အကြွေးပေါင်းယူခြင်း
Vol. 29 Ch. 430
ရွှီဖန်းက လျိုဟွား ထွက်သွားအောင် အတင်းအကျပ် လုပ်ခဲ့သော်လည်း လျိုမိသားစုများက ဤလူများကို ဖိနှိပ်ပြီး ရွှီဖန်းကို ရန်စလာဦးမည်။
သို့သော်ငြား ဒေါသထွက်နေမည့် လျိုမိသားစုက ဝမ်ကောချန်ကို မျက်နှာသာပေး၍ ရွှီဖန်းကို အပေါ်ယံမှာ ဘာမှမလုပ်နိုင်သော်လည်း နောက်ကွယ်မှာတော့ချန်ဟိုင်းရှိ ဤထိပ်သီးပုဂ္ဂိုလ်များအပေါ် သူတို့၏ သဘောထားကို အနည်းငယ်လေး ပြလိုက်သည်နှင့် ထိုပုဂ္ဂိုလ်များအားလုံးက ရှေ့ကို တိုးလာပြီး ရွှီဖန်းအတွက် ပြဿနာအမျိုးမျိုး ဖန်တီးပေးလာကြမည်ဆိုတာ သူယုံသည်။
ထို့ကြောင့် ရွှီဖန်းက လျိုဟွားကိုသာ အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့တာ ဖြစ်၏။ လျိုမိသားစုအပေါ် သူ၏ ခိုင်မာသောသဘောထားကို ပြသရုံသာမက ချန်ဟိုင်းရှိ ဤအရေးပါသောပုဂ္ဂိုလ်အုပ်စုကိုလည်း သူ၏အစွမ်းအစကို ပြသနေခြင်း ဖြစ်သည်။
အခုလည်း အခြေအနေက အတူတူပင်။ သူ့အား ဖမ်းဆီးပြီး ရဲစခန်းပို့ခံရတာကနေ ကာကွယ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းက ချန်ဟိုင်းရှိ အင်အားကြီးပုဂ္ဂိုလ်များအားလုံးကို တစ်စုတစ်စည်းတည်း ချုပ်ထားရန် ဖြစ်၏။
ဒီလူတွေနှင့် ကစားရန် ရွှီဖန်းမှာ အချိန်မရှိတာကြောင့် သူ ဒီနေ့အခြေအနေကို အခွင့်ကောင်းယူ၍ ချန်ဟိုင်း၏ထိပ်သီးပုဂ္ဂိုလ်များကို ရှင်းပြရန် ဆုံးဖြတ်ခဲ့သည်။
ရွှီဖန်း၏အေးစက်သောမျက်နှာထားကို ရင်ဆိုင်ရင်း ထိပ်သီးပုဂ္ဂိုလ်များသည် နောက်ထပ် ဝိုင်တစ်ခွက်ကို ထပ်ငှဲ့ကာ အကုန်သောက်ခဲ့ကြ၏။
ရွှီဖန်းက တစ်ကယ်အစွမ်းထက်ပေသည်။ နောက်ခံနှင့် ခွန်အားအရ ပြောရလျှင် ၎င်းတို့အားလုံးက ပထမတန်းစားများပင်။ သို့သော်ငြား သူက အလွန်ငယ်ရွယ်နေသေးသည်။
လက်ရှိအခြေအနေကို ဝါရင့်နေသည့် မြေခွေးအိုကြီးတစ်ယောက်ယောက်ကသာ ကိုင်တွယ်ခဲ့မည်ဆိုလျှင်တော့ သူတို့၏ဂုဏ်ပုဒ်များကို လျှော့ချကာ ချန်ဟိုင်းရှိ အင်အားကြီးပုဂ္ဂိုလ်များနှင့် တိုက်ခိုက်နိုင်မှာ ဖြစ်၏။
သို့သော် ရွှီဖန်းက လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး ထိပ်သီးပုဂ္ဂိုလ်အုပ်စုကို မောက်မာစွာ အမိန့်ပေးခဲ့ကာ ဝိုင်တစ်ခွက် သောက်ခိုင်းခဲ့သည်။
ထိပ်သီးပုဂ္ဂိုလ်များက ရွှီဖန်းနှင့် ပဋိပက္ခဖြစ်ရန် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း အပေါ်ယံအားဖြင့် သူတို့ နာခံခဲ့ကြ၏။ သူတို့နှလုံးသားထဲမှာတော့ ရွှီဖန်းကို အထင်သေးနေခဲ့ကြသည်။
ရွှီဖန်း မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ...မင်းက ချန်ဟိုင်းထဲမှာ ရှိနေတာ။ မင်း ငါတို့ကို မပေါင်းသင်းဘဲ တစ်ယောက်တည်းနေမယ်ဆိုရင် ဘယ်လိုလှိုင်းလုံးမျိုးကို ဖန်တီးနိုင်မှာမို့လို့လဲ။
ရွှီဖန်းက ထိပ်သီးပုဂ္ဂိုလ်များ ဘာတွေးနေလဲဆိုတာကို သိပုံမပေါ်သလို သိရန်လည်း ပျင်းနေ၏။
ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူက သူ့ထက်မြင့်သည့်အရာများကိုသာ မြင်နိုင်ပေသည်။ သူ့အတွေ့အကြုံပင်ဖြစ်စေ သူ၏ဝိသေသလက္ခဏာပင်ဖြစ်ဖြစ် ဒီလူများနှင့် လုံးဝကွဲပြားခြားနားပေ၏။ ထို့ကြောင့် ရွှီဖန်းသည် ထိုလူများ ဘာတွေးနေလဲဆိုတာကို ခန့်မှန်းရန် စိတ်မဝင်စားခဲ့ပေ။
*နွေပိုးကောင်လေးက ဆီးနှင်း၏အေးမြမှုကို နားမလည်နိုင်ပေ။
ရွှီဖန်းသည် သူရင်ဆိုင်နေရသော ပြဿနာများနှင့် အခက်အခဲများကို သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းနိုင်ခဲ့သည်။
သူ မဖြေရှင်းနိုင်ခဲ့ရင်လား။ ထိပ်သီးပုဂ္ဂိုလ်တွေက သူ့စကား နားမထောင်ရင်လား။ သူ လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်လေ၏။
ထိပ်သီးပုဂ္ဂိုလ်များ ဝိုင်သောက်ပြီးနောက်မှာ သူတို့မျက်နှာပေါ်ရှိ ရိုးသားဖြူစင်ပြီး ဖော်ရွေသောအပြုံးများက အနည်းငယ် မှေးမှိန်သွားခဲ့သော်လည်း
မျက်နှာပေါ်မှာ ရှိနေဆဲပင်။
သို့သော်လည်း ရွှီဖန်းက ထိုလူအုပ်စုကို မလွှတ်ပေးသေးဘဲ ပြောလိုက်သည်။
"လူကြီးမင်းတို့...ကျွန်တော်တို့တွေက ချန်ဟိုင်းမှာ ရှိနေကြမှာဆိုတော့ အားလုံးကို ကြိုတင်နှုတ်ဆက်ထားပါရစေ၊ ကျွန်တော်က လူကြီးမင်းတို့အတွက် ပြဿနာတစ်စုံတစ်ရာများ ဖန်တီးခဲ့မိမယ်ဆိုရင် စိတ်မဆိုးကြပါနဲ့၊ ကျွန်တော် ရွှီဖန်းက အားလုံးကို နောက်ထပ်
တစ်ခွက် တိုက်ပါရစေ!"
ရွှီဖန်း၏စကားများက အေးစက်နေတာမျိုး ကြင်နာတာမျိုး မဟုတ်သော်လည်း ထိပ်သီးပုဂ္ဂိုလ်များကတော့ ရွှီဖန်း၏ရည်ရွယ်ချက်များကို လုံးဝနားလည်သွားခဲ့ကြ၏။
ဒီလူငယ်လေးက ပြဿနာရှာနေတာပဲ!
ဟုတ်ပါတယ်...မင်းက အစွမ်းထက်တယ်။ ငါတို့အနေနဲ့ မင်းကို ရန်စဖို့ မတတ်နိုင်ဘူး။ ဒါပေမဲ့ ငါတို့မှာ မင်းနဲ့ ရန်ငြိုးမရှိဘူးလေ...လူအများရှေ့မှာ ငါတို့ကို တကယ်သတ်ရဲလို့လား။
ငါတို့ရဲ့အဆင့်အတန်းကို ဒီလောက်ထိ နှိမ့်ချထားပြီးပြီပဲ၊ အနည်းဆုံး မင်း ငါတို့ကို မျက်နှာသာပေးသင့်တယ်။ ဒါမှ အနာဂတ်မှာ ပြန်ဆုံနိုင်ကြမှာ မဟုတ်လား။
ဒီတစ်ကြိမ်မှာ ထိပ်သီးပုဂ္ဂိုလ်တစ်ဝက်ကျော်လောက်က ရွှီဖန်း၏အမိန့်ကို လက်ခံကာ သောက်ခဲ့ကြသည်။ သူတို့၏မျက်နှာအမူအရာများက လုံးဝတည်ငြိမ်သွားခဲ့ပြီး ကျန်သော ထိပ်သီးပုဂ္ဂိုလ်တစ်ဝက်လောက်က သူတို့လက်ထဲမှာရှိသော ဝိုင်ကို မသောက်ခဲ့ကြပေ။
အစမှာ သူတို့အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းဆောင်ရွက်ရမှာကို ပျော်ရွှင်ခဲ့ကြ၏။
သို့သော် ရွှီဖန်းက သူ့အစွမ်းအစကို အားကိုးပြီး သူတို့ကို အကြိမ်ကြိမ်အခါခါ အခက်တွေ့အောင် လုပ်ခဲ့သည်။ သုံးခွက်မြောက်ဝိုင်က သူတို့၏ဂုဏ်သိက္ခာကို သူ့ခြေဖဝါးအောက်မှာ လုံးဝနင်းချေနေခဲ့တာဖြစ်ပြီး အရုပ်လေးများကဲ့သို့ ရွှီဖန်း၏အခန့်သားနှိမ်ခြင်းကို သူတို့ ခံခဲ့ရ၏။ ထိုခံစားချက်က ထိပ်သီးလူအုပ်စုကို ဒေါသဖြစ်စေခဲ့သည်။
မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေဦး...မင်းမှာ တကယ့်အထောက်အထားကဖြင့် မရှိသေးဘူးလေ...အကြီးအကဲဝမ်ကသာ အသိအမှတ်ပြုထားရုံပဲ!
မင်းမှာ စွမ်းရည်မရှိဘူးဆိုရင် မင်းက ဒီမှာ ဘာအတွက် ဂုဏ်ယူနေတာလဲ!
လက်ရှိအချိန်မှာ လူတိုင်းသည် သူတို့၏အပြုံးများကို ဖျောက်လိုက်ကြလေပြီ။ တချို့လူများက သူတို့၏ဝိုင်ခွက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။ တချို့က သူတို့၏လက်များဖြင့် ဇတ်ချိုးနေကြပြီး တချို့လူများကတော့ ရွှီဖန်းကို လက်ညှိုးထိုးကာ မေးနေကြ၏။
"မစ္စတာရွှီ ခင်ဗျားက ဘာလို့ မသောက်တာလဲဆိုတာကို မေးပါရစေ"
ထိုအရာက လက်ရှိကိစ္စ၏ အဓိကအချက်ပင်။ သူတို့ကို ဝိုင်တိုက်ခြင်းက သူတို့ကို မျက်နှာသာပေးလိုက်တာ ဖြစ်ပြီး လူတိုင်းက ပျော်ရွှင်ခဲ့ကြသည်။ သို့သော် ရွှီဖန်းကတော့ ဝိုင်ခွက်များကို မယူဘဲ သူတို့ကို ဆက်သောက်ခိုင်းနေ၏။ ထိုအပြုအမူက အမိန့်ပေးနေခြင်းပင်။
သူတို့သာ ရွှီဖန်း၏အမိန့်ကို လက်ခံလိုက်သည်နှင့် ချန်ဟိုင်းတွင် ပြဿနာများဖြစ်လာမည်သာမကဘဲ ဤထိပ်သီးပုဂ္ဂိုလ်များအား လျိုမိသားစုနှင့် ဆန့်ကျင်ဘက်လမ်းကို တွန့်ပို့လိုက်တာဖြစ်သည်။ ဤပုဂ္ဂိုလ်များက ထိုအရာကို ဘယ်လိုလုပ်လက်ခံနိုင်မည်နည်း။
ထို့ကြောင့်လည်း ဤအရေးပါသောပုဂ္ဂိုလ်အုပ်စု၏ တုံ့ပြန်မှုက ပြင်းထန်နေခဲ့တာဖြစ်၏။
သို့သော် ထိပ်သီးပုဂ္ဂိုလ်များ၏ ကန့်ကွက်မှုကို ရင်ဆိုင်ရင်း ရွှီဖန်းက လှောင်ပြောင်လာသည်။
"ကျွန်တော်က ခင်ဗျားတို့ကို တိုက်မယ်လို့ ပြောလိုက်တာနဲ့ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ထိပ်သီးပုဂ္ဂိုလ်တွေအဖြစ် တကယ်ပဲ သဘောထားနေကြတာလား"
"ကျွန်တော့်အမြင်မှာ ခင်ဗျားတို့က အဖိုးမတန်တဲ့အရာတွေပဲ"
ထိပ်သီးပုဂ္ဂိုလ်များအားလုံးသည် မျက်နှာသုန်မှုန်စွာဖြင့် ရွှီဖန်းကို ကြည့်နေကြသော်လည်း သူတို့၏မျက်လုံးထဲမှာ တကယ့်မုန်းတီးမှု မရှိခဲ့ပေ။ အလွန်ထင်ရှားသော သဘောထားတစ်ခုသာ ရှိခဲ့သည်။
ဒီအချိန်မှာ သူတို့က စည်းလုံးညီညွတ်စွာ ရပ်တည်နေကြပြီး သူတို့၏သဘောထားကို ဖော်ပြနေကြတာ ဖြစ်၏။
ငါတို့က မင်းနဲ့ ရန်သူဖြစ်ဖို့ ဆန္ဒမရှိဘူး...အလားတူပဲ ငါတို့ရဲ့ဘဝက မင်းပေးတဲ့ကံကြမ္မာအပေါ်မှာ မူတည်နေမှာလည်း မဟုတ်ဘူး၊ မင်းအတွက် အမြောက်စာအဖြစ် နေထိုင်ပြီး လျိုမိသားစုရဲ့ တိုက်ခိုက်မှုတွေကို ပိတ်ဆို့ပေးနေမှာလည်း မဟုတ်ဘူး။
တကယ်တော့ သူတို့၏အခြေအနေက အလွန်ကို ထိခိုက်လွယ်နေလေပြီ။
ရွှီဖန်း၏နောက်ခံနှင့် ကြီးမားသောလျိုမိသားစု။ ၎င်းတို့နှင့် အနည်းငယ်လေး ထိတွေ့လိုက်သည်နှင့် သူတို့ သေဆုံးသွားနိုင်ပြီး သင်္ဂြိုဟ်စရာနေရာတောင် မရှိနိုင်ပေ။
ရွှီဖန်းသာ သူတို့ကို အလွန်ဖိအားမပေးခဲ့ဘူးဆိုလျှင် သူတို့ အခုလိုမျက်နှာအမူအရာကို ပြသရန် သတ္တိရှိခဲ့မှာမဟုတ်ပေ။
ရွှီဖန်း ပြုံးလိုက်ကာ ပွဲထဲရှိ ထိပ်သီးပုဂ္ဂိုလ်များကို လက်ညှိုးထိုး၍ ဆူပူလိုက်သည်။
"ကျွန်တော် ရွှီဖန်းက ကြင်နာမှုနဲ့ မုန်းတီးမှုကို ခွဲခြားသိမြင်နိုင်တဲ့သူဖြစ်တယ်၊ ကျွန်တော့်ကို ကြင်နာတဲ့သူတွေကို ဆယ်ဆပြန်ပြီး လေးစားမယ်၊ ကျွန်တော့်ကို မုန်းတီးတဲ့သူတွေကိုတော့ အဆတစ်ရာပြန်ပြီး ပြန်ဆပ်စေရမယ်! ခင်ဗျားတို့အားလုံးကို အခုလို ရင်ဆိုင်နေတဲ့အချိန်မှာ တိုက်ခိုက်ချင်စိတ်မရှိတာကိုတော့ ဝန်ခံရမယ်ဆိုပေမဲ့ ခင်ဗျားတို့ကို လွှတ်ပေးဖို့အစီအစဉ်မရှိဘူး"
လက်ရှိအချိန်၌ ရွှီဖန်း၏ပုံစံမှာ ရှေးခေတ်က အရက်မူးနေသော ပညာတတ်တစ်ယောက်ကဲ့သို့ပင် ကမ္ဘာပေါ်မှာရှိသည့် အရာအားလုံးကို လက်ညှိုးပတ်ထိုးကာ ပြစ်တင်ရှုတ်ချနေခဲ့၏။
အောက်ကလူများ၏ မျက်နှာများအားလုံးမှာ ညိုမည်းသွားခဲ့ပြီး စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ကြပေ။
သူတို့က လျိုမိသားစုနှင့် ပေါင်းသင်းနိုင်ရန် ရွှီဖန်း၏ဘေးနားမှ လူများကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြပြီး ရွှီဖန်းကို စော်ကားခဲ့ကြတာတော့ အမှန်ပင်။
ရွှီဖန်းက ဤအခြေအနေတစ်ခုလုံးအတွက် သူတို့ကို လွှတ်ပေးလိမ့်မည်ဟု သူတို့ တွေးခဲ့ကြပြီး ရွှီဖန်း၏နှလုံးသားထဲ ကျေနပ်အောင် သူတို့ သောက်ခဲ့ကြသည်။
သို့သော် ရွှီဖန်းက အင်မတန်လွန်သောသဘောထားဖြင့် သူတို့ကို မထီမဲ့မြင် လှောင်ပြောင်ခဲ့၏။ ဒါတောင်မှ သူတို့ကလည်း နေရာကနေ ထွက်သွားပြီး နားများကို ပိတ်ထားရန် သတ္တိမရှိခဲ့ကြပေ။
သူတို့က ရွှီဖန်းကို ရန်စခဲ့ကြသော်လည်း အလွန်အဆိုးကြီး မဟုတ်ခဲ့ပေ။ ထို့အပြင် ရွှီဖန်းကလည်း အခုလိုမျိုး အကြောင်းမဲ့ သူ့ဒေါသကို ဖော်ထုတ်မည်မဟုတ်။ သို့သော် သူတို့သာ ထွက်သွားခဲ့မည်ဆိုလျှင် ဤရူးသွပ်နေသောလူငယ်လေးအား အမှန်တကယ်ပင် ဒေါသထွက်စေလိမ့်မည်။
ရွှီဖန်း၏နှုတ်ခမ်းထောင့်က လှောင်ပြောင်မှုတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့ပြီး သူ့အသံက ငရဲကနေ ထွက်လာပုံရ၏။
"ဆိုးသွမ်းနေတဲ့လူမိုက်တွေက သူတို့မိသားစုအပေါ် ကျရောက်မယ့် ကပ်ဘေးကိုတော့ မသိကြဘူး၊ ဒါပေမဲ့ ခင်ဗျားတို့လို မြင့်မြတ်ပြီး အင်အားကြီးတဲ့လူတွေကတောင် အာဏာရှိပြီး သြဇာညောင်းတဲ့သူတွေကို မျက်နှာသာပေးဖို့အတွက် မကောင်းတာလုပ်ဖို့ နည်းနည်းလေးတောင်မှ မတွန့်ဆုတ်ခဲ့ကြဘူး၊ ဒီလိုမျိုးပြုမူတာက တကယ်ပဲ ယုတ်ညံ့လွန်းတယ်!"
( Jue - *နွေပိုးကောင်လေးက ဆီးနှင်း၏အေးမြမှုကို နားမလည်နိုင်ပေ။
ကိုယ်နဲ့ အတွေ့အကြုံမတူတဲ့သူတွေ၊ နေထိုင်ရာနည်းစနစ်မတူတဲ့သူတွေနဲ့ ဆွေးနွေးပြောဆိုဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ် )
**********************