AW က ဘယ်သူလဲ
Vol. 34 Ch. 503
“ကြိုပြီး ကာကွယ်ထားတဲ့နေရာ ရှိနေလို့ တော်သေးတယ်။ မဟုတ်ရင် အကုန် ဒုက္ခရောက်တော့မလို့”
လင်းချွမ် ပြုံး၍ ပြော၏။
ရုံးခန်းထဲတွင် လေထုမှာ လတ်ဆတ်၍ အားလုံး ပျော်ရွှင်နေကြသည်။
“အခုတော့ လိုချင်တဲ့အတိုင်း ဖြစ်လာပြီမလား”
အန်ဂျလီနာ မျက်တောင်လေး တဖျတ်ဖျတ် ခတ်ရင်း ပြောလိုက်သည်။
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“သီဝရီအရတော့ ပြဿနာ မရှိတော့ပါဘူး”
အင်တာပိုမှ မည်သို့ တုံ့ပြန်မည်ကိုသာ စောင့်ကြည့်ရတော့မည်။
လိုချင်သည့်အရာအတွက်တော့ ရင်းရမည် ဖြစ်၏။
လင်းချွမ်နှင့်အဖွဲ့မှာ အားလုံး ကိုင်တွယ်ထားလေပြီ။
AW ၏ ဆာဗာလှိုင်းအားလုံးကို ထိန်းချုပ်၍ ကြေးကြီးကြီး ပေးဆပ်ရအောင် ပြင်ဆင်ထား၏။
ယခုလို အောင်မြင်ထားချိန်တွင် AW ၏ အချက်အလက်များအား ဂရုတစိုက် ရှာဖွေဖော်ထုတ်နိုင်သေးသည်။
ထိုအဆင့်မှာ အလွန် အရေးကြီး၏။
AW ကို ဖျက်ဆီးရေးအထိ အရေးပါလွန်းသည်။
သို့ရာတွင် ယခုတော့ ကွာခြားချက်များ သိပ်မရှိလှဘဲ လင်းချွမ် စိတ်ကြိုက် ပြုလုပ်နိုင်သည်။
ထိုအချိန်တွင် လင်းချွမ်၏ AW အပေါ် အနိုင်ရရှိမှုသည်လည်း ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားပြီးလေပြီ။
ထိုထဲတွင် လီထုန်လည်း အင်တာပို အာရှဗျူရို ခေါင်းဆောင်ကို ဆက်သွယ်ထားပြီး ဖြစ်၏။
“ဆရာကျောက်”
လီထုန့်အသံမှာ အလွန် စိတ်လှုပ်ရှားဝမ်းသာနေပုံ ပေါ်သည်။
“လီ ဘာကိစ္စလဲ”
ကျောက်ဟိုင်ဖျင်၏အသံ ထွက်လာ၏။
“လင်းချွမ်ကိစ္စ ဘယ်လိုထင်လဲ”
လီထုန် သူ့ကို တမင် ခန့်မှန်းခိုင်းလိုက်သည်။
“အင်း…”
ကျောက်ဟိုင်ဖျင် ခဏစဉ်းစားနေ၏။
သူနှင့်အလုပ်အတူ လုပ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူ့အတွေးကို နားလည်ပါသည်။
“ဆရာကျောက် အခုထိ တွေဝေနေတုန်းလား”
“ငါ့နေရာကနေဆိုရင် အဆင့်တိုင်းကို ဂရုစိုက်ရမယ်လေ”
ကျောက်ဟိုင်ဖျင် စိုးရိမ်စွာဖြင့် တွေးတွေးဆဆ ပြောလေသည်။
လီထုန် ပို၍ သဘောပေါက်လာ၏။
ကျောက်ဟိုင်ဖျင်မှာ အင်တာပို၏ သာမာန်အဖွဲ့ဝင် တစ်ဦး မဟုတ်သလို မစဉ်းစား မဆင်ခြင်ဘဲ ဇွတ်တရွတ် လုပ်နိုင်သည့် လူငယ်ခေါင်းဆောင်လေးလည်း မဟုတ်ချေ။
ဖော်မြူလာအရ ဆိုရသော် လင်းချွမ်သည် မော်ဂန်နှင့် ပိုင်ရှန်အုပ်စုကို ဖျက်ဆီးလိုက်လျှင် ပြီးသော်လည်း ကျောက်ဟိုင်ဖျင်မှာတော့ အခြေအနေ အမျိုးမျိုးကို ထည့်စဉ်းစားရသည်။
“လင်းချွမ်မှာ အဲ့လောက် အင်အားမရှိမှာကို စိုးရိမ်နေတုန်းလား”
လီထုန်မှ မေးလိုက်သည်။
ကျောက်ဟိုင်ဖျင် ခေါင်းငြိမ့်ပြကာ
“မင်းပေးတဲ့ မှတ်စုတွေအရတော့ လင်းချွမ်က ပြီးပြည့်စုံပါတယ်။ ငါ ထင်ထားတာကိုတောင် ကျော်နေသေးတယ်။ ဒါပေမဲ့…”
သူ ဆက်မပြောဘဲ ရပ်နေ၏။
“ဒါပေမဲ့ ဘာလို့လဲ”
လီထုန် ထိုနေရာမှ ဆက်၍ မေးလိုက်သည်။
“ဒါတွေအားလုံးက ဒီအတိုင်း အပေါ်ယံ နည်းပညာတွေ ဖြစ်မှာစိုးရိမ်တာ”
ကျောက်ဟိုင်ဖျင် လေးလေးနက်နက် ပြောလေ၏။
“ဆရာကျောက် စိတ်ပူတာ မှန်ပါတယ်။ ဒါပေမဲ့ လင်းချွမ်ကို အရမ်း အထင်သေးလွန်းနေပြီ”
လီထုန် အားရပါးရ ရယ်မောနေသည်။
“ကြည့်ပါဦး။ အန်လင်းရဲစခန်းကို ရောက်တာမှ ခဏလေးပဲ ရှိသေးတယ်။ လင်းချွမ်ဘက်က လိုက်ပြောပေးနေပြီ။ ဒီကောင်လေးက ဘာတွေများ အဲ့လောက် ဆွဲဆောင်မှု ရှိနေတာလဲ”
ကျောက်ဟိုင်ဖျင် စနောက်ကာ ပြော၏။
အန်လင်းရဲစခန်း အင်တာပို ရုံးခန်းထဲတွင် လီထုန် ချင်ယွန်းကိုကြည့်၍ ပြုံးကာ
“ချင်လည်း ကျွန်မလိုပဲ တွေးမိမယ်ထင်တယ်”
“ချင်ပါ ဆွဲဆောင်ခံလိုက်ရတာလား”
ကျောက်ဟိုင်ဖျင် ထပ်စ၏။
ချင်ယွန်းမှာ ခုနက ပြင်းထန်လေးနက်သော အခြေအနေကြောင့် အာခြောက်ကာ ရေသောက်နေလျက် ရှိသည်။
သို့သော် ကျောက်ဟိုင်ဖျင် စကားကြောင့် ရေများပြန်သီးသွား၏။
“ဆရာကျောက်ပြောပုံကလည်း။ အစ်မလီရော ကျွန်တော်ရော ပရော်ဖက်ရှင်နယ် ရဲဝန်ထမ်းတွေပါ။ အားလုံးကို ချက်ကျလက်ကျ ကြည့်ပြီးမှ ယုံပါတယ်”
ချင်ယွန်းမှ ပြောလိုက်သည်။
“ချက်ကျလက်ကျလား။ ဒါဆို ကဲ ပြောပါဦး။ လင်းချွမ်ဆိုတဲ့ကောင်လေးမှာ ဘာတွေများ အောင်မြင်မှု ရှိလို့လဲ”
ကျောက်ဟိုင်ဖျင် ပေါ့ပေါ့ပါးပါး မေးလိုက်၏။
တရားခံ တစ်ယောက် နှစ်ယောက် ဖမ်းရုံ သို့မဟုတ် နာမည်ကြီး တရားခံတစ်ဦး ဖမ်းရုံ နည်းလမ်းမှာ ကြီးမားသော ဒုစရိုက်အဖွဲ့အစည်းကို ရှင်းသည့် လုပ်ဆောင်မှုတွင် အသုံးမဝင်နိုင်ပေ။
တစ်ယောက်ချင်း ဖမ်းဆီးရာတွင် အရေးသာမည် ဆိုသော်လည်း တိုက်ပွဲအခြေအနေ အပြည့်အစုံမှာ ပို၍ လိုအပ်သည်များ ရှိ၏။
လီထုန်နှင့် ချင်ယွန်းတို့ အချင်းချင်း လှမ်းကြည့်မိသည်။
လီထုန် ပြုံး၍
“ဆရာကျောက်ရယ် ဒီတစ်ခေါက် အောင်မြင်မှုကြီး ရှိတယ်လေ”
“ပြောပါဦး။ နားထောင်ကြည့်တာပေါ့”
ကျောက်ဟိုင်ဖျင် ရယ်မောကာ ပြောလိုက်၏။
“အခုပဲ လင်းချွမ် AW ကို လုံးဝ ဖျက်ဆီးလိုက်ပြီ”
“AW ကို ဖျက်ဆီးတယ်လား။ ဘယ်လို ကောင်ကိုတုန်း”
ကျောက်ဟိုင်ဖျင် ရုတ်တရက် မတွေးမိဘဲ အလွယ် ပြောလိုက်သည်။
“နေပါဦး။ ဘယ်သူ။ AW”
လီထုန် သေချာ ထပ်ပြောလေ၏။
“AW ပါ”
ကျောက်ဟိုင်ဖျင် တိတ်ဆိတ်သွား၏။
ထို့နောက် ရုတ်တရက် ထခုန်မတတ် အော်လိုက်မိသည်။
“ဘုရားရေ”
အင်တာပိုအဖွဲ့ဝင်တစ်ဦးအနေဖြင့် ထိုကဲ့သို့ နိုင်ငံတကာ ဒုစရိုက်အဖွဲ့များနှင့် ရင်းနှီးနေပါသည်။
AW ကို မည်သို့ မသိဘဲ နေမည်နည်း။
“AW က တခြား ထပ်ရှိသေးလို့လား”
လီထုန် ကျောက်ဟိုင်ဖျင်အား တပည့်လေးကဲ့သို့ ဆူသလို ပြော၏။
ကျောက်ဟိုင်ဖျင် ရုတ်တရက် မှင်တက်လျက်
“လောလောဆယ် သိထားသလောက်တော့ AW က မော်ဂန်နဲ့ ဆက်သွယ်ပြီး စီးပွါးရေး စလုပ်နေတယ်တဲ့။ ဘယ်လိုလုပ် ရုတ်တရက် ရှင်းနိုင်သွားတာလဲ”
“ကျွန်မတို့လည်း အံ့ဩနေတာ။ ရုတ်တရက်ပဲလေ။ အခု နိုင်ငံတကာမှာပါ ပျံ့နေပြီ။ ဖုန်းဖွင့်ကြည့်လိုက်ရင် အပေါ်ဆုံးသတင်းမှာ တွေ့လိမ့်မယ်”
လီထုန် ရယ်မော၍ ပြော၏။
ကျောက်ဟိုင်ဖျင် သက်ပြင်းချလိုက်မိသည်။
“အခု ကြည့်လိုက်ဦးမယ်”
လင်းချွမ်မှာ မြောက်အမေရိက ဟက်ကာအဖွဲ့ AW ကို အမှန်ပင် ရှင်းလင်းနိုင်ခဲ့လျှင် သူ့အရည်အချင်းကို အသိအမှတ် ပြုရတော့မည်။
မော်ဂန်နှင့် ပိုင်ရှန်တို့ကို ဖျက်ဆီးရန် ပူးပေါင်းရေးသည် အလွန် အရေးကြီးလှ၏။
ထို့အပြင် သူတို့ဘက်၌ အကျိုးအမြတ် ရှိသေးသည်။
AW ကဲ့သို့ အဖွဲ့အစည်းကြီးကို လင်းချွမ်မှ ရှင်းပစ်နိုင်လျှင် အခွင့်အရေး ပိုများလာလေပြီ။
ရန်သူ့အကြောင်းကိုသိခြင်း၊ ကိုယ့်အကြောင်းကိုယ် သိခြင်းတို့မှာ အားသာချက်ကြီးပင်။
ကျောက်ဟိုင်ဖျင် မယုံနိုင်စွာဖြင့် သတင်းများ ချက်ချင်း ရှာကြည့်လိုက်သည်။
ထို့နောက် ခပ်တိုးတိုး ရေရွတ်မိလေ၏။
“ဒါက အချီကြီးပဲ”