ပရမ်းပတာလောင်းကစားမြို့
Vol. 2 Ch. 108
လောင်းကစားမြိုတော်
ညအချိန်
လောင်းကစားမြို့၏ညအချိန်မှာ အမှန်ပင်အသက်ဝင်လှသည်။
အမျိုးမျိုးသောလောင်းကစားအိမ်ကြီးများမှ ဆူညံသံများ ၊ လမ်းဘေးရှိစားသောက်ဆိုင်များထက်မှာ အော်ဟစ်သံများနှင့် အပျော်အိမ်များမှ ဆူညံသည့်အသံများက သာမန်လူတစ်ယောက်အတွက် အထူးအဆန်းဖြစ်နေပေမည်။
သို့သော် လောင်းကစားမြို့ရှိသိုင်းသမားများမှာတော့ ထိုအခြေအနေအား နေ့စဥ်တွေ့နေရသည်ဖြစ်၍ မထူးဆန်းတော့ပေ ။
လမ်းမထက်တွင် ပျော်ရွှင်ကြည်နူးနေသည့်မျက်နှာနှင့်လူများမှာ အနိုင်ရလာသူများဖြစ်ကြသည်ကိုတော့ ဗေဒင်မေးရန်ပင်မလိုပါချေ။
သူတို့နှင့်ဆန့်ကျင်ဘက်လူအချို့မှာကား ငိုကြွေးနေကြရသည်။ ထိုလူများမည်မျှဆုံးရှုံးခဲ့မည်ကိုတော့ သူတို့ကိုယ်တိုင်သာသိပေမည်။
မှောင်ရိပ်ကျသည့် လမ်းကြားထဲတွင်လည်း တစ်ခါတစ်ရံထွက်ပေါ်လာတတ်သည့် တိုက်ခိုက်သံများကိုလည်း လေအဝှေ့တွင် အသံသဲ့သဲ့ကြားနေရသည် ။
ပုလဲစားသောက်ဆိုင်
ပုလဲစားသောက်ဆိုင်မှာ လောင်းကစားမြို့တော်အတွင်းမှ နာမည်ကြီးစားသောက်ဆိုင်များအနက်တစ်ဆိုင်ဖြစ်သည်။
ထိုစားသောက်ဆိုင်မှာ ယခင်က ပထမတန်းစားဆိုင်တစ်ဆိုင်သာဖြစ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် မြိုထဲမှ အခြားဆိုင်ကြီးများထက်သာလွန်နိုင်မည့်အရိပ်အယောင်များဖြစ်လာသည်။
အကြောင်းမှာ လွန်ခဲ့သည့်သုံးလက သူတို့ဆိုင်သို့အလုပ်ဝင်ခဲ့သည့် မိန်းမပျိုလေးတစ်ယောက်ကြောင့်ဖြစ်သည်။
လွန်ခဲ့သည့်သုံးလကျော်က ချောမောလှပသည့်မိန်းမငယ်လေးတစ်ယောက်မှာ လောင်းကသားမြို့တော်မှ ပုလဲစားသောက်ဆိုင်တွင်အလုပ်ဝင်ခဲ့သည်။
ထိုမိန်းကလေးမှာ ရုပ်ရည်ချောမောရုံမက ကုချင်းကိုလည်းကောင်းစွာတီးခတ်နိုင်သည် ။
သူမ၏ကုချင်းလက်သံမှာ တစ်ခါနားထောင်ပြီးပါက နောက်ထပ်တစ်ခါထပ်၍နားထောင်ချင်လောက်အောင် သာယာလှသည်ဟုဆိုကြသည်။
ထို့ကြောင့် ပုလဲစားသောက်ဆိုင်မှာ ထိုမိန်းကလေးအားအကြောင်းပြု၍ အချိန်တိုအတွင်း ယခင်ကထက်ပို၍စားသုံးသူအများအပြားရရှိလာခြင်းဖြစ်သည် ။
ဥပဒေစိုးမိုးမှုမရှိသည့် လောင်းကစားမြို့တော်အတွင်း ယခုလိုနာမည်ကြီးမိန်းမချောလေးမှာ ပုလဲစားသောက်ဆိုင်၏အကာအကွယ်အောက်တွင်သာမရှိပါက အစောပိုင်းထဲကပင် သူမ၏ဘဝပျက်သွားနိုင်ပေသည်။
ပုလဲစားသောက်ဆိုင်မှာမူ လောင်းကစားမြိုတွင်အင်အားတောင့်တင်းကာ ပထမတန်းစားအဖွဲ့ဖြသ်သည် ။
သူတို့အဖွဲ့တွင် အဆင့်လွန်သိုင်းသမားတစ်ဦးကာကွယ်နေကာ ထိပ်တန်းအဆင့်သိုင်းသမားအချို့ကိုလည်းငှားယမ်းထားသည်။
ထို့ကြောင့် ပုလဲစားသောက်ဆိုင်မှာ ပြိုင်ဘက်များကြားတွင်ကြံ့ကြံ့ခံကာ ပို၍ကြီးပွားတိုးတက်လာခြင်းဖြစ်သည်။
ဆိုင်ထဲတွင်ကုချင်းသံကငြိမ့်ညောင်းစွာထွက်အေါ်နေသည် ။ဆိုင်ထဲရှိစိတ်ကြမ်းကိုယ်ကြမ်းသိုင်းသမားကြီးများမှာ ယခုအချိန်တွင် သူတို့၏စိတ်များအေးချမ်းနေကာ တိတ်ဆိတ်စွာစားသောက်နေကြသည်။
သူတို့၏ဘဝတွင် တိုက်ခိုက်သတ်ဖြတ်လုယက်နေရခြင်းများနှင့်ပြည့်နေကာ ယခုလိုစိတ်အေးချမ်းမှုအား ခံစားရသည်မှာရှားပါးလှသည် ။
သူတို့၏မျက်လုံးများက ကန့်လန့်ကာနောက်ကွယ်မှာ လှပသည့်ပုံရိပ်လေးဆီသို့ စူးစိုက်ကြည်ြနေကြသည် ။
မထူမပါးကန့်လန့်ကာနောက်တွင် လှပပြီးအချိုးအစားကျသည့်ပုံရိပ်လေးမှာ ကုချင်းတစ်လက်အားတီးခတ်နေသည် ။
ကန့်လန့်ကာမှာ လွန်စွာမထူသော်လည်း သူမ၏ရုပ်ရည်ကိုမူ ထွင်းဖောက်မမြင်ရပေ ။ သို့သော် ထိုမိန်းကလေးမှာ လွန်စွာလှပသူလေးဖြစ်မှန်း သူတို့သိကြသည်။
ယခုအချိန်တွင် သူတို့၏စိတ်ထဲ၌ ကြည်နူးအေးချမ်းမှူများဖြင့်ပြည့်နေကာ ထိုမိန်းကလေးအားမြက်နိုးစိတ်များသာရှိကြသည် ။
စားသောက်ဆိုင်ထဲရှိလူအများစုမှာ ဆိုင်သို့ပုံမှန်လာနေကြသိုင်းသမားများဖြစ်ကာ ထိုလူများမှာ ထိုမိန်းကလေး၏ဆွဲဆောင်မှုကြောင့် ထိုနေရာသို့လာခြင်းဖြစ်ကြသည်။
ထိုမိန်းကလေးမှာ သိုင်းပညာတတ်မြောက်သူတစ်ဦးမဟုတ်မှန်း သူတို့သိထားကြသည်။ သို့သော် မည်သည့်အတွက်ကြောင့်သူမဤမြို့တွင် နေကြောင်းကို သူတို့တစ်ဦးမှမသိကြပေ ။
သူမ၏အရည်အချင်းဖြင့်ဆိုလျှင် နန်းမြို့တော်တွင်ပင်ကျော်ကြားသည့်အနုပညာရှင်တစ်ယောက်ဖြစ်နိုင်သည် ။
မည်သို့ပင်ဖြစ်စေ ထိုအကြောင်းများမှာ သူတို့နှင့်တစ်စုံတစ်ရာပတ်သတ်ခြင်းမရှိပေ ။
လက်ရှိ ထိုမိန်းကလေးမှာ သူတို့အားဖျော်ဖြေပေးနေသည် ။ထို့ကြောင့် သူတို့စိတ်ကျေနပ်မှုရရှိသည်။အရေးကြီးသည်မှာ ဤအချက်သာဖြစ်သည် ။
ဆိုင်ထောင်တွင် အနက်ရောင်ခမောက်တစ်လုံးအား မျက်နှာအုပ်မိသည်အထိ ခပ်ငိုက်ငိုက်ဆောင်းထသည့်လူတစ်ယောက်ရှိနေသည် ။
ခမောက်မှဖုံးကွယ်ထား၍ သူ၏မျက်နှာကိုအပြည့်အဝမမြင်ရဘဲ မျက်နှာတစ်ဝက်သာမြင်ရသည်။
ထိုလူမှာ ထူးခြားချက်မရှိပေ ။ အနက်ရောင်ဝတ်စုံနှင့် သူ၏ခါးတွင်ဓားတစ်လက်ချိတ်ထားခြင်းသာရှိသည် ။
ဤသည်မှာလည်း သိုင်းလောကသားများ၏ပုံမှန်ပုံစံပင်ဖြစ်သည်။ သို့သော် ဆိုင်ထဲရှိလူများမှာ ထိုလူဝင်လာစဥ်က အာရုံစိုက်ခဲ့ကြသည်။
ထိုလူအား ဆိုင်အတွင်းရှိလူအတော်များများမှကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည် ။အကြောင်းမှာ ထိုလူ၏ရှေ့ရှိ ငွေတုံးများပြည့်နှက်ကာဖောင်းကြွနေသည့်အိတ်ကြောင့်ဖြစ်သည်။
ထိုလူမှာ မြို့လယ်ရှိ အကြီးဆုံးလောင်းကစားရုံမှ ငွေအမြောက်အများအနိုင်ရသူလာသူဖြစ်သည်။ ထို့ကြောင့် ထိုလူမှာ လူအများအပြားမျက်စိကျစရာဖြစ်နေသည်။
သို့သော် ထိုလူ၏အကြောင်းကိုကောင်းစွာသိကြသူများမှာ စိတ်ထဲတွင်ကြိတ်၍သတ်ပြင်းချကာ ခေါင်းယမ်းလိုက်မိကြသည် ။
သူတို့စိတ်မကောင်းကြသည်မှာ ထိုလူ့ထံမှငွေအားလုယက်လိုသည့်လူများအတွက်ဖြစ်သည်။
ယုန်သူငယ်မှာ တောဘုရင်ခြင်္သေ့အားကြောက်ရကောင်းမှန်းမသိသကဲ့သို့ထိုလူများသည်လည်း သူတို့၏အကြံအစည်၏နောက်မှအန္တရယ်ကိုမမြင်နိုင်ကြပေ ။
ခမောင်နက်နှင့်လူမှာ လောင်းကစားမြို့သို့ ရံဖန်ရံခါရောက်လာကာ လောင်းကစားလုပ်ခြင်း ပျော်ပါးခြင်းတို့ပြုလုပ်တတ်သည်။
ထိုလူ၏အမည်နှင့်နောက်ကြောင်းကိုမည်သူမှမသိကြသော်လည်း ဤသည်ကများစွာအရေးမပါလှပေ။
လောင်းကစားမြို့တွင် ထိုလူကဲ့သို့ မိမိကိုယ်မိမိဖုံးကွယမလာသူအများအပြားရှိသည်။ အရေးကြီးသည်ကထိုလူ၏ရက်စက်မှုဖြစ်သည် ။
လွန်ခဲ့သည့်သုံးနှစ်ခန့်က ထိုလူလောင်းကစားအိမ်နစ်ခုမှအကြီးအကျယ်အနိုင်ရပြီးသည့်နောက်တွင်ညထိုလောင်းကစားအိမ်မှာ ထိုလူအား သတ်ဖြန်ရန်ကြံစည်ခဲ့ဖူးသည် ။
အကျိုးဆက်အနေဖြင့် ထိုလူ၏ဓားအောက်တွင် လောင်းကစားအိမ်တစ်ခုလုံး အမြစ်ပြတ်သုတ်စင်ခြင်းခံလိုက်ရသည် ။
အဆင့်လွန်သိုင်းသမားသုံးယောက်နှင့် ထိပ်တန်းအဆင့်နှစ်ဆယ်ကျော် ၊ အဆင့်မြင့်သိုင်းသမားသုံးဆယ်နီးနီးမှာ တစ်နာရီမပြည့်ခင်တွင် အားလုံးသန်ဖြတ်ခံခဲ့ရသည် ။
ထိုအချိန်မှစ၍ ခမောက်နက်နှင့်လူအား သေမင်းနက်ဟုနာမည်ပြောင်ပေးလိုက်ကြကာ လောင်းကစားမြို့မှအင်အားစုများလက်ရှောင်ကြည့်သည့်စာရင်းထဲတွင်ပါဝင်သွားသည် ။
ယခုလည်း ထိုလူ၏အကြောင်းကိုမသိသည့်လူများက သူ့ဆီမှငွေများကိုရယူလိုသည်မှာ သေမင်းအားလက်ယပ်ခေါ်သည်နှင့်မခြားလှပေ။
ခမောက်နှင့်လူမှာမူ ဘေးပတ်ဝန်းကျင်အား ဂရုစိုက်ခြင်းမရှိဘဲ အရက်တစ်အိုးအားသောက်ကာ မိန်းကလေး၏ ကုချင်းလက်သံကိုခံစားပျော်ဝင်နေပုံရသည် ။
“ ဝုန်းး “
အပြင်မှ လူတစ်ယောက်လွင့်ပျံလာပြီး စားသောက်ဆိုင်ထဲမှစားပွဲခုံတစ်လုံးကျိုးပဲ့သွားသည် ။
စားသောက်နေကြသည့်လူများမှာ ဒေါသအကြီးအကျယ်ထွက်သွားကြကာ လက်နက်ကိုယ်စီဖြင့်ထရပ်လိုက်ကြသည်။ ထို့နောက် သူတို့စားပွဲသို့လွင့်လာသူအားကြည့်လိုက်သည် ။
ထိုလူမှာ တစ်ကိုယ်လုံးသွေးချင်းချင်းနီရဲနေကာ ထိုလူ၏လက်မောင်းတစ်ဖက်မှာပြုတ်ထွက်နေသည်။
ထိုစားပွဲမှသိုင်းသမားများလည်း သေဆုံးနေသူအားကြည့်ကာ အနည်းငယ်ထိတ်လန့်သွားကြသည်။ သေဆုံးနေသူမှာ စားသောက်ဆိုင်၏ရှေ့တွင်အစောင့်ကျနေသည့် ထိပ်တန်းအဆင့်သိုင်းသမားလေးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်းသူနို့သိလိုက်သည် ။
ထိုလူအားသတ်ဖြတ်လိုက်သူမှာ ပုလဲစားသောက်ဆိုင်အားပြောင်ပြောင်တင်းတင်းရန်စလိုက်ခြင်းပင်ဖြစ်သည်။
ထိုလူများမှာ လောင်းကစားမြို့တွင် အနေကြာသူများဖြစ်ကြ၍ ယခုပုံစံမှာ အင်အားစုများကြားတွင်တိုက်ပွဲများဖြစ်ကြမည်ကို သိလိုက်ကြသည်။
“ ဆိုင်ထဲက မဆိုင်တဲ့လူတွေ အပြင်ကိုထွက်သွားကြပါ “
ကျယ်လောင်သည့်အသံနှင့်အတူ ဆိုင်အတွင်းသို့လူတစ်ယောက်ဝင်လာသည် ။ထိုလူ၏နောက်မှ အနီရောင်ဝတ်စုံနှင့်လူဆယ်ယောက်လိုက်ပါလာကြသည်။
ထိုလူဆယ်ယောက်မှာ သွေးဆာရက်စက်သည့်အငွေ့အသက်များထုတ်လွတ်နေကြကာ ဓားကိုယ်စီကိုင်ထား၍ ဆိုင်ထဲမှလူများအား စူးစိုက်ကြည့်နေကြသည်။
ရှေ့ဆုံးမှဦးဆောင်လာသူမှာ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် သက်လက်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။
ထိုလူမှာ ရက်စက်ကြမ်းကြုတ်သည့်ပုံစံရှိကာ သူ၏လက်တစ်ဖက်တွင် သွေးများစွန်းပေနေသည်။ဆိုင်ထဲတွင်သေဆုံးနေသူအား သတ်ဖြတ်လိုက်သည့်လူမှာ ထိုလူဖြစ်ပုံရသည်။
“ ကြာပန်းနီ သွေးယက္ခ “
ထိုလူအားသိရှိသည့်သိုင်းသမားများမှ ရေရွတ်လိုက်ကြသည်။ ထိုလူမှာ ဤမြို့တွင်နာမည်ကြီးသည့်အဆင့်လွန်သိုင်းသမားသွေးယက္ခဖြစ်ကာ မြို့ထဲရှိအင်အားစုတစ်ခုမှဖြစ်သည်။
ဆိုင်အတွင်းရှိလူများမှာ မည်သည့်အရာများဖြစ်ပျက်နေသည်ကိုသိရှိလိုက်ကြပြီး ဆိုင်အတွင်းမှ ခပ်မြန်မြန်ထွက်ခွာသွားကြသည် ။
ထိုလူများမှာ မကျေမနပ်ဖြစ်မိသော်လည်း အင်အားစုများအကြားတွင်ညတိုက်ပွဲဖြစ်တော့မည်ကိုသူတို့သိကြသည်။ ထို့ကြောင့် သူတို့အနေဖြင့် ‘ ပဲလှော်ကြား ဆားညပ် ‘ မခံနိုင်ကြပေ။
ဆိုင်အတွင်းမှသာယာသည့်ကုချင်းသံမှာလည်းတိတ်ဆိတ်သွားချေပြီ ။ ခပ်စောစောအချိန်ကပင် လူအများအပြားနှင့်စည်ကားနေသည့်ဆိုင်အတွင်းတွင် ယခု အနီရောင်ဝတ်စုံနှင့်လူများသာကျန်တော့သည်။
စားသောက်ဆိုင်၏နောက်ဘက်မှ လူတစ်ယောက်ထွက်လာသည် ။