← Chapters

ကြိုတင်ကြံစည်ထားမှု

Vol. 2 Ch. 120

ကြိုတင်ကြံစည်ထားမှု

Vol. 2 Ch. 120

တိုက်ပွဲမှာ ပို၍ပြင်းထန်လာသည်။ သွေးမိစ္ဆာမှာ သူ၏သွေးမိစ္ဆာလက်ဝါးသိုင်းကိုအားပြု၍ ထင်းရှီအားတိုက်ခိုက်နေသော်လည်း အသာစီးမရနိုင်ပေ ။

ထင်းရှီ၏ လျှင်မြန်သည့်ဓားချက်များကို တန်ပြန်ကာကွယ်နေရသောကြောင့် ထင်သလောက်တိုက်ခိုက်နိုင်ခြင်းမရှိပေ ။

ထို့အပြင် သူ၏လက်ဝါးချက်မှန်သမျှအား ထင်းရှီမှ အမြဲလိုလိုပင်ရှောင်တိမ်းသွားနိုင်၍ ပွတ်ကာသီကာလွဲချော်သွားလေသည်။ ထို့ကြောင့်လည်း သူပို၍ဒေါသထွက်လာသည်။

တစ်ဖက်တွင် ထင်းရှီမှာမူ တိုက်ခိုက်နေရင်းဖြင့်ပို၍တိုးတက်လာသည်။ သူသိုင်းလောကထဲသို့စတင်ရောက်ရှိသည့်အချိန်မှစ၍ ကောင်းမွန်သည့်ပြိုင်ဘက်နှင့်မတွေ့ဆုံခဲ့ရသေးပေ။

အရှေ့ပိုင်းသိမ်းငှက်ညီနောင်နှင့်တိုက်ခိုက်စဉ်ကလည်း သူ၏ကိုယ်ဖော့ပညာကိုအားပြု၍ အလွယ်တကူအနိုင်ရခဲ့သည်။

ခွန်လွန်ဂိုဏ်းမှ သိုင်းထိပ်သီးအဆင့်ငါးရသေ့လကိဝါးနှင့်တိုက်ခိုက်စဉ်ကလည်း ထိုလူ၏ထူးဆန်းသည့်သိုင်းပညာကြောင့် သူကောင်းစွာတိုက်ခိုက်ခဲ့ရခြင်းမရှိပေ ။

ယခု သွေးမိစ္ဆာနှင့်တိုက်ခိုက်သည့်အချိန်မှသာ သူ၏ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုထားသော်လည်း သွေးမိစ္ဆာအား အသာစီးရရုံသာရှိသည် ။

သွေးမိစ္ဆာလို သိုင်းပေါင်းများစွာကျင်လည်ခဲ့သည့်မြေခွေးအိုကြီးမှာ တိုက်ပွဲအတွေ့အကြုံများပြားစွာရှိသည်။

တစ်ချက်တစ်ချက် သူ၏မထင်မှတ်သည့်တိုက်ကွက်များကို ထင်းရှီမှ ကမန်းကတန်းခုခံလိုက်ရသေးသည် ။

ထင်းရီမှာ သွေးမိစ္ဆာအားအနိုင်ရရှိရန်မှာ ဝေးကွာနေသေးသည် ။

သို့သော် တိုက်ခိုက်နေရင်းဖြင့် သူ၏အားနည်းချက်များကိုပို၍မြင်လာကာ သူ၏ဓားသိုင်းသည်လည်း ပို၍ပြည့်စုံလာသည်။

ထင်းရှီလည်း သက်ပြင်းတစ်ချက်ချ၍ လေထဲခုန်တတ်လိုက်သည် ။ ထို့နောက် သူ၏ဓားအားအောက်ဘက်သို့ စိုက်ချလိုက်သည်။

“ ဓားပေါင်းတစ်ထောင်ပေါင်းစည်းခြင်း “

ထင်းရှီ၏ဓားမှ ဓားရိပ်များစွာခွဲဖြာသွားကာ ကြီးမားသည့်ဓားပုံရိပ်ကြီးဖြစ်ပေါ်လာသည် ။

ထိုဓားကွက်မှာ ဓားစံအိမ်မှ အကြီးအကဲတစ်၏ဓားပညာဖြစ်သည့် ဓားတစ်ထောင်သိုင်းထဲမှ ထင်းရှီအကြိုက်ဆုံးဓားကွက်ဖြစ်သည်။

ပုံမှန်ဆိုလျှင် ဓားစံအိမ်မှလူများမှာ ကိုယ်ပိုင်ဓားပညာများကိုသာလေ့ကျင့်ကြကာ အခြားလူများ၏သိုင်းပညာများကိုစိတ်ဝင်စားလေ့မရှိကြပေ ။

သိုင်းလောကထဲမှမည်မျှအစွမ်းထက်သည့်သိုင်းပညာရပ်‌ဆိုစေကာမူ ဓားစံအိမ်မှလူများအတွက် သူတို့၏ကိုယ်ပိုင်ပညာရပ်များလောက် နှစ်သက်ခြင်းမရှိကြပေ ။

ထင်းရှီမှာမူ ငယ်စဉ်ထဲက သိုးထိန်းကြီးနှင့်ရင်းနှီးခဲ့သဖြင့် သိုးထိန်းကြီး၏အမူအကျင့်များ သူ့ဆီသို့အများကြီးကူးစက်လာလေသည် ။

အတတ်ပညာမှန်သမျှတတ်ကောင်းသည့်အရာများဟု သူသက်မှတ်ထားကာ ထင်းရှီမှာ သူကြိုက်နှစ်သက်သည့်ဓားကွက်များကို လိုက်လံသင်ယူလေ့ရှိသည် ။

ထို့ကြောင့် ဓားစံအိမ်မှ အကြီးအကဲများ၏ဓားသိုင်းများကိုပါ သူအနည်းငယ်တတ်မြောက်နေခြင်းဖြစ်သည်။

ထင်းရှီမှာ ယခင်ကထိုဓားကွက်များကိုအသုံးမပြုခဲ့ရခြင်းမှာ ယခင်ကပြိုင်ဘက်များမှာ အသုံးပြုစရာမလိုသောကြောင့်ဖြစ်သည်။

အကယ်၍ သူသွေးမိစ္ဆာကိုအနိုင်ယူသတ်ဖြတ်လိုပါက သူတတ်ကျွမ်းသည့်သိုင်းပညာမှန်သမျှကို ထုတ်ဖော်ရမည်ဖြစ်သည်။

အကယ်၍ သူတတ်မြောက်သည့်ဓားပညာအားလုံးဖြင့်အသုံးပြုပါက သွေးမိစ္ဆာမဆိုထားနှင့် သိုင်းဝိဇ္ဇာအဆင့်များမှလွဲ၍ သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်များကိုပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

သွေးမိစ္ဆာမှာ သူ၏ရှေ့သို့ရောက်လာသည့်ဓားရိပ်ကြီးအား ‌ထိတ်လန့်စွာဖြင့်မော့ကြည့်လိုက်သည် ။

ထိုဓားရိပ်ကြီးမှာ သူမည်သည့်နေရာသို့သွားသွားလိုက်လံတိုက်ခိုက်တော့မည့်ပုံရသည်။ ထို့ကြောင့်သွေးမိစ္ဆာလည်း အံကိုတင်းတင်းကြိတ်ကာ ထိတ်တိုက်ရင်ဆိုင်လိုက်သည် ။

“ သွေးစက်များစွာဖြန့်ကျဲခြင်း “

သွေးမိစ္ဆာ၏လက်ဝါးရိပ်များမှာ ခွဲဖြာ၍သွားသည်။ ထို့နောက် ထင်းရှီ၏ဓားရိပ်ကြီးအား ရင်ဆိုင်တိုက်ခိုက်လိုက်သည် ။

မြစ်ဝါနဂါးဂိုဏ်းသားများနှင့် ရေဘုရင်သုံး‌ယောက်မှာ သူတို့၏တိုက်ပွဲကို ဆွံ့အစွာကြည့်ရှုနေကြသည် ။

ယခုအချိန်တွင်မူ သူတို့၏စိတ်ထဲတွင်မည်သည့်အတွေးများမှမရှိတော့ဘဲ ရှင်းလင်းနေပြီး ခမ်းနားလှသည့်တိုက်ပွဲကြီးကို အံ့ဩတကြီးငေးမောနေကြသည် ။

ထင်းရှီ၏ပုံစံမှာ ဓားပေါင်းများစွာအားထိန်းချုပ်ထားသည့် ရက်စက်သည့်ဓားသခင်တစ်ဦးနှင့်တူကာ သွေးမိစ္ဆာမှာမူ သွေးဆာ‌နေသည့် နတ်ဆိုးကြီးတစ်ကောင်နှင့်တူလှသည် ။

သူတို့၏စိတ်ထဲတွင်တူညီစွာတွေးတောနေသည်ကား တိုက်ပွဲတွင်မည်သူအနိုင်ရမည်ကိုဖြစ်သည်။

“ ဝုန်းး... “

ကျယ်လောင်လှသည့်ပေါက်ကွဲသံကြီးပေါ်လာကာ မြေပြင်တစ်ခုလုံးပင် တုန်ဟီးသွားသည်ဟုထင်ရသည်။

ထင်းရှီမှာ မြေပြင်ပေါ်သို့ပြန်ကျသွားကာ မျက်နှာအနည်းငယ်ဖြူဖျော့သွားသည်။

သွေးမိစ္ဆာသည်လည်း နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရကာ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည် ။

သူ၏ဝတ်စုံမှာ ဓားရာများစွာဖြင့်ဆုတ်ပြဲနေပြီဖြစ်ကာ ဒဏ်ရာများမှာ အသားကိုပင် အနည်းငယ်လှီးသွားသေးသည်။

သို့သော် ထိုဒဏ်ရာသေးသေးလေးများမှာ များစွာနက်ရှိုင်းခြင်းမရှိဘဲ သူ့အတွက်သာမန်ပင်ဖြစ်သည်။

ဤသို့ဆိုလျှင်မည်သည့်အတွက်ကြောင့် သွေးတစ်လုပ်အန်ထုတ်လိုက်ရသနည်း ။

ထင်းရှီမှာ သွေးမိစ္ဆာအားအတန်ကြာမျက်မှောင်ကြုတ်လိုက်ပြီးနောက် တွေးတွေးဆဆဖြင့်ပြောလိုက်သည် ။

“ ကြည့်ရတာ ခင်ဗျားရဲ့ကျင့်စဉ်ကိုအောင်မြင်သေးပုံမကျဘူး “

ထင်းရှီ၏စကားကြောင့်သွေးမိစ္ဆာလည်းသွေးများပေကျံနေသည့်နှုတ်ခမ်းအားဖွင့်ကာကြောက်မက်ဖွယ်ပြုံးလိုက်သည် ။

“ ဟုတ်တယ် ငါ့ရဲ့ကျင့်စဉ်ကိုလေ့ကျင့်နေတာမပြီးသေးဘူး ။မင်းကငါ့ရဲ့ဂိုဏ်းကိုလာပြီးသတ်ဖြတ်နေလို့ ငါထွက်လာခဲ့တာပဲ ။

အခုမင်းကိုငါရအောင်သတ်မယ် ။ ရေဘုရင်သုံးယောက်ငါ့ကိုလိုက်ပြီးကာကွယ်ပေးကြစမ်း “

သွေးမိစ္ဆာမှ ထူးဆန်းစွာပြောဆိုကာ ရေဘုရင်သုံးယောက်အား အမိန့်ပေးလိုက်သည်။

သူ၏အမိန့်ကြောင့် ရေဘုရင်သုံးယောက်မှာ အနည်းငယ်ကြောင်အသွားသော်လည်း သူတို့ဂိုဏ်းချုပ်၏အနားသို့ချက်ချင်းရောက်သွားကြသည်။

ထင်းရှီလည်းထိုလူများပူးပေါင်းတိုက်ခိုက်မည်ဟုထင်လိုက်သော်လည်း သွေးမိစ္ဆာ၏အပြုအမူများကထူးဆန်းနေသည် ။

သွေးမိစ္ဆာမှာ သူနှင့်အနီးဆုံးတွင်ရှိနေသည့် ထိပ်တန်းအဆင့်သိုင်းသမားဆီသို့ တိုးကပ်သွားလိုက်သည် ။

“ အားး... “

မြစ်ဝါနဂါးဂိုဏ်းမှ ထိပ်တန်းအဆင့်သိုင်းသမားမှယ မည်သည့်အရာများဖြစ်ပျက်နေသည်ကိုမသိလိုက်မီ သူ၏ပခုံးပေါ်သို့ ပိန်လှီနေသည့်လက်တစ်ဖက်ရောက်လာသည် ။

ထို့နောက် သူ၏ခန္တာကိုယ်အတွင်းမှအတွင်းအားများ အလျှင်အမြန်စီးထွက်ကုန်ကာ ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

ထိုလူမှာ သူ၏အတွင်းအားများကိုစုပ်ယူနေသည့်သွေးမိစ္ဆာအားကြည့်လိုက်သည် ။သွေးမိစ္ဆာမှာ အတွင်းဒဏ်ရာများသက်သာလာပုံရပြီး မျက်နှာတွင်လည်း သွေးရောင်လွှမ်းလာသည် ။

ရေဘုရင်သုံးယောက်သည်လည်း ထိုဖြစ်ရပ်အားကြည့်ကာ သူ၏မျက်နှာထက်တွင်ကြောက်လန့်သည့်အရိပ်အယောင်များပေါ်ထွက်လာသည် ။

သို့သော် သူတို့အနေဖြင့် နောက်မဆုတ်မိကြပေ ။အကယ်၍ သွေးမိစ္ဆာသာအနိုင်မရပါက ထင်းရှီမှာ သူတို့၏ဂိုဏ်းအားအမြစ်ဖြတ်သုတ်သင်မည်မှာ သေချာသလောက်ရှိနေသည်။

ယခုအခါမှ မည်သည့်အတွက်ကြောင့် သူတို့၏ဒုဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်မျက်နှာတစ်ရာထွက်ပေါ်မလာခြင်းကို ခပ်ရေးရေးရိပ်မိလာသည် ။

ပြင်ပတွင် သွေးမိစ္ဆာအား အကာအကွယ်‌ပေးထားကြသော်လည်း သူတို့၏စိတ်ထဲတွင်မူ လွန်စွာတုန်လှုပ်နေကြပြီဖြစ်သည်။

အတွင်းအားစုပ်ယူခြင်းခံနေရသည့်လူမှာ သူ၏ပခူံးထက်မှသွေးမိစ္ဆာ၏ပိန်ကပ်ကပ်လက်ချောင်းများကို ဖယ်ထုတ်ရန်ကြံစည်လိုက်သော်လည်း ထူးဆန်းစွာဖြင့် သူ၏အင်အားများကုန်ဆုံးနေသည် ။

ထို့နောက် ခန္တာကိုယ်တစ်ခုလုံးအားအင်ကင်းမဲ့သွားကာ မြေပြင်သို့အရုပ်ကြိုးပြက်လဲကျသွားသည်။

ထင်းရှီမှာ ထိုဖြစ်ရပ်အားမယုံကြည်နိုင်သလိုကြည့်လိုက်ပြီး သူ၏မျက်ဝန်းများပြူးကျယ်လာသည်။ ထို့နောက် သွေးမိစ္ဆာအား အော်ဟစ်လိုက်သည်။

“ ခင်ဗျားက အတွင်းအားစုပ်သိုင်းကိုလေ့ကျင့်နေတာပဲ။ ဒါဆိုရင် နောက်ပိုင်းကဘုရင့်ဘဏ္ဍာတော်တွေကိုတိုက်ခိုက်ခံရတဲ့ကိစ္စက “

ထင်းရှီ၏စကားများရပ်တန့်သွားသည် ။ဖြစ်ရပ်တစ်ခုလုံးအားသူစဉ်းစားကြည့်လိုက်ကာ သူစမျက်စေ့ထဲတွင် ရုပ်လုံးပေါ်လာသည် ။

ယခုပုံစံအရ မြစ်ဝါနဂါးဂိုဏ်းအားပျက်စီးခြင်းကို သယ်ဆောင်လာသည့် အနောက်ပိုင်းမှဘုရင့်ဘဏ္ဍာတော်များကိုတိုက်ခိုက်လုယက်ခြင်းသည် သာမန်ဖြစ်ရပ်တစ်ခုဖြစ်ပုံမရပေ။

သွေးမိစ္ဆာမှာ အင်အားပြည့်ဝသည့်ပုံစံဖြင့် လက်ဝါးနှစ်ဖက်အားပွတ်နေရင်းမှ ထင်းရှီ၏စကားများကြောင့် အရုပ်ဆိုးစွာပြုံးလိုက်သည်။

သူ၏အကြည့်များက မြေပြင်ထက်တွင်လဲကျနေသည့် မြစ်ဝါနဂါးဂိုဏ်းမှထိပ်တန်းအဆင့်သိုင်းသမားဆီသို့အကြည့်ရောက်သွားသည်။

ထိုလူမှာ သက်စောင့်အားများပါမချန်စုပ်ယူခံရသဖြင့် အတွင်းအားလုံးဝကုန်ခမ်းသွားကာ လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ သေဆုံးတော့မည်ဖြစ်သည်။

မြစ်ဝါနဂါးဂိုဏ်းသားများမှာမူ သူတို့၏ဂိုဏ်းချုပ်အား မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စွာကြည့်ရှုနေကြသည်။

ထင်းရှီမှ သူတို့၏ဂိုဏ်းသားများအားသတ်ဖြတ်ခြင်းမှာ အကြောင်းရင်းတစ်စုံတစ်ရာကြောင့်ဖြစ်နိုင်သည်။

ထိုလုပ်ရပ်ကိုနားလည်ပေး၍ရသော်လည်း သူတို့၏ဂိုဏ်းချုပ်မှ ကိုယ့်ဂိုဏ်းသားအပြန်၍ သေဆုံးသည်အထိ အတွင်းအားများစုပ်ယူခြင်းမှာ လွန်စွာစက်ဆုပ်ဖွယ်ကောင်းသည့်ကိစ္စဖြစ်သည်။

သူတို့အားလုံး နောက်သို့မသိမသာဆုတ်သွားကြကာ သွေးမိစ္ဆာအား ကြောက်ရွံ့ခြင်း၊ ရွံ့ရှာမုန်းတီးခြင်း စသည့်ခံစားချက်များဖြင့် ကြည့်လျှက်ရှိသည်။

---------------------------------------------------------------

All Chapters