ရဲတွေ ဝင်စီးနေပြီ
Vol. 35 Ch. 523
ထို့ကြောင့် ကျောက်ဟိုင်ဖျင်မှ လင်းချွမ် ဦးဆောင်သော အန်လင်းအဖွဲ့အကြောင်း ရှင်းပြရလေသည်။
ဝမ်အန်မှာတော့ ပို၍ နားမလည်နိုင် ဖြစ်လာကာ
“ဒီလင်းချွမ်အကြောင်း ကြားဖူးပါတယ်။ လက်နက် ရှာဖွေရေးအဖွဲ့နဲ့ကိစ္စလေ။ အခု အင်တာပိုမှာ လာရောနေတာလား”
“ဒီကောင်လေးက တကယ်တော်လွန်းတာပါ။ အဲ့လို အရည်အချင်းမျိုး လိုအပ်တယ်”
ကျောက်ဟိုင်ဖျင် အမှန်အတိုင်း ပြောပြသည်။
“ထားပါတော့။ ဒါနဲ့ မော်ဂန်အုပ်စုက အချက်အလက်တွေကိုကျတော့ ဘယ်လို ရတာလဲ”
ကျောက်ဟိုင်ဖျင်မှ
“သူက ထိပ်တန်းဟက်ကာလေ။ ကျွန်တော် သိသလောက်တော့ ကျွန်တော်တို့နဲ့ မပူးပေါင်းခင်တည်းက မော်ဂန်အုပ်စုနဲ့ ကမ္ဘာ့ရန်တွေ။ အများကြီး ထိပ်တိုက်တွေ့ခဲ့ဖူးတယ်။ နောက်ပြီး မော်ဂန်အုပ်စုထဲမှ အခုလုပ်ငန်းအတွက် သူလျှို ထည့်ထားသေးတာ”
ဝမ်အန် ခဏငြိမ်နေပြီးမှ
“သူလျှိုလား”
“ဟုတ်ပါတယ်။ သူ့သူလျှိုက ဘယ်သူလဲ ကျွန်တော်တောင် မသိပါဘူး။ ဒါပေမဲ့ ရိုးရိုးဝန်ထမ်း အဆင့်ကမေ ရာထူးတက်ပြီး ပိုင်ရှန်ထဲအထိ ရောက်အောင် (၃) ရက်အတွင်း လုပ်ပေးလိုက်တာ”
ကျောက်ဟိုင်ဖျင် ရှဉ့်၏ကိစ္စကို အသေးစိတ် ပြောပြနေသည်။
ဝမ်အန် ခဏစဉ်းစားပြီးနောက်
“ဒီကောင်လေးက တော်တော် ထူးခြားတာပဲ။ အဲ့က အချက်တွေရော စစ်ဆေးပြီးပြီလား”
ကျောက်ဟိုင်ဖျင် ချက်ချင်း ခေါင်းငြိမ့်ပြကာ
“ဒီကိစ္စအတွက် အရင်းအမြစ်ရှိသမျှနဲ့ စစ်ဆေး ပို့ဆောင်လိုက်ပါပြီ။ မကြာခင် သက်သေနဲ့ တိတိကျကျ ရမှာပါ”
“ကောင်းပြီ”
ဝမ်အန် ချီးကျူးမိလေ၏။
“မင်းတို့အားလုံး တော်ကြပါတယ်။ ငါလည်း မျှော်လင့်ပြီး စောင့်ကြည့်နေပါမယ်”
ကျောက်ဟိုင်ဖျင် ရင်ခုန်သွားမိသည်။
“ဆရာကလား”
“ဘာလဲ။ ငါ စောင့်ကြည့်လို့ မရဘူးလား”
“မ မဟုတ်ပါဘူးဗျာ”
ကျောက်ဟိုင်ဖျင် ရယ်မောကာ ဖြေလိုက်၏။
“မင်းလည်း အဲ့ကောင်လေးကို စောင့်ကြည့်ထားပေး”
ဝမ်အန်မှ ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဖုန်းချလိုက်ပြီးနောက် ကျောက်ဟိုင်ဖျင် ခပ်ဖြည်းဖြည်း ခေါင်းယမ်း၍ သက်ပြင်းချမိသည်။
ဆရာဝမ်အန်ကြည့်ရသည်မှာ လင်းချွမ်ကို လုယူချင်နေပုံ ရသည်။ သူတို့ အင်တာပိုအတွက် ခက်ခဲပေတော့မည်။
“နောက်ဆုံးတော့ အရည်အချင်းရှိတဲ့သူ ရှာတွေ့သွားပေမဲ့ ကိုယ့်အထက်လူကြီးကလည်း စိတ်ဝင်စားနေတာပဲ။ ငါ ထုတ်မပြလိုက်ရမှာ”
ထို့နောက် ချက်ချင်း အစည်းအဝေးခေါ်၍ ဆွေးနွေးပြီးနောက် အတည်ပြုအမိန့်စာ ထုတ်ပေးလိုက်သည်။
တစ်ချိန်တည်းတွင် အန်လင်း ဆိုက်ဘာနည်းပညာ အဖွဲ့မှလည်း အမိန့်စာ လက်ခံရရှိပါသည်။
“ခေါင်းဆောင် အမိန့် ထွက်လာပြီ”
လီထုန်မှ လင်းချွမ်နှင့် ချင်ယွန်းတို့ကို လှမ်းပြော၏။
လင်းချွမ် ပြုံးသွားပြီး
“နောက်ဆုံးတော့ အချိန်ကျပြီပဲ”
ချင်ယွန်းလည်း အလွန် တက်ကြွသွားသည်။
“ရောက်လာပြီ”
ထိုထဲတွင် ရာထူးအသီးသီးနှင့် တာဝန်ယူရမည့်အပိုင်းများ ပါလေသည်။
အားလုံး ကြည့်ပြီးနောက် လင်းချွမ်မှ
“ကျွန်တော် မှန်းထားတဲ့အတိုင်းပါပဲ။ အစ်မလီက အန်လင်းအဖွဲ့ကို ညွှန်ကြားပါ။ ချင်က အင်တာပိုကနေ အထောက်အပံ့ကောင်း ရတာသေချာအောင် စီစဉ်ပေးပါ။ ဒီည (၇) နာရီမှာ စလှုပ်ရှားမယ်”
လီထုန်နှင့် ချင်ယွန်းတို့ ခေါင်းငြိမ့်လိုက်ကြပြီး
“နားလည်ပါပြီ”
“ခေါင်းဆောင်ကရော”
လီထုန် စိတ်ဝင်တစား မေးလိုက်မိသည်။
လင်းချွမ် သူ့ကိုကြည့်၍ ရယ်မောကာ
“မော်ဂန်အုပ်စုဆိုတာ သာမာန် ဒုစရိုက်အဖွဲ့ မဟုတ်ဘူးလေ။ ဒီတိုက်ပွဲကနေ ပြန်ခုခံရဦးမှာ”
လင်းချွမ်မှာ ခေါင်းဆောင် ပီသစွာဖြင့် အမြင်ကျယ်လှသည်။
မကြာမီ ညတဖြည်းဖြည်း မှောင်လာပြီး ရုံးခန်းနံရံမှ နာရီလေးသည် (၇) နာရီသို့ ရောက်ရှိသွား၏။
ထိုအချိန်တွင် အဖွဲ့မှူး ကျန်းပြောင်၊ ဆိုက်ဘာလုံခြုံရေးဌာနခေါင်းဆောင် ယုရှန်နှင့် အခြားသူများလည်း အသင့်ဖြစ်နေကြလေပြီ။ ရှချင်းချင်းလည်း သူ့နေရာတွင် ထိုင်နေသည်။
ထို့အပြင် ၇၂၀ ကုမ္ပဏီမှ လီချင်းနှင့် အန်ဂျလီနာတို့ပါ ရောက်နေ၏။
ပြတင်းပေါက် အပြင်ဘက်တွင် လေမှာ ခပ်ကြမ်းကြမ်း တိုက်ခတ်နေပြီး မော်ဂန်အုပ်စုနှင့် စစ်ပွဲကြီးစရန် နိမိတ်ပြနေသလိုပင်။
ထိုတိုက်ပွဲကို အွန်လိုင်းစာရေးဆရာတစ်ဦးမှ စတင်မည်ဟု မည်သူမျှ ထင်ထားမည် မဟုတ်ချေ။
အားလုံး အလုပ်စတင်ရန် တက်ကြွနေကြသည်။
ဤသို့ဖြင့် အချိန်တိုအတွင်း မော်ဂန်မှ လိုင်း (၁၉) ခု ထိခိုက်သွား၏။
မော်ဂန်အုပ်စု အာရှ-ပစိဖိတ် ခေါင်းဆောင် လူးကပ်စ်မှာ ထိုသတင်းကြားသည်နှင့် ချက်ချင်း ဒေါသထွက်နေတော့သည်။
“ဘယ်သူလဲ။ ဘယ်သူက ငါတို့ အတွင်း အချက်အလက်တွေ ပေးလိုက်တာလဲ”
မည်သူမျှ ဖြေမည့်လူမရှိပေ။
ယုချင်းမှာ အဖမ်းခံထားရပြီး သူ့အတွင်းရေးမှူးလည်း ဌာနအသီးသီး ပြေးလွှား၍ အလုပ်ရှုပ်နေသည်။
သို့သော် မကြာမီ အတွင်းရေးမှူးလေး ရောက်လာ၏။
“အထွေထွေ မန်နေဂျာ ပြဿနာတော့ တက်နေပါပြီ”
“ဘာတွေဖြစ်နေတာလဲ။ ငါ ဒီမှာ အလုပ်ရှုပ်နေတာ မတွေ့ဘူးလား”
လူးကပ်စ် စိတ်မရှည်စွာ ဟောက်၏။
“ကျွန်မတို့ရဲ့ မူးယစ်ဆေး ဒုတိယစက်ရုံကို ရဲတွေ ဝိုင်းထားပါပြီ”
မိုလီမှ တုန်လှုပ်စွာ ပြောလိုက်သည်။
“ဟင်”
လူးကပ်စ် မျက်လုံးပြူးလျက် အလွန် မှင်တက်နေမိ၏။
ထိုအချိန်တွင် သူ့ဦးနှောက်ထဲ၌ ဗလာဖြစ်နေတော့သည်။
ထို့နောက်မှ စိတ်ငြိမ်အောင် အမြန်ပြန်ထိန်း၍
“မြန်မြန် တခြားနေရာတွေပါ စစ်ဆေးလိုက်”
“ဟုတ်ကဲ့ပါ”
မိုလီ ချက်ချင်း စုံစမ်းလိုက်ပြီး တစ်မိနစ်ပင် မပြည့်သေး။ မျက်နှာငယ်ဖြင့် လှမ်းကြည့်၍
“အထွေထွေ မန်နေဂျာ…”
သူ့အသံမှာ တုန်ရီနေ၏။
“ပြောလေ။ မြန်မြန်ပြော”
“ကျွန်မတို့ရဲ့ စက်ရုံတွေအားလုံး ရုတ်တရက် ရဲတွေ ဝင်စီးလိုက်ပါပြီ”
လူးကပ်စ်၏ အရင်ဒူးဒဏ်ရာမှ အနာဟောင်း ပြန်ကြွလာသကဲ့သို့ ခွေကျသွားသည်။
ထို့နောက်မှ ခုံကိုမှီ၍ ထကာ ဝင်ထိုင်လိုက်ရ၏။
သူ ချက်ချင်း ရုံးချုပ်ကို တင်ပြရင်း အကူအညီတောင်းရန် ဖုန်းဆက်ရလေသည်။
ကံကောင်းစွာဖြင့် ရုံးချုပ်မှာ သူတို့ကို ပစ်မထားဘဲ ထောက်ပံ့ပေး၏။
“မြန်မြန် ရှင်းနော်။ မင်းတည်နေရာကိုပါ သူတို့ သိနေမယ် ထင်တယ်”
ရုံးချုပ်မှ အကြံပေးစကားကြောင့် လူးကပ်စ် အလွန် ကြောက်လန့်တုန်လှုပ်ကာ ချက်ချင်း အတွင်းရေးမှူးနှင့်အတူ အရေးကြီးအချက်အလက်များ စုကာ ထွက်ပြေးရန် ပြင်ဆင်ရတော့သည်။