← Chapters

နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 35 Ch. 513

နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 35 Ch. 513

“မစ္စတာလူးကပ်စ်က ကျွန်တော့်အပေါ် အရမ်းကောင်းတာ။ ကျွန်တော့်အရည်အချင်းကိုလည်း အသိအမှတ် ပြုတယ်။ မော်ဂန်အုပ်စုဆိုတာ ကျွန်တော့်အတွက်တော့ အမြစ်ကောင်းပါပဲ”

ရှဉ့်မှ ပြောလေသည်။

သူဌေးကျောက် သူ့စကားကြောင့် မျက်ခုံးပင့်မိသွားသည်။

နှစ်ယောက်သားမှာ မျက်နှာချင်းဆိုင် ထိုင်နေရင်းမှ သူဌေးကျောက် သူ့ပုခုံးကို ပုတ်ကာ နွေးထွေးစွာ ပြုံးလျက်

“အမြစ်ကတော့ မော်ဂန်အုပ်စုမှာ တွယ်တာ ဟုတ်ပါပြီ။ ဒါပေမဲ့ အကိုင်းအခက်တွေ၊ အရွက်တွေ ဆက်ကြီးထွားရဦးမယ်လေ။ ပိုင်ရှန်အုပ်စုကနေ ဒီအတွက် အများကြီး ထောက်ပံ့နိုင်ပါတယ်”

ထိုအချိန်တွင် ရှဉ့်စိတ်ထဲတွင် အလွန် ရှုပ်ထွေးနေပြီး ဘာမှ ပြန်မပြောနိုင်ပေ။

တိတ်ဆိတ်နေခြင်းသည် ငွေကြေးပမာဏများရန် စောင့်နေသလိုပင်။

သူဌေးကျောက်သည်လည်း လူရည်လည် အကင်းပါးသူတစ်ဦး ဖြစ်၏။

သူ ရယ်မောလျက်

“မင်းက မော်ဂန်အုပ်စုရဲ့ စေတနာကို ကျေးဇူးသိတာ နားလည်ပါတယ်။ ပိုင်ရှန်အုပ်စုမှာ လုပ်တယ်ဆိုပြီး မော်ဂန်ဘက်က ထွက်စရာမလိုပါဘူး။ ငါတို့ဘက်က လိုတဲ့အခါမှာ နည်းပညာပိုင်းဆိုင်ရာ နည်းနည်း ကူညီဖို့ပါပဲ”

“ပူးပေါင်းရေးအသေးစိတ်ဆိုရင် မစ္စတာလူးကပ်စ်နဲ့ပဲ ဆွေးနွေးလိုက်ပါဗျ”

ရှဉ့်မှ စကားကို ဖြတ်ချသည်။

သူဌေးကျောက်မှာ စိတ်ဆိုးရမည့်အစား ကဒ်တစ်ခု ထုတ်လိုက်၏။

ပလက်တီနမ်ရောင် လေးထောင့်ကဒ်ငယ်လေးဖြစ်ပြီး အခန်းထဲမှ မီးအလင်းရောင်ကြောင့် ရှဉ့်မျက်လုံးများ ကျိန်းသွားသည်။

သူ့အကြည့်ကို သူဌေးကျောက် ချက်ချင်း ဖတ်မိကာ သဘောတကျ ပြုံး၍ ရှဉ့်၏ အိတ်ကပ်ထဲသို့ ကဒ်ကို ထည့်ပေးလိုက်သည်။ ထို့နောက် ခပ်တိုးတိုး ကပ်ပြော၏။

“ပိုက်ဆံလေး နည်းနည်းပါးပါး သုံးရင်း အေးဆေး စဉ်းစားပေါ့”

“သူဌေးကျောက် ဒါက…”

“ဒီမှာ အားလုံး မိသားစုတွေပဲကို။ ဘာမှ အားနာမနေပါနဲ့”

“ကောင်းပါပြီ… ဒါဆိုလည်း”

ရှဉ့်တစ်ယောက် သူဌေးကျောက်၏ စေတနာကို လက်ခံလိုက်သည်။

ထို့နောက် အတော်ကြာကြာ စကားပြောကြပြီး ညဉ့်နက်မှ ရှဉ့်လည်း ပြန်သွား၏။

အခန်းကျယ်ကြီးထဲတွင် တောက်ပသော မီးရောင်အောက်၌ သူဌေးကျောက် ပြုံးနေလေသည်။

စကားအနည်းငယ် ပြောရုံဖြင့် ရှဉ့်ကို စည်းရုံးနိုင်မည်ဟု မထင်ထားခဲ့ချေ။

သို့သော် ယခုတော့ ရှဉ့်မှ ဘဏ်ကဒ်ကို ယူသွားသောကြောင့် ပိုင်ရှန်ထဲသို့ သဘာဝကျကျ ရောက်လာပေမည်။

အဘယ်ကြောင့်ဆိုသော် လူးကပ်စ်သာ ထိုအကြောင်း သိသွားပါက မော်ဂန်၌ ရှဉ့် နေရာပျောက်တော့မည်။

သံသယမျိုးစေ့တစ်ခု ရှိသည်နှင့် ထိန်းမနိုင်အောင် အပင်ပေါက်လာမည် ဖြစ်၏။

သို့ရာတွင် ထိုအရာအားလုံးကို ရှဉ့်မှ ပါဝင်ပတ်သက်နေသည်ကို သူဌေးကျောက် မသိနိုင်ချေ။

ရှဉ့်အနောက်မှ လူတစ်ယောက် ကြိုးကိုင်နေသည်ဟုလည်း သိမည်မဟုတ်။

လင်းချွမ် ဖြစ်သည်။

“လင်းယုန်ရေ ခန့်မှန်းထားတဲ့အတိုင်းပဲ”

ညဉ့်နက်ချိန် တိတ်ဆိတ်နေမှ ရှဉ့် လင်းချွမ်အား စာပို့လာသည်။

လင်းချွမ်မှာ ညဇီးကွက်တစ်ဦးဖြစ်သောကြောင့် ယခုအချိန်အထိ မအိပ်ဖြစ်သေးပေ။

သူ့အိမ်ရှိ ကွန်ပျူတာရှေ့တွင်ထိုင်ကာ ရှချင်းချင်းပေးသည့် လက်ဖက်ရည်ကြမ်း ဖျော်သောက်ရင်း ရှဉ့်၏စာကို တွေ့သောအခါ ကျေနပ်စွာ လှောင်ပြုံး ပြုံးလိုက်သည်။

ထို့နောက် စာပြန်လိုက်၏။

“တော်တယ်။ စီစဉ်ထားတဲ့အတိုင်း ဆက်သွားပါ”

“ဟုတ်ကဲ့”

ထို့နောက် စကားပြတ်သွားကြသည်။

လင်းချွမ်မှ လက်ဖက်ရည် အနည်းငယ် မော့သောက်၍ လီထုန်အား အခြေအနေ ပြန်ပြောပြလိုက်သည်။

လီထုန်လည်း အလွန် စိတ်လှုပ်ရှားနေသောကြောင့် တစ်ညလုံး အိပ်မပျော်နိုင်တော့ပေ။

ယခုလိုပုံစံဖြင့် သူလျှိုလုပ်နိုင်ကြောင်း သူ တစ်ခါမှ မတွေးဖူးပေ။

ရက်ပိုင်းအတွင်း လင်းချွမ်မှာ သူ့တပည့် ရှဉ့်ကို မော်ဂန်ရုံးခွဲမှ ဆိုက်ဘာနည်းပညာ လုံခြုံရေးဌာန သာမာန်ဝန်ထမ်းအဖြစ်မှ ရာထူး (၃) ဆင့်မျှ ခုန်တက်သွားအောင် ပြုလုပ်နိုင်ခဲ့၏။

မော်ဂန်အုပ်စု၏ အာရှ-ပစိဖိတ်ရုံးသို့ ပြောင်းနိုင်သည့်အပြင် ပိုင်ရှန်အုပ်စု သူဌေးကျောက်နှင့်ပါ အဆက်အသွယ် ရနေလေပြီ။

ယခုအခါ ရှဉ့်သည်သာမာန်သူလျှို မဟုတ်တော့။ ထိပ်တန်း အေးဂျင့် ဖြစ်နေပြီ။

လီထုန် မယုံနိုင်စွာဖြင့် ရေရွတ်မိ၏။

ထိပ်တန်းအေးဂျင့် ဝတ္ထုရေးတဲ့ စာရေးဆရာမို့လို့လား။

တကယ် ကြောက်စရာပဲ။

လင်းချွမ်ဘေးတွင် ကျန်းရှင်းရှင်း ရပ်နေပြီး အဖြူရောင်ချီဖွန် ညအိပ်ဝတ်စုံလေး ဝတ်ဆင်ကာ လက်ဖက်ရည် ငှဲ့ပေးနေသည်။

“သူဌေး ဒီညရော ညဉ့်နက်ဦးမှာလား”

ကျန်းမှာ ရေနွေးကြမ်းကရားကို ဘေးချ၍ လင်းချွမ်ပုခုံးပေါ် လက်တင်ကာ နူးနူးညံ့ညံ့လေး မေးလိုက်သည်။

ပုခုံပေါ်မှ နူးညံ့သော အထိအတွေ့ကြောင့် လင်းချွမ် ကီးဘုတ်ကို လက်မှလွှတ်၍ ကျန်း၏ လက်ဖြူဖြူနုနုများကို ဆုပ်ကိုင်ကာ

“ကို့ကို လွမ်းလို့လား”

လင်းချွမ်မှာ ဒီရက်ပိုင်း မော်ဂန်နှင့် ပိုင်ရှန်တို့ကိစ္စများ ရှုပ်ထွေးကာ အလုပ်များနေ၍ ကျန်းအား ဂရုမစိုက်နိုင် ဖြစ်နေခဲ့သည်။

သူ ကျန်းရှင်းရှင်းအား မော့ကြည့်လိုက်၏။

မိန်းကလေး၏ နူးညံ့ကာ ပန်းနုရောင်သန်းနေသော ပါးမို့မို့များ၊ မြင့်မားသော နှာတံ၊ ကြည်လင် တောက်ပသည့် မျက်ဝန်းများ၊ ပြုံးယောင်ယောင် နှုတ်ခမ်းသားများနှင့် ပါးလွှာသော ညအိပ်ဝတ်စုံအောက်ရှိ ခြေတံရှည်များမှာ အရာအားလုံး ပြီးပြည့်စုံလှသည်။

လင်းချွမ် သူ့ခါးလေးကို ခပ်တင်းတင်း ဖက်လိုက်မိသည်။

“အဟမ်း”

ကျန်း ချောင်းဟန့်၍

“သူဌေးနော် ဘာတွေ တွေးနေတာလဲ”

လင်းချွမ် မလွှတ်ပေးဘဲ သူ့ရင်ခွင်ထဲ ရောက်အောင် ဆွဲခေါ်၍ ထိုင်စေလိုက်သည်။ ထိုင်ခုံမှာ လူ (၂) ယောက် အလေးချိန် ခံနိုင်၍ တော်သေး၏။ မဟုတ်လျှင် နှစ်ယောက်စလုံး ထိခိုက်နိုင်လေသည်။

“ဘာတွေးလို့လဲ”

လင်းချွမ် ရယ်မောကာ ပြန်မေး၏။

ကျန်း လင်းချွမ်၏ခေါင်းကို လက်ညှိုးလေးဖြင့် တို့၍

“သူဌေး ရှင့်ခေါင်းထဲမှာ ဘာတွေ ရှိနေတာလဲ”

“အမှန်အတိုင်း ပြောရရင်တော့ မင်းအကြောင်းတွေ ပြည့်နေတာပဲ”

လင်းချွမ် ပြန်ဖြေလိုက်သည်။

“ဒါဆို ပြောကြည့်ပါဦး။ နားထောင်ချင်လို့”

ကျန်း မျက်နှာလေးရဲလျက် လှပစွာ မေးလေသည်။

“ပြောနေစရာ လိုသေးလို့လား။ အမြဲ ဒီလိုပဲကို”

ကျန်း နှာခေါင်းလေး ရှုံ့ကာ

“ကောင်းပါပြီ။ ဒါဆိုလည်း အလုပ်အကြောင်း ပြောတာပေါ့”

“ပြောပါဦး။ စီးပွါးမိတ်ဖက်လေးရဲ့”

လင်းချွမ် သူ့ကိုဖက်ကာ ပြော၏။

ကျန်း သက်တောင့်သက်သာ ပုံစံပြောင်းထိုင်၍

“အဖေက ရှင် မနက်ဖြန် အားလားတဲ့ မေးခိုင်းလို့”

“ဦးလေးကျန်းလား ဘာလို့လဲ။ ရွှေတုံးဆိုင်မှာ တစ်ခုခု ဖြစ်လို့လား”

All Chapters