လိပ်စာကဒ် လဲလှယ်ခြင်း
Vol. 35 Ch. 521
လင်းချွမ် ခေါင်းငြိမ့်ပြကာ ပြန်နှုတ်ဆက်လိုက်သည်။
“ဆရာချန် ထပ်တွေ့ရပြီနော်”
“မနေ့တည်းက အစ်ကိုကျန်းပြောလို့ ကြားပါတယ်။ အပြင်က အကူအညီ ခေါ်လာမယ်ဆိုတော့ ဆရာလင်းလို့ မှန်းထားတာ။ တကယ် ဟုတ်နေတာပဲ”
ချန်မင် ရယ်မော၍ ပြော၏။
“ကျွန်တော်လည်း လောကကြီးထဲ ထွက်ကြည့်ပြီး အတွေ့အကြုံအသစ်တွေ ယူရအောင် လာခဲ့တာပါ”
ချန်မင် ပြုံးလျက်
“စာအုပ်အသစ် ရေးဖို့ ပြင်နေတာလား”
လင်းချွမ် ရယ်မောနေမိ၏။
ထို့နောက် ထောင့်နားရှိစားပွဲကို ခေါ်သွားရာ လူတစ်ယောက်ကို တွေ့ရလေသည်။ ချန်မင်မှ မိတ်ဆက်ပေး၏။
“ဒါက ဥက္ကဋ္ဌယောတဲ့။ ကျွန်တော်တို့ အန်လင်း စီးပွါးရေးလောကမှာတော့ နာမည်ကြီးတယ်။ ဥက္ကဋ္ဌယော ဒါကတော့ အန်လင်းရဲ့ လောင်းကစားဘုရင် လင်းချွမ်ပါ”
ယောကျဲ ချက်ချင်းပြုံး၍
“လောင်းကစားဘုရင်လား။ ကျွန်တော် အများကြီး လေးစားခဲ့ရတာပါ”
လင်းချွမ် ခေါင်းငြိမ့်ပြကာ ပြန်နှုတ်ဆက်လိုက်သည်။
ထို့နောက် နေရာတွင် ဝင်ထိုင်လိုက်ကြ၏။
“ဥက္ကဋ္ဌယောက နည်းနည်း လောင်းကစားစွဲနေတယ်လို့ ကြားတယ်”
ယောကျဲ နေရခက်စွာ ရယ်မော၍
“စိတ်မထိန်းနိုင်ဘဲ နည်းနည်း ဆော့မိတာပါ။ အခုက မိန်းမက ကြိုစာရင်းပေးထားတယ်ဆိုလို့ မတတ်နိုင်ဘူးလေ။ သူ့က စည်းကမ်းတင်းကြပ်တယ်”
သူ့စကားကြောင့် ချန်မင်နှင့် ကျန်းတီတို့ပါ ရယ်မောမိလေသည်။
အချင်းချင်း ဆက်ဆံရေးလည်း ပိုသွက်လက် ပေါ့ပါးလာ၏။
“လောင်းကစားဖြတ်ဖို့က ပိုင်ရှင်အပေါ် မူတည်တယ်ထင်တယ်”
ယောကျဲပြုံး၍
“မိန်းမကို တစ်ယောက်ယောက် နားချနိုင်ရင် ရပြီ။ သူက အိမ်မှာ ဆရာကြီးလေ”
“ဟားဟား အမှန်တော့ လောင်းကစားဖြတ်တာ လွယ်ပါတယ်ဗျာ”
“ဘာကို ဆိုလိုတာလဲ”
“ကျွန်တော် လောင်းကစားသမားတွေ အများကြီး တွေ့ဖူးတယ်။ သူတို့မှာ တူတဲ့အချက် ရှိတယ်လေ”
“ဘာလဲ”
“သူတို့မိန်းမတွေကို မကြောက်တာ”
ယောကျဲ သူ့အကြည့်ကြောင့် နေရခက်လာသည်။
“ဘာလို့လဲဗျ”
လင်းချွမ် ရယ်မောကာ
“လောင်းကစားသမားအစစ်က ဘာကိုမှ စိတ်မဝင်စားဘူး။ ဒီလောင်းကစားကိုပဲ တွေးနေတာ။ ပွဲမှာနိုင်ဖို့ ဘာမဆို လုပ်မှာပဲ”
“အဲ့တာလည်း အဓိပ္ပာယ်ရှိပါတယ်”
ကျန်းတီမှ ဝင်ပြော၏။
လင်းချွမ်ဆက်၍
“အဲ့တော့ မိန်းမကိုကြောက်တဲ့သူက ဖြတ်မိမှာပဲ။ ဒီကမ်ပိန်းထဲလာစရာတောင် မလိုဘူး”
ယောကျဲ အကြည့်လွှဲလျက်
“အဲ့တာဆို ကျွန်တော်က လောင်းကစားဖြတ်စရာ မလိုဘူးပေါ့”
“ခင်ဗျားမိန်းမသာ ကာစီနိုဝင်ပေါက်မှာ လာစောင့်နေပြီး ကြောက်တတ်မယ်ဆိုရင် ဖြတ်စရာလိုဦးမလား”
လင်းချွမ် ထပ်မေးလေသည်။
“မလိုလောက်ဘူးပေါ့”
“လောင်းကစားနည်းတွေ လိမ်နည်းတွေဆိုတာ အရေးမကြီးပါဘူး။ ခင်ဗျား နောက်ရော ဆက်ဆော့ဦးမှာလား”
ယောကျဲ ခေါင်းယမ်းကာ
“တစ်ခါတစ်လေပေါ့”
“နည်းနည်းလား များများလား”
“နည်းနည်းပါပဲဗျာ။ နည်းနည်းပါးပါး လောင်းတာက ပျော်စရာကောင်းတယ်လေ။ ပြဿနာလည်း မရှိဘူး”
“ကောင်းပါပြီ။ လောင်းကစားဖြတ်နိုင်သွားတာ ဂုဏ်ယူပါတယ်ဗျာ”
လင်းချွမ် လက်ဆွဲနှုတ်ဆက်လိုက်သည်။
သူတို့စကားကို နားထောင်ရင်း ချန်မင်နှင့် ကျန်းတီတို့ စွံ့အနေကြ၏။
ပြီးသွားပြီလား။
သူတို့ (၂) ယောက် စထိုင်သည်မှာ (၂) မိနစ်မျှသာ ရှိသေးသည်။
တကယ် ပြတ်သွားပြီလား။
“ဂုဏ်ယူပါတယ် ဥက္ကဋ္ဌယော။ ဆရာလင်းရဲ့ လမ်းညွှန်မှုနဲ့ ပင်လယ်ထဲက ရုန်းထွက်နိုင်ခဲ့ပြီ”
ချန်မင် သတိပြန်ဝင်လာပြီးနောက် ချီးကျူး၍ ပြောလိုက်၏။
ယောကျဲ ခေါင်းငြိမ့်ပြကာ
“ဟုတ်ပါတယ်။ ဆရာလင်းစကား နည်းနည်း ပြောတာနဲ့ သဘောပေါက်သွားရော။ တကယ် လေးစားမိပါတယ်”
ချန်မင်မှ
“ဥက္ကဋ္ဌယော မသိသေးလို့။ လင်းချွမ်က ဒီတစ်ခုတည်း မဟုတ်ဘူး။ အန်လင်းရဲ့ နည်းပညာလုံခြုံရေး ဦးဆောင်သူလည်း ဟုတ်တယ်”
လင်းချွမ် လက်ယမ်းလျက်
“မြှောက်လွန်းနေပါပြီဗျာ”
ယောကျဲ အံ့ဩသွားသလိုဖြင့်
“နည်းပညာလုံခြုံရေးမှာလား”
သူ လေးစားအားကျစွာ ငေးကြည့်ရင်း
“ဒါရိုက်တာလင်းကို ဒီလောက် ထူးချွန်မယ် မထင်ထားမိဘူးဗျာ။ နောက်လည်း အခွင့်အရေးကြုံရင် အကူအညီတောင်းချင်ပါတယ်။ အနှောင့်အယှက်ဖြစ်တယ် မထင်ပါနဲ့နော်”
လင်းချွမ် လက်ထပ်ယမ်းလျက်
“မဟုတ်တာဗျာ”
ထို့နောက် လိပ်စာကဒ် အပြန်အလှန်ပေး၍ ရင်းရင်းနှီးနှီး ပြောဆိုနေကြ၏။
ကျန်းတီမှာတော့ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
ယွီမင်ဆိုင်ထဲမှ ထွက်လာပြီးနောက် မနေနိုင်တော့ဘဲ မေးလိုက်၏
“လင်း မင်း ဘယ်လိုမှော်အစွမ်းတွေများ သုံးလိုက်တာလဲ”
“မှော်ဆိုတာ အနောက်တိုင်းအယူအဆတွေပါ။ ကျွန်တော်က အရှေ့တိုင်းရဲ့ ထူးခြားတဲ့စွမ်းအင်ပဲ သုံးလိုက်တာ”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
“တကယ်သိချင်တာ။ ဘယ်လိုလုပ် စကားနည်းနည်း ပြောရုံနဲ့ အဆင်ပြေသွားတာလဲ”
“ဘာလို့သိချင်တာလဲ”
“မိုက်တယ်လေကွာ”
သူ့စိတ်ထဲတွင် ထိုမျှလွယ်သောနည်းကို သူလည်း တတ်မြောက်ချင်နေသည်။
“အမှန်တော့ သူက လောင်းကစားဖြတ်ဖို့ လာတာ မဟုတ်ဘူး။ အဲ့တာကြောင့် ဖြတ်စရာလည်း မလိုဘူး”
“ဟင်”
ကျန်းတီ ပို၍ နားရှုပ်သွား၏။
“ကျွန်တော်ပြောတာတွေက တမင်ပြောလိုက်တာ။ ဒါပေမဲ့ သူက အလိုက်သင့်ပြန်ပြောတော့ မြန်သလို ဖြစ်သွားတာ”
“ငါတော့ နားမလည်တော့ပါဘူးကွာ”
ကျန်းတီ ခေါင်းကုတ်လျက်
“သူက ဘာလို့လာတာလဲ ဒါဆို”
“ကျွန်တော့် လွှမ်းမိုးမှုကြောင့် နေမှာပေါ့”
လင်းချွမ် နောက်ပြောင်၍ ထပ်ပြောသည်။
ထို့နောက် ဆက်မပြောဘဲ အိတ်ကပ်ထဲမှ လိပ်စာကဒ်ကို ထုတ်ကာ တွေးနေသည်။
“ဥက္ကဋ္ဌယောရယ် ခင်ဗျားသရုပ်ဆောင်တာကလည်း ညံ့လိုက်တာ”
ကဒ်ထဲတွင် အင်တာနက်ဆိုင်ဟု ရေးထားပြီး သူ့မျက်လုံးများမှာ စတွေ့တည်းက မတည်ငြိမ်ဘဲ အပြစ်ရှိသလို ဖြစ်နေသည်။
ယခု တာဝန်ထမ်းဆောင်နေခြင်း ဖြစ်နိုင်၏။
လင်းချွမ် ရှဉ့်၏ သတင်းပေးမှုများနှင့် ပြန်ဆက်စပ်လိုက်သောအခါ ယောကျဲသည် ပိုင်ရှန်မှလူ ဖြစ်မည်ဟု ကောက်ချက်ချမိသည်။
“ငါ့ကို ဘာလို့ လိပ်စာကဒ် ပေးသွားရတာလဲ”
ထိုအချက်ကိုတော့ သူစဉ်းစားမရသေးပေ။
ဒီကဒ်ကနေ နောက်တစ်ဆင့်ထပ်သွားဖို့ ကြိုးစားမှာလား။