားပြီကို။ ဘာလိုသေးလို့လဲ”