ဘယ်သူ့ကို ဖျက်ဆီးတာလဲ
Vol. 34 Ch. 507
“အစ်ကိုယန်”
ဖုန်းထဲမှ အလောတကြီးအသံတစ်ခု ထွက်လာသည်။
ချက်ချင်းပင် အဆက်မပြတ် မြန်ဆန်စွာ ပြောနေသောကြောင့် ရှောင်ယန် အသေးစိတ် သေချာ မကြားရ ဖြစ်နေ၏။
“ဘာတွေ အဲ့လောက်လောနေတာလဲ။ အချိန်ယူပြီး ရှင်းအောင် ပြောစမ်းပါ။ မင်းဟာမင်း စိတ်ထိန်းဦး”
ရှောင်ယန်မှာ ကျားကြီးရှေ့တွင် ကုပ်နေရသော်လည်း သူ့တပည့်များရှေ့တွင်တော့ ဆရာတစ်ယောက် ဖြစ်၏။
တစ်ဖက်လူမှာ လင်းချွမ်ကို နောက်ယောင်ခံ လိုက်နေသော သတင်းပေး ဖြစ်လေသည်။
“အစ်ကိုယန် ကျွန်တော်… ကျွန်တော် ပြောစရာ ရှိလို့ပါ”
သတင်းပေးမှာ အနည်းငယ် အရှိန်လျှော့လိုက်သော်လည်း မြန်နေဆဲပင်။
“လင်းချွမ်မှာ ထူးထူးခြားခြားကိစ္စရှိလို့လား”
ရှောင်ယန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်ကဲ့”
သတင်းပေးမှ ဆက်၍
“တကယ့် ကိစ္စကြီးပါ”
“ဘာကိစ္စကြီးလဲ”
ရှောင်ယန် နားထောင်ရင်း စိတ်လှုပ်ရှားလာကာ ရင်တဒိန်းဒိန်း ခုန်နေ၏။
“အခုပဲ လင်းချွမ်က AW နဲ့ ဆိုက်ဘာစစ်ပွဲ ဖြစ်ခဲ့တယ်လို့ ကြားပါတယ်…”
သတင်းပေးမှာ စကားကို ချက်ချင်း ဆက်မပြောသေးပေ။
ရှောင်ယန် အလောတကြီး ပြန်မေးလိုက်သည်။
“အဲ့တော့ ဘယ်လိုဖြစ်သွားလဲသာ ပြောစမ်းပါ”
ခုနက သူ AW ကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့သော်လည်း ဖြေဆိုသူ ပေါ်မလာခဲ့ပေ။ ဤသည်မှာ လင်းချွမ်နှင့် ပတ်သက်နေသည်လား။
ဖြစ်နိုင်ပါသည်။
သို့သော် ဆက်၍ ကြားလိုက်ရသော စကားကြောင့် ရှောင်ယန် မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်သွား၏။
“လင်းချွမ် နိုင်သွားပါတယ်”
“လင်းချွမ်ကလား”
ရှောင်ယန် လုံးဝ မယုံကြည်နိုင်ပေ။
AW မှာ မြောက်အမေရိကတွင် အင်အားအကောင်းဆုံး ဟက်ကာအဖွဲ့ ဖြစ်၏။
“ဟုတ်ပါတယ်။ သူ အပြတ်အသတ်နိုင်ပြီး AW ရဲ့ ဆာဗာလှိုင်း (၂) ခုကိုလည်း ဖျက်ဆီးလိုက်နိုင်လို့ အပြည့်အဝ ထိန်းချုပ်ထားပါပြီ။ အခု AW မှာ ပြန်ခုခံပြီး အင်အားလည်း မရှိတော့ဘူး။ လင်းချွမ်လက်ထဲမှာ လိုသလို အသုံးချခံရရုံကလွဲပြီး မရှိတော့ဘူး”
သတင်းပေးမှာ ဖြစ်ခဲ့သည့် အခြေအနေအတိုင်း ရှောင်ယန်အား အသေးစိတ် ပြောပြနေ၏။
ရှောင်ယန် နားထောင်ရင်း အာခေါင်များ ခြောက်ကပ်ကာ အသက်ရှူကြပ်လာသည်။ ချက်ချင်းပင် ဖုန်းချလိုက်ကာ ကျားကြီး၏ ရုံးခန်းဆီသို့ ဦးတည်ပြေးသွား၏။
ယခုတစ်ခေါက်တွင် သူ တံခါးပင် မခေါက်နိုင်တော့ဘဲ အမြန်ဝင်လာလိုက်မိသည်။
“သူဌေး ပြဿနာတက်ပါပြီ”
ရှောင်ယန် အလောတကြီး ပြောလိုက်သည်။
ကျားကြီး မျက်မှောင်ကြုတ်၍ အေးစက်စွာဖြင့်
“တံခါးတောင် မခေါက်နိုင်လောက်အောင် ဘာတွေ အရေးကြီးနေတာလဲ”
သူ့တပည့်များ ထိုသို့ ရုတ်တရက် ဝင်လာချိန် ထူးဆန်းသော အခြေအနေတစ်ခုခု ရောက်နေပါက အလွန်အရှက်ရစရာဖြစ်ကာ မျက်နှာပူနေရပေမည်။
ရှောင်ယန် မျက်နှာငယ်လေးဖြင့် အမြန် ရှင်းပြ၏။
“သူဌေး ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး။ ဒီကိစ္စက တကယ်ကို အရေးကြီးလို့ပါ”
ကျားကြီး လက်ယမ်းပြကာ
“ကောင်းပြီ။ ဘာတွေဖြစ်လာလို့လဲ ပြော”
ရှောင်ယန် ရှေ့တိုး၍
“သူဌေး လင်းချွမ်က AW ကို ဖျက်ဆီးလိုက်ပြီ”
“လင်းချွမ်က ဘယ်သူ့ကို”
ကျားကြီး မျက်မှောင်ကြုတ်ကာ မေး၏။
“AW ကိုပါ”
“AWလား ဟင် AW”
ကျားကြီး ချက်ချင်း အမူအရာပြောင်းသွားပြီး မယုံနိုင်စွာဖြင့်
“ပြန်ပြောစမ်း”
ကျားကြီးမှာ ထိုသတင်းကို လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။
ရှောင်ယန် အသက်ကိုဝအောင် ရှူကာ ရှင်းရှင်းလင်းလင်း ထပ်ပြော၏။
“သူဌေး ခုနလေးတင် လင်းချွမ်က မြောက်အမေရိကရဲ့ ဟက်ကာဘုရင် AW ကို ဖျက်ဆီးလိုက်ပါပြီ”
ကျားကြီး ခုံတွင် မှီနေရာမှ ဝုန်းခနဲ ထထိုင်ကာ စားပွဲကို လက်ဖြင့် ထုပြီး တစ်နေရာကို ငေးငိုင်ကြည့်နေမိသည်။
AW က ဒီလိုနဲ့ပဲ သွားပြီလား။
ရှောင်ယန်မှာ လက်ထောက်တစ်ဦးအနေဖြင့် ချက်ချင်းပင် လင်းချွမ် AW ကို တိုက်ခိုက်သော သတင်းများကို အန်ဂျလီနာ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှတစ်ဆင့် စုစည်း၍ ကျားကြီးအား ပြလိုက်သည်။
ကျားကြီးမှာ စိတ်အလွန်ရှုပ်ထွေးနေသော်လည်း အားတင်း၍ ကြည့်လိုက်၏။
ထို့နောက် လက်ထဲမှ တက်ဘလက်ကို ရိုက်ခွဲလိုက်လေသည်။
သနားစရာတက်ဘလက်လေးမှာ မှန်ကွဲ၍ ပျက်စီးသွား၏။
ရှောင်ယန်မှာတော့ တိတ်ဆိတ်လျက် ခေါင်းလေးငုံ့ကာ အပျက်အစီးများကို ရှင်းလင်းရန် ကြိုးစားနေသည်။
ထို့နောက် ကျားကြီးအတွက် ဆေးလိပ်မီးညှိပေးလိုက်သည်။
ထိုအခါမှ ရုံးခန်းထဲ၌ ဖိအားအနည်းငယ် လျော့ကျသွားသလို ခံစားရ၏။
တုန်ရီနေသော ရှောင်ယန်မှ
“သူဌေး ဟို ကျွန် ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲဟင်”
“ဘာလုပ်ရမလဲ”
ကျားကြီး ခဏစဉ်းစားကာ
“အရင်အစီအစဉ်အတိုင်း ဆက်သွား။ AW က လုံးဝ မယုံရဘူးပဲ။ ငါတို့ ကိုယ့်အားကိုယ်ကိုးမှ ရတော့မယ်”
“ဟုတ်ကဲ့ပါ”
ထိုစဉ် ဖုန်းမြည်သံ ကြားရ၏။
ကျားကြီးထံမှ ဖြစ်သည်။
ကျားကြီး ဖုန်းကိုလှမ်းကြည့်လိုက်သောအခါ တည်နေရာမပါဘဲ နံပါတ်အတု ဖြစ်လေသည်။
သူ ခဏစဉ်းစားပြီးမှ ပြန်ဖြေရန် ဆုံးဖြတ်လိုက်သည်။
ရှောင်ယန် အလိုက်တသိဖြင့် ရုံးခန်းထဲမှ ချက်ချင်းထွက်၍ တံခါး ပိတ်ပေးခဲ့လိုက်၏။
“ကျားကြီး”
ဖုန်းထဲတွင် သူဌေးကျောက်၏အသံ ထွက်လာသည်။
ကျားကြီး အမူအရာပြောင်းသွားကာ
“သူဌေးကျောက် ဘာများ ကိစ္စရှိလို့လဲဗျ”
သူဌေးကျောက်မှာ ပိုင်ရှန်အုပ်စု၏ အဓိက တာဝန်ရှိသူ ဒါရိုက်တာများထဲမှ တစ်ယောက် ဖြစ်သည်။
ပုံမှန်အားဖြင့် တည်နေရာကို သိနိုင်သော ဖုန်းဖြင့်သာ တိုက်ရိုက်ဆက်သွယ်လေ့ ရှိသော်လည်း ယခုတစ်ခါ လျှို့ဝှက်စွာ ရောက်လာ၍ အရေးကြီးနေကြောင်း သိသာ၏။
“မင်း အလုပ်ထဲ ရောက်နေတာလား”
“ဟုတ်ပါတယ် သူဌေးကျောက်”
သူ ရယ်မော၍ ပြန်ဖြေလိုက်သည်။
“ဟိုလင်းချွမ်ဆိုတဲ့တစ်ယောက် AW ကို ဖျက်ဆီးလိုက်တာကို ချက်ချင်း အကြောင်းမကြားဘူးနော်”
သူဌေးကျောက်အသံမှာ အလွန် လေးနက်၍ ထိုပြုံးခဲသော ထိုလူကြီး ပိုစိတ်တိုနေမှန်း ကျားကြီး နားလည်၏။
“သူဌေးကျောက် အခုပဲ အချက်အလက်တွေစုပြီး ပြောတော့မလို့ပါ”
ကျားကြီး တုန်ရီစွာဖြင့် ရှင်းပြသည်။
“တခြားတစ်ယောက်က သတင်းပေးပြီးနေပြီလေ”
သူဌေးကျောက် နှာခေါင်းရှုံ့ကာ ပြော၏။
ကျားကြီး ရှုံ့မဲ့သွားပြီး
“သူဌေးကျောက် စိတ်လျှော့ပါ။ ဒီတစ်ခါ လင်းချွမ် သေချာပေါက် ငါးစာလာဟပ်လိမ့်မယ်”
“AW တောင် လင်းချွမ်ရဲ့ ဆိုက်ဘာအရည်အချင်းကို ခံနိုင်ရည်မရှိတာ။ မင်းက ကိုင်တွယ်နိုင်မယ်လို့ တာဝန်ယူလား”
သူဌေးကျောက် လင်းချွမ်၏ အရည်အချင်းကို မချီးကျူးချင်သော်လည်း အမှန်တရားမှာ ခါးလှသည်။
“ဒါပေါ့။ သေချာပါတယ်”
ကျားကြီး သူ့ကို အထပ်ထပ် ကတိပေးလိုက်သည်။