တည်ငြိမ်စွာရက်စက်ခြင်း
Vol. 2 Ch. 118
ထင်းရှီ၏ရယ်သံမှာ စတုတ္ထရေဘုရင်အတွက်တော့ လွန်စွာခြောက်ချားဖွယ်ကောင်းနေသည် ။
အခြားရေဘုရင်သုံးယောက်နှင့်တိုက်ခိုက်နေသည့်လူမှာ မည်သည့်အတွက်ကြောင့် သူကိုချက်ခြင်းလိုလိုလာရောက်တိုက်ခိုက်ခြင်းကိုသူနားမလည်ပေ။
စတုတ္ထရေဘုရင်မှာ တစ်စုံနစ်ရာပြောမည်ပြုသော်လည်း အသံမထွက်ပေ။ ထင်းရှီမှ သူ၏လှုပ်ရှားမှုမပြုစေသည့်အကြောကိုပိန်ထရုံမျှမက စကားပြော၍မရစေရန်ပင်ပြုလုပ်ထားသည်။
သူ၏နဖူးထက်တွင် ချွေးများသီးလာကာ နောက်ကျောထဲတွင်လည်း ချွေးများစိမ့်ထွက်လာသည် ။
သူ၏လည်ပင်းထက်မှ အေးစက်သည့်ဓားသွား၏အထိအတွေ့က သေမင်း၏အရိပ်အငွေ့များကိုသယ်ဆောင်လာသည့်ထင် ။
“ ချွမ်းး “
ဓားလွတ်ကျသံမှာထွက်ပေါ်လာသည်။ ထင်းရှီမှ စတုတ္ထရေဘုရင်၏လက်မှဓားကို ဖြုတ်ချလိုက်ခြင်းဖြစ်သည်။
ယခုအချိန်တွင် မြစ်ဝါနဂါးဂိုဏ်း၏စတုတ္ထရေဘုရင်မှာ ထင်းရှီလက်ထဲတွင်ကြွက်စုတ်လေးတစ်ကောင်လိုဖြစ်နေချေပြီ။
ရေဘုရင်သုံးယောက်မှာ စတုတ္ထရေဘုရင်အား ကူညီရန် အလျှင်အမြန်လာလိုက်ကြသော်လည်းထင်းရှီ၏ကိုယ်ဖော့ပညာကိုမယှဉ်နိုင်၍အနည်းငယ်နောက်ကျသွားသည်။
သူတို့ရောက်လာသည့်အချိန်တွင် စတုတ္ထရေဘုရင်မှာ ထင်းရှီ၏လက်ထဲသို့ ကျရောက်နေပြီဖြစ်သည် ။
သူတို့သုံးယောက်မှာ ထင်းရှီအားဝန်းရံထားကြသော်လည်း လှုပ်ရှားမှုတစ်စုံတစ်ရာမပြလုပ်သေးပေ ။
ဤသည်မှာ စတုတ္ထရေဘုရင်သေဆုံးမည်ကိုကြောက်လန့်သောကြောင့်မဟုတ်ဘဲ သူတို့သုံးဦးပေါင်းတိုက်လျှင်ပင် ထိုလူငယ်ကိုမနိုင်ကြောင်းသိရှိ၍ဖြစ်သည် ။
ယခုအချိန်တွင် သူတို့၏ဌာနချုပ်၌ တံခါးပိတိလေ့ကျင့်နေသည့်ဂိုဏ်းချုပ်မှအပ မည်သူမှ ထိုလူငယ်အား ယှဉ်နိုင်ပုံမပေါ်ပေ။
အခြားဂိုဏ်းသားများမှာ သူတို့၏တိုက်ပွဲနှင့်လွတ်ကင်းသည့်နေရာတွင်ရှိနေကြသည် ။ ထိုလူများမှာ ထင်းရှီအားဝိုင်းဝန်းတိုက်ခိုက်ရန်သတ္တိမရှိကြဘဲ တိုက်ပွဲအားကြည့်ရှု၍သာနေကြသည်။
ထင်းရှီလည်း ဘေးပတ်ဝန်းကျင်အား ဂရုမစိုက်ဘဲ သူ၏လက်ထဲတွင်ကျရောက်နေသည့်လူအား အေးစက်စွာကြည့်လိုက်သည် ။
ထိုလူမှာ ရွာလူကြီးတို့မြေးအဖိုးနှင့် ရွာငယ်လေးတစ်ခုလုံးကို ရွာလုံးကျွတ်သုတ်သင်ခဲ့သူဖြစ်သည်။
ထို့အပြင် ထိုကိစ္စမှာ မြစ်ဝါနဂါးဂိုဏ်းသားများကိုရွာထဲတွင်သတ်ဖြတ်ခဲ့သည့် သူ့ပယောဂလည်းမကင်းပေ ။
ထိုအဖြစ်အားပြန်တွေးလိုက်မိတိုင်း သူ၏စိတ်ထဲတွင် ပြင်းထန်စွာနာကျင်လာကာ ယူကျုံးမရဖြစ်စေသည် ။
ထင်းရှီ၏မျက်လုံးများရဲရဲနီလာကာ ရုတ်တရက် သူ၏လက်အားလှုပ်ရှားလိုက်သည် ။
“ ဘုတ် “
ဓားရောင်တစ်ချက်လက်လာကာ ထိုလူ၏လက်မောင်းတစ်ဖက်မှာ ခုတ်ဖြတ်လိုက်ရကာ မြေပြင်ထက်သို့ပြုတ်ကျသွားသည် ။
တုံးတိဖြစ်နေသည့်လက်မောင်းနေရာမှသွေးများပန်းထွက်လာသော်လည်း ထင်းရှီမှတစ်ကိုယ်လုံးရှိအကျောများအားပိတ်ထားသဖြင့် စတုတ္ထရေဘုရင်မှာ အော်ဟစ်နိုင်ခြင်းမရှိပေ။
သူ၏ပြူးကျယ်နေသည့်မျက်လုံးများ လွန်စွာ နာကျင်မှုကို ခံစားနေရသည့် အရိပ်အယောင်များပေါ်ထွက်နေသည် ။
နာကျင်မှုကိုခံစားရခြင်းထက် ထိုနာကျင်မှုအား အော်ဟစ်ခြင်းဖြင့် ဖောက်ခွဲခြင်းပင်ပြုခွင့်မရသည်က ပို၍ဆိုးရွားလှသည်။
ထင်းရှီအား ဝန်းကံကြသည့်ရေဘုရင်သုံးဦးမှာ ထင်းရှီ၏လက်ထဲမှစတုတ္ထရေဘုရင်အကြည့်ကာ သူတို့၏ မျက်နှာများရှုံ့မဲ့သွားကြသည်။
ထင်းရှီ၏ရက်စက်မှုမှာ နှစ်ပေါင်းများစွာဆိုးသွမ်းလာသည့်သူတို့ကိုပင်အနည်းငယ်ကျောချမ်းသွားစေသည် ။
ထို့နောက်တွင် ထင်းရှီမှာ သူ၏မျက်နှာထက်သို့စင်လာသည့်သွေးစက်အချို့အားပွတ်သုတ်လိုက်ကာ အရူးတစ်ယောက်လိုရယ်မောလိုက်သည်။
ထိုစဉ် သူ၏စိတ်ထဲတွင်အချက်ပေး ခေါင်းလောင်းများမည်လာကာ အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်မိသည် ။
ထို့ကြောင့် သူ့လက်ထဲမှလူအားကိုင်ကာ သူ၏ခန္တာကိုယ်အားအလျှင်အမြန်လှုပ်ရှားလိုက်သည် ။
လေထုကိုအသံတိတ်ထိုးခွင်းလာသည့်ဓားရှည်တစ်ချောင်းမှာ သူရပ်နေခဲ့သည့်နေရာသို့ စိုက်ဝင်သွားသည် ။
ထိုဓားမှာ မြေပြင်အထိစိုက်ဝင်နေပြီး ဓားရိုးသာမြေကြီးပေါ်တွင်ကျန်ခဲ့သည်။ ထင်းရှီ၏မျက်နှာမှာ လေးနက်သွားကာ အစွမ်းထက်သူတစ်ဦးရောက်လာပြီဖြစ်ကြောင်းသိလိုက်သည်
“ ငါ့ရဲ့မြစ်ဝါနဂါးဂိုဏ်းကို လာပြီးသောက်းကြမ်းရဲတဲ့သူရှိသေးတာလား “
ကျယ်လောင်ကာအတွင်းအပြည့်ဝသည့်အသံနှင့်အတူ လူရိပ်တစ်ရိပ်မှာ အဆောက်အဦးအတွင်းမှရိပ်ခနဲရောက်လာသည်။
ထိုလူရိပ်မှာ အသက်ခြောက်ဆယ်ကျော်အရွယ်အဖိုးအိုတစ်ဦးဖြစ်ကာ သူ၏ခန္တာကိုယ်မှ ကြောက်မက်ဖွယ်အငွေ့အသက်များထွက်ပေါ်နေသော်လည်း မျက်စေ့တစ်ဖက်မှာမူ ဟောက်ပက်ဖြစ်နေသည် ။
ထိုအဖိုးအိုအားမြင်သည်နှင့် ဒဏ်ရာအသီးသီးရရှိနေကြသည့်ရေဘုရင်သုံးဦးမှာ ဝမ်းသာအားရဖြစ်သွားကြသည် ။
“ ကျင့်စဉ်အောင်မြင်ပြီးတဲ့ ဂိုဏ်းချုပ်ကြီးကိုဂါရဝပြုပါတယ် “.
ထိုလူများမှ သံပြိုင်အော်ဟစ်၍ အရိုအသေပေးလိုက်ကြသည်။
ရွက်ကြွေတောင်
ရွက်ကြွေတောင်မှာ အရှေ့ပိုင်းသိုင်းလောကတွင်ထင်ရှားသည့်နေရာဖြစ်သည်။
ရွက်ကြွေတောင်မှာ လွန်စွာမြင့်မားခြင်းမရှိသော်လည်း သန့်စင်တောင်တန်းကြီးနှင့်ထိစပ်နေသောကြောင့် လုသိများလေသည်။
ယခင်က သာမန်တောင်တစ်လုံးသာဖြစ်သော်လည်း အရှေ့ပိုင်းသိုင်းလောက၏ပြိုင်ဘက်ကင်းဓားသမား အရှေ့ပိုင်းဓားသမားမှ သိုင်းလောကမှ အနားယူကာ ရွက်ကြွေတောင်တွင် ဇာတ်မြှုပ်နေခြင်းကြောင့် သိုင်းလောကသားများကြားတွင်လည်း ကျော်ကြားလာသည် ။
ထို့အပြင် လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ကျော်ကဆန်းကြယ်သည့် မြစိမ်းရောင်ဓားသမားနှင့် အရှေ့ပိုင်းဓားသမားတို့တိုက်ခိုက်ကြသည်မှာလည်း ရွက်ကြွေတောင်ပေါ်တွင်ဖြစ်သည် ။
ထိုတိုက်ပွဲတွင် အရှေ့ပိုင်းဓားသမားရှူံးနိမ့်သွားကာ ထိုအချိန်မှစ၍ သိုင်းလောကအတွင်းဝင်ရောက်ခြင်းမပြုတော့ဘဲ ရွက်ကြွေတောင်တွင်သာနေထိုင်ခဲ့ခြင်းဖြစ်သည် ။
အရှေ့ပိုင်းဓားသမားမှာ သိုင်းလောကမှအနားယူသွားသော်လည်း သူ၏တပည့်များဖြစ်ကြသည့်အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့မှာ သိုင်းလောကရှိလူငယ်မျိုးဆက်များထဲတွင် ထိပ်တန်းနေရာ၌ရှိသူဖြစ်သည် ။
ယခုညနေစောင်းတွင် ရွက်ကြွေတောင်ပေါ်ရှိတဲအိမ်လေးရှေ့တွင် လူရွယ်တစ်ယောက်မှာ ဒူးထောက်ထိုင်နေသည် ။
ထိုလူရွယ်မှာ အသက်နှစ်ဆယ်ကျော်သုံးဆယ်ခန့်သာရှိကာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည် ။သူ၏ဝတ်စုံမှာ ဖုန်များသဲများဖြင့်ပေကျံနေကာ ခရီးပြင်းနှင်လာပုံရသည်။
“ ဆရာကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့အစ်ကိုကြီးကိုလိုက်ပြီးကယ်တင်ပေးပါ “
လူရွယ်မှနောက်ထပ်တစ်ကြိမ်အော်လိုက်ပြန်သည် ။ သုံးရက်အတွင်း သူအကြိမ်ရေမည်မျှအော်ဟစ်ခဲ့သည်ကိုမမှတ်မိတော့ပေ ။
သူ၏ အာခေါင်များခြောက်နေကာ လည်ချောင်းများပင်အက်ကွဲကုန်သည် ။ ယခုအချိန်အထိ တဲအတွင်းဘက်မှ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိသေးပေ။
ချွင်းရှန်မှာ ယခုအချိန်အထိအလျော့မပေးသေးဘဲ ဆက်လက်ဒူးထောင်နေလိုက်သည်။ သူ့ဆရာ၏တဲအိမ်လေးရှေ့တွင် သူဒူးထောက်နေသည်မှာ သုံးရက်ခန့်ရှိသွားပြီဖြစ်သည်။
လွန်ခဲ့သည့်သုံးရက်က သူရွက်ကြွေတောင်ပေါ်သို့ မျှော်လင့်တကြီးဖြင့် အမြန်ဆုံးရောက်ရှိရန်ပြန်လာခဲ့ကာ သူ့အစ်ကိုချွင်းထုံအား သွားရောက်ကယ်တင်ရန်တောင်းဆိုခဲ့သည် ။
သူ့ဆရာ၏သိုင်းပညာဖြင့်ဆိုလျှင် သိုင်းလောကတွင်ပြိုင်ဘက်အနည်းငယ်သာရှိကာ ချွင်းထုံအားတိုက်ခိုင်ခဲ့သည့် ဝမ်းတုတို့အားကောင်းစွာရှာဖွေနိုင်မည်ဖြစ်သည် ။
သို့သော် နူးညံ့သိမ်မွေ့ကာ အေးဆေးသည့်သူ့ဆရာမှ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်သူ၏တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သည် ။
ထိုအချိန်မှစ၍ ချွင်းရှန်လည်း တဲအိမ်အပြင်ဘက်တွင်သာဒူးထောင်နေကာ သုံးရက်လုံးလုံး ပသနားခံခဲ့သည် ။
သူ၏ဆရာအရှေ့ပိုင်းဓားသမားမှာမူ ယခုအချိန်မထိ အရိပ်အယောင်ပင်မမြင်ရသေးပေ။ မည်သည့်အတွက်ကြောင့်ယခုလိုဖြသ်သည်ကိုမသိသော်လည်း သူ့ဆရာ၏အပြုအမူများက အနည်းငယ်ထူးဆန်းနေသည်ဟုသူထင်မိသည် ။
မည်သို့ပင်ဖြစ်စေ သူ၏ဆရာမှ ချွင်းထုံအား သွားရောက်ကယ်တင်ပေးသည်အထိ သူဆက်လက်ဒူးထောက်နေမည်ဖြစ်သည်။
သုံးရက်လုံးလုံး အစာရေစာတစ်တစ်စုံတစ်ရာမစားခဲ့ရသဖြင့် ချွင်းရှန်၏ခန္တာကိုယ်မှာအားနည်းလာသည် ။
သို့သော် သူဆက်၍တောင့်ခံနေကာ သူ့ဆရာထွက်မလာမချင်းဆက်လက်ဒူးထောက်နေမည်ဖြစ်သည် ။
သူ၏စိတ်က ထက်သန်နေသော်လည်း သူ၏ခန္တာကိုယ်မှာ စိတ်အလိုကိုမလိုက်နိုင်ပေ။ သူကြိုးစား၍တောင့်ခံထားသော်လည်း မျက်လုံးများဝေဝါးကာယိမ်းယိုင်လာသည်။
ထို့နောက် ချွင်းရှန်မှ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ၏ခန္တာကိုယ်မှာ မာကျောသည့်မြေပြင်နှင့်မိတ်ဆက်ရမည့်အစား တစ်စုံတစ်ယောက်၏ထူမခြင်းကိုခံလိုက်ရသည် ။
ချွင်းရှန်မှာ ဝေဝါးနေသည့်မျက်လုံးများဖြင့်ကြိုးစား၍ကြည့်လိုက်ရာ သူ၏ရှေ့တွင်ရပ်နေသည့်လူတစ်ဦးကိုတွေ့လိုက်ရသည်။
ထိုလူမှာ အသက်ငါးဆယ်ကျော်အရွယ်ရှိကာ သာမန်ဝတ်စုံတစ်စုံကိုဝတ်ဆင်ထားသည်။
ထိုလူ၏မျက်လုံးများမှာ စူးရှတောက်ပနေကာ သူ၏ခန္တာကိုယ်မှ ဓားတစ်ချောင်းလို အငွေ့အသက်များဖွက်ပေါ်နေသည်။
ချွင်းရှန်လည်း ထိုလူအားမြင်သည်နှင့် သူ၏မျက်လုံးများကြည်လင်သွားကာ ဝမ်းမြောက်ဝမ်းသာဖြင့်ပြောဆိုလိုက်သည် ။
“ ဆရာ ဆရာနောက်ဆုံးတော့ထွက်လာပြီပေါ့ “
ချွင်းရှန်၏စကားကို ထိုလူမှမကြားသလိုလုပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောင်ချွင်းရှန်အား ကျိန်းမောင်းလိုက်သည်။
“ မင်းကိုယ်မင်းမသေနိုင်တဲ့လူလို့ထင်နေတာလား ဟမ် ။ မင်းကတကယ်သေချင်နေတာပဲ ။ အခုအရင်ဆုံးတဲထဲကိုသွားပြီး အားဖြည့်လိုက်ဦး ပြီးမှကျန်တဲ့ကိစ္စတွေဆက်ပြောမယ် “
ထိုလူ၏စကားကြောင့် ချွင်းရှန်မှာ ဒေါသထွက်သည့်ပုံမရဘဲ ခေါင်းညိမ့်ပြလိုက်၍တောက်ပစွာပြုံးလိုက်သည် ။
ထို့နောက်တဲအိမ်အတွင်းသို့ ဖြေးညင်းစွာဝင်သွားလိုက်သည်။ တဲအိမ်အဝတွင် သူ၏ခန္တာကိုယ်မှာ။ယိမ်းယိုင်သွားသေးသည် ။
ကျန်နေခဲ့သည်လူကြီးမှာ ချွင်းရှန်၏နောက်ကျောအကြည့်ကာခေါင်းယမ်းလိုက်မိသည်။