← Chapters

အချက်အလက်တွေ ဘယ်လိုရတာလဲ

Vol. 35 Ch. 522

အချက်အလက်တွေ ဘယ်လိုရတာလဲ

Vol. 35 Ch. 522

(၃) ရက်ဆက်တိုက် ကုန်ဆုံးပြီးနောက်။

လောင်းကစားစွဲနေသော ယောကျဲကို စောင့်ကြည့်နေသော ကျန်းတီတစ်ယောက် ယောကျဲ၏ ထူးခြားမှုတစ်စုံတစ်ရာကို မတွေ့ရချေ။ လင်းချွမ်ကိုလည်း မဆက်သွယ်လာသေး။

ထို့ကြောင့် လင်းချွမ်ကိုယ်တိုင်ပင် မထင်မှတ်ထားသော အခြေအနေ ဖြစ်နေသည်။

ပိုင်ရှန်အုပ်စုမှာ အနေအထားကို မည်သို့ ထိန်းညှိရမည်အား ကောင်းကောင်း နားလည်ပါသည်။

သို့သော် အင်တာပို၏ လီထုန်ထံမှ သတင်းရလာ၏။

မနက်စောစောတွင် လင်းချွမ် အန်လင်းရဲစခန်းထဲသို့ ဝင်လာပြီး အင်တာပို ယာယီရုံးခန်းထဲ လျှောက်လာသည်။

အထဲတွင် လီထုန်နှင့် ချင်ယွန်းတို့ စောင့်နေသည်မှာ ကြာလေပြီ။

(၃) ယောက်သား အတူဝိုင်းထိုင်လိုက်ကြ၏။

လီထုန် လင်းချွမ်ကိုကြည့်ကာ အရင်စပြောသည်။

“ခေါင်းဆောင် လွန်ခဲ့တဲ့ (၂) ရက်လောက်က ရှင်စုထားတဲ့ အချက်အလက်တွေကို ဆရာကျောက်ဆီ ပို့လိုက်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“သူက ဘာပြောလဲ”

လီထုန် ရယ်မောလျက်

“ဆရာကျောက်ကတော့ အချိန်မရွေး စလှုပ်ရှားဖို့ အသင့်ပဲတဲ့”

“ဒါဆို အတည်ပြုစာပဲ စောင့်ရတော့မှာပေါ့”

လင်းချွမ် တောက်ပစွာ ပြုံးမိ၏။

ထိုရက်ပိုင်းအတွင်း လင်းချွမ်မှာ မော်ဂန်အုပ်စုမှ ရရှိသည့်အချက်အလက်များကို လီထုန်ထံ ပေးပို့၍ ကျောက်ဟိုင်ဖျင်အား တစ်ဆင့် တင်ပြစေသည်။

ထိုအချက်မှာလည်း အရေးကြီးသော သက်သေပင်။

ချင်ယွန်းလည်း ဝမ်းသာအားရဖြင့်

“ကျွန်တော်လည်း တိုက်ပွဲအတွက် အသင့်ပဲ”

သူတို့သည် ရှေ့တန်းရဲဘော်များ မဟုတ်သော်လည်း အရေးကြီးတာဝန်များကို ယူထားရသောကြောင့် ချင်ယွန်းတစ်ယောက် အလွန်ဂုဏ်ယူနေမိသည်။

သူတို့သာ မော်ဂန်အုပ်စုကို အပြီးသတ် ဖြိုခွဲနိုင်လျှင် အင်တာပိုသမိုင်း၌ ပါဝင်ပြီး ကျေနပ်စရာပင်။

ငါရယ်၊ အစ်မလီရယ်၊ လင်းချွမ်ရယ်က… အင်း (၃) ယောက်လုံး အရမ်းတော်တာပဲ။

ချင်ယွန်း တွေးနေမိသည်။

“မကြာခင်ပေါ့”

လီထုန် ပြုံး၍ ပြော၏။

ထို့နောက် လင်းချွမ်ဘက်သို့ လှည့်ကြည့်မိလိုက်သည်။

လတ်တလောတွင် ဆိုက်ဘာနည်းပညာ၊ မော်ဂန်အုပ်စုထဲ ထည့်ထားသော သူလျှို စသဖြင့် ထိုအကြောင်းအရာများကြောင့် လင်းချွမ်နှင့် မကြာခဏ ဆက်သွယ်နေရ၏။ ထို့အပြင် လင်းချွမ်၏ ရှဉ့်အပေါ် သာမာန်ဝန်ထမ်းလေးအဖြစ်မှ မော်ဂန်အုပ်စု၏ အရေးကြီးဝန်ထမ်း ဖြစ်သည်အထိ ထောက်ပံ့ပေးမှု၊ ထိုမှတစ်ဆင့် ပိုင်ရှန်ထဲအထိ အရာရောက်လာမှုတို့ကို ရက်ပိုင်းအတွင်း အောင်မြင်အောင် ပြုလုပ်နိုင်ပုံမှာ လီထုန့်အတွက် အလွန်အံ့ဩစရာ ဖြစ်လေသည်။

အထူးသဖြင့် ရှဉ့်၏ အောင်မြင်မှုမှာတော့ ထင်မထားလောက်အောင် ဖြစ်နေတော့၏။

သူလျှိုလုပ်ငန်းက ဒီလိုလုပ်ရတာလား။

အင်တာပိုထဲတွင် လီထုန့်ထံမှ ထိုကဲ့သို့ ချီးကျူးမှုခံရသူ သိပ်မရှိပေ။

ယခုအခါ လီထုန်တစ်ယောက် လင်းချွမ်အကြောင်း သိလာရလေ ပိုလေးစားစရာကောင်းလေ ဖြစ်ပြီး အင်တာပိုအနေဖြင့် မော်ဂန်အုပ်စုကို ပိုမြန်မြန် ဖျက်ဆီးချင်လာ၏။

အပြီးသတ်ချေမှုန်းခြင်း လုပ်ငန်းစဉ်မှာ အောင်မြင်ရန် နီးကပ်လာလေပြီ။

“ကျွန်တော်လည်း မအိပ်ရတာတောင် ကြာပြီဗျာ”

လင်းချွမ် မျက်လုံးများပွတ်ကာ အားရပါးရ ရယ်မောရင်း စနောက်လိုက်၏။

လီထုန်နှင့် ချင်ယွန်းတို့လည်း အချင်းချင်း ကြည့်ကာ ရယ်မောမိကြသည်။

ရုံးထဲ၌ ပျော်စရာ အရိပ်အငွေ့များ လွှမ်းခြုံနေ၏။

လင်းချွမ် သူတို့နှင့် အချိန်ဖြုန်းနေခြင်း မဟုတ်ဘဲ လုပ်ငန်းစဉ်အတွင်း ရာထူးအသီးသီးနှင့် ဆွေးနွေးခြင်းပင်။

လင်းချွမ် သူ ဆွဲထားသော ပုံတစ်ခု ဖြန့်ပြ၍

“ဒီတစ်ခါက အပြီးသတ်တိုက်ပွဲပဲ။ မော်ဂန်အုပ်စုကလည်း အင်အားကြီးတဲ့ အကာအကွယ်တွေ ဆောက်လိမ့်မယ်။ သူတို့ရဲ့ ဆိုက်ဘာ လျှပ်စစ်အပိုင်းတွေမှာ စာတွေအားလုံးကို တားထားဖို့ပေါ့”

“အဲ့တာကြောင့် ဒီလုပ်ငန်းအတွင်း မော်ဂန်အုပ်စုဆီက အချက်အလက်တွေရဖို့တော့ တော်တော် ခက်လိမ့်မယ်”

“အစ်မလီနဲ့ ချင်က အန်လင်းနည်းပညာအဖွဲ့ကို ပြောထားလိုက်ပါ။ ရဲမေရှချင်းချင်းရဲ့ အရည်အချင်းကို အဓိကထားပေါ့”

“အင်တာပိုဘက်က အစီအစဉ်စပြီဆိုရင် ဆက်လုပ်လိုက်ပါမယ်”

လီထုန်နှင့် ချင်ယွန်းတို့ မျက်လုံးအရောင်လေးများ လက်သွားကြသည်။

ထိုကဲ့သို့ အသေးစိတ် ပြင်ဆင်ထားသော လူငယ်လေးကိုလည်း အခြားကမ္ဘာမှ ဂြိုဟ်သားကဲ့သို့ ကြည့်နေမိ၏။

“ဘာလို့ အဲ့လိုကြည့်နေကြတာလဲဗျ”

လင်းချွမ် နေရခက်စွာ မေးလိုက်သည်။

ချင်ယွန်း ပြုံးလျက်

“ရှေးလူကြီးတစ်ယောက်ယောက်ရဲ့ ဝိညာဉ်များ ပူးနေလားလို့ပါ”

“အဲ့တာမျိုးက စိတ်ကူးယဉ် ဝတ္ထုတွေထဲမှာပဲ ရှိတာမလား။ အခုက ခေတ်မီလောကကြီးလေ။ အဲ့လို ပူးတာမျိုးတွေ မရှိပါဘူးဗျာ”

လင်းချွမ် ရယ်မောကာ ပြောလိုက်သည်။

သူ့စကားကြောင့် လီထုန်နှင့် ချင်ယွန်းတို့လည်း အားရပါးရ ရယ်မောမိလေ၏။

…

တစ်ဖက်တွင်။

အင်တာပိုဌာန။

ကျောက်ဟိုင်ဖျင်မှာ အနက်ရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ထောင်လျက် စားပွဲရှေ့တွင် ရပ်၍ ဖုန်းကိုကိုင်လျက် အရေးအကြောင်းများနှင့် မလိုက်ဖက်စွာ တက်ကြွ လန်းဆန်းနေ၏။

ဖုန်းတစ်ဖက်တွင် ပြောနေသူမှာတော့ အရင် အထက်အရာရှိ ပြည်ထဲရေးဝန်ကြီး ဝမ်အန်ဖြစ်လေသည်။

လွန်ခဲ့သော ရက်ပိုင်းက ကျောက်ဟိုင်ဖျင်တစ်ယောက် မော်ဂန်မှ သက်သေများစွာ စုစည်းရရှိထားပြီး ပြင်ဆင်မှုများ ပြီးဆုံးပေတော့မည်။

ထို့အပြင် အခြေအနေအရပ်ရပ်မှ မလွတ်စေရန် အင်အားများစွာ လိုအပ်ပါသည်။

“ဆရာ ပြောပါ”

ကျောက်ဟိုင်ဖျင်မှ ပြော၏။

ဝမ်အန် သေချာစဉ်းစားပြီးနောက်

“မင်းပေးတဲ့ အချက်အလက်တွေကို အသေးစိတ် ကြည့်ပြီးပြီ။ သေချာ လုပ်ထားတာပဲ။ ဒီရက်ပိုင်း အစည်းအဝေးထိုင်ပြီး သေချာ ပံ့ပိုးပေးပါမယ်”

ကျောက်ဟိုင်ဖျင်မျက်နှာ ဝင်းလက်သွားပြီး

“လက်ခံပေးတာ ကျေးဇူးပါဆရာ”

“အရမ်း မလောနဲ့ဦး။ တရားဝင် မစခင် ငါ နားလည်ရမှာတွေ ရှိသေးတယ်”

“ပြောပါဗျ”

ဝမ်အန် ခေါင်းငြိမ့်၍ ဆက်ပြောလေသည်။

“ပြောရရင် ဒီအချက်အလက်တွေက ထိပ်တန်း လျှို့ဝှက်ချက်တွေလေ။ မော်ဂန်အုပ်စု ဒေသဆိုင်ရာ မန်နေဂျာတွေဆီကပဲ ရနိုင်တာ။ မင်းက ဘယ်လိုလုပ် ရတာလဲ”

ကျောက်ဟိုင်ဖျင်မှ

“အန်လင်း ဆိုက်ဘာနည်းပညာဌာနကပါ”

“အန်လင်းကလား”

ဝမ်အန် နားမလည်နိုင် ဖြစ်သွားလေ၏။

All Chapters