မင်း ဘာလို့ သစ္စာဖောက်တာလဲ
Vol. 35 Ch. 525
အတော်ကြာအောင် စဉ်းစားပြီးနောက် သူ ထိုအပန်းဖြေစခန်း၌သာ ခဏနေရန် ဆုံးဖြတ်လိုက်သည်။
အရင်ဆုံး မော်ဂန်အုပ်စုရုံးချုပ်မှ အစီအစဉ်ကိုလည်း စောင့်ရဦးမည်။
ဒုတိယအနေဖြင့် အခွင့်အရေးရသည်နှင့် အရှေ့တောင်အာရှနှင့် အဝေးဆုံးသို့ ထွက်သွားရန် ပြင်ဆင်ရမညါ။
“ငါ့ကုတ်အင်္ကျီ ယူလာခဲ့”
လူးကပ်စ်မှ ပြောလိုက်သည်။ ယခုအပန်းဖြေစခန်းမှာ သူ့လျှို့ဝှက် ပိုင်ဆိုင်မှုဖြစ်ပြီး မော်ဂန်အုပ်စုစာရင်းများ၌ပင် မရှိပေ။
ထို့ကြောင့် ယခုနေရာအထိ ရှာတွေ့မည်ကိုတော့ စိုးရိမ်စရာ မလိုချေ။
မကြာမီ သူ့အတွင်းရေးမှူးမလေး မိုလီမှာ လူးကပ်စ်၏ ကုတ်အင်္ကျီနှင့် ကော်ဖီပူပူတစ်ခွက်ကိုင်၍ ရောက်လာ၏။
လူးကပ်စ်တစ်ယောက် ကုတ်အင်္ကျီကို အရင်ဝတ်ကာ နွေးအောင်လုပ်ပြီးမှ အတွင်းရေးမှူးမိုလီထံမှ ကော်ဖီခွက် လှမ်းယူပြီး ဖြည်းဖြည်းချင်း မှုတ်သောက်လေသည်။
ယနေ့ည ကော်ဖီမှာ ပုံမှန်ထက် ခါးလှ၏။
“မင်း သကြား ထည့်ထားသေးလား”
“မထည့်ထားပါဘူး။ အထွေထွေမန်နေဂျာက သကြား မကြိုက်ဘူး မဟုတ်ဘူးလား”
မိုလီ ခေါင်းလေးငုံ့ကာ ဖြေ၏။
လူးကပ်စ် ရယ်မောလျက်
“စိတ်ညစ်နေတော့ ကော်ဖီတောင် အရင်နဲ့ မတူဘဲ ခါးတယ် ထင်နေတာပဲ”
မိုလီ ပြန်မဖြေမိ။
ပင်လယ်လေမှာ သူ့ဆံနွယ်များကို နော့၍ တိုက်ခတ်သွားသောကြောင့် တလွင့်လွင့် ဝဲပျံနေ၏။
ထို့နောက် လူးကပ်စ်မှ မော်ဂန်အုပ်စု အခြေအနေများကို မေးလိုက်သည်။
မိုလီလည်း အမှန်အတိုင်း ပြန်ဖြေ၏။
အားလုံး ပြိုကွဲသွားလေပြီ။
ကော်ဖီခွက် ကိုင်ထားသော လူးကပ်စ်၏လက်မှာ ပိုတင်းကြပ်သွားပြီး မျက်နှာအရောင် ပြောင်းသွားသည်။ ကမ်းခြေမှ လှိုင်းပုတ်သံများနှင့်အတူ မီးရောင်မှိန်ဖျဖျတို့မှာ လူးကပ်စ်၏ စိတ်ခံစားချက်များကို ပို၍ ထောက်ပံ့ပေးနေသည်။
အမှန်ပင် နှစ်ပေါင်းများစွာ လောင်းကစား၊ မူးယစ်ဆေး၊ လိင်ဖျော်ဖြေရေး၊ လူကုန်ကူးခြင်းနှင့် အခြား လုပ်ငန်းများ အားလုံးမှာ ညတွင်းချင်း အားလုံး ပျက်စီးသွားလေ၏။
အတိအကျဆိုရသော် နာရီပိုင်းအတွင်း ဖြစ်လေသည်။
ယခုအခါ သူ့တွင် ဘာမှ မကျန်တော့ပေ။
လူးကပ်စ် ကော်ဖီ တစ်ကျိုက်မော့ကာ ခါးသက်မှုကို ခံစားရင်း
“မိုလီ အခုတော့ မင်းတစ်ယောက်တည်း ကျန်တော့တာ့ပဲ”
မိုလီ ခေါင်းသာ ငြိမ့်ပြ၏။
လူးကပ်စ်မှာ ပင်လယ်ပြင်ကို ငေးကြည့်ရင်း ဆွေးမြေ့နေသည်။
“မိုလီ လင်းချွမ်လှုပ်ရှားမှုတွေကို စောင့်ကြည့်ထားသေးလား”
လူးကပ်စ်မှ မေးလိုက်၏။
“ဟုတ်ကဲ့”
“ပြောပါဦး”
လူးကပ်စ်မှ ထိုစခန်းမှ ထွက်သွားရန် မဖြစ်နိုင်သောကြောင့် ပုန်းကွယ်ရင်း အခွင့်အရေးကို စောင့်ရတော့မည်။
“လင်းချွမ် သူ…”
မိုလီ သူနှင့် အကြည့်ချင်းဆုံသွားပြီး စကားများ ရပ်သွား၏။
“သူက ဘာလို့လဲ”
“သူ မန်နေဂျာ့ကို ပြန်စောင့်ကြည့်နေတယ်”
“ဘာ”
လူးကပ်စ် မျက်မှောင်ကြုတ်သွား၏။
လင်းချွမ်က ဘယ်လို စောင့်ကြည့်တာလဲ။
ဘယ်လိုလုပ် မြင်ရမှာလဲ။
ထူးဆန်းလိုက်တာ။
မိုလီ ပြုံး၍
“ဟုတ်ပါတယ်။ လင်းချွမ်က ရှင် ရုံးက စထွက်တည်းက စောင့်ကြည့်နေတာ”
လူးကပ်စ် မျက်နှာပျက်ကာ သူ့ကို ငေးနေမိသည်။
သူသိထားသော မိုလီ မဟုတ်ပေ။
ချက်ချင်းပင် ရှေ့တိုးလာပြီး လှိုင်းသံများကို ကျော်အောင် အော်ပြောလိုက်သည်။
“ဘာတွေပြောနေတာလဲ။ သေချာပြောစမ်း”
“ဘာထပ်ကြားချင်သေးလို့လဲ”
မိုလီမှာ နောက်မဆုတ်သွားဘဲ နေရာတွင် တည်ငြိမ်စွာ ရပ်လျက် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။
“မင်းနဲ့ လင်းချွမ်က ဘာတွေလဲ”
လူးကပ်စ် အရူးလုပ်ခံရလေပြီ။
သူ့သက်တမ်းရှည် အတွင်းရေးမှူးမှာ ပြဿနာကြီး ဖြစ်နေ၏။
“သူနဲ့က ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုခု ရှိရမယ် ဆိုရင်တော့ ပူးပေါင်းတာမျိုးပေါ့”
မိုလီ အားရပါးရ ရယ်မောနေသည်။
“ပူးပေါင်းတာ”
လူးကပ်စ် ချက်ချင်း ဒေါသအလိပ်လိုက် ထွက်လာကာ မိုလီ့လည်ပင်းအား ညှစ်၍
“မင်းက ငါ့ကို သစ္စာဖောက်တာပေါ့လေ”
“ဂုဏ်ယူပါတယ်။ ရှင် ခန့်မှန်းတာ မှန်သွားပြီ”
သူ့အမူအရာမှာ မထီမဲ့မြင် ဆန်လှ၏။
လူးကပ်စ်တစ်ယောက် လက်ထဲတွင် ကိုင်ထားသော ကော်ဖီကို အထိတ်တလန့် လှမ်းကြည့်၍
“မင်း ငါ့ကို အဆိပ်ခတ်ထားတာလား”
မိုလီ တည်ငြိမ်စွာဖြင့်
“နည်းနည်း ပိုထည့်ထားရုံလေးပါ။ အားနည်းပြီး ခုခံလို့ မရအောင်ပေါ့။ ဒါပါပဲ”
သူ့စကား ဆုံးသည်နှင့် လူးကပ်စ် မိုလီ့ကို ကော်ဖီနှင့် ပက်ရန် ပြင်လိုက်သော်လည်း လက်မှာ အင်အားလုံးဝ မရှိတော့ဘဲ သူ့အပေါ်သာ ပြန်မှောက်ကျကုန်၏။
ထို့နောက် တစ်ကိုယ်လုံးမှ အင်အားများလည်း ဆုတ်ယုတ်ကာ ကျောက်ဆောင်ကို အမြန် မှီနေလိုက်ရသည်။
“မင်း မင်း…”
လူးကပ်စ်မှာ ချည့်နဲ့နေသော လက်ချောင်းများဖြင့် သူ့ကို ငုံ့ကြည့်နေသည့် မိုလီအား လက်ညှိုးထိုးကာ ပြောနေသည်။
သူ အကူအညီတောင်းရန် ကြိုးစားသော်လည်း မဖြစ်နိုင်ပေ။
လူးကပ်စ် ဒေါသတကြီးဖြင့်
“မင်း ဘာလို့ သစ္စာဖောက်ရတာလဲကွာ”
သူ ယခုလို ဖြစ်သွားမည်ဟု တစ်ခါမှ မတွေးဖူးချေ။
သူ့အသံမှာလည်း အလွန် တိုးညှင်းအားနည်းနေ၏။
“လင်းချွမ်သာ လမ်းမပြရင် ရှင့်ဆီမှာ တစ်သက်လုံး အရူးလုပ်ခံရမှာလေ”
မိုလီမှ ဆက်၍
“လင်းချွမ် ရေးထားတဲ့ ထိပ်တန်းအေးဂျင့်ဆိုပြီး ဝတ္ထုကို မှတ်မိလား။ ယန်ကျင်းရဲ့ အတွင်းရေးမှူးလေ”
လူးကပ်စ် ကောင်းကောင်း မှတ်မိပါသည်။
အတွင်းရေးမှူး အကူအညီဖြင့် ယန်ကျင်း၏ အချက်အလက်များ ရယူခဲ့ခြင်းပင်။
ဧကန္တ…
သူ့အတွင်းရေးမှူး သစ္စာဖောက်၍ အင်တာပိုမှ ရုတ်တရက် အားလုံးကို ဝင်စီးနိုင်ခြင်း ဖြစ်လေသည်။
မိုလီ လှောင်ပြုံး ပြုံးလျက်
“ရှင်က သိပ်မတုံးဘူး ထင်ပါတယ်။ ယန်ကျင်းရဲ့ အတွင်းရေးမှူးက ဘာလို့ သစ္စာဖောက်လဲရော ပြန်စဉ်းစားကြည့်ပါဦး”
လူးကပ်စ် အမြန် ပြန်တွေးရ၏။
အတွင်းရေးမှူး ကျောက်ယွန်း၏ အမျိုးသားမှာ ယန်ကျင်း စီစဉ်သော ကားမတော်တဆမှုကြောင့် သေဆုံးရခြင်း ဖြစ်လေသည်။ ထိုအဖြစ်မှန်ကို သိပြီးနောက် ကျောက်ယွန်း မစ္စတာလင်းနှင့် ပူးပေါင်းရန် ရွေးချယ်လိုက်ခြင်းပင်။
မိုလီမှ
“ရှင်နဲ့ ယုချင်းတို့ အဲ့စာအုပ်ဖတ်ပြီး ကျွန်မ မိဘတွေကို သတိမရကြဘူးလား”
လူးကပ်စ် မျက်နှာပျက်ကာ ခြောက်ခြား တုန်လှုပ်သွားသည်။
“သူတို့ကို ရှင် သတ်လိုက်တာမလား။ အဲ့တာနဲ့များ ရှင့်အတွင်းရေးမှူး လုပ်နေရသေးတယ်”
မိုလီ အထင်သေးသလို ရယ်မော၍
“ဒါပေမဲ့ အဲ့တာ ဘယ်လို အကြိုက်မျိုး ခေါ်လဲ။ ကျွန်မတို့ကို ထိန်းချုပ်ပြီး စောင့်ကြည့်ရတာကို ကြိုက်နေတာလား။ အဲ့တာဆိုရင် ကျေနပ်ရောလား”
လှိုင်းသံများနှင့်အတူ မိုလီ့စကားများ တုန်ခါ၍ ဝင်လာသည်။
ပင်လယ်လေညင်းမှာ နှလုံးသားကို ပေါက်ထွက်မတတ် တိုးဝင် တိုက်ခတ်နေကြ၏။
လူးကပ်စ် ငြိမ်ကျသွားပြီး ဝမ်းနည်းမှုနှင့် ဒေါသများ ရောပြွမ်းနေ၏။
သူ့အတွင်းရေးမှူးမှာ လင်းချွမ်နှင့် ပူးပေါင်းနေခဲ့သည်။
သို့သော် သူ နောင်တရပုံမပေါ်ပေ။
“မင်း ဘယ်အချိန်တည်းက သူနဲ့ ပေါင်းနေတာလဲ”
“အဲ့တာ အရေးကြီးလို့လား”
မှန်ပါသည်။
ယခုအချိန်မှ ထိုအရာကို သိ၍လည်း ဘာမှ မထူးတော့ပေ။
လူးကပ်စ်မျက်နှာ ရုတ်တရက် အမ်းသွား၏။ အဘယ်ကြောင့်ဆိုသော် မိုလီ့အနောက်တွင် ရဲများ လျင်မြန်စွာ ချဉ်းကပ်လာကြသည်ကို တွေ့လိုက်ရသောကြောင့်ပင်။