← Chapters

အဲ့တာ မင်းကိုး

Vol. 35 Ch. 512

အဲ့တာ မင်းကိုး

Vol. 35 Ch. 512

လူးကပ်စ်တစ်ယောက် ညဉ့်နက်သည်အထိ အလုပ်ရှုပ်လျက် ရှိသည်။ ရှဉ့် ပြန်သွားပြီးသော်လည်း သူကတော့ ရုံးချုပ်မှ အလုပ်များကို စီစဉ်နေရသည်။

မိုလီမှ သူ့အတွက် ဝိုင်တစ်ခွက် ငှဲ့ပေး၏။

လူးကပ်စ် ဝိုင်ခွက်ကိုမွှေ့ပြီးနောက် တစ်ကျိုက်မော့ကာ သက်ပြင်းချလိုက်သည်။

“နှစ်ဝက်အတွင်း ကြားခဲ့ရသမျှ သတင်းကောင်းတွေထဲက တစ်ခုပဲ”

သူ လင်းချွမ်နှင့် ရန်သူဖြစ်ကာ ထိပ်တိုက်တွေ့ရတည်းက အရှုံးများစွာအား ရင်ဆိုင်ရလေ၏။

ထိုစဉ် အတွင်းရေးမှူး မိုလီအား မော့ကြည့်၍

“ငါ့ကို အရင်လိုပဲ ထင်လို့လား”

မိုလီ သူ့ကိုကြည့်ကာ

“အမြဲတမ်း အထွေထွေ မန်နေဂျာပါပဲ”

“မနေ့ကနဲ့ ယှဉ်ရင်ရော”

မိုလီ သိပ်နားမလည်သလို ခေါင်းယမ်း၍

“အထွေထွေမန်နေဂျာက မနေ့ကနဲ့ ဒီနေ့ကို မတူလို့လား”

လူးကပ်စ် ခေါင်းယမ်းကာ လှောင်ပြုံးလေး ပြုံးလိုက်၏။

“ပိုင်ရှန်ဘက်ကရော ဘာထူးသေးလဲ”

မိုလီ ချက်ချင်း မှတ်စုစာအုပ်လေး ဖွင့်၍

“ကျွန်မတို အရင်အစီအစဉ်အတိုင်း ဆောင်ရွက်နေတယ်လို့ ပြောတာကလွဲပြီး တခြား ထူးထူးခြားခြား မရှိပါဘူး”

လူးကပ်စ် ဝိုင်အနည်းငယ် သောက်၍ ခေါင်းငြိမ့်ကာ

“ငါတို့ ဘယ်အဆင့် ရောက်နေပြီလဲ”

မိုလီ စာအုပ်ကို တစ်ဖန်ထပ်ကြည့်၍

“ပိုင်ရှန်ဘက်ကို ထောက်ပံ့ဖို့ ကျွန်မတို့ဘက်က ဟက်ကာတွေ ပို့ပေးရပါမယ်”

ဟုတ်သားပဲ။

လူးကပ်စ် သူ့နဖူးသူ ရိုက်လိုက်မိသည်။

“ခုနက ရွေးထားတာတွေ ပြလိုက်လား”

မိုလီ ခေါင်းငြိမ့်ပြ၍

“ဝီလီ ခေါင်းဆောင်တဲ့ ဟက်ကာ (၇) ယောက် စီစဉ်ထားပြီးပါပြီ”

လူးကပ်စ် ခဏစဉ်းစား၍

“ခုနက ကောင်လေးပါ ထည့်လိုက်။ သူ့ကို ခေါင်းဆောင်ထားပြီး မနက်ဖြန် စထွက်တော့”

မိုလီ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဆက်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်၏။

“ကောင်းပါပြီ။ အခုပဲ အကြောင်းကြားထားလိုက်ပါမယ်”

လူးကပ်စ် ပြုံးပျော်နေမိလေသည်။

လင်းချွမ်မှာ လက်ရှိ အတော်ဆုံး ဟက်ကာ ဖြစ်နေပြီး ရှဉ့်မှ သူ့ကို ယှဉ်နိုင်ပါက ပိုအင်အားကြီးသော အခွင့်အလမ်းများ ရှိနေ၏။

သူ ရှဉ့်ကို ဓားကောင်းတစ်လက်အဖြစ် လုံးဝ ယုံကြည်ထားပါသည်။

ထို့နောက် မိုလီ ထွက်သွားသောအခါ ပိုင်ရှန်အုပ်စုမှ သူဌေးကျောက်ကို ဖုန်းဆက်လိုက်သည်။

“သူဌေးကျောက် ဒီည အချိန်ရလားဗျ”

သူဌေးကျောက်ဘက်မှ ရယ်မောသံ ကြားရပြီး

“မစ္စတာလူးကပ်စ်ရယ် ကျွန်တော်က ဒီကိစ္စအတွက်ဆို အမြဲအားပြီးသားပါ”

“ဟားဟားဟား”

လူးကပ်စ် ကျေနပ်စွာ ရယ်မော၍

“သူဌေးကျောက် ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုကို ပိုယုံကြည်ချက် ရှိလာပြီ”

“ဟင်”

သူဌေးကျောက် အံ့ဩသွားပုံဖြင့်

“သတင်းထူးများ ရှိလို့လား”

“ကျွန်တော့်ဟက်ကာအဖွဲ့ကို အဆင့်မြှင့်ထားတာမို့လို့ အနုပညာတစ်ခုလိုသာ ခံစားလိုက်ပါ”

သူ သူဌေးကျောက်ကို ပြောနေသလို ဖြစ်သော်လည်း အမှန်တော့ သူ့အတွက်ချည်းသာ ဖြစ်၏။

ကြွားနေသည်ဟုဆိုလျှင် ပိုမှန်ပေမည်။

“မစ္စတာလူးကပ်စ်ရဲ့ ဟက်ကာအဖွဲ့ကို မျှော်နေပါပြီဗျာ။ ဒါနဲ့ ဘယ်တော့လောက် လာကြမှာလဲ”

“မနက်ဖြန်ပါ”

သူ ထပ်မစောင့်နိုင်တော့ပေ။

အောင်မြင်မှုမှာ အလွန် အရေးကြီးနေသည်။

“ကောင်းပါပြီဗျာ”

သူဌေးကျောက်လည်း စိတ်လှုပ်ရှားလျက် ရှိ၏။

နှစ်ဦးနှစ်ဖက်မှာ လင်းချွမ်ကို အကြောင်းပြု၍ ပူးပေါင်းရေး အဆင်ပြေနေကြသည်။

နောက်တစ်နေ့တွင် တိမ်များ ထူထပ်အုံ့မှိုင်းနေ၏။

ပိုင်ရှန်အုပ်စု၊ နယ်စပ်။

ကားကြီး (၂) စီး ဝင်ပေါက်ရှေ့ ထိုးရပ်လာပြီး လူ (၁၀) ယောက်ကျော် ဆင်းလာကြ၏။ မှိန်ဖျဖျ ညနေခင်းတွင် ပိုင်ရှန်အုပ်စု အဆောက်အဦများဆီ လျှောက်လှမ်းလာလေသည်။

ထို့နောက် လျှို့ဝှက်လမ်းကို ဖြတ်ကာ သူဌေးကျောက် ဧည့်ခန်းထဲ ရောက်လာကြသည်။

“အားလုံးပဲ ထိုင်ပါဦး”

မော်ဂန်အုပ်စု ဟက်ကာအဖွဲ့ကို လူးကပ်စ် ကိုယ်တိုင် ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

“မစ္စတာလူးကပ်စ် အဝေးကြီးလာရတာ ပင်ပန်းသွားပါပြီ”

သူဌေးကျောက်မှ မိတ်ဆွေဟောင်းကို တွေ့သကဲ့သို့ နှုတ်ဆက်လေသည်။

ပြောရလျှင် သူတို့ချင်း ကြားဖူးနေကြသော်လည်း ယခုမှ ပထမဆုံးတွေ့ခြင်း ဖြစ်၏။

လူးကပ်စ် လက်ကမ်းပေးကာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

“သူဌေးကျောက်ရယ် မဟုတ်တာ”

“ခင်ဗျားတို့ရဲ့ ထိပ်တန်းဟက်ကာအဖွဲ့ကတော့ တက်ကြွနေကြတာပဲနော်”

သူဌေးကျောက် အနောက်မှ လူငယ်လေးများကို ကြည့်ကာ ပြောလိုက်၏။

ထိုစဉ် ရှဉ့်ကို သတိထားမိသွားပြီး လက်ညှိုးထိုး၍

“မစ္စတာလူးကပ်စ် ကျွန်တော့်အထင် ခင်ဗျား ယုံကြည်ချက် ရှိနေတာ ဒီလူငယ်လေးဖြစ်မယ်”

လူးကပ်စ် မျက်ခုံးပင့်လျက်

“ဘာလို့ အဲ့လို ထင်တာလဲ”

“ကျွန်တော့်အထင် မမှားရင် သူက ဟက်ကာအဖွဲ့ရဲ့ ခေါင်းဆောင်။ အတော်ဆုံးတစ်ယောက်ပဲ”

လူးကပ်စ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံမိသည်။

“အမြင်ရှိတာပဲ”

“ကဲပါ မစ္စတာလူးကပ်စ်ရယ် ကျွန်တော်နဲ့ မိတ်ဆက်ပေးဦးလေ”

သူဌေးကျောက် ပြုံး၍ ပြောလိုက်၏။

လူးကပ်စ် ရှဉ့်ကို တစ်ချက်ကြည့်ပြီးမှ

“သူဌေးကျောက် ဒါက ကျွန်တော့် အားကိုးရတဲ့ ဝန်ထမ်း ရှဉ့်တဲ့။ အခု ပူးပေါင်းရေးမှာ အဓိကနေရာကနေ တာဝန်ယူလိမ့်မယ်”

“လင်းချွမ်နဲ့ ယှဉ်ရင်ရော ဘယ်လိုလဲ”

လူးကပ်စ် မျက်နှာမာသွားပြီး

“လိုအပ်ချက်တော့ ရှိသေးတာပေါ့။ ဒါပေမဲ့ လုံးဝ မနိုင်နိုင်တာတော့ မဟုတ်ပါဘူး။ ကျွန်တော့် ဟက်ကာတွေရဲ့ အရည်အချင်းကို ဘာမှ စိတ်မပူနဲ့”

“ဟားဟားဟား”

သူဌေးကျောက် ရယ်မောနေ၏။

“မစ္စတာလူးကပ်စ်ရယ် ကျွန်တော်က ယုံပါတယ်။ အများကြီးလည်း မျှော်လင့်ထားတယ်”

“ဒါဆို အတူအောင်မြင်ဖို့ပဲ ရှိတော့တာပေါ့”

လူးကပ်စ် ပြုံး၍ ပြောလိုက်သည်။

“ဟုတ်ပါ့ဗျာ။ အတူ အောင်မြင်ရမှာပေါ့”

ထို့နောက် တစ်ညလုံး ရင်းရင်းနှီးနှီး ပြောဆို ပျော်ရွှင်ပြီးမှ အနားယူကြ၏။

သူဌေးကျောက် သူ့ရုံးခန်းထဲ ထိုင်လျက်

“သူ့အကြောင်းရော ဘယ်လိုလဲ”

အကြံပေးဖြစ်သူမှ

“ကျွန်တော်တို့ စစ်ဆေးလို့ရသလောက်တော့ ရှဉ့်ဆိုတဲ့ လူငယ်လေးက ရုံးခွဲက နာမည်မရှိတဲ့ နည်းပညာရှင်လေးပါ”

“ရုံးခွဲက နည်းပညာရှင်လား”

သူဌေးကျောက် မျက်မှောင်ကြုတ်လျက်

“ကျွန်တော့်ကို အရူးလာလုပ်နေတာလား”

ထိုအခါ အကြံပေးမှ ဆက်၍

“သူက ရုံးခွဲမှာ ခပ်လျှိုလျှို နေလာရင်း လွန်ခဲ့တဲ့ ရက်ပိုင်းကမှ AW ဆာဗာတွေကို ဝင်နိုင်ပြီး အချက်အလက်တွေ ယူပေးခဲ့တာပါ”

သူဌေးကျောက် မှင်တက်လျက်

“ဘာပြောတယ်”

“AW ဆာဗာထဲ ဝင်တာပါ။ ဘာလို့လဲ သူဌေးကျောက်”

အကြံပေးမှာ လန့်သွား၏။

“ဟားဟားဟား”

သူ အားရပါးရ ရယ်မောပြီးမှ

“အဲ့တော့ မင်းကိုး။ ဒီလျှို့ဝှက်ဟက်ကာကိုး”

ထို့နောက် အကြံပေးကို လှမ်းကြည့်ကာ

“ရှဉ့်ကို ဆက်သွယ်လိုက်။ ငါ အခု တွေ့ချင်တယ်လို့”

သူဌေးကျောက် စိတ်မရှည်စွာ ပြောလိုက်သည်။

All Chapters