ဟက်ကာအဖြစ် ခေါ်ယူခြင်း
Vol. 35 Ch. 520
ကျားကြီးမှာ မေးစေ့ကို လက်ဖြင့် ပွတ်သပ်ရင်း အတွေးများ တစ်ခုပြီးတစ်ခု သေချာစဉ်းစားနေသည်။
“မဟုတ်သေးဘူး။ မဟုတ်သေးဘူး”
ကျားကြီး ရုတ်တရက် ထပြော၏။
မှန်ပါသည်။ သူ့ရန်သူမှာ လင်းချွမ် ဖြစ်ပြီး အရင်က ကြုံခဲ့ဖူးသူများနှင့် ကွဲပြားလေသည်။ ရန်သူ၏ အမြင်နှင့် လုပ်ဆောင်ချက်များမှာ သူ့ထက် ပိုအားကောင်းနိုင်၏။
အားနည်းသူမှ အင်အားကြီးသူအား အနိုင်ရရှိသွားသော ဥပမာများစွာ ရှိသော်လည်း အစီအစဉ်တကျ စဉ်းစားလျှင် မလွယ်လှပေ။
ထို့အပြင် အားနည်းသူမှ အနိုင်ရရန် အားကြီးသူ၏ ပူးပေါင်းပါဝင်မှုလည်း လိုသေး၏။
လင်းချွမ်မှာ ပူးပေါင်းပေးမည်လား။
“သူဌေး ကျွန်တော်တို့ဘက်က အရင် လှုပ်ရှားလိုက်ရင်ရော”
ရှောင်ယန်မှ ကျားကြီး၏ ထိုပုံစံကို မကြည့်နိုင်တော့ဘဲ အကြံပေးလိုက်သည်။
“စလှုပ်ရှားမယ်ဆိုတာ ဘာကို ပြောတာလဲ”
“အဲ့တာက သူ့လိမ်နည်းတွေက ဘာမှမဟုတ်ကြောင်း တိုက်ရိုက်ပြောပြီး ရန်စတာမျိုးပေါ့။ သူ တကယ် သက်သေမပြရင် မယုံဘူးဆိုပြီး”
ရှောင်ယန် သတိထား၍ ဖြည်းဖြည်းချင်း ပြောလေသည်။
“အဲ့တာက အရမ်း ရူးမိုက်ရာမကျဘူးလား”
ကျားကြီး သူ့ခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ရှောင်ယန် ခေါင်းငုံ့လျက် ဘာမှဆက်မပြောနိုင်တော့ချေ။
ထိုအကြံဉာဏ်မှာ အမှန်ပင် အန္တရာယ်များ၏။ လင်းချွမ်အနေဖြင့် ချက်ချင်း သတိထားမိသွားနိုင်သည်။
“သူဌေး ကျွန်တော် သိပြီ”
ယောကျဲမှ ရုတ်တရက် ထပြောသည်။
ကျားကြီး သူ့ကို လှမ်းကြည့်၍
“ပြောလေ”
ယောကျဲမှ
“လင်းချွမ်ကို ကျွန်တော်တို့ ကွန်ပျူတာတွေ ပြင်ခိုင်းမယ်။ ဗိုင်းရပ်စ် ဝင်နေသလိုမျိုးပေါ့။ ၇၂၀ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လာတိုက်ခိုက်တဲ့ရန်သူတွေအတွက် ဆိုပြီးလေ။ ရိုးရိုးဝန်ထမ်းတွေ လုပ်နိုင်မှာမျိုး မဟုတ်ရင် လင်းချွမ် ကိုယ်တိုင် ရောက်လာရမှာပဲမလား”
ကျားကြီး မျက်လုံးအရောင်လက်သွားပြီး
“ဒီအကြံ ကောင်းသားပဲ”
ရှောင်ယန် အနည်းငယ် ရှုံ့မဲ့သွားကာ သတိပေးလေသည်။
“သူဌေး လင်းချွမ်က AW ကို ရှင်းပစ်ထားတာ မကြာသေးဘူးနော်”
အင်း…
ကျားကြီးအပြုံး ချက်ချင်းတံ့၍ ရှက်သွား၏။
လင်းချွမ်ကို ယှဉ်နိုင်မည့် ဟက်ကာ ရှာရန်မှာလည်း စိန်ခေါ်မှု များလွန်းသည်။
သူဌေးကျောက်ကို မေးကြည့်ရမယ်။ သူ မော်ဂန်အုပ်စုနဲ့ ပေါင်းပြီး ဟက်ကာအထောက်အပံ့ ရထားတယ်လို့ သတင်းကြားတယ်။
“မင်းတို့ အောက်မှာ စောင့်နေကြ”
ယောကျဲနှင့် ရှောင်ယန်တို့ ရုံးခန်းထဲမှ ထွက်သွားလေသည်။
ထို့နောက် ကျားကြီးမှာ လျှို့ဝှက်ဖုန်းတစ်လုံးကို ဆက်လိုက်တော့၏။
“သူဌေးကျောက် ကျွန်တော် အားဟူပါ”
“အားဟူ ဘာကိစ္စလဲ”
ဖုန်းထဲမှ သူဌေးကျောက်အသံမှာ တည်ငြိမ်၍ ယုံကြည်ချက်ရှိရှိပုံစံ ပေါ်လေသည်။
ကျားကြီးလည်း လက်ရှိအခြေအနေကို တင်ပြလိုက်၏။
သူဌေးကျောက် ခဏစဉ်းစား၍
“မင်းအကြံက မဆိုးပါဘူး။ ဟက်ကာ တိုက်ခိုက်မှုပါ ထည့်ပြီး စီစဉ်လိုက်လေ”
“ကျွန်တော်တို့ ဟက်ကာတွေရော”
“ဟက်ကာအပိုင်းက စိတ်မပူနဲ့။ မင်းကိစ္စ အဆုံးသတ်ဖို့ပဲ အာရုံစိုက်ထား”
သူဌေးကျောက်မှ ဩဇာအပြည့်ဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့။ နားလည်ပါပြီ”
ကျားကြီး ပြုံးရွှင်သွား၏။
ပိုင်ရှန်အုပ်စုတွင် သူ သူဌေးကျောက်ရှိနေ၍ ယုံကြည်ချက်ရှိနေခြင်း ဖြစ်သည်။
ယခု သူဌေးကျောက်ခွင့်ပြုချက်ဖြင့် ဆက်သွားနိုင်လေပြီ။
လင်းချွမ်ကို ဖမ်းဆီးရန်မှာ သူဌေးကျောက်၏ ဦးစားပေးကိစ္စဖြစ်သောကြောင့် သူ စိတ်တော့မပေါ့ရဲပါ။
…
ညဉ့်နက်လာသောအခါ လေညင်းများမှ တဖြည်းဖြည်း ပြင်းထန်လာသည်။
သစ်ပင်ကြီးများ၏ အရိပ်များ ယမ်းခါ၍ လမ်းမီးတိုင်များသည် အမှောင်ထုကို ကြိုးစားထိုးဖောက်နေရသည်။
လင်းချွမ်တစ်ယောက် အိမ်ပြန်ရောက်နေပြီး ညဉ့်နက်ချိန်အထိ အလုပ်ရှုပ်နေသည်။
မော်ဂန်အုပ်စုနှင့် ပိုင်ရှန်အုပ်စုကို ဖျက်ဆီးရေးအဖွဲ့တွင် ခေါင်းဆောင်ဖြစ်နေသည့် အလျောက် အင်တာပိုမှ လီထုန်နှင့် ချင်ယွန်းတို့ကို ဆက်သွယ်ကာ ဒီကြားထဲ ရသမျှ အချက်အလက်များကို မျှဝေရလေသည်။
မော်ဂန်အုပ်စုနှင့် စတင်ရလျှင် လက်ရှိ လူးကပ်စ်၏ လှုပ်ရှားမှုများ၊ သူ့ပတ်ဝန်းကျင်မှ လက်နက်ကိုင်များ၊ လက်နက် သိုလှောင်ရာ နေရာများ၊ အာရှ-ပစိဖိတ် ဒေသမှ မော်ဂန်အုပ်စု ခေါင်းဆောင်ပိုင်းစာရင်းများနှင့် သက်သေများ ဖြစ်သည်။
လီထုန်မှာ ကျောက်ဟိုင်ဖျင်ကို တစ်ဆင့် ဆက်သွယ် တင်ပြရပါသည်။
“ခေါင်းဆောင် အကြီးအကဲကျောက်က ပြောပါတယ်။ ကျွန်မတို့ မကြာခင်စလှုပ်ရှားလို့ ရပေမဲ့ ကွန်ယက်စောင့်ကြည့်ရေးတွေကို တားဖို့တော့ လိုတယ်ပြောတယ်”
လီထုန် ချက်ချင်း ပြောပြ၏။
“ရပါတယ်။ ဒါက ကိစ္စမရှိပါဘူး”
လင်းချွမ် ရယ်မော၍ ပြန်ဖြေလိုက်သည်။
မော်ဂန်အုပ်စု စုံစမ်းရေးမှာ သူ အတော် နားလည်ထားပြီးဖြစ်ကာ လက်ရှိ ဆက်လက် စစ်ဆေးခြင်းသည် အမှားမရှိတာ သေချာစေရန် ဖြစ်၏။
ယခုအခါ နောက်ဆုံးတော့ မြှားကိုပစ်ရန် အသင့်ဖြစ်နေလေပြီ။
နောက်ထပ် ပိုင်ရှန်အုပ်စု။
လင်းချွမ်၍ ပိုင်ရှန်အုပ်စုအပေါ် စစ်ဆေးခြင်းမှာ အစပိုင်းအဆင့်သာ ရှိသေးသည်။ အများအားဖြင့် ရှဉ့်၏ သတင်းပေးမှုများ ဖြစ်၏။
ရှဉ့်သာ မရှိလျှင် အစီအစဉ်လည်း ပိုကြန့်ကြာသွားနိုင်သည်။
ယခုတော့ ရှဉ့်မှာ အတွင်းပိုင်းထဲ ပိုရောက်လာပြီး သူဌေးကျောက်၏ ယုံကြည်ချက်သာ ရရှိလျှင် အချက်အလက်များ ပိုရလာနိုင်သည်။
ထိုအခါ သူဌေးကျောက်ကို ဖျက်ဆီးနိုင်လေပြီ။
ပိုင်ရှန်အုပ်စုမှာတော့ ထည့်ပြောနေရန်ပင် မလိုတော့။
…
နေ့နှင့်ညတို့ ပြောင်းလဲသွားသည်။
လင်းချွမ်မှာ မနက်ပိုင်း၌လည်း အလုပ်ရှုပ်နေဆဲပင်။
နေ့လယ် (၃) နာရီမှ မီးခိုးရောင် ဝတ်စုံကို ဝတ်၍ ဦးလေးကျန်းနှင့် ချိန်းထားသောနေရာသို့ ထွက်လာခဲ့၏။
ယွီမင် စားသောက်ဆိုင်။
လင်းချွမ် ထိုနေရာကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပါသည်။
ညနေစောင်းနေမှာ ရွှေရောင်ခြည်ကဲ့သို့ ဝင်းဝါလျက် တိတ်ဆိတ်သော လမ်းငယ်လေးထဲသို့ အရှိန်မြှင့်မြှင့် ကျရောက်ကာ ယွီမင်စားသောက်ဆိုင်ထဲမှ သစ်ပင်များလည်း စိမ်းလန်းစိုပြည်နေ၏။
လင်းချွမ်နှင့် ကျန်းတီတို့ တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး၏ လမ်းညွှန်မှုအတိုင်း လိုက်သွားကြပြီး အစည်းအဝေးခန်းမကဲ့သို့ အခန်းထဲ ရောက်လာကြသည်။
သူ သီးသန့်ခန်းဖြင့်သာ တွေ့ဆုံလေ့ရှိပြီး ယခုလိုအခန်းကို ပထမဆုံး ရောက်ဖူးခြင်း ဖြစ်၏။
လင်းချွမ် ဘေးဘီကိုကြည့်မိသည်။
ကျယ်ဝန်းသော အခန်းထဲ၌ ရှေးဟောင်းပုံစံ ပြင်ဆင်ထားပြီး စားပွဲ (၆) လုံး ချထားကာ လောင်းကစားတိုက်ဖျက်ရေး ကမ်ပိန်းအတွက် ဆိုင်ဘက်မှ ပြင်ဆင်ပေးထားမှန်း သိသာလှသည်။
ထိုအချိန်တွင် စားပွဲအားလုံး နေရာပြည့်နေပြီး ထောင့်စွန်းတစ်နေရာသာ လွတ်လေသည်။
“ဆရာလင်း”
ချန်မင်မှ လှမ်းခေါ်လိုက်၏။
ထို့နောက် ပြောပြောဆိုဆိုနှင့် သူ့ဆီလျှောက်လာပြီး နှုတ်ဆက်လေသည်။