← Chapters

ဒီတစ်လော အလုပ်ရှုပ်နေတယ်

Vol. 35 Ch. 515

ဒီတစ်လော အလုပ်ရှုပ်နေတယ်

Vol. 35 Ch. 515

အန်လင်းမြို့။

ညမှာ တဖြည်းဖြည်း မှောင်မိုက်၍ လရောင်သည် တိိမ်လွှာပါးများအား ဖြတ်ကာ ပတ်ဝန်းကျင်ကို အဖြူဖျော့ဖျော့ အလင်းဓာတ် ပေးစွမ်းနေ၏။

ယူရန်ဗီလာ၊ ရင်းနှီးနေသော ထိုနေရာ။

ရာသီဥတုသာ အနည်းငယ် ပိုနွေးထွေးပါက လင်းချွမ် ဆိုင်ကယ်လေးသာ ယူ၍ ကျန်းကို အနောက်တွင် ခေါ်တင်ကာ ညနေခင်းလေပြည်အေးကို ခံစားရင်း သွားမည်ဖြစ်သည်။

သို့သော် ရာသီဥတုမှာ အေးနေဆဲပင်။

အထူးသဖြင့် ညဘက်များတွင် ခိုက်ခိုက်တုန်လောက်အောင် စိမ့်၏။

လင်းချွမ်နှင့် ကျန်းတို့ Audi A8 ဖြင့် ထွက်လာပြီး ယူရန်ဗီလာရှေ့ ရောက်သောအခါ လမ်းလျှောက်ဝင်လာကြသည်။ လျှောက်လမ်းတွင် သစ်ပင်ပန်းမာန်များ စိုက်ပျိုးထား၍ စိမ်းစိုကာ တောလမ်းလေးနှင့် တူနေ၏။

“ဖေဖေ”

ခပ်လှမ်းလှမ်းမှပင် ကျန်းရှင်းရှင်းတစ်ယောက် သူ့အဖေကို တွေ့ပြီး လှမ်းခေါ်လိုက်သည်။ ကျန်းတီမှာ သီးသန့်ခန်းတစ်ခု၏ အပြင်ဘက် ကော်ရစ်တာ၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်။

“ရှင်းရှင်း ရောက်လာကြပြီပဲ”

ကျန်းတီမှာ ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး လေပူများ မှုတ်ထုတ်ကာ လင်းချွမ်နှင့် ကျန်းတို့ကို ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

“ဦးလေးကျန်း”

လင်းချွမ်လည်း ပြုံးကာ နှုတ်ဆက်လေ၏။

သူတို့ မတွေ့ရသည်မှာ အတော်ပင် ကြာလေပြီ။ ဦးလေးကျန်းတစ်ယောက် ဝိတ်ပင် အနည်းငယ် ကျသွားသလို ထင်ရသည်။

“ဆရာလင်း”

ဦးလေးကျန်းဘေးမှ သက်လတ်ပိုင်းလူသည် လင်းချွမ်အား ပြုံး၍ နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

လင်းချွမ် လှည့်ကြည့်လိုက်သောအခါ အနောက်တိုင်း ဝတ်စုံနှင့် လည်သာဖိနပ်တို့ကို ဝတ်ဆင်ထားပြီး မျက်နှာကြမ်းကြမ်း၊ ကတုံးနှင့်လူကို တွေ့ရသည်။

လင်းချွမ် ရုတ်တရက် မှတ်မိသွားကာ ချက်ချင်း ပြုံး၍

“ဆရာချန်”

အန်လင်းမြို့ လောင်းကစားဆန့်ကျင့်တိုက်ဖျက်ရေး ပညာရှင် ချန်မင်ဖြစ်သည်။

လွန်ခဲ့သော (၂၀၂၄) ခုနှစ်၊ မတ်လက လောင်းကစားမှုဖြင့် ဦးလေးကျန်း အဖမ်းခံရပြီး လင်းချွမ်စာအုပ်များအကြောင်း ပေါ်ပေါက်ခဲ့သည်။ ထို့နောက်မှ ချန်မင်ကိုယ်တိုင် စစ်ဆေး၍ အဖြစ်မှန် ပေါ်ခဲ့ရ၏။

မကြာမီ ဦးလေးကျန်းလည်း သူ့ဖိတ်ခေါ်မှုဖြင့် လောင်းကစားတိုက်ဖျက်ရေးအဖွဲ့ထဲ ဝင်ရောက်ဖြစ်သွားသည်။

“ဆရာလင်းက ဉာဏ်ကောင်းတာပဲ။ ကျွန်တော့်ကို မှတ်မိနေသေးတယ်နော်”

ချန်မင် ပြုံးရွှင်၍ ပြောလိုက်သည်။

“ဘယ်လိုလုပ် မေ့မှာလဲဗျာ။ ဒုစရိုက်သမားတွေကို လိမ်နည်း သင်ပေးတယ်ဆိုပြီး လူလိမ်လို့ စွပ်စွဲခံရတော့မလို့မလား”

လင်းချွမ် စနောက်ကာ ပြော၏။

ချန်မင် သက်ပြင်းချကာ

“အခုပြန်တွေးကြည့်တော့ အဲ့တုန်းက ဆရာလင်းခြေထောက်တောင် ဖက်ခဲ့သင့်တာနော်”

“အခု ဖက်လည်း နောက်မကျသေးပါဘူး ဆရာချန်”

ကျန်းတီ အားရပါးရ ရယ်မောလိုက်၏။

အားလုံးလည်း ပြုံးရွှင်နေကြလေသည်။

“ဆရာချန်ရော ဒီမှာပဲ အတူဝင်စားလိုက်ပါလား”

လင်းချွမ် ယဉ်ကျေးစွာ ဖိတ်၏။

ချန်မင် အားလုံးကို ဝေ့ဝဲကြည့်၍ လိုလားသောပုံကို တွေ့ရလေသည်။

“ဆရာလင်းက ရှားရှားပါးပါး ဖိတ်ကျွေးတာဆိုပေမဲ့ စိတ်မကောင်းဘူးဗျာ။ ဒီည ကျွန်တော် ချိန်းထားပြီးသား ရှိနေလို့။ နောက်တစ်ခေါက်မှပေါ့ဗျာ”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်၏။

ထို့နောက် ချန်မင် လက်ပြနှုတ်ဆက်ကာ အခြားသီးသန့်ခန်းထဲသို့ ဝင်သွားလေသည်။

အခြားအရေးကြီး တွေ့ဆုံပွဲတစ်ခုခု ရှိနေပုံ ရ၏။

“ကဲ ငါတို့လည်း အထဲဝင်ကြတာပေါ့။ အပြင်မှာ အေးလိုက်တာ”

ဦးလေးကျန်းမှာ ကုတ်အင်္ကျီကို တင်းနေအောင် စေ့လိုက်ပြီး ပြောသည်။

ကျန်း တံခါးဖွင့်ပေးရင်း ရယ်မော၍

“အဖေလည်း အသက်ကြီးလာပြီနော်”

“နင့်အဖေ အားအင်အပြည့် ရှိပါသေးတယ်ကွယ်။ လေက အသားအရည်ခြောက်တတ်လို့ ဂရုစိုက်ရတာ”

ဦးလေးကျန်း အရွှန်းဖောက်ကာ ပြန်ဖြေ၏။

(၃) ယောက်သား သီးသန့်ခန်းထဲ ရောက်သောအခါ နေရာတွင် ဝင်ထိုင်လိုက်ကြသည်။

လင်းချွမ်နှင့် ကျန်းသည် ဘေးချင်းကပ်ထိုင်နေပြီး ကျန်းတီမှာ မျက်နှာချင်းဆိုင်၌ ထိုင်လိုက်၏။

ကျန်း သူ့အဖေကိုကြည့်ကာ

“စီစီတီဗွီမှာ တွေ့တာတော့ အဖေ ပျော်ရွှင်ခြင်းရပ်ကွက်က အိမ်မှာ သိပ်မတွေ့ရဘူးနော်။ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာလား”

“အေးပေါ့။ အလုပ်တော့ တော်တော်ရှုပ်တယ်”

ကျန်းတီ မျက်ခုံးပင့်ကာ ပြုံး၍ ပြန်ဖြေသည်။

အစားအစာများ မလာသေးသောကြောင့် လင်းချွမ် လက်ဖက်ရည်ငှဲ့ပေးရင်း

“ဦးလေးကျန်း ရွှေတုံးဆိုင်ကကိစ္စနဲ့ အလုပ်ရှုပ်တာလား”

“ဆိုင်ကိစ္စက အဲ့လောက် မဟုတ်ပါဘူး။ တော်တော် အထိုင်ကျပြီးနေပြီ”

ကျန်းတီ ရယ်မောကာ

“ငါ အခုတလော ဘာတွေအလုပ်ရှုပ်နေလဲ ခန့်မှန်းကြည့်လေ”

ကျန်း မေးလေးထောက်၍

“အဖေ ရည်းစားအသစ်ထပ်ရနေတာတော့ မဟုတ်ပါဘူးနော်”

ရုတ်တရက် ကျန်းတီ မျက်နှာပျက်သွားကာ ရှုံ့မဲ့၍

“ဘာကို ထပ်ရနေပြန်တာလားလဲ။ ငါ ဘယ်တုန်းက ရဖူးလို့လဲ”

“အန်တီလျှိုကရော”

ကျန်းရှင်းရှင်းမှာ အဆိုးဆုံးကိစ္စကို ထုတ်ပြောလာသည်။

ဦးလေးကျန်း ဇက်လေးပုသွားပြီး လေလျော့သွားသော ပူဖောင်းကဲ့သို့ မျက်နှာလေးငယ်လျက်

“သူ့အကြောင်း မပြောပါနဲ့ဟာ။ အလိမ်ခံရပြီး ငါ့သမီးနဲ့ တံတားအောက်မှာ အိပ်ရတော့မလို ဖြစ်ခဲ့တာကို”

“အဲ့တာဆို ချစ်သူ ထပ်မထားတော့ဘူးလား”

ကျန်း ရယ်မောကာ မေးလိုက်သည်။

“အဲ့တာ ဘာအရေးကြီးလို့လဲ။ ဒီအရွယ်မှာ ပိုပြီး အဓိပ္ပာယ်ရှိတာ လုပ်ရမှာပေါ့”

ဦးလေးကျန်း လက်ယမ်း၍ ပြော၏။

“ဒါဆို ဒီတစ်လောက ဘာတွေ အလုပ်ရှုပ်နေတာလဲ”

“လောင်းကစားတိုက်ဖျက်ရေးအဖွဲ့ဆီက အလုပ်တွေ ရှုပ်နေတာနေမှာပေါ့”

လင်းချွမ် လက်ဖက်ရည်ခွက် ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်။

“လင်းကတော့ အမြဲ ဉာဏ်ကောင်းနေတော့တာပဲ”

ဦးလေးကျန်း လက်ဖက်ရည်ခွက်ကိုမြှောက်ကာ ချီးကျူးလိုက်သည်။

“အခုလေးတင်ပဲ ဆရာချန်လည်းတွေ့တော့ ဦးလေးကျန်းနဲ့ စကားပြောနေပုံက သူစိမ်းလို မဟုတ်ဘူးလေ။ ဆရာချန်နဲ့ အမြဲ ဆက်ဆံ ပြောဆိုနေကြလိုပုံမျိုးပဲ”

လင်းချွမ် ခန့်မှန်း၍ ပြောလိုက်၏။

ကျန်းတီ လက်ဖက်ရည်တစ်ငုံသောက်ကာ ပြုံးလျက်

“မင်းခန့်မှန်းတာနဲ့ ဆင်ပါတယ်”

“အန်လင်းရဲစခန်းက မိတ်ဆွေတွေဆီက ကြားထားလို့ပါ။ ဒီနှစ်ထဲ အန်လင်း လောင်းကစား တိုက်ဖျက်ရေးက တော်တော် ကြိုးစားတယ်တဲ့။ အခုထိ အလုပ်က ရှုပ်တုန်းလား”

လင်းချွမ် အံ့ဩစွာ ဆိုသည်။

ထိုလောင်းကစားတိုက်ဖျက်ရေးအဖွဲ့မှာ တရားဝင် အဖွဲ့အစည်းမျိုး မဟုတ်ဘဲ တက်ကြွလှုပ်ရှားသူများ စုပေါင်းပြုလုပ်နေခြင်းသာ ဖြစ်သည်။

ပွဲကြီးများတွင်တော့ ပါဝင်သူများအတွက် ငွေကြေး ရတတ်ပါသည်။

သို့သော် ကျန်းတီသည် ပိုက်ဆံအတွက် ရောက်နေခြင်း မဟုတ်ဘဲ ထိုလုပ်ငန်းကို သဘောကျလွန်း၍ ဖြစ်သည်။

အဖွဲ့ထဲတွင် မိတ်ဆွေများရပြီး တစ်ခါတစ်ရံ တွေ့ဆုံ စကားပြောကြရင်း ခံစားချက်များ ပေါ့ပါးစေပါသည်။

ကျန်းတီ ရယ်မောလျက်

“လင်း မင်းက လူလိမ်အကြောင်း ရေးထားပြီး သိရဲ့သားနဲ့။ လောင်းကစားသမားတွေ ပပျောက်သွားတယ်လို့မှ မရှိတာ။ လောင်းကစား စွန့်လွှတ်ပါပြီဆိုတဲ့သူတွေတောင် အနည်းနဲ့အများ ပြန်လုပ်ကြတာပဲ။ အဲ့တာကြောင့် ကမ်ပိန်းတွေရဲ့ အောင်မြင်မှုက တန်းနေတာပေါ့။ ဒီအလုပ်က ရေရှည် ကြိုးစားရမှာ”

“တော်လိုက်တာ”

ကျန်း သူ့အဖေကိုကြည့်ကာ လက်မထောင်ပြသည်။

ကျန်းတီလည်း သူ့ကိုယ်သူ ဂုဏ်ယူလျက် ကျေနပ်စွာ ပြုံးကာ မသိမသာ ဝင့်ဝင့်ကြွားကြွား ဖြစ်သွားသည်။

All Chapters