← Chapters

သတင်းအပိုင်းအစများ

Vol. 2 Ch. 106

သတင်းအပိုင်းအစများ

Vol. 2 Ch. 106

“ ခင်ဗျားကိုး “

ထင်းရှီလည်းထိုလူအား ပြန်ကြည့်လိုက်သည်။ သူ့အားခေါ်လိုက်သည့်လူမှာ ခွန်လွန်ဂိုဏ်းသားနှင့်တိုက်ခိုက်၍ သူကူညီခဲ့သည့်လူဖြစ်ကာ သူ၏ဘေးမှလူ၏ပြောပုံအရ စွန်းမျိုးနွယ်ခေါင်းဆောင်၏ညီ စွန်းချန့်အိုဟုသိရသည် ။

ယခုအချိန်တွင်မူ ထိုလူမှာ အပြာရောင်ပိုးဖဲဝတ်စုံနှင့်သားနားနေကာ သူဌေးသူကြွယ်တစ်ဦးနှင့်တူနေသည် ။

သူ၏ပါးပေါ်မှရောင်ကိုင်းနေသည့်ဒဏ်ရာမှာမူ ပျောက်သွားပြီဖြစ်သည်။

“ မိတ်ဆွေလေးက ပန်းချီကားတွေကို စိတ်ဝင်စားတာလား “

စွန်းချန့်အိုမှ ဆက်မေးလိုက်သည် ။သူ၏စကားကြောင့် ထင်းရှီလည်းအသာပြုံးလိုက်သည်။

သူပန်းချီပညာကို အတော်အတန်တတ်မြောက်သော်လည်း လွန်စွာဝါသနာပါခြင်းမဟုတ်ပေ။ ယခုထိုပန်းချီကားအား မျက်စေ့မလွဲနိုင်ဖြစ်ရခြင်းမှာ ပန်းချီကားထဲမှ ဓားသမားကြောင့်ဖြစ်သည်။

သို့သော် သူအနည်းငယ်စဉ်းစား၍ မယုတ်မလွန်ပြန်ပြောလိုက်သည် ။

“ အင်း ကျုပ်ကပန်းချီပညာကို နည်းနည်းတော့သိတယ်ပြီးတော့ ဒီပန်းချီကားက တစ်မျိူးထူးဆန်းနေလို့ “

သူ၏စကားကြောင့် စွန်းချန့်အိုမှပြုံးလိုက်သည်။

“ မိတ်ဆွေလေးက အမြင်စူးရှတာပဲ ။ ဒီပန်းချီကားက သာမန်မဟုတ်ဘူး ကျုပ်တို့ရဲ့စွန်းအိမ်တော်ကိုတည်ထောင်သူရဲ့အမွေပစ္စည်းတွေထဲကတစ်ခုပဲ ။

သူရဲ့မိတ်ဆွေကြီးတစ်ဦးကလက်ဆောင်ပေးခဲ့တယ်လို့ပဲ သူကပြောခဲ့ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့တယ် “

‌စွန်းချန့်အို၏စကားကြောင့် ထင်းရှီလည်း ခေါင်းတစ်ချက်ညိမ့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုပန်းချီကားမှာ သူ၏လာရင်းကိစ္စမဟုတ်ပေ။

“ မိတ်ဆွေက ကျုပ်ကို ကိစ္စတစ်ခုလောက်ကူညီပေးနိုင်မလား “

သူ၏စကားကြောင့် စွန်းချန့်အို၏မျက်နှာထက်တွင် စိတ်ဝင်စားသည့်အရိပ်အယောင်အချို့ထင်ဟပ်လာသည်။

“ ကျုပ်ကို ရင်းရင်းနှီးနှီးအစ်ကိုစွန်းလို့ပဲခေါ်ပါ ။ မိတ်ဆွေလေးအကူအညီလိုတဲ့ကိစ္စကိုပြောလို့ရတယ် “

သူ၏စကား‌ကြောင့် ထင်းရှီလည်း အနည်းငယ်စဉ်းစားကာ ဆက်ပြောလိုက်သည်။

“ ကျုပ် သိုင်းကျမ်းတစ်ခုရဲ့သတင်းကိုသိချင်တယ် “

ထင်းရှီ၏စကားကြောင့် စွန်းချန့်အိုမှာ တောက်ပစွာပြုံးလိုက်သည် ။ထင်းရှီ၏တောင်းဆိုမှုသည် ထိုမျှရိုးရှင်းနေမည်ဟု သူမထင်ထားခဲ့မိပေ ။

“ ဒါဆိုရင်တော့ ခင်ဗျားကျုပ်ကိုလာတွေ့တာမှန်သွားပြီ ။ကျုပ်တို့စွန်းအိမ်တော်က သိုင်းလောကတစ်ခုလုံးမှာ အကြီးဆုံးသတင်းရောင်ဝယ်တဲ့အဖွဲ့အစည်းပဲ “

ထို့နောက် စွန်းချန့်အိုမှ သူ၏နောင်မှသိုင်းသမားနှစ်ယောက်အားထားခဲ့ကာ ထင်းရှီအားခေါ်၍ အခန်းတစ်ခုအတွင်းသို့ဝင်သွားသည်။

သူတို့ဝင်လာသည်မှာ စံအိမ်အတွင်းမှဖြစ်၍ အခန်း၏နောင်ဘက်အပေါက်မှဖြစ်သည် ။ထိုအခန်းမှာ စံအိမ်အပြင်မှတံခါးပေါက်တစ်ခုရှိ၍ အပြင်မှဝင်လိုပါက ထိုတံခါးမှတစ်ဆင့်ဝင်ရပေမည် ။

အခန်းထဲတွင် အလင်းရောင်မရှိမဲ မီးအိမ်တစ်ခုကိုသာထွန်းညိထားရာ အခြေအနေမှာ တစ်မျိုးထူးဆန်းနေသည်။

အခန်းအလယ်တွင်မူ စားပွဲတစ်လုံးရှိပြီး ထိုင်ခုံနှစ်လုံးကိုဟိုဘက်သည်ဘက်ချထားသည် ။

တစ်ခုကွာခြားသည်မှာ မီးအလင်းရောင်မှာ သတင်းရယူလိုသည့်လူဘက်သို့ပို၍ကျနေကာ စွန်းအိမ်တော်ဘက်မှနေရာမှာ မှောင်ရိပ်ကျနေသည်။

သို့သော် ထင်းရှီမှာ ထိုအချက်အား များစွာတွေးတောခြင်းမရှိဘဲ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

“ မိတ်ဆွေလေး ဒါက ကျုပ်တို့စွန်းအိမ်တော်ရဲ့သတင်းရောင်းဝယ်တဲ့အခန်းပဲ “

စွန်းချန့်အို၏စကားကို ထင်းရှီမှ ခေါင်းတစ်ချင်ညိမ့်ပြလိုက်သည်။ ထို့နောက် သူသိလိုသည့်မေးခွန်းအား စမေးလိုက်သည် ။

“ အစ်ကိုစွန်း ကျုပ် အတွင်းအားစုပ်သိုင်းရဲ့သတင်းကိုသိချင်တယ် “

သူ၏စကားကြောင့် စွန်းချန့်အိုမှာ မျက်လုံးများပြူးကျယ်သွားကာ အံ့ဩသွားသည့်ပုံဖြစ်သည်။ ထို့နောက် အနည်းငယ်စဉ်းစား၍ ထင်းရှီအား ပြန်မေးလိုက်သည်။

“ ဒီသိုင်းကျမ်းက မိတ်ဆွေလေးအတွက် အရေးကြီးသလား “

သူ၏မေးခွန်းကြောင့် ထင်းရှီမှ ခေါင်းညိမ့်ပြလိုက်သည် ။ သူ၏မျက်နှာမှာ တည်ကြည်လေးနက်နေသည် ။

စွန်းချန့်အိုလည်း ထင်းရှီ၏မျက်နှာအားအကဲခပ်ကာ ထိုသိုင်းကျမ်းမှာ ထင်းရှီအတွက် အမှန်တကယ်အရေးပါမှန်းသိလိုက်သည် ။

ထို့နောက် သူသက်ပြင်းတစ်ချက်ချကာပြောလိုက်သည် ။

“ အတွင်းအားစုပ်သိုင်းကျမ်းက အရင်တုန်းက သိုင်းလောကမှာ ခေတ်အဆက်ဆက်ပေါ်လိုက်ပျောက်လိုက်နဲ့ဖြစ်ခဲ့တယ် ။

နောက်ဆုံးမှာတော့ မိန်းမစိုးကြီးဟော်ကနန်းတော်စာကြည့်တိုက်ထဲက မထင်မှတ်ဘဲတတ်မြောက်သွပြီးတော့ သူက တိတ်တဆိတ်လေ့ကျင့်အောင်မြင်ခဲ့တယ် ။

နောက်ပိုင်းမှာ သူကအဲဒီသိုင်းပညာနဲ့ သိုင်းသမားအယောက်သုံဆယ်ကျော်ရဲ့အတွင်းအားတွေကိုစုပ်ယူပြီးတော့ နေ့ချင်းညချင်းသိုင်းဝိဇ္ဇာအဆင့်နီးနီးအတွင်းအားတွေရရှိလာခဲ့တယ် ။

ဒါပေမယ့် သူ့ရဲ့ခန္တာကိုယ်ကအတွင်းအားတွေကိုလက်မခံနိုင်တဲ့အတွက် အတွင်းဒဏ်ရာတွေလည်းရရှိခဲ့တယ် ။

အဲဒီအကြောင်းကို သိုင်းလောကသားတွေသိတော့ အုန်းအုန်းကျက်ကျက်ဖြစ်ပြီး သူ့ကိုဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြတယ် ။

နန်းမြို့တော်ကလည်း သူ့ရဲ့ဖုံးကွယ်ထားတဲ့အကြောင်းတွေကိုသိလိုက်ရပြီးတဲ့နောက်မှာ သူ့ကိုဖမ်းဆီဖို့လူလွတ်ခဲ့ကြတယ် ။

ဒါပေမယ့် သူ့ရဲ့အတွင်းအားကသိပ်ကိုမြင့်မားနေတော့ သိုင်းထိပ်သီးအယောက်ငါးဆယ်ကျော်ဝန်းရံထားတဲ့ကြားကလွတ်ထွက်သွားပြီး အင်အား‌ေတာင့်တင်းတဲ့ ဟူပေနယ်စားဆီမှာ သွားရောက်ခိုလှုံခဲ့တယ် ။

အဲဒီနောက်ပိုင်းနှာ မိန်းမစိုးကြီးဟော်က လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ဟူပေနယ်စားပုန်ကန်မှုပါပါဝင်လို့ အသတ်ခဲ့ရတယ် ။

သူသေပြီးတဲ့နောက် အတွင်းအားစုပ်သိုင်းကျမ်းရဲ့သတင်းကလုံးဝပျောက်ကွယ်သွားခဲ့တယ် “

ထင်းရှီလည်း စွန်းချန့်အို၏စကားကြောင့် ခေါင်းညိမ့်လိုက်မိသည် ။ထိုအချက်အလက်များမှာ အမှန်ဖြစ်ကာ သူသိထားပြီးသားအချက်များလည်းဖြစ်သည် ။

အကယ်၍ စွန်းချိန့်အိုထံတွင် ထိုသတင်းများသာရှိသည်ဆိုပါက သူ့အား အကူအညီမဖြစ်စေပေ ။ထို့နောက် စွန်းတအိုမှ လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ သာမန်ဆိုရင် အတွင်းအားစုပ်သိုင်းရဲ့သတင်းကိုလာဝယ်တဲ့လူတွေရှိပေမယ့် ကျုပ်တို့မျိုးနွယ်စုက အခုပြောပြီးတဲ့သတင်းကိုပဲရောင်းခဲ့တာ ။

ဒါပေမယ့် မင်းကကျုပ်ကိုကူညီခဲ့ပြီး ပွင့်လင်းတဲ့လူဆိုတော့ လျှို့ဝှက်အချက်အလက်တွေကို ကျုပ်ပြောပြနိုင်တယ် “

စွန်းချန့်အို၏စကားကြောင့် ထင်းရှီးမျက်နှာထက်တွင် စိတ်အားထက်သန်သည့်အရိပ်အယောင်များပေါ်ထွက်လာကာ မျက်လုံးများကလည်း အရောင်တောက်လာသည် ။

“ တကယ်တမ်းကျ မိန်းမစိုးကြီးဟောင်ကဟူပေနယ်စားဆီကို ခိုလှုံသွားပြီးတဲ့နောက်မှာ သူ့ဆီကအတွင်းအားစုပ်သိုင်းကျမ်းရဲ့သတင်းကပျောက်ကွယ်သွားခဲ့တယ် ။

ဒါပေမယ့် သူရဲ့ဇာတ်မြစ်က အနောက်ပိုင်းက သေးငယ်တဲ့မျိုးနွယ်စုတစ်စုဖြစ်တဲ့ ဟောင်မျိုးနွယ်စုဝင်ပဲ ။ဒါကြောင့် သူ့ရဲ့သိုင်းကျမ်းကို တစ်နည်းနည်းနဲ့ ဟောင်မျိုးနွယ်စုရဲ့လက်ကိုပို့လိုက်နိုင်တယ်

ဟောင်မျိူးနွယ်စုဘက်ကကြည့်ရင်လည်း အဲဒီအတွင်းအားစုပ်သိုင်းကျမ်းက သူတို့အတွက်အာလူးပူပူတစ်လုံးနဲ့တူပြီးတော့ အကိုင်အတွယ်မတတ်ရင် သိုင်းကျမ်းကိုလိုချင်တဲ့လူတွေရော မိန်းမစိုးကြီးဟောင်ကိုလက်စားချေချင်တဲ့လူတွေရော သူတို့မျိူးနွယ်စုကို ပစ်မှန်ထားနိုင်တယ်

ဒါဆိုရင် သူတို့အတွက် အမှီအခိုတစ်ခုခုလိုတယ် ဘယ်သူမှမထိနိုင်တဲ့အထောက်အပံ့ပေါ့ “

စွန်းချန့်အိုမှ သူ၏စကားအားရပ်နားကာ ထင်းရှီအားကြည့်လိုက်သည်။ ထင်းရှီလည်း ထိုလူ၏စကားများအားဂရုတစိုက်နား‌ထောင်နေရုမှရေရွတ်လိုက်မိသည် ။

“ နန်းမြို့တော် “

ထင်းရှီ၏စကားကြောင့် စွန်းချန့်အိုမှ သဘောကျသလိုပြုံးကာ ဆက်ပြောလိုက်သည်။

“ ဟုတ်တယ် နန်းမြို့တော်ပဲ ။ သူတို့အတွက် မရေမတွက်နိုင်တဲ့သိုင်းသမားတွေကိုရင်ဆိုင်နိုင်မယ့်နည်းလမ်းက နန်းမြို့တော်ရဲ့အကာအကွယ်ပဲ ။

နန်းမြို့တော်ရဲ့အကာအကွယ်အောက်မှာ သူတို့ကိုဘယ်သူကထိရဲမှာလဲ ။ ဒါကြောင့်သိုင်းကျမ်းရဲ့သတင်းမပျံ့နှံ့ခင်သူတို့က ဆုံးဖြတ်ချက်တစ်ခုခုကိုအမြန်ချရတော့မယ် ။

မကြာသေးခင်က အနောက်ပိုင်းဒေသဟောင်မျိုးနွယ်စုက ထူးထူးခြားခြားနဲ့ နန်းမြို့တော်ကို ဘဏ္ဍာဆက်သလာတယ် အဲဒီရည်ရွယ်ချက်က စိတ်ဝင်စားစရာမကောင်းဘူးလား “

ထင်းရှီလည်း အနည်းငယ်တွေးကာပြန်ဖြေလိုက်သည် ။

“ သူတို့က တစ်ခုခုကိုဖုံးကွယ်ဖို့ဆိုရင် အတွင်းအားစုပ်သိုင်းကျမ်းကအဖြစ်နိုင်ဆုံးပဲ “

စွန်းချန့်အိုမှ ထင်းရှီ၏ထက်မြက်သည့်ဉာဏ်ရည်ကြောင့် ပို၍သဘောကျသွားသည်။

“ ဟုတ်တာပေါ့ သူတို့ကနန်းမြို့တော်ကိုလျှို့ဝှက်ဆက်သွယ်ပြီး အတွင်းအားစုပ်သိုင်းကျမ်းကိုပြန်ပေးချင်တာ ။ဒါပေမယ့် မတော်တဆမှုကင်းအောင်နဲ့ လူတွေအာရုံမစိုက်မိအောင် ဘဏ္ဍာဆက်သတယ်ဆိုတဲ့ အကြောင်းပြချက်လှလှလေးကိုသုံးလိုက်တယ် ။

နန်းမြို့တော်ဘက်ကနေကြည့်ရင် သူတို့ကသိုင်းလောကကိစ္စတွေကိုဝင်မပါဘူးဆိုပေမယ့် သူတို့ပါးစပ်ထဲဝင်လာတဲ့အစာကို အလွတ်ပေးပါ့မလား ။

မထင်မှတ်တာက ချောချောမွေ့မွေ့ပြီးသွားသင့်တဲ့ကိစ္စကိုမြစ်ဝါနဂါးဂိုဏ်းက စိတ်ရူးပေါက်ပြီး ဘဏ္ဍာတွေကိုလုယက်လိုက်တော့ အကုန်လုံးအခက်ကြုံကုန်တာပဲ “

စွန်းချန့်အိုမှ သူ၏စကားအားရပ်နားလိုက်သည်။ ထင်းရှီလည်း အပြန်ပြန်အလှန်လှန်စဉ်စားကာမေးလိုက်သည် ။

“ ဒါဆိုရင် အတွင်းအာစုပ်သိုင်းကျမ်းက မြစ်ဝါနဂါးဂိုဏ်းရဲ့လက်ထဲမှာ ရှိနေတယ်ဆိုတဲ့သဘောလား “

စွန်းချန့်အိုလည်း ခေါင်းညိမ့်ပြလိုက်သည်။

“ သူတို့က အတွင်းအားစုပ်သိုင်းကျမ်းရဲ့အကြောင်းကို မသိတာဖြစ်နိုင်တယ် ။ နောက်ပြီး အခုပြောပြခဲ့တာတွေက ငါ့တို့စွန်းအိမ်တော်ရဲ့ထင်မြင်ချင်တွေဆိုပေမယ့် မှန်ကန်ဖို့က ခုနစ်ဆယ်ရာခိုင်နှုန်းသေချာတယ် “

စွန်းချန့်အိုမှ ခေါင်းကိုမော့ကာပြောလိုက်သည် ။ထင်းရှီလည်း ကျေနပ်စွာပြုံးလိုက်မိသည်။

ဖြစ်နိုင်ချေ ခုနစ်ဆယ်ရာခိုင်နှုန်းမဆိုထားနှင့် ငါးဆယ်ရာခိုင်နှုန်းရှိလျှင်ပက် သူလုပ်မည်ဖြစ်သည်။

“ မြစ်ဝါနဂါးဂိုဏ်း “

ထင်းရှီမှာ စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

All Chapters