လောင်းကစားရုံသို့ ဖိတ်ခေါ်ခြင်း
Vol. 34 Ch. 505
ဆောင်းရာသီ၊ နေ့လယ်ခင်း။
အန်လင်းမြို့၏ ရာသီဥတုမှာ လျင်မြန်စွာ ပြောင်းလဲပြီး လေညင်းများကို သယ်ဆောင်၍ ကောင်းကင်ထက်တွင် တိမ်ယံများ တွဲခိုကာ လေကတစ်ခွင်ကို မြူခိုးများ လွှမ်းခြုံထားလေသည်။
ဆောင်းလေသည် လောင်းကစားရုံထဲ ထိုးဖောက်ဝင်၍ တစ္ဆေညည်းသကဲ့သို့ တဝူးဝူး ဖြစ်နေသည်။
မြေအောက် လောင်းကစားရုံမှာ အလွန်ပိတ်လှောင်ကာ အပြင်ဘက်မှ ကြည့်လျှင် သံချေးတက်နေသော တံခါးနှင့် ဝါကျင့်ကျင့် ဝင်ပေါက်ဖြင့် စတိုခန်းနှင့် တူ၏။
အလုပ်မရှိသည့်ပုံပေါ်သော လူငယ်လေးများမှာ မကြာခဏ ဝင်ထွက်နေပြီး ဗန်ကားများလည်း အမြဲမပြတ် ရောက်လာတတ်ကြသည်။
ပိုင်ရှန်အုပ်စုမှ အန်လင်းမြို့တွင် ပြင်ဆင်ထားသော လောင်းကစားရုံ ဖြစ်လေ၏။
သို့သော် သူရည်ရွယ်ချက်မှာ သာမာန် လောင်းကစား ပြုလုပ်ရုံမျှ မရိုးရှင်းပေ။ ဝင်ရောက်လာသော လောင်းကစားသမားတိုင်း ထောင်ချောက်ထဲ တိုးဝင်သလို ဖြစ်နိုင်သည်။ ခြေတစ်လှမ်း မှားသည်နှင့် ချောက်ထဲကျကာ ထိန်းချုပ်ခံရနိုင်၏။
ပြောရလျှင် ငယ်ရွယ်သန်မာသူများ အကြွေးတင်သွားပါက မိန်းကလေးများကို မြှူဆွယ်သည့်နေရာတွင် သုံးကာ ပိုက်ဆံရှာနိုင်သည်။
နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းမျိုးတွင် လုပ်သကဲ့သို့ ဖြစ်၏။
ထိုကဲ့သို့ လောင်းကစားရုံမျိုးမှာ လူအများစုကို မသိမသာ ဆွဲဆောင်နိုင်လေသည်။
အန်လင်းမြို့တွင် လောင်းကစားပြုလုပ်ခြင်းကို တင်းကြပ်ထားသော်လည်း လူသားများ၏ သဘာဝမှာ မခန့်မှန်းနိုင်ချေ။ တစ်ခေါက် ငြိတွယ်မိသည်နှင့် လူတိုင်းတွင် စက်ဘီးမှ ဆိုင်ကယ်သို့ ပြောင်းလဲချင်စိတ် ရှိတတ်၏။
နယ်စပ်လမ်းဟောင်း ကျားဖြန့်ကိစ္စ ပြီးသည့်နောက်ပိုင်း ပိုင်ရှန်အုပ်စုအနေဖြင့် အန်လင်း တာဝန်ကို ပို၍ ဂရုစိုက်ကာ လုပ်ဆောင်လေသည်။ မိတ်ဆက်ထားသူ မရှိဘဲ လောင်းကစားရုံထဲ ဝင်ခွင့်မရှိချေ။
အန်လင်းရဲစခန်း ပြည်သူ့လုံခြုံရေးအဖွဲ့မှ ထိုမြေအောက် လောင်းကစားရုံကို စုံစမ်း ရှာဖွေနေသော်လည်း ခြေရာမခံမိသေးချေ။
လောင်းကစားရုံ၏ အနက်ရှိုင်းဆုံးနေရာတွင် မျက်နှာကျက်မီးရောင် ခပ်ဖျော့ဖျော့ ထွန်းထားသော ရုံးခန်းတစ်ခု ရှိ၏။ အထဲတွင် ဆေးရွက်ကြီးနံ့များမှာတော့ အသက်ရှူကြပ်လောက်အောင် မွှန်ထူနေလေသည်။
ကျားကြီးမှာ လက်ညှိုးနှင့် လက်ခလယ်ကြား၌ ဆေးလိပ်ကိုညှပ်လျက် ခပ်ဖြည်းဖြည်း ရှိုက်ထုတ်လိုက်သောအခါ မီးခိုးများ အလင်းရောင်အောက်တွင် ပျောက်ကွယ်သွားကြသည်။
နောက်ဆုံးတစ်ခါ ခရိုနေးတာဝန် ကျရှုံးပြီးနောက် ပိုင်ရှန်အုပ်စုအနေဖြင့် လက်လွတ်စပယ် ရှေ့မတိုးရဲတော့ပေ။
လင်းချွမ်ကို အရှင်ဖမ်းရန်လည်း အရေးကြီး၏။
သေနေသော လင်းချွမ်မှာ ဘာမှ မထူးလှချေ။
ကျားကြီး၏ မျက်လုံးများမှာ အေးစက်၍ ဆေးလိပ်ကို ပြာခွက်ထဲချေကာ လင်းချွမ် အချက်အလက်များပါသော ဖိုင်ကို လှမ်းယူလိုက်သည်။
ခရိုနေးသတင်းပျောက်သည်အထိ နောက် (၂) ရက်မျှ ကြာအောင် စောင့်ပြီးမှ လင်းချွမ်အား မိုးကြိုးကဲ့သို့ တိုက်ခိုက်ရန် တွေးထား၏။
ယခုတစ်ခေါက်တော့ သေချာပေါက် အောင်မြင်ရမည်။
“အစ်ကိုကြီး ကျွန်တော် လက်စားချေပေးပါမယ်”
ကျားကြီးတစ်ယောက်တည်း ရေရွတ်၍ သူ့ကိုယ်သူ အားပေးရင်း စားပွဲပေါ်မှ သူဌေးပေါင်ဓာတ်ပုံကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ချက်ချင်းပင်။
သူ လင်းချွမ်၏ဖိုင်ကို ပြန်ကြည့်လိုက်၏။ ထိုထဲတွင် ကျန်းရှင်းရှင်း၊ ရှန်ချန်းချန်း၊ ရှချင်းချင်း၊ ဝမ်ကျီခန်နှင့် လင်းချွမ်၏ အယ်ဒီတာ ယုယွီတို့အထိ ပါဝင်သည်။
အချင်းချင်း ပတ်သက်မှုများအကြောင်းလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။
သို့ရာတွင် အချို့သော ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့၏ နာမည်များကိုတော့ အမှားခြစ်ထားလေ၏။
“ဒီရဲ (၂) ယောက်ကိုတော့ လောင်းကစားရုံထဲ ဘယ်တော့မှ ရောက်လို့ မဖြစ်ဘူး။ မဟုတ်ရင် ဝံပုလွေကို ဂူထဲပေးဝင်သလို ဖြစ်လိမ့်မယ်”
ကျားကြီး ရေရွတ်မိသည်။
ထို့နောက် အခြားတစ်ဦးအား အာရုံစိုက်လိုက်၏။
ဝမ်ကျီခန်။
“ဝမ်ကျီခန်၊ အွန်လိုင်းဝတ္ထု စာရေးဆရာ၊ လင်းချွမ်ရဲ့ သူငယ်ချင်းအရင်း”
သူ အသံထွက်ဖတ်ရင်း ကြည့်နေ၏။
ထိုကဲ့သို့ ဒုစရိုက်အဖွဲ့များမှာ လူတစ်ယောက်၏ အချက်အလက်များကို အလွယ်တကူ ရရှိနိုင်ပါသည်။
မည်သူက ရောင်းချသည်မှာလည်း လုံးဝ လျှို့ဝှက်ချက် ဖြစ်၏။
“ရှောင်ယန်”
ကျားကြီးအသံမှာ ရုံးခန်းထဲ၌ ပဲ့တင်ထပ်သွား၏။
အပြင်မှ ခြေသံတစ်စုံ ကြားရပြီး
“သူဌေး ဘာကိစ္စရှိလို့ပါလဲ”
“ဒီဝမ်ကျီခန်ကို အသုံးချလို့ရမယ့်နည်းလမ်း မရှိဘူးလား”
ကျားကြီးမှ သူ့လက်ထောက် ရှောင်ယန်ကိုကြည့်ကာ ပြောလိုက်သည်။
ရှောင်ယန် တက်ဘလက်ကိုယူ၍ ဝမ်ကျီခန်အကြောင်း အသေးစိတ် ကြည့်နေသည်။
ထို့နောက် ခေါင်းယမ်းကာ
“သူက အွန်လိုင်းစာရေးဆရာပဲ။ ပိုက်ဆံ သိပ်မရှိလောက်ဘူး”
“အဲ့တာ ငါတို့အလုပ်နဲ့ ကွက်တိပဲ မဟုတ်ဘူးလား”
ကျားကြီးမှ ထပ်ပြော၏။
အလုပ်အားဖြင့် ဝမ်ကျီခန် လောင်းကစား ပြုလုပ်ရန် ဆွဲဆောင်နိုင်မည်ဟု ထင်ပါသည်။
ရှောင်ယန်မှ ပြန်ရှင်းပြ၏။
“သူ့ကောင်မလေးလည်း အွန်လိုင်း စာရေးဆရာပဲ။ ဒါပေမဲ့ ချမ်းသာတယ်။ လတိတလော သူ့ကိုပဲ မှီခိုနေတာ”
“ဘုရားရေ အွန်လိုင်းစာရေးဆရာက အဲ့လိုတွေ ရှိတာလား”
သူ အလွန်အံ့ဩကာ ရေရွတ်လိုက်မိသည်။
မည်သို့ အဆင်ပြေသနည်း။
ငါဆို သန်မာတောင့်တင်းပြီး အရမ်းလည်း အရည်အချင်းရှိတယ်။ ရုပ်လည်း ချောသေးတယ်လေ။ ဘာလို့ သူဌေးမတွေက မကြိုက်ကြတာလဲ။
ချီးပဲ။
ရှောင်ယန် ရှုံ့မဲ့သွားမိပြီး နေရခက်စွာဖြင့်
“တချို့လူတွေက အဲ့လိုပါပဲ။ ကျွန်တော်တို့အနေနဲ့ စာပို့ပြီး ကြိုးစားပါသေးတယ်။ ချမ်းသာဖို့ နည်းလမ်း ရှိတယ်လို့။ ကိုယ်တိုင် အရှင်သခင် ဖြစ်နိုင်လို့ တခြားသူဆီက ကပ်စားစရာ မလိုဘူးလို့လေဖရ
“သူက ဘာပြန်ပြောလဲ”
“အဲ့တာက…”
ရှောင်ယန် ခဏရပ်နေပြီးမှ
“ဝမ်ကျီခန် ပြောတာက တခြားလူဆီက ကပ်စားရတဲ့ ပျော်ရွှင်မှုကို မသိပါဘူးတဲ့”
ကျားကြီး ရှုံ့မဲ့သွား၏။
ဝမ်ကျီခန်သာ သူ့အရှေ့တွင် ရှိလျှင် ထရိုက်မိလောက်သည်။
သူများဆီက ကပ်စားရတာကို ဂုဏ်ယူနေတာလား။ အဲ့တာ ပျော်စရာလား။
ရုတ်တရက် ရုံးခန်းထဲ၌ တိတ်ဆိတ်နေသည်။
လေညင်းများ ရုံးခန်းထဲ တိုက်ခတ်ကာ အေးစိမ့်စိမ့် ဖြစ်လာ၏။
ကျားကြီး လက်ပိုကာ ဝမ်ကျီခန်ကိုဖယ်၍ အခြားတစ်ဦးအား အာရုံစိုက်ပြန်သည်။
ထပ်ကြည့်လိုက်သောအခါ ကျန်းရှင်းရှင်းကို တွေ့ရ၏။
“သူရော”
ကျားကြီး ကျန်းကို လက်ညှိုးထိုးကာ မေး၏။
ရှောင်ယန် ချက်ချင်း ခေါင်းယမ်းကာ စိုးရိမ်တကြီးဖြင့်
“သူဌေး ဒီမိန်းမက အရမ်းချမ်းသာတာ။ လင်းချွမ်နဲ့လည်း အတူတူအိပ်နေပြီး အကုန် ပြန်ပြောလိမ့်မယ်။ သူနဲ့စလို့ကတော့ အမြန်ဆုံး ပေါ်မှာပဲ”
ကျားကြီး တိတ်ဆိတ်သွားပြန်သည်။
သူ ကျန်း၏ အချက်အလက်များအား ပြန်ဖတ်နေ၏။
ကျန်းရှင်းရှင်း၊ လင်းချွမ်၏ ချစ်သူ၊ ၇၂၀ ကုမ္ပဏီတွင် ဘဏ္ဍာရေးမှူးချုပ်နှင့် သူဌေး၏ အတွင်းရေးမှူး၊ မားစ်ဝက်ဘ်ဆိုဒ်တွင် စာရေးဆရာအဖြစ် စာချုပ်ချုပ်ထားပြီး ‘ဆေးနတ်ဘုရား’ ဟူသော ဝတ္ထု ထွက်ရှိထားသည်။