အရက်ခွက်ပြိုင်တူမြှောက်ခြင်း
Vol. 29 Ch. 429
စွန်းဖေးဖေး၏ နီရဲနေသောမျက်ဝန်းများကနေ မျက်ရည်များ စီးကျလာပြီး ရွှီဖန်း၏ရင်ဘတ်ပေါ်မှာ ဆီးနှင်းပေါက်လေးများကဲ့သို့ စိုစွတ်စေခဲ့၏။
ရွှီဖန်းကတော့ သူ့လက်ထဲရှိ စွန်းဖေးဖေးကို တည်ငြိမ်စွာကြည့်၍ ဖက်ထားသည်။
ထို့နောက်မှာ ရွှီဖန်းသည် စွန်းဖေးဖေးကို ဖက်ထားကာ ခေါင်းငုံ့လျက် နက်ရှိုင်းစွာ နမ်းရှိုက်လိုက်၏။
အာဒမ်နှင့်ဧဝကဲ့သို့ ဒဏ္ဍာရီထဲကအတိုင်းပင် သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်၏နွေးထွေးမှုနှင့် တစ်ယောက်၏နှလုံးခုန်သံများကို ပိုခံစားနိုင်ရန်အတွက် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားကြလေသည်။
အချိန်ဘယ်လောက်ကြာသွားလဲမသိပေ။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်စလုံး ခွာလိုက်ကြ၏။ စွန်းဖေးဖေးက မောဟိုက်စွာ အသက်ရှူနေရင်း ရွှီဖန်းကို ကြည့်နေသည်။
သူတို့နှစ်ယောက်စလုံးက တခြားသူများ၏ အကြည့်ကို မရှောင်ခဲ့ကြပေ။ တကယ်တော့ လက်ရှိအချိန်တွင် ရွှီဖန်းနှင့် စွန်းဖေးဖေး၏မျက်လုံးထဲ၌ တစ်စုံတစ်ဦးတည်းသာ ရှိနေခဲ့၏။
စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်နေသော လူအုပ်ကြီးမှာ ဘယ်အချိန်ကတည်းက တိတ်ဆိတ်သွားကြလဲဆိုတာကို သူတို့ မသိလိုက်ကြပေ။
လူတိုင်း၏မျက်လုံးများက ရွှီဖန်းအပေါ်မှာသာ အာရုံစိုက်နေကြပြီး သူ၏လှုပ်ရှားမှုတိုင်းကို အဆက်မပြတ်အာရုံစိုက်နေကြသည်။ ယခု ရွှီဖန်းနှင့် နာမည်ကြီးစွန်းဖေးဖေးတို့ နမ်းနေတာကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြင့် ရွှီဖန်းကို ကြည့်နေမိကြ၏။
သူတို့ စွန်းဖေးဖေး၏မိသားစုနောက်ခံကို မသိကြသော်လည်း စူပါစတားတစ်ယောက်ဆိုသည့် ဂုဏ်နာမည်တစ်ခုတည်းကတင် စွန်းဖေးဖေးက လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားသည်ဟု လူအများကို ခံစားရစေသည်။
သို့သော်ငြား ခုနကတင် ရွှီဖန်းက စွန်းဖေးဖေးနှင့် သီချင်းအတူတူဆိုနေရုံလေးပင် ရှိသေး၏။ မျက်စိတစ်မှိတ်စာအတွင်းမှာပင် ရွှီဖန်းက အလှပဂေးကို ပွေ့ဖက်ပြီးသား ဖြစ်နေလေပြီ။
လျိုဟွားတောင်မှ ဒီလိုစွမ်းရည်မျိုး ရှိမှာမဟုတ်ပေ။
ဟုတ်တယ်မလား။
စွန်းဖေးဖေးက သူမတစ်ကိုယ်လုံးကို အပ်နှံနိုင်လောက်တဲ့အထိ ရွှီဖန်းကို ယုံကြည်နေပြီလား။
အားလုံးတိတ်ဆိတ်နေချိန်မှာ ရွှီဖန်းသည် စွန်းဖေးဖေး၏ဆံပင်များကို ညင်သာစွာပွတ်သပ်၍ ထူပေးလိုက်သည်။ ရွှီဖန်းသည် ဒီညတစ်ညလုံးကို စွန်းဖေးဖေးအား ပိုးပန်းရန်အတွက် အသုံးမပြုခဲ့ပေ။ ပိုလေးနက်သော ရည်ရွယ်ချက်တစ်ခု သူ့မှာ ရှိနေ၏။
စွန်းဖေးဖေး၏ နားရွက်နားကို ကပ်၍ သူမကို ဒီနေရာမှ ထွက်ခွာကာ အပြင်မှာ စောင့်နေရန် ပြောလိုက်သည်။ ထို့နောက် ရွှီဖန်း ပြုံးနေခြင်းကို ရပ်လိုက်ပြီး သူ့နေရာကနေ ထိပ်တန်းပုဂ္ဂိုလ်ကြီးများကို လှည့်ကြည့်လိုက်၏။
အချိန်တစ်ခဏတာလောက်အထိ နူးညံ့သိမ်မွေ့နေခဲ့သော ရွှီဖန်းက ရုတ်တရက်ပင် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
ရွှီဖန်း၏ ထိုပုံစံကို ကြည့်ရင်း လူတိုင်း၏နှလုံးသားများက တုန်ယင်သွားလေ၏။ ရွှီဖန်းကို ကြည့်နေသော သူတို့၏အကြည့်များက ပိုမို ကြောက်ရွံ့လာပြီး လေးစားမှုများ ဖြစ်ပေါ်လာစေခဲ့သည်။
ဟုတ်တော့လည်းဟုတ်၏။ အကြီးအကဲဝမ် ထွက်သွားပြီးနောက်မှာတောင် ဒီလူတွေက အလျင်စလိုမထွက်သွားဘဲ နေခဲ့ကြသည့် အကြောင်းရင်းမှာ သူတို့၏ သဘောထားကို ပြသရန်အတွက်သာ ဖြစ်သည်။
သူတို့ ရွှီဖန်းနှင့် အဆင်ပြေချင်နေကြတာ ဖြစ်၏။ ရွှီဖန်းမှ ပြသခဲ့သောစွမ်းရည်နှင့် နောက်ခံက သူတို့၏ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားရစေရန် လုံလောက်ခဲ့သည်။
ချန်ဟိုင်းကို လျိုဟွား ရောက်လာပြီးနောက်မှာ သူတို့သည် လျိုဟွားက ရွှီဖန်းကို ပစ်မှတ်ထားနိုင်ရန် ကိစ္စပေါင်းများစွာကို ကူညီခဲ့ကြ၏။
လျိုဟွား၏လုပ်ရပ်များထဲမှ ကိစ္စတော်တော်များများသည် တခြားသူများ၏အကူအညီရှိမှ အကောင်အထည်ဖော်နိုင်ခြင်းဖြစ်သည်။
သို့သော်ငြား အခုတော့ လျိုဟွားက ရှုံးနိမ့်ပြီး အရှက်တကွဲဖြင့် ထွက်ပြေးခဲ့ရ၏။ ထိုအခါကျမှသာ သူတို့လည်း ရွှီဖန်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို သဘောပေါက်သွားခဲ့သည်။
ဘယ်သူကမှ ထွက်ပြေးရန် မစဉ်းစားခဲ့ကြပေ။ ရွှီဖန်းက အလွန်ကို ရက်စက်ကြမ်းကြုတ်ကာ လျိုမိသားစုသခင်လေးကိုတောင် တိုက်ခိုက်ရဲခဲ့၏။ ထို့ကြောင့် သူက သူတို့၏ သေခြင်းရှင်ခြင်းကိုလည်း ဂရုစိုက်မည် မဟုတ်ပေ။ သူတို့သာ ထွက်ပြေးပြီး ရွှီဖန်းကို ဒေါသထွက်စေခဲ့မည်ဆိုလျှင် ဖြစ်လာမည့် အကျိုးဆက်များကို စိတ်ကူးနှင့်တောင် တွေးလို့မရပေ။
လက်ရှိအချိန်မှာ ရွှီဖန်းက မြင့်မားသော စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်သွားခဲ့သည်။
စင်အောက်ရှိ ထိပ်တန်းပုဂ္ဂိုလ်များသည် ရွှီဖန်းမှ ပထမဆုံးအကြိမ် စင်ပေါ်တက်စဥ်ကလိုမျိုးလှောင်ပြောင်တာမျိုး မလုပ်ခဲ့ကြပေ။ ဒုတိယအကြိမ်တုန်းကလို အသံကျယ်ကျယ်ဖြင့် လက်ခုပ်တီးတာမျိုးလည်း မလုပ်ခဲ့ကြပေ။
ဒီတစ်ကြိမ်မှာတော့ ထိပ်တန်းပုဂ္ဂိုလ်များအားလုံးသည် သူတို့၏ဖန်ခွက်များကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြပြီး သူတို့၏မျက်နှာပေါ်မှာ အပြုံးများနှင့် အတူ ရွှီဖန်းကို အကျယ်ကြီး အော်ဟစ်အားပေးလာကြသည်။
"ဂုဏ်ပြုပါတယ် မစ္စတာရွှီ၊ ခင်ဗျားလို လူငယ်လေးက တစ်ကယ်ကို ဂုဏ်ယူစရာပဲ၊ အချစ်ရေးအချစ်ရာကလည်း လုံးဝကို ပြည့်စုံနေတယ်၊ ကျွန်တော်တို့ မစ္စတာရွှီအတွက် သောက်ကြရအောင်!"
အရေးပါသောပုဂ္ဂိုလ်များသည် နဂိုကတည်းက အလွန်ထက်မြက်ကြပြီးသားဖြစ်ရာ သူတို့ တစ်
ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ပြီးသားပင်။
လျိုဟွား၏အာဏာက ကြောက်စရာကောင်းသော်လည်း အခြေစိုက်ရာဖြစ်သည့် လျိုမိသားစုက ပေကျင်းထဲမှာသာ ရှိနေသေး၏။
"နဂါးက မြွေမြီးကို မနင်းဘူး" ဆိုသော စကားပုံကဲ့သို့ပင်။
ရွှီဖန်းကတော့ မတူပေ။ ရွှီဖန်းသည် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ဥက္ကဌဖြစ်ပြီး သူ၏အခြေစိုက်ရုံးက ချန်ဟိုင်းမှာ ရှိသည်ဟု သူတို့ ကြားထား၏။ ဒီလူကို သူတို့ ဒေါသထွက်စေခဲ့မည်ဆိုလျှင် ချန်ဟိုင်းမှာ ဘယ်သူက အသက်ရှင်နိုင်မည်နည်း။
အကြီးအကဲဝမ်၏ထောက်ခံမှုနှင့်ဆိုလျှင် သူတို့ကို ရွှီဖန်းက သတ်လိုက်ရင်တောင် အချိန်ကုန်သည့် တန်ပြန်သက်ရောက်မှုတစ်မျိုးသာ ရှိလိမ့်မည်။
လျိုမိသားစုကတောင် ထိတ်လန့်တကြား ထွက်ပြေးသွားတာကို မင်းမမြင်ဘူးလား။
ထို့ကြောင့် ထိပ်တန်းပုဂ္ဂိုလ်များအားလုံးသည် တစ်ချိန်တည်းမှာပင် လက်နက်ချခဲ့ကြပြီး သူတို့၏ စိတ်ရင်းအမှန်ဆုံး၊ အကြင်နာဆုံးနှင့် အလှပဆုံး အပြုံးများကို ရွှီဖန်းဘက်သို့ ဖောဖောသီသီ ပြသခဲ့ကြသည်။
စကားပုံတစ်ခုမှာ ဆိုသလိုပင် ပြုံးနေသူကို မရိုက်သင့်။
ကျွန်တော်တို့ လက်နက်ချပြီးပါပြီ...ခင်ဗျားလည်း မာန်မာနတွေကို လျှော့ပြီး ကျွန်တော်တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်သင့်ပြီ မဟုတ်လား။ ဝမ်ကောချန်ပေးထားတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ဆီလည်း နည်းနည်းလောက် ဖဲ့ပေးလို့ရမလား။
ထိပ်တန်းပုဂ္ဂိုလ်များသည် သူတို့နှင့် ရွှီဖန်းတို့ကြားရှိ ဆက်ဆံရေးက တိုးလည်းတိုးတက်နိုင်သလို ပျက်လည်းပျက်စီးနိုင်သည်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ကြ၏။
ထိုအရာက သူတို့ မထွက်ပြေးဘဲ ပွဲထဲမှာ ကျန်နေခဲ့ရသည့် နောက်ဆုံးအကြောင်းရင်း ဖြစ်သည်။
ရွှီဖန်းသည် ထိုကဲ့သို့ စိတ်ရင်းမှန်ဖြင့် ဖော်ရွေသောအပြုံးများကို ကြည့်ကာ သူလည်း ပြုံးပြလိုက်၏။သို့သော် ရွှီဖန်း၏အပြုံးကတော့ အေးစက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"လူကြီးမင်းတို့အားလုံး...ခင်ဗျားတို့အားလုံးက အရေးပါတဲ့ပုဂ္ဂိုလ်တွေပါ၊ ခင်ဗျားတို့ သောက်ချင်ရင်တောင် ကျွန်တော်ကပဲ အရင်စတိုက်ရမှာပါ၊ ဒါကြောင့် ခင်ဗျားတို့ အစောပိုင်းက သောက်ခဲ့တဲ့ ဖန်ခွက်ကို တစ်ခွက်အဖြစ် မသတ်မှတ်ဘူး...ဒါကြောင့် ထပ်သောက်ကြရမယ်"
ရွှီဖန်း၏စကားလုံးထဲ၌ ကြင်နာမှုလည်းမပါသလို နွေးထွေးမှုလည်းမပါပေ။ လူတိုင်းက အံ့သြသွားကြသော်လည်း သူတို့၏မျက်နှာများက ပြုံးနေခဲ့ကြသည်။ သူတို့က ရွှီဖန်း၏စကားများကို ခေါင်းညိတ်လက်ခံပြီး သူတို့ကိုယ်တိုင်အတွက် ဝိုင်တစ်ခွက်စီ ငှဲ့လိုက်ကြလေ၏။
ရွှီဖန်းက မြင့်မားသော စင်မြင့်ပေါ်မှာ ရပ်နေပြီး ထိပ်တန်းပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများကို တစ်ယောက်ချင်းစီဖြင့် အလျင်မလိုဘဲ ကြည့်နေခဲ့သည်။ သူ့မျက်နှာပေါ်ရှိ လှောင်ပြောင်မှုက ပို၍တောင် ထူထဲလာခဲ့၏။
"လူကြီးမင်းတို့ ဒါက ကျွန်တော်တို့အတွက် ပထမဆုံးသော ဝိုင်ပဲ၊ တိုက်ခိုက်မှုမရှိခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းကြမှာတောင် မဟုတ်ဘူး၊ ဒီမတိုင်ခင်ကတည်းက ခင်ဗျားတို့အားလုံးက ချန်ဟိုင်းမှာ အရေးပါတဲ့လူတွေဖြစ်ပြီး ကျွန်တော်ကတော့ ဘော့စ်အငယ်လေးတစ်ယောက်ပါပဲ၊ ကျွန်တော်တို့တွေတစ်ယောက်နဲ့တစ်ယောက် သိပ်မရင်းနှီးခဲ့ကြဘူး၊ ဒါကြောင့်လည်း တစ်ယောက်နဲ့တစ်ယောက် နည်းနည်းအခက်ကြုံစေခဲ့တာလည်း ဖြစ်နိုင်တယ်၊ လူကြီးမင်းတို့အားလုံး သောက်လိုက်ကြရအောင်!"
သူ့စကားက လေးစားမှုများ အပြည့်အဝပါဝင်နေသော်လည်း သူ၏လေသံက အေးစက်နေပြီး အမိန့်ပေးသော သဘောသဘာဝပါ ပါရှိနေ၏။
အရေးအကြီးဆုံးမှာ ရွှီဖန်းက သူ စတိုက်မည်ဟု ပြောခဲ့သော်လည်း သူ့လက်ထဲမှာတော့ ဝိုင်ခွက်မရှိခဲ့ပေ။ သူက ထိပ်တန်းပုဂ္ဂိုလ်များကိုသာ ဝိုင်များ သောက်ရန် အမိန့်ပေးနေခြင်း ဖြစ်သည်။
သို့သော်ငြား ဤပုဂ္ဂိုလ်များသည် သူတို့လက်ထဲရှိ ဝိုင်များကို သောက်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိခဲ့ပေ။ ရွှီဖန်းမျက်နှာပေါ်ရှိ အပြုံးက ကြောက်စရာကောင်းလောက်အောင် အေးစက်နေခဲ့၏။
ထိပ်တန်းပုဂ္ဂိုလ်များ အင်အားပြန်စုနိုင်ရန်ပင် မစောင့်တော့ဘဲ ရွှီဖန်းသည် ထပ်မံ လှောင်ပြောင်လျက်...
"လူကြီးမင်းတို့ရဲ့ နောက်ထပ်ဒုတိယမြောက်ဝိုင်ခွက်ကို သောက်လိုက်ကြရအောင်! မတိုင်ခင်က ကျွန်တော့်ကို လျိုမိသားစုသခင်လေးက ဖိနှိပ်ခဲ့တယ်၊လျိုမိသားစုက အင်အားကြီးတော့ သူ့ရဲ့အာဏာနဲ့ တခြားသူတွေကို ဖိနှိပ်ခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားတို့အားလုံးက အလွန်စိတ်ထားမြင့်မြတ်ပြီး လျိုမိသားစုရဲ့အင်အားကို မကြောက်ခဲ့ကြဘူး၊ ခင်ဗျားတို့ရဲ့နှလုံးသားထဲက စည်းကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းခဲ့ကြပြီး ကျွန်တော့်အပေါ် မကောင်းတာတွေ မလုပ်ခဲ့ကြဘူး၊ ဒါကြောင့် ကျွန်တော် အားလုံးကို တိုက်ပါရစေ...ကျေးဇူးပြုပြီး!"
ဒုတိယမြောက်ဝိုင်ခွက်ကလည်း ပထမတစ်ခုလိုပင် ယဥ်ကျေးနေသော်လည်း အရေးပါသောပုဂ္ဂိုလ်များ၏နှလုံးသားထဲမှာတော့ ရှင်းရှင်းလင်းလင်း သိနေခဲ့ကြ၏။
ရွှီဖန်းက သူ၏မကျေနပ်ချက်များကို ဖော်ပြနေတာပင်။
မတိုင်ခင်က လျိုမိသားစုကို မျက်နှာသာပေးရန်အတွက် သူတို့သည် လျိုဟွားမှ ရွှီဖန်းကို ရင်ဆိုင်နိုင်ရန်နှင့် အနိုင်ရရန်အတွက် သူတို့၏ကိုယ်ပိုင်ဆက်သွယ်ရေးနှင့် အာဏာကို အသုံးပြုရန် မတွန့်ဆုတ်ခဲ့ကြပေ။
အခု ရွှီဖန်းက ဤဝိုင်ခွက်များဖြင့် အကြွေးပြန်ယူနေသကဲ့သို့ တစ်ခွက်ချင်းစီ ပြန်ယူတော့မှာ ဖြစ်ပေ၏။
ဒီလိုလုပ်ဆောင်မှုက သူ၏ကိုယ်ပိုင်လိုအင်ဆန္ဒအတွက် လက်စားချေနေတာနှင့် ဆင်တူသော်လည်း ရွှီဖန်းမှာတော့ ပိုပြီးနက်နဲသော ရည်ရွယ်ချက်တစ်ခု ရှိနေပုံရသည်။
*************