အနစ်နာခံကျန်ရစ်သူ
Vol. 2 Ch. 105
“ သူတို့ကထွက်ပြေးဖို့ကြံစည်နေတာ အခွင့်အရေးမပေးနဲ့ “
ဝမ်းတုမှ ချွင်းညီအစ်ကို၏အကြံအစည်ကိုရိပ်မိသွားကာ အော်ဟစ်လိုက်သည် ။
ထို့နောက် မြေပြင်အားခြေတစ်ချက်ဆောင့်ကာ ချွင်းရှန်၏နောက်သို့အမြန်ဆုံးပြေးလိုက်သွားသည် ။ သို့သော် သူ၏လမ်းကြောင်းအား တစ်စုံတစ်ယောက်မှပိတ်ထားသည်။
“ ဝှီးး “
လက်သည်းကုတ်ချက်မှာ လေထုအားစုတ်ပြဲသွားစေသကဲ့သို့ပြင်းထန်လှသည် ။ဝမ်းတုလည်း ဘာမှမတန်နိုင်ဘဲ နောက်သို့ပြန်ဆုတ်လိုက်ရသည် ။
“ မင်းက “
ဝမ်းတုလည်း သူ၏ရှေ့သို့ပိတ်ရပ်လိုက်သည့်ချွင်းထုံအား အေးစက်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
အတွင်းဒဏ်ရာပြင်းထန်စွာရထားသည့်ချွင်းထုံမှာ အားနည်းခြင်းမရှိဘဲ သူ၏လမ်းသို့ပိတ်ရပ်ထားသည် ။
အချိန်တိုအတွင်း မည်သည့်နည်းလမ်းဖြင်ပ ချွင်းထုံပြန်ကောင်းသည်ကိုမသိသော်လည်း တားမြစ်နည်းလမ်းအချို့အား ထုတ်သုံးထားသည်မှာ သေချာပေသည်။
သူ၏ဘေးသို့ အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောင်လာသည်။သို့သော် သူတို့ထဲမှ တစ်ယောက်မှာချွင်းထုံ၏တိုက်ကွက်မိထားသဖြင့် တိုက်ခိုက်နိုင်မည်မဟုတ်သေးပေ ။
“ ချွင်းရှန် မင်းအခုသွားတော့ မြန်မြန်သွား “
ချွင်းထုံမှ နောက်လှည့်မကြည့်ဘဲ အော်ဟစ်လိုက်သည် ။ သူ၏စကားကြောင်ပ ချွင်းရှန်မှာ ခန္တာကိုယ်တစ်ချက်တုန်သွားကာ မတည်မငြိမ်ဖြစ်သွားသည် ။
ယခု သူတို့နှစ်ယောက်မှာ ဝမ်းတုတို့လူစုကိုအနိုင်မရသည်မှာ သေချာလှသည် ။ထို့အပြင် သူ့အစ်ကိုကြီးမှာ အတွင်းအားနှိုးဆွသည့်နည်းလမ်းအားအသုံးပြုထား၍ အချိန်အနည်းငယ်ကြာသည်နှင့် ဘေးထွက်ဆိုးကျိုးကို ခံစားရမည်ဖြစ်သည်။
ချွင်းရှန်၏စိတ်ထဲတွင် မဆုံးဖြတ်နိုင်ဘဲဖြစ်နေကာ သူ့အစ်ကိုအားကြည့်လိုက်သည် ။
ချွင်းထုံမှာ ဝမ်းတုတို့လူစုအားတားဆီးထားကာ မိယိုင်မလဲနိုင်သည့်တောင်ကြီးတစ်လုံးကဲ့သို့ပိတ်ရပ်ထားသည်။
ထို့နောက် သူစိတ်ဆုံးဖြတ်လိုက်သည့်ဟန်ဖြင့် နောက်သို့လှည့်ကာ အလျှင်အမြန်ပြေးသွားလိုက်သည် ။
ဝတ်ရုံနင်နှင့် သွေးလက်ဝါးဂိုဏ်းချုပ်မှာ ချွင်းရှန်၏နောက်သို့ပြေးလိုက်သွားရန်ပြင်လိုက်သည် ။သို့သော် ဝမ်းတုမှ ဟန့်တားထားလိုက်သည် ။
“ ဒီတစ်ယောက်ကို အသက်ရှင်လျက်လိုချင်တယ် ။ သူမသေရင်ပြီးတာပဲ “
သူ၏ အေးစက်စက်မျက်နှာတွင် ထူးဆန်းသည့်အပြုံးတစ်ခုရှိနေသည်။
ချွင်းရှန်ထိုနေရာမှထွက်သွားပြီးသည့်နောက်တွင် ချွင်းထုံ၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည် ။
သူအတွင်းအားယာယီနှိုးဆွသည့်နည်းလမ်းအယးအသုံးပြုထားသော်လည်း အချိန်အနည်းငယ်ကြာသည်နှင့် ဆိုးကျိူးများစတင်ခံစားရမည်ဖြစ်သည် ။
သူ၏သွေးကြောများပင် စုတ်ပြဲကုန်နိုင်င်သည် ။ထိုမတိုင်ခင်တော့ သူ့အသက်သေဆုံးရလျှင်ပင် သူ့ညီလွတ်မြောက်ရန်အတွက် သူအတတ်နိုင်ဆုံးအချိန်ဆွဲပေးရမည်ဖြစ်သည်။
“ ဂျွတ် “
ချွင်းထုံမှာ သူ၏အရိုးလွဲသွားသည့်ပခုံးတစ်ဖက်အား ဆွဲတည့်လိုက်သည် ။
လက်မောင်းဆီမှ အသဲခိုက်လောက်သည့်နာကျင်မှုကိုခံစားရသော်လည်း အံကိုတင်းတင်းကြိတ်ကာ ညည်းသံတစ်ချက်မထွက်ပေ ။
ထို့နောက် အော်ဟစ်မာန်သွင်း၍ ဝမ်းတုတို့လူစုထံသို့ ပြေးဝင်သွားသည်။
စီးမင်မြို့ စွန်းအိမ်တော်
စွန်းအိမ်တော်၏ရှေ့တွင် လူငယ်တစ်ယောက်ရောက်လာသည် ။
ထိုလူငယ်မှာ အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားကာ သူ၏မျက်နှာ အနည်းငယ်နွမ်းလျနေသည်။ သူ၏နောက်ကျောတွင်မူဓားရှည်တစ်ချောင်းအား သိုင်းလွယ်ထားသည် ။
လူငယ်မှာ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်လုံဟိုင်မြို့မှ စီးမင်မြို့သို့ ခရီးပြင်းနှင်လာသည့် ထင်းရှီပင်ဖြစ်သည် ။
သွမ့်ကျန်းမင်၏ကိစ္စများကို ရှင်းရှင်းလင်းလင်းသိလိုက်ရပြီးသည့်နောက်တွင် သူအနည်းငယ်စိတ်ရှုပ်ထွေးသွားသေးသည် ။။
သို့သော် ထိုကိစ္စအား နောက်မှစဉ်းစားရန်ဆုံးဖြတ်လိုက်ကာ သူ၏မူလအစီအစည်အတိုင်း စွန်းမျိုးနွယ်သို့ပြန်လာခဲ့ခြင်းဖြစ်သည် ။
ထို့နောက်ထင်းရှီမှာ စွန်းအိမ်တော်ခြံဝန်းအတွင်းသို့ဝင်သွားလိုက်သည်။ ခြံဝန်းထဲတွင်သိုင်းသမားအနည်းငယ်သာရှိတော့သည် ။
ထိုလူများမှယ စွန်းအိမ်တော်သို့ အကြောင်းရင်းအမျိူးမျိူးနှင့်ရောက်လာကြသည့်လူများဖြစ်ကြသည်။
မဟာမိတ်အဖွဲ့အစည်းမှာမူ နယ်စားကြီးကျောက်ဖူ၏တပ်သားများနှင့်ပူးပေါင်း၍ မြစ်ဝါနဂါးဂိုဏ်းအား ထိုးစစ်ဆင်နေပြီဖြစ်သည်။
ထို့ကြောင့် စွန်းအိမ်တော် ခြံဝန်းထဲတွင်လည်း လူအနည်းငယ်သာရှိတော့ခြင်းဖြစ်သည်။
ထင်းရှီမှာ သူကူညီခဲ့သည့်လူ၏နာမည်အား မမေးမိလိုက်ဿ အနည်းငယ်နောင်တရနေမိသည်။ ထိုလူကို သူမသိသော်လည်း စွန်းမျိုးနွယ်တွင် ထိုလူ၏အဆင့်အတန်းမှာ သာမန်မဟုတ်သည်ကိုတော့ အကဲခပ်မိသည် ။
ထို့ကြောင့်ပင် ခွန်လွန်ဂိုဏ်းမှ ရသေ့လက်ဝါးနှင့်အတိုက်အခံပြု၍ ထိုလူများကို ကူညီခဲ့ခြင်းဖြစ်သည် ။
ယခုလောလောဆယ်တော့ စွန်းအိမ်တော်ခြံဝန်းထဲတွင် သူယောင်လည်လည်ဖြစ်နေမိသည်။ ထိုစဉ် သူ၏အနားသို့ သိုင်းသမားတစ်ယောက်ရောက်လာသည် ။
“ ဒီကမိတ်ဆွေက ကျုပ်တို့လူစုကို ကူညီခဲ့တဲ့လူမဟုတ်လား “
ထိုလူ၏ရင်းနှီးဟန်ရသည့်စကားကြောင့် ထင်းရှီလည်း ထိုလူအယးကြည့်လိုက်မိသည်။
ထိုသိုင်းသမားမှာ စွန်းအိမ်တော်မှလူနှင့်အတူရှိနေသည့် သိုင်းသမားသုံးယောက်ထဲမှတစ်ယောက်ဖြစ်ကြောင်း သူသတိရသွားသည် ။
ထင်းရှီလည်း စိတ်ထဲတွင် ဝမ်းမြောက်၍သွားသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။
“ ဟုတ်ပါတယ် အဲဒီအချိန်တုန်းက ကျုပ်ကူညီပေးခဲ့တဲ့လူက “
ထင်းရှီ၏ တစ်ပိုင်းတစ်စမေးခွန်းကြောင့် ထိုလူလည်းပြုံးလိုက်သည် ။
“ အဲဒီအချိန်တုန်းက မိတ်ဆွေလေးကူညီပေးလိုက်တဲ့လူက စွန်းမျိုးနွယ်ခေါင်းဆောင်စွန်းတာအိုရဲ့ညီ စွန်းချန့်အိုပဲ ။
အခု သခင်လေးနဲ့တွေရအောင်လာခဲ့တာလား “
ထိုလူ၏စကားကြောင့် ထင်းရှီအနည်းငယ်အံ့ဩသွားသော်လည်း အသာခေါင်းညိမ့်ပြလိုက်သည်။ သူကူညီခဲ့သည့်လူမှာ စွန်းမျိုးနွယ်ခေါင်းဆောင်၏ညီဖြစ်နေမည်ဟု သူမထင်ခဲ့မိပေ။
“ လာ မိတ်ဆွေလေး ကျုပ်နဲ့လိုက်ခဲ့ “
ထိုသိုင်းသမားမှ ထင်းရှီအား ဦးဆောင်၍ ခေါ်ဆောင်သွားသည်။ ထင်းရှီလည်း သူ၏နောက်မှလိုက်၍ စွန်းအိမ်တော်ထဲသို့ဝင်သွားလိုက်သည်။
ပထမတစ်ခေါက်ဤခြံဝန်းသို့သူရောက်ခဲ့စဉ်က ထိုအိမ်တော်ကြီးထဲသို့မဝင်ခဲ့ပေ။ ယခုတစ်ခေါက်အထဲသို့ရောက်သည့်အခါမှ စွန်းမျိူးနွယ်၏အိမ်တော်ကြီးမှာ သူထင်ထားသည်ထက်ပို၍ခမ်းနားကြောင်းကိုသိလိုက်သည် ။
စွန်းအိမ်တော်၏ခြံဝန်းထဲတွင် လူအများသွားလာနေကြသော်လည်း စံအိမ်ခန်းမထဲတွင်မူ လူသူမရှိပေ ။
ထို့နောက် ထင်းရှီအား ခေါ်ဆောင်လာသည့်သိုင်းသမားမှ စွန်းချန့်အိုအား သွားရောက်ခေါ်ဆောင်ရန်စံအိမ်အတွင်းဘက်သို့ဝင်ရောက်သွားသည်။
ထင်းရှီလည်း စွန်းမျိုးနွယ်စု၏အနည်းငယ်ထူးဆန်းသည့်နာမည်များကို တွေးကြည့်ကာ ပြုံးလိုက်မိသည်။ ထို့နောက် ခန်းမအတွင်း အနည်းငယ်လျှောက်ကြည့်လိုက်သည်။
ခန်းမထဲတွင် တန်ဖိုးကြီးသည့်ပန်းပုရုပ်ထုအချို့နှင့် ခမ်းနားသည့်ပရိဘောဂများရှိနေသည်။ ထို့အပြင် နံရံများတွင်လည်း လှပသည့်ပန်းချီကားများ ချိတ်ဆွဲထားသေးသည်။
ထင်းရှီလည်း ပန်းချီကားများအား မြင်သည်နှင့် ထိုအနီးသို့ရောက်ရှိသွားသည် ။
သူဓားစံအိမ်တွင်နေခဲ့စဉ်က သိုးထိန်းကြီးထံမှ ပန်းချီပညာအား အတန်အသင့်တတ်မြောက်ခဲ့သည်။
သိုးထိန်းကြီးက သူ့အားပန်းချီပညာသင်ပေးခဲ့စဉ်က သိုင်းလောကအတွင်းလှည့်လည်၍ လမ်းစရိတ်ပြတ်လျှင် ပန်းချီဆွဲ၍ပိုက်ဆံရှာရကြောင်းကိုပါအတည်ပေါက်နှင့်ပြောခဲ့သေးသည်။
ခန်းမထဲတွင်ချိတ်ဆွဲထားသည့်ပန်းချီကားများအနက် သူသဘောအကျဆုံးမှာ ဓားတစ်လက်အားကိုင်ဆောင်ထားသည့်လူဖြစ်သည် ။
ထိုလူမှာ အဖြူရောင်နှင့်အနီရောင်စပ်ထားသည့်အင်္ကျီကိုဝတ်ဆင်ထားကာ ခြေဗလာနှင့် ဓားတစ်ချောင်းကိုကိုင်ဆောင်ထားသည်။
ထိုဓားသမား၏ဆံပင်များမှာ စည်းနှောင်ထားခြင်းမရှိဘဲ အချို့ဆံနွယ်များမှ ပခုံးပေါ်တွင်ဝဲနေကာ အချို့ဆံနွယ်များမှာ နောက်သို့လွင့်နေသည် ။ သူ၏ခါးတွင်မူ အရက်တစ်အိုးအား ချိတ်ဆွဲထားသည် ။
ထင်းရှီမှာ ပန်းချီကားအားကြည့်နေရင်းမှ ထိုဓားသမားမှာ အထီးကျန်ဆန်လှသည့်ဟု တွေးလိုက်မိသည် ။
ထို့နောက်တွင် သူ၏အတွေးများပြောင်းလဲသွားကာ ထိုလူမှာ လွတ်လပ်ပေါ့ပါးလှသည်ဟု ခံစားမိလိုက်သည် ။
လောကတွင် အလွတ်လပ်ဆုံးခံစားမှုမှာ နှောင်ကြိုးမရှိသည့်အပြင် မိမိကိုယ်မိမိတွယ်တာသည့်နှောင်ကြိုးကိုလည်း ပယ်ဖျက်န်ိုင်မှရပေမည်။
စည်းစိမ်ဥစ္စာမရှိ၊ ပိုင်ဆိုင်မှူမရှိ ၊ တွယ်တာစရာသံယောဇဉ်မရှိဘဲ အရက်တစ်အိုးနှင့်ဓားတစ်ချောင်းအား အဖော်ပြုကာ လောကတစ်ခွင်လေလွင့်သွားလာနိုင်ပေသည် ။
ထို့အပြင် အသေအချာကြည့်လျှင် ထိုလူ၏အင်္ကျီမှာ မူလအဖြူရောင်ဖြစ်ကာသွေးများစွန်းပေနေသောကြောင့် နေရာအတော်များများတွင်အနီရောင်
အကွက်များဖြစ်နေကြောင်းသိလိုက်သည်။
ထိုလူ၏လက်ထဲတွသ် အသက်ပေါင်းများစွာသေကြေခဲ့ရသည့်အလား မွမ်းကြပ်သည့်ခံစားချက်ကိုရရှိလိုက်သည် ။
သို့သော် ထိုလူ၏ဓားမှာမူ ဓားသွားထက်၌ မြူမှုန်တစ်မှုန်ပင်တင်ကျန်ခြင်းမရှိနိုင်ဟု ခံစားရသည့်အပြင် သွေးနစ်စက်မရှိဘဲ အဖြူရောင်တောက်ပနေသည်။
ထင်းရှီလည်း သူ၏ဆရာပြောခဲ့သည့်သဘောတရားတစ်ခုအား ရုတ်တရက်သတိရသွားသည်။
ဓားသမားတစ်ယောက်မှာ ဓားနှင့်လူနှင့်တစ်သားတည်းအဆင့်အားကျော်လွန်သွားသောအခါ ထိုလူ၏ဓားမှာ မျက်စီဖြင့်မမြင်ရလောက်သည်အထိမြန်ဆန်သွားသည်။
ထိုအခါထိုဓားသမားမည်မျှသတ်ဖြတ်သည်ဖြစ်ပါစေ ထိုသူ၏ဓားတွင်လည်း သွေးတစ်စက်မှမတင်ကျန်ဟုပြောထူးသည် ။
ယခုပန်းချီအားကား ရေးဆွဲသူမှာ ထိုသဘောတရားအား သိရှိနေသူဟု ထင်းရှီသံသယဝင်လိုက်မိသည်။ သို့မဟုတ်ပါက မည်သည့်နည်းဖြင့် သိရှိနေသည်ကို သူမတွေးတတ်ပေ ။
“ မိတ်ဆွေလေး “
ဘေးဘက်ဆီမှခေါ်သံကြောင့် လွင့်ပျံ့နေသည့်ထင်းရှီ၏အာရုံများစုစည်းသွားကာ အသံလာရာဆီသို့ကြည့်လိုက်သည်။