← Chapters

ဒုတိယအကြိမ် ကြိုးစားခြင်း

Vol. 35 Ch. 517

ဒုတိယအကြိမ် ကြိုးစားခြင်း

Vol. 35 Ch. 517

၇၂၀ နည်းပညာ လုံခြုံရေးကုမ္ပဏီ။

သူဌေးရုံးခန်း။

လင်းချွမ်၏အကြည့်များမှာ ကွန်ပျူတာ မျက်နှာပြင်ဆီ ရောက်နေ၏။

ရှဉ့်မှ

“လင်းယုန် ကျွန်တော် သူဌေးကျောက်မဲ့ လျှို့ဝှက် သဘောတူညီချက် အောင်မြင်သွားပြီ။ နောက်တစ်ဆင့်က ပိုင်ရှန်အုပ်စုကို ဝင်ဖို့ပဲ ကျန်ပါတော့တယ်”

မော်ဂန်အုပ်စုတွင် လင်းချွမ်တစ်ယောက် အချက်အလက်များ စုနေဆဲပင်။

လူးကပ်စ်၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များမှာ လင်းချွမ်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိ၏။

သို့ရာတွင် ပိုင်ရှန်အုပ်စုအတွက်တော့ လုံးဝဗလာ ဖြစ်နေသောကြောင့် လင်းချွမ် ယုံကြည်ချက် သိပ်မရှိပေ။

ရှဉ့်တစ်ယောက် ပိုင်ရှန်ထဲ ဝင်နိုင်မှသာ အင်တာပိုနှင့် ပူးပေါင်းကာ တစ်ချက်တည်း ဖျက်ဆီးနိုင်ပေမည်။

“လက်ရှိ သူဌေးကျောက်က ကျွန်တော့်ကို တာဝန်ချပေးထားပါတယ်”

ရှဉ့်မှ စာထပ်ပို့သည်။

“ဟုတ်ကဲ့ ပြောပါ”

လင်းချွမ် ပြန်မေးလိုက်သည်။

“အခု အရေးကြီးနေတဲ့အချိန်မှာတော့ မော်ဂန်နဲ့ ပိုင်ရှန်ကြား ဂရုတစိုက် ပူးပေါင်းနေကြပါတယ်။ သူတို့က ကျွန်တော်နဲ့ တခြားဟက်ကာတွေကို ပိုင်ရှန်နဲ့ ကူညီပြီး ဟန်ကျန်း အန်လင်းက လူတစ်ယောက်ကို ကိုင်တွယ်စေချင်နေတာ။ အရှင်တော့ ဖမ်းခိုင်းပေမဲ့ အကြောင်းအရာကို သေချာမသိပါဘူး”

ရှဉ့်မှ တုံ့ဆိုင်းလျက် ပြောလေသည်။

“လင်းချွမ်ဆိုတာလား”

လင်းချွမ် ပြုံး၍ မေးလိုက်၏။

“ဟုတ်ပါတယ်”

“ဘာမှ စိတ်မပူနဲ့။ ပုံမှန်အတိုင်း ရဲရဲသာ ဆက်သွား။ လင်းချွမ်က မင်းရဲ့ ခြေနင်း ဖြစ်လာလိမ့်မယ်”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။

ရှဉ့်မှာ လင်းယုန်ကို လင်းချွမ်ဟု မသိပေ။

ထို့ကြောင့် လင်းချွမ်အတွေးကို နားမလည်နိုင် ဖြစ်နေ၏။

“အဲ့တာ လင်းချွမ်ကို ဒုက္ခမရောက်ဘူးလား။ ကျွန်တော် သိသလောက်တော့ မော်ဂန်နဲ့ ပိုင်ရှန်က လင်းချွမ်ကို တော်တော် မကျေနပ်တာမလား။ လင်းချွမ်သာ သူတို့လက်ထဲ ရောက်သွားရင် ပိုပြီး အန္တရာယ်များမယ် ထင်တယ်”

ရှဉ့် အံ့ဩစွာ ပြော၏။

“ဘာမှ အရမ်း မတွေးပါနဲ့။ လင်းချွမ်ဘက်ကို ကျွန်တော်တို့ အားလုံး စီစဉ်ပြီးပြီ။ တာဝန်အတိုင်းသာ ဆက်လုပ်ပါ”

လင်းချွမ် ရှဉ့်အား စိတ်အေးအေးထားရန် နှစ်သိမ့်လေသည်။

“ကောင်းပါပြီ”

“သူတို့ အစီအစဉ် အတိအကျကို ပို့ပေးပါဦး”

လင်းချွမ်မှ ပြောလိုက်၏။

ခဏအတွင်း ရှဉ့်မှ သူဌေးကျောက်နှင့် ဆွေးနွေးထားသော လျှို့ဝှက်အစီအစဉ်အား ပို့ပေးလိုက်လေသည်။

လင်းချွမ် သေချာကြည့်နေသည်။

အထူးသဖြင့် ရှဉ့်၏တာဝန်မှာ ပိုင်ရှန်အုပ်စုအား ကူညီ၍ လင်းချွမ်၏အကောင့်ထဲ ထိုးဖောက်ကာ အချက်အလက်များ ရယူရန် ဖြစ်သည်။

လင်းချွမ် ဖတ်ကြည့်ပြီးနောက် ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“နားလည်ပါပြီ။ အားလုံး ထင်ထားတဲ့အတိုင်းပါပဲ”

“ဒါနဲ့ ကျွန်တော် သတင်းတချို့ မတော်တဆ ကြားလိုက်တာ ရှိတယ်”

ရှဉ့်မှ ပြော၏။

“ဘာသတင်းလဲ”

“ပိုင်ရှန်အုပ်စုက လင်းချွမ်ကို တိုက်ခိုက်ဖို့ စပြီး လှုပ်ရှားနေပြီတဲ့။ အသေးစိတ်တော့ မပြောတတ်ဘူး”

“ကောင်းပြီ။ နားလည်ပါပြီ”

လင်းချွမ် ထို့နောက် ရှဉ့်နှင့် စကားစပြတ်သွားလေ၏။

တစ်ချိန်တည်းတွင် ပြောခဲ့ပြီးသော အကြောင်းအရာများအား အလိုအလျောက် ဖျက်ပစ်လိုက်သောကြောင့် မည်သူမျှ ရှာမတွေ့အောင် ခြေရာပျောက်သွားသည်။

ထို့နောက် လင်းချွမ်တစ်ယောက် ကွန်ပျူတာရှေ့ရှိ ထိုင်ခုံတွင် မှီထိုင်လျက် နံရံကို ငေးကြည့်ကာ အတွေးလွန်နေ၏။

ပိုင်ရှန်အုပ်စုမှ သူ့ကို ကြံစည်နေခြင်းသည် အံ့ဩစရာတော့ မဟုတ်ပါ။

ခရိုနေးကိစ္စဖြင့်လည်း ရောက်လာပြီး ဖြစ်ပါသည်။

ယခုအခါ ရှဉ့်မှ ထပ်အကြောင်းကြားခြင်းသည် နောက်ထပ် လှုပ်ရှားမှု ရှိနေသည့်သဘောပင်။

ခရိုနေး၏ ပထမအကြိမ် ကျရှုံးမှုကြောင့် ပိုင်ရှန်အုပ်စုမှာ ဒုတိယတစ်ခေါက် ကြိုးစားရာတွင် ပို၍ ပြီးပြည့်စုံကောင်းမွန်စေရန် ပြင်ဆင်လိမ့်မည်။

“ဒီတစ်ခါတော့ အပြင်အကူအညီ မယူဘဲ အဖွဲ့ထဲကလူနဲ့ပဲ အန်လင်းမှာ သုံးမယ်ထင်တယ်”

လင်းချွမ် ခန့်မှန်းနေလေသည်။

ဘယ်လို စီစဉ်မှာပါလိမ့်။

လင်းချွမ်မှာ ပိုင်ရှန်၏ တာဝန်ရှိသူတစ်ဦးအနေဖြင့် ဝင်ခံစား၍ တွေးကြည့်နေသည်။

ဤသည်မှာ လင်းချွမ်၏ အကျင့်ဖြစ်ပါသည်။

ထိုစရိုက်ထဲ ဝင်ကြည့်၍ စဉ်းစားတတ်လေ၏။

သူ အရင်ဆုံး စာရွက်အလွတ်တစ်ခု အလယ်တွင် လင်းချွမ်ဟု ရေးလိုက်သည်။

ထို့နောက် ရှင်းရှင်း၊ ချန်းချန်း၊ ချင်းချင်း၊ ယုယွီ၊ အန်ဂျလီနာ၊ လီချင်း၊ ဝမ်ကျီခန်တို့အား ရံ၍ ရေး၏။

လင်းချွမ်တွေးမိသည်မှာ ရန်သူမှ ဉာဏ်အတော်ကောင်းလျှင် သေချာပေါက် ရန်သူအကြောင်း ကောင်းကောင်းသိခြင်းမှာ တိုက်ပွဲ ၁၀၀ ကို အောင်နိုင်သည်ဟူသည့် ဆိုရိုးအား ကြားဖူးပေမည်။

ပိုင်ရှန်အုပ်စု၏ ဆုံးဖြတ်ချက်ချနိုင်သူမှာ မရူးမိုက်လောက်ချေ။

ထို့ကြောင့် ထိုဆုံးဖြတ်ချက်ချသူ သူဌေးကျောက်သည် လင်းချွမ်အကြောင်း သေချာ စုံစမ်း၍ အချိန်ကိုက်မှ ချက်ချင်း ဝင်လှုပ်ရှားလိမ့်မည်။

တရားခံ၏ အမြင်ကိုလည်း ကြည့်ထားမှ အဆင်ပြေမည် ဖြစ်သည်။

ထိုအခါ မှုခင်းအခြေအနေကို ကောင်းကောင်း နားလည်ပြီး ဖြေရှင်းရာ၌ အတော်လေး အထောက်အကူ ဖြစ်လိမ့်မည်။

“ချန်းချန်းနဲ့ ချင်းချင်းက ရဲမေတွေဆိုတော့ သူတို့နားတော့ လုံးဝ ကပ်ရဲမှာ မဟုတ်ဘူး”

လင်းချွမ် သူတို့အမည်နားတွင် တြိဂံပုံအသေးလေးများ ဆွဲထားလိုက်သည်။

ပိုင်ရှန်အုပ်စုမှ ရဲဝန်ထမ်းများအား တိုက်ခိုက်ရင်း မိသွားလျှင် ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဒုစရိုက်အဖွဲ့ကြီးအား ဖျက်ဆီးရန်မှာ သက်သေ လိုအပ်ပါသည်။ တိုက်ခိုက်ရာတွင် အစီအစဉ် လိုသကဲ့သို့ ပုန်ကန်မှု၌ မိတ်ဖက် ရှိရပေမည်။

ထို့ကြောင့် ရဲမေများကို လုံးဝ မထိလောက်ဘဲ ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့မှာ ဘေးကင်းပါသည်။

လင်းချွမ် ယုယွီအမည်ဘေးတွင်လည်း တြိဂံပုံဆွဲလိုက်သည်။

“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်က ယုယွီကလည်း မိုတုမှာဆိုတော့ ဒီနဲ့ အရမ်းဝေးတယ်။ ပိုင်ရှန်အုပ်စုအနေနဲ့ အများကြီး အားထုတ်ရမှာ။ ယုယွီလည်း အန္တရာယ် မရှိဘူး”

ကျန်သည့် ရှင်းရှင်း၊ အန်ဂျလီနာ၊ လီချင်း၊ ဝမ်ကျီခန်တို့မှာ ပိုင်ရှန်အုပ်စုမှ ချဉ်းကပ်လာနိုင်သူများ ဖြစ်သည်။

လင်းချွမ် ရှင်းရှင်းအမည်ကို ဝိုင်း၍ အရေးကြီးကြောင်း ပြထားလိုက်သည်။

ထို့နောက် သူ ခဏစဉ်းစားကာ ဝမ်ကျီခန်အား စာပို့လိုက်သည်။

“အစ်ကိုဝမ် ဒီတစ်လော ဘယ်လိုလဲ”

မထင်မှတ်စွာဖြင့် ချက်ချင်း စာပြန်လာသည်။

“ချီချီနဲ့ ငါလည်း ဟိုတစ်လောက အိမ်လိုက်ရှာနေတာလေ”

“သတင်းကောင်း ရှိနေပြီလား”

လင်းချွမ် မျက်ခုံးပင့်ကာ မေးမိသည်။

ဒီလူ တော်တော်လျင်တာပဲ။

All Chapters