ငါ မင်းတို့ကို အနိုင်ကျင့်တော့ရော..ဘာဖြစ်လဲ
Vol. 29 Ch. 431
ရွှီဖန်း၏အသံက စီရင်ချက်တစ်ခုလိုမျိုး ဖြစ်နေပြီး ချန်ဟိုင်း၏ ထိပ်သီးပုဂ္ဂိုလ်များအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
သူတို့ တကယ်ကြောက်ရွံ့မိတာက ရွှီဖန်း၏ သဘောထားကိုပင်။
ဒီလူငယ်လေးက တစ်ကယ်ကြီး သူတို့နဲ့ သေတဲ့အထိ တိုက်ဖို့ စီစဉ်နေတာလား။
ထိပ်သီးပုဂ္ဂိုလ်များသည် အမှားကျူးလွန်ခဲ့သော မူလတန်းကျောင်းသားလေးများကဲ့သို့ ခေါင်းငုံ့ထားကြ၏။ သူတို့က ရွှီဖန်း၏စီရင်ချက်ကို စောင့်ဆိုင်းရင်း စင်အောက်မှာ ငြိမ်ငြိမ်လေး ရပ်နေကြသည်။
သို့သော်ငြား ထိုလူများ၏အတွေးက တခြားသူများထက် ပိုရှုပ်ထွေးပြီး အသေးစိတ်သည်ဆိုတာကို ရွှီဖန်း သိထား၏။ အခု သူတို့က အခုတ်ခံရန် အသင့်ရှိနေသော ငါးသေများကဲ့သို့ ဖြစ်နေကြသော်လည်း ဤနေရာကနေ ထွက်သွားသည်နှင့် သူတို့၏မျက်နှာအမူအရာများက လုံးဝကွဲပြားသွားမှာပင်။
ထို့ကြောင့် ရွှီဖန်းသည် သူတို့နှင့် ငြင်းခုံရန်အတွက် နူးညံ့သောနည်းလမ်းများကို အသုံးပြုရန် ဘယ်တုန်းကမှ မတွေးခဲ့ပေ။
ရွှီဖန်း ပြောခဲ့သည့်အတိုင်းပင်။ သူတို့က သူတို့ကိုယ်သူတို့ ဘာလို့ ထင်နေကြသနည်း။ ထိုအရည်မရအဖတ်မရလူတစ်စုနှင့် သူက ဘယ်လိုလုပ် အတူတူထိုင်ပြီး သောက်စားနိုင်မည်နည်း။ သူတို့က အာဏာရှိသောသခင်များကိုသာ မျက်နှာသာပေးရန် တွေးနေကြခြင်းပင်။
အမှန်ပင် ပွဲထဲရှိ လူများအားလုံးက စိတ်ရှုပ်ထွေးနေကြသည်။ တခြားသူများ၏ သဘောထားသာဆိုလျှင် ပဋိပက္ခမဖြစ်ချင်၍ အပြစ်တင်ရုံနှင့် ပြီးသွားနိုင်၏။ သို့သော် ရွှီဖန်းကတော့ အစွန်းရောက်သဘောထားရှိရာ လုံးဝဂရုမစိုက်ပေ။
ငါ မင်းတို့ကို အနိုင်ကျင့်နေတော့ရော ဘာဖြစ်လဲ။
ငါ ရွှီဖန်းက ငါ့ရဲ့အာဏာနဲ့ မင်းတို့ကို ဖိနှိပ်တော့ရော ဘာဖြစ်လဲ။
သူ့မိသားစုဘေးကင်းရေးအတွက် ရွှီဖန်းသည် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲရန် စိတ်ထဲမထားခဲ့ပေ။
ရွှီဖန်း လှောင်ပြောင်၍ ပြောလိုက်သည်။
"ခင်ဗျားတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေက ကျွန်တော့်မိသားစုအတွက် ပြန်လည်ပြီး မပြင်ဆင်နိုင်တဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့...ကျွန်တော် ရွှီဖန်းက ကျေးဇူးတရားနဲ့ အာဃာတကို သိတဲ့သူဖြစ်ပြီး မျှမျှတတ လုပ်ဆောင်တတ်သူဖြစ်လို့ ခင်ဗျားတို့ကို ဘာမှလုပ်မှာ မဟုတ်ပါဘူး"
ထိုသို့ပြောခဲ့သော်လည်း ရွှီဖန်း၏ အေးစက်နေသောအသံထဲ၌ ရည်ရွယ်ချက်များ ပါနေခဲ့၏။ ချန်ဟိုင်း၏ အင်အားကြီးပုဂ္ဂိုလ်များအားလုံးလည်း တုန်လှုပ်သွားခဲ့ကြသည်။
ချန်ဟိုင်းပြည်နယ်က မကြီးသော်လည်း မသေးပေ။ထိပ်သီးပုဂ္ဂိုလ်အများစုက ရွှီဖန်းကိစ္စနှင့် ဘာမှမဆိုင်ရသေးပေ။ သူတို့က ရက်ရောစွာ ပြုမူပြီး ရွှီဖန်းကို နည်းနည်းလောက် သိကျွမ်းချင်ခဲ့ခြင်းဖြစ်၏။ သို့သော် ရွှီဖန်းကို အခုလိုမြင်လိုက်ရသောအခါ သူတို့၏နှလုံးသားများက တုန်ယင်သွားကြသည်။
လူငယ်လေးက သူတို့ကို လွှတ်ပေးရန် အစီအစဥ်မရှိသည့်ပုံပင်။
ချက်ချင်းပင် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က ထရပ်လာပြီး ပြောလာ၏။
"မစ္စတာရွှီ ခင်ဗျားပြောနေတဲ့ဒီအကြောင်းတွေကို ကျွန်တော် ဘာမှမသိပါဘူး၊ ဒီနေ့ ကျွန်တော်က အကြီးအကဲဝမ်ရဲ့ပွဲကို တက်ရောက်ဖို့အတွက်ပဲ ရောက်လာတာပါ၊ မစ္စတာရွှီက ကျေးဇူးတရားနဲ့ အာဃာတကို ရှင်းရှင်းလင်းလင်း ခွဲခြားသိနိုင်တာဆိုတော့ ကျွန်တော်တို့ကို အထင်မလွဲပါနဲ့"
သူဌေးများသည် သူတို့၏အကျိုးစီးပွားများ အန္တရာယ်ရှိလာသောအခါ သူတို့ထံ၌ သတ္တိက မရှိမဖြစ်ပင်။
ထိုစကားက ရွှီဖန်း၏ကိုယ်ပိုင်စကားလုံးများကို အသုံးပြုကာ ရွှီဖန်းကို ပြန်လည်ချေပခဲ့ခြင်း ဖြစ်၏။
မင်းက ကျေးဇူးတရားနဲ့ အာဃာတကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်တယ်မလား၊ ငါတို့နဲ့ မင်းက ဘာမှမဆိုင်ဘူး၊ ငါတို့က မင်းကို ဘယ်တုန်းကမှ မနှောင့်ယှက်ဖူးဘူး၊ မင်း ပြဿနာရှာချင်ရင် ငါတို့ကို မဆွဲထည့်နဲ့။
ရွှီဖန်းက ခေါင်းညိတ်လိုက်သည်နှင့် ထိပ်သီးပုဂ္ဂိုလ်များအုပ်စုက ချက်ချင်းပင် လှည့်ထွက်သွားကြမှာ ဖြစ်သည်။
ငါတို့က မင်းကို ရန်စဖို့ မတတ်နိုင်ဘူးဆိုရင်တောင်မှ ပုန်းနေလို့ရသေးတာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါတို့ကို မသိဘူး...ငါတို့က ဘယ်သူလဲ ဒါမှမဟုတ် ဘာလုပ်လဲဆိုတာကိုတောင် မင်း မသိဘူး၊ ငါတို့အားလုံးက ပျားအုပ်ကြီးလိုမျိုး ပွဲထဲကနေ ထွက်သွားခဲ့ရင် မင်းက ငါတို့အကုန်လုံးကို လိုက်သတ်နိုင်မှာတဲ့လား။
ထိပ်သီးပုဂ္ဂိုလ်များသည် ရွှီဖန်းကို ကြည့်ကာ လှောင်ပြောင်နေကြ၏။
ရွှီဖန်း မျက်နှာပေါ်ရှိ အပြုံးက ပို၍အေးစက်လာခဲ့သည်။
ဒီလိုကစားကွက်များနှင့် ပတ်သက်လာလျှင် တကယ်တော့ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ ဤထိပ်သီးပုဂ္ဂိုလ်များနှင့် လိုက်ကစားနိုင်မှာ မဟုတ်ပေ။ သို့သော် ရွှီဖန်းကတော့ ယုံကြည်မှုရှိပေ၏။
ငါ ရွှီဖန်းက ဒီနေ့ အကောင်းဆုံးအခြေအနေတွေ ပိုင်ဆိုင်နေခဲ့တာ၊ မင်းတို့ ငါ့အပေါ် ဦးစီးမှာကို ဘာလို့ ခွင့်ပြုရမှာလဲ။
အေးစက်စွာ လှောင်ပြောင်လိုက်ရင်း ရွှီဖန်းသည် သူ့ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ သူ လက်ချောင်းနှစ်ချောင်းဖြင့် ယင်ကောင်တစ်
ကောင်ကို ညှပ်ကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်၏။
"ဒီယင်ကောင်က ဘယ်ကပေါ်လာတာလဲ...ဒီလောက်ဆူညံနေတာ!"
အရေးပါသောပုဂ္ဂိုလ်များ၏မျက်နှာများမှာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားခဲ့ပြီး ကြောက်ရွံ့မှုနှင့်အတူ နောက်ဆုတ်သွားကြကာ အရင်ကလိုမျိုး အသံများ မပြုလုပ်ရဲကြတော့ပေ။
မိမိအသက် အန္တရာယ်ရှိလာသောအခါ အကျိုးကျေးဇူးများက ပြက်လုံးတစ်ခုသာ ဖြစ်၏။ ကိုယ့်အသက် ဆုံးရှုံးတော့မည့်အချိန်မှာ ဘယ်သူက အကျိုးအမြတ်ကို ဂရုစိုက်နိုင်မည်နည်း။
ရွှီဖန်းမျက်လုံးထဲရှိ အကြည့်က ပို၍မထီမဲ့မြင်ဖြစ်လာခဲ့သည်။ သူ့ထံ၌ သူတို့ကို ရိုက်နှက်ချင်စိတ်မရှိတာကြောင့်သာ မဟုတ်လျှင် အခက်အခဲတော့ ဖြစ်ကုန်တော့မည်။ ရွှီဖန်းက သူတို့နှင့် ငြင်းခုံရန် စိတ်မဝင်စားခဲ့ပေ။ သူတို့ကြားမှ အဆင့်အတန်းက အလွန်ကွာခြားလွန်း၏။
ရွှီဖန်းသည် ဘာမှမဖုံးကွယ်တော့ဘဲ သူ့မျက်လုံးထဲရှိ မထီမဲ့မြင်ပြုမှုများကို ထုတ်ဖော်ထားလိုက်သည်။
"ကျွန်တော့်ရဲ့အာဃာတက သိသာပါတယ်၊ ကျွန်တော် ရွှီဖန်းက လူကောင်းတစ်ယောက်ကို မှားယွင်းစွာ အပြစ်တင်မှာ မဟုတ်သလို လူဆိုးတစ်ယောက်ကိုလည်း လွတ်မြောက်စေမှာ မဟုတ်ဘူး၊ လူကြီးမင်းတို့...ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် လူကောင်းတွေလို့ ထင်လား...ဒါမှမဟုတ် လူဆိုးတွေလား"
ရာပေါင်းများစွာသော ထိပ်သီးပုဂ္ဂိုလ်များက တိတ်ဆိတ်နေခဲ့ကြပြီး လက်ရှိအချိန်မှာ ဘယ်သူကမှ ဦးဆောင်ပြောဆိုရန် ခုန်ထွက်လာမှာမဟုတ်ပေ။
ရွှီဖန်းစကား၏အဓိပ္ပါယ်က အလွန်ရိုးရှင်းသည်။
လူကောင်းနဲ့လူဆိုးဆိုတာ မင်းတို့ ဆုံးဖြတ်ရမဲ့အရာမဟုတ်ဘူး...ဒါပေမဲ့ ငါ ရွှီဖန်းက မင်းကို လူကောင်းတစ်ယောက်လို့ ထင်ရင် မင်းက လူကောင်းတစ်ယောက်ပဲ၊ ငါ ရွှီဖန်းက မင်းကို လူဆိုးတစ်ယောက်လို့ ထင်ရင် မင်းက လူဆိုးတစ်ယောက်ပဲ၊
ထိုအရာက အနိုင်ကျင့်သည့်သဘော သက်ရောက်ကာ မဆင်မခြင်ပြုမူသော လုပ်ရပ်ပင်။ သို့သော် ထိပ်သီးပုဂ္ဂိုလ်များအနေဖြင့် ဘာမှပြောလို့မရခဲ့ပေ။ သူတို့ထံ၌ ပြောရန် သတ္တိမရှိခဲ့ပေ။
ဟားဟားဟား!
ရွှီဖန်းသည် ချန်ဟိုင်းပြည်နယ်၏ ထိပ်သီးပုဂ္ဂိုလ်အုပ်စုကို လက်ညှိုးထိုးကာ ကျယ်ကျယ်လောင်လောင် ရယ်မောလာ၏။
ထိပ်သီးပုဂ္ဂိုလ်များက အလွန်ကြောက်ရွံ့ကြလိမ့်မည်ဟု ရွှီဖန်း ထင်ထားခဲ့ပြီးသားဖြစ်သော်လည်း ဒီလောက်အထိ ကြောက်ရွံ့ကြလိမ့်မည်ဟု မထင်ခဲ့ပေ။
မတိုင်ခင်က ရွှီဖန်းသည် ထိုထိပ်သီးပုဂ္ဂိုလ်အုပ်စုအား သူ့လက်အောက်ခံလုပ်ခိုင်းရန်နှင့် သူ့သူလျှိုများ ဖြစ်လာရန် လုပ်ချင်ခဲ့သော်လည်း အခုတော့ လုံးဝမလိုအပ်တော့ပေ။
ထိုထိပ်သီးပုဂ္ဂိုလ်များသည် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ သူတို့၏အသက်နှင့် အဆင့်အတန်းကလွဲ၍ တခြားအရာများအားလုံးကို မျက်စိတစ်မှိတ်စာအတွင်းမှာ ရောင်းစားပစ်နိုင်ပေသည်။
ထိပ်သီးပုဂ္ဂိုလ်များက မာနကြီးနေသော ရွှီဖန်းကို ကြည့်နေကြလေ၏။ သူတို့၏မျက်နှာအမူအရာများက ရှင်းပြ၍မရအောင် ရှက်ရွံ့နေခဲ့ကြသည်။ သူတို့၏နှလုံးသားထဲမှာတော့ အာဃာတများကို လုံးဝမခံစားခဲ့ရပေ။
ဒီလိုလုပ်ပြီးတာတောင် သူတို့ကို မျက်နှာသာမပေးသော တခြားတစ်ယောက်ယောက်သာဆိုလျှင် ထိပ်သီးပုဂ္ဂိုလ်အုပ်စုသည် ခုန်ထွက်၍ သူတို့ကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်လိုက်မှာပင်။ သို့သော်ငြား ထောင်လွှားပြနေသော ရွှီဖန်းကို ရင်ဆိုင်ရသောအခါ သူတို့ထံ၌ ခုခံတွန်းလှန်ရန် အတွေးမျိုး မရှိရဲခဲ့ကြပေ။
"လူကြီးမင်းတို့အားလုံးပဲ အထင်မလွဲကြပါနဲ့၊ ကျွန်တော်တို့အားလုံးက ချန်ဟိုင်းပြည်နယ်ရဲ့ တစ်
စိတ်တစ်ပိုင်းတွေဖြစ်ကြတယ်၊ ခင်ဗျားတို့အားလုံးက ကျွန်တော် ရွှီဖန်းကို အများကြီး ကူညီပေးခဲ့ကြပြီး ကျွန်တော်လည်း ခင်ဗျားတို့ကို အများကြီး ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ရွှီဖန်းက ခင်ဗျားတို့ရဲ့အကျိုးကျေးဇူးတွေကို သဘာဝကျကျ မှတ်မိနေမှာပါ"
ထို့သို့ပြောပြီးနောက် ရွှီဖန်း၏လေသံက ပြောင်းလဲသွားခဲ့၏။
"ဒါပေမဲ့ ကျွန်တော် ရွှီဖန်းက လျိုမိသားစုသခင်လေးကို စော်ကားခဲ့တယ်...လျိုမိသားစုက အရမ်းအင်အားကြီးတယ်၊ သူတို့ရောက်လာတဲ့အခါ လူတိုင်းက ကျွန်တော့်ကြောင့် အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ အသေအချာပဲ"
ရွှီဖန်း၏ထိုစကားများကို ထိပ်သီးပုဂ္ဂိုလ်များက တစ်လုံးမှ ယုံကြည်ခြင်းမရှိခဲ့ပေ။
လျိုမိသားစုသခင်လေးကို စော်ကားခဲ့သည်ဆိုသော စာကြောင်းတစ်ခုကလွဲ၍ ကျန်သည့်အရာအားလုံးက အသုံးမဝင်ပေ။
လျိုမိသားစုက အင်အားကြီးတာ မှန်သော်လည်း သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ လျိုမိသားစုက ဘယ်လိုလုပ် သူတို့ကို ခြိမ်းခြောက်မည်နည်း။
ဒါ့အပြင် ငါတို့က မင်း ရွှီဖန်းကို လုံးဝမသိခဲ့ဘူးလေ၊ ငါတို့က ဘယ်တုန်းကများ မင်းကို ကူညီခဲ့ဖူးလို့လဲ။
ရွှီဖန်း၏စကားများက သူတို့အား တူညီသော စစ်သင်္ဘောပေါ်မှာ ချည်နှောင်နေတာဖြစ်ပြီး သူက သူတို့ကို ကူညီပေးပါရန် မတောင်းဆိုနေသော်လည်း သူတို့အနေဖြင့် လျိုမိသားစုနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ရန်လည်း မကြိုးစားနိုင်တော့ဘူးဆိုတာကို ထိပ်သီးပုဂ္ဂိုလ်များက ကောင်းကောင်းသိခဲ့ကြ၏။
ရွှီဖန်း၏သဘောထားအား ထိပ်သီးပုဂ္ဂိုလ်များသည် ထပ်ပြီး သည်းမခံနိုင်တော့ပေ။
*လူပြောလျှင် လူပြန်ပြောမည်၊ နတ်ပြောလျှင်လည်း လူပင် ပြန်ပြောမည်။ ထိုအရာက ထိပ်သီးပုဂ္ဂိုလ်များထံ၌ မရှိမဖြစ်လိုအပ်သောကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး ဤပုဂ္ဂိုလ်များသည် အချိန်အကြာကြီးကတည်းက ပြီးပြည့်စုံအောင် အကျင့်လုပ်ထားပြီးသားပင်။
( Jue - *ဘယ်သူက ဘာပြောပြော လူတွေက အမြဲတစေ တုံ့ပြန်တတ်တာကို ဆိုလိုခြင်းဖြစ်ပါတယ် )
*********************