သူက ငါ့ဇနီး
Vol. 29 Ch. 433
စကားဝိုင်းက ထိုအဆင့်ထိ ရောက်လာသည့်အခါ အရေးပါသောပုဂ္ဂိုလ်အုပ်စုသည်လည်း လက်နက်ချပြီးသား ဖြစ်နေလေပြီ။
မည်သို့ပင်ဆိုစေကာမူ ဤပွဲ၌ ရွှီဖန်း၏စွမ်းဆောင်ရည်က အလွန်ကို ပြင်းထန်လွန်းသည်။ လျိုဟွားတောင်မှ ရွှီဖန်း၏ခြေထောက်အောက်မှာ နင်းချေခံခဲ့ရ၏။
အခု သူတို့ဘက်မှ လက်နက်ချခဲ့ပုံပေါ်သော်လည်း ပြဿနာဘောလုံးကို ရွှီဖန်းဆီသို့ တစ်ဖန် ပြန်ကန်ထုတ်လိုက်ခြင်းပင်။
မင်းဘက်က ဒီလိုလုပ်ရင် ငါတို့ကို လျိုမိသားစုက ပစ်မှတ်ထားလိမ့်မယ် ပြီးတော့ လျိုမိသားစုက ချန်းဟိုင်းပြည်နယ်မှာ နေဖို့အတွက် လူတွေ စေလွှတ်လာလိမ့်မယ်...ဒါက မင်းအတွက် အကျိုးမရှိဘူး။
"လူကြီးမင်းတို့အားလုံး စိတ်မပူပါနဲ့၊ လျိုမိသားစုက တစ်နှစ်အတွင်းမှာ ချန်ဟိုင်းပြည်နယ်ထဲကို သေချာပေါက် ဝင်လာမှာ မဟုတ်ပါဘူး၊ ပြီးတော့ တစ်နှစ်ကြာပြီးနောက်မှာလည်း လျိုမိသားစုက ချန်ဟိုင်းပြည်နယ်ထဲကို ထပ်ဝင်လာနိုင်မှာ မဟုတ်ဘူး၊ ပြီးရင် ခင်ဗျားတို့ရဲ့သားသမီးမြေးမြစ်တွေအားလုံးကလည်း ဟွားချန်ကိုယ်ခံပညာကျောင်းကနေ ခွဲထွက်သွားနိုင်မှာဖြစ်ပြီး ကျွန်တော် ရွှီဖန်းနဲ့ ဘာပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူး၊ ခင်ဗျားတို့ ဒိုဂျိုထဲကို ဝင်ချင်လား၊ မဝင်ချင်ဘူးလားဆိုတာကို အိမ်ပြန်ရောက်တဲ့အခါ စဉ်းစားကြည့်ကြပါ"
ရွှီဖန်းသည် ထိုသို့ပြောပြီးနောက် စင်အောက်ကို လျှောက်သွားခဲ့သည်။ စွန်းဖေးဖေးက အပြင်မှာစောင့်နေတာ ကြာနေလေပြီ။
ထိပ်သီးပုဂ္ဂိုလ်များအားလုံး၏ မျက်နှာများအပေါ်မှာ ထူးဆန်းသောအမူအရာများ ရှိနေခဲ့သည်။ သူတို့က ခြေလှမ်းကျဲကျဲဖြင့် အပြင်ကို ထွက်သွားနေသည့် ရွှီဖန်းကို ကြည့်နေကြ၏။ သူတို့၏မျက်လုံးများက မရေရာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ရွှီဖန်းက သူတို့အတွက် ခြိမ်းခြောက်သည့် စကားတစ်လုံးကိုမှ မချန်ထားခဲ့ပေ။ သူက သူတို့ကို လွယ်လွယ်ကူကူဖြင့် လွှတ်ပေးခဲ့ပြီး တစ်ညတာ စဉ်းစားရန်ပင် အချိန်ပေးခဲ့သေး၏။
ရွှီဖန်းက ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား။
ပွဲထဲရှိ ထိပ်သီးပုဂ္ဂိုလ်များ၏ စိုက်ကြည့်နေမှုအောက်မှာ ရွှီဖန်းသည် ပေါ့ပါးစွာဖြင့် ထွက်ပေါက်
ဘက်ကို လျှောက်သွားခဲ့သည်။ သို့သော် သူ့ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားပြီး တစ်ဖက်ကို လှည့်ကာ ပွဲထဲရှိ ထိပ်သီးပုဂ္ဂိုလ်များကို ပြုံးပြ၍ မေးလိုက်၏။
"ဟုတ်သား...လျိုမိသားစုက အကြီးအကဲဝမ်ကြောင့် တစ်နှစ်အတွင်းမှာ ချန်ဟိုင်းပြည်နယ်ထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူးဆိုတာကို ခင်ဗျားတို့ သိပါတယ်၊ တစ်နှစ်ကြာပြီးနောက်မှာလည်း လျိုမိသားစုက ဘာလို့ ချန်ဟိုင်းပြည်နယ်ထဲကို မဝင်နိုင်မှာလည်းဆိုတာကို ခင်ဗျားတို့ သိကြလား"
ရွှီဖန်း၏ရုတ်တရက်မေးခွန်းကို ရင်ဆိုင်လိုက်ရသောအခါ လူတိုင်းက အံ့အားသင့်သွားကြသည်။
တစ်နှစ်အတွင်းမှာ လျိုမိသားစုက ချန်ဟိုင်းပြည်နယ်ထဲကို ဝင်လာမည် မဟုတ်ပေ။ ထိုအရာက အကြီးအကဲဝမ်၏ဖိအားကြောင့်ဆိုတာ အသေအချာပင်။
တစ်နှစ်ကြာပြီးနောက်မှာ လျိုမိသားစုက ဆက်လက်စောင့်ဆိုင်းရန် စိတ်ရှည်နိုင်ဦးမည်လား။ လျိုမိသားစုက ရွှီဖန်းကို လက်စားချေရန်အတွက် အင်အားအပြည့်အစုံနှင့် လာလိမ့်မည်ပင်။
ဘယ်သူကမှ အဖြေစဉ်းစားလို့မရသည့်အချိန်မှာ ရွှီဖန်းက အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူတို့ကို အဖြေတစ်ခု ပေးလာသည်။
"တစ်နှစ်အကြာမှာ လျိုမိသားစုက မရှိတော့ဘူးလေ"
ရွှီဖန်းသည် ထိုသို့ပြောပြီးနောက် တစ်ဖက်ကိုလှည့်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားခဲ့၏။ အနောက်မှာတော့ ပါးစပ်အဟောင်းသားဖြစ်နေသည့် ထိပ်သီးပုဂ္ဂိုလ်အုပ်စုကို ချန်ထားရစ်ခဲ့သည်။
တစ်နှစ်ကြာပြီးနောက် လျိုမိသားစုဆိုတာ မရှိတော့ဘူး!
ဒီလူငယ်လေးက တစ်နှစ်အတွင်းမှာ လျိုမိသားစုတစ်ခုလုံးကို အမြစ်ဖြတ်ပစ်ဖို့ စီစဉ်နေတာလား။
ဒါ... မင်း အရမ်းကို မာန်မာနကြီးနေတာ မဟုတ်ဘူးလား။
ဝမ်ကောချန်တောင်မှ ထိုကဲ့သို့ စကားမျိုးပြောရန် သတ္တိရှိမည်မဟုတ်ပေ။
သို့သော်ငြား ရွှီဖန်းအမည်ရှိသော လူငယ်လေးက ထိုစကားများကို ပေါ့ပေါ့ပါးပါးပင် ပြောခဲ့၏။ သို့သော် ထိပ်သီးပုဂ္ဂိုလ်များထံ၌ သူ့ကို ယုံကြည်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိခဲ့ပေ။
မတိုင်ခင်က လျိုဟွားကို ရွှီဖန်းက သေလုနီးပါးစော်ကားခဲ့တာကို သိထားရမည်။ လျိုမိသားစုကို ဖျက်ဆီးရန် ရည်ရွယ်ချက်သာ မရှိခဲ့လျှင် လျိုဟွားကို ဒီလိုမျိုး စော်ကားခဲ့ခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတာနှင့် အတူတူပင်။
အခုအချိန်မှာတော့ ဘယ်သူကမှ ရွှီဖန်းက သတ်သေရန် ကြိုးစားနေသည်ဟု မခံစားရတော့ပေ။
ပြဿနာက ရှင်း၏။ ရွှီဖန်းက တစ်နှစ်အတွင်း လျိုမိသားစုကို ဖျက်ဆီးနိုင်သည်ဖြစ်စေ မဖျက်ဆီးနိုင်သည်ဖြစ်စေ ရွှီဖန်းက သူ့သဘောထားနှင့် ရည်ရွယ်ချက်ကိုတော့ ဖော်ပြပြီးသား ဖြစ်သည်။
လျိုမိသားစုလို မိသားစုကြီးကိုတောင် ဖျက်ဆီးပစ်မည်ဟု ပြောရဲနေမှတော့ လျိုမိသားစုနှင့်ယှဉ်လျှင် အရေးမပါသည့်သူတို့အနေဖြင့် ဘာလုပ်နိုင်မည်နည်း။
ဝမ်ဟန်နှင့် သူ့ဘေးမှာ ရပ်နေသော ချန်ဟိုင်း၏ ပြည်နယ်အဓိကအုပ်ချုပ်ရေးမှုးသည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့က အချင်းချင်း၏ မျက်လုံးထဲ၌ ရည်မှန်းချက်ကိုယ်စီနှင့် အလေးအနက်ထားမှုကို မြင်နိုင်ခဲ့သည်။
ပွဲထဲမှ ထွက်လာပြီးနောက် ရွှီဖန်းသည် အချိန်အကြာကြီး စောင့်နေခဲ့သော စွန်းဖေးဖေးနှင့်အတူ ပြိုင်ကားထဲ ဝင်ကာ အရှိန်ဖြင့် ထွက်သွားခဲ့၏။
ရွှီဖန်းနှင့် စွန်းဖေးဖေးတို့သည် လျိုဟွားကို အာရုံစိုက်ရရုံတင်သာမက အကြီးအကဲဝမ်ကိုပါ ဂရုစိုက်နေရတာကြောင့် ပွဲထဲ၌ အများကြီး မစားခဲ့ရပေ။ အခု သူတို့၏ဗိုက်များက ဗိုက်ဆာသောကြောင့် အသံမြည်နေလေပြီ။
စွန်းဖေးဖေးသည် တချို့သောယောက်ျားလေးများထက်ပင် ပိုသတ္တိရှိပုံရပြီး ရဲရင့်ပုံပေါ်သော်လည်း အခုရွှီဖန်းနှင့် သူမ၏ဆက်ဆံရေးက တရားဝင်အတည်ပြုထားခဲ့ပြီဖြစ်ရာ သူမ နေရခက်နေတော့သည်။ စွန်းဖေးဖေးသည် သူမ၏အဝတ်အစားများကို ကိုင်ထားကာ အရှေ့ခရီးသည်ထိုင်ခုံမှာ ခေါင်းငုံ့လျက် မျက်နှာပေါ်ရှိ နီမြန်းမှုအနည်းငယ်နှင့်အတူ ထိုင်နေခဲ့၏။
ရွှီဖန်းမှာ စွန်းဖေးဖေး၏ ထူးဆန်းသောဦးနှောက်ပတ်လမ်းနှင့် ကျင့်သားရနေပြီဖြစ်ရာ စွန်းဖေးဖေး၏မျက်နှာအမူအရာကို မြင်သော်လည်း အံ့သြခြင်းမရှိခဲ့ပေ။
စွန်းဖေးဖေးက ဘာစကားမှမပြောဘဲ ထိုင်နေခဲ့သည်။ ရွှီဖန်းသည် လေထုက နေရခက်နေတာမျိုး မဖြစ်အောင် တစ်ခုခု ပြောရန် ရှာရတော့၏။
"ဗိုက်ဆာနေတာ ကြာပြီမလား၊ အဲ့ဒီလိုကြီးမားတဲ့ဟိုတယ်တွေမှာ ဟင်းပွဲတွေက ကောင်းမွန်ပုံရပေမဲ့ မျက်နှာပန်းလှအောင် ပြောရရင်တော့ အဲ့ဒါတွေက လူမှုရေးဆိုင်ရာတွေ့ဆုံပွဲတွေချည်းပဲ၊ ကျွန်တော့်အနေနဲ့ လမ်းဘေးဆိုင်လေးတွေမှာ စားရတာ ပိုအဆင်ပြေတယ်"
ရွှီဖန်း၏ကျိုးကြောင်းဆီလျော်သောစကားများကို စွန်းဖေးဖေးက ခေါင်းအနည်းငယ်ညိတ်၍ တုံ့ပြန်လာသည်။ သူမမျက်နှာပေါ်ရှိ နီမြန်းမှုနှင့်အတူ သူမက တောင့်တင်းသွားလေ၏။
စွန်းဖေးဖေး၏လက်ရှိပုံစံမှာ ရွှီဖန်းကို အခန်းထောင့်ဆီ ဆွဲခေါ်သွား၍ သူမအား ချစ်လား မချစ်ဘူးလားမေးခဲ့သော၊ နောက်ဆုံးမှာ ရွှီဖန်းနှင့်အတူ ကမ္ဘာ့အဆုံးအထိ ထွက်ပြေးချင်ခဲ့သော အမျိုးသမီးနှင့် မတူတော့ပေ။
ရွှီဖန်းမှာ အနည်းငယ်တော့ အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူမက သူ့ကို အကြိမ်ကြိမ်သတိပေးခဲ့ရာမှ သူမအား နောက်တစ်ကြိမ် ထပ်နမ်းမိခဲ့ပြီးနောက်မှာ ဤအမျိုးသမီးအပေါ်၌ ကောင်းမွန်သော ခံစားချက်များရှိခဲ့၏။ သို့သော်ငြား သူတို့က တစ်ယောက်ကိုတစ်ယောက် သိထားတာ မကြာသေးလေရာ ကောင်းမွန်သည့်ဆက်ဆံရေးတော့ မရှိသေးပေ။
ရှယန်ယွိသာ သူ ဒီလိုပြောနေတာကို ကြားခဲ့မည်ဆိုလျှင် ဘယ်လမ်းပေါ်က အစားအသောက်ဆိုင်က အကောင်းဆုံးပဲဆိုပြီး သူနှင့် အဆုံးမရှိ ငြင်းခုံနေလိမ့်မည်။
စွန်းဖေးဖေးက မကောင်းဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ အဖြစ်အပျက်များက ရုတ်တရက်ဆန်သွားသောကြောင့်ပင်။
ပြိုင်ကားက လျှပ်စီးကဲ့သို့ မြန်ဆန်စွာပင် ရွေ့လျားသွားခဲ့သည်။ မကြာခင်မှာပင် သူတို့၏ရည်ရွယ်ရာနေရာဖြစ်သည့် ပျားပန်းခပ်စည်ကားနေသည့် မုန့်မျိုးစုံရောင်းချနေသော ဆိုင်တန်းကို ရောက်ရှိခဲ့ကြ၏။
မင်းသာ အရသာရှိသောဟင်းလျာများကို စားရတာ အကျင့်ရနေခဲ့လျှင် အနည်းငယ် ရွေးချယ်တတ်လာလိမ့်မည်။ သို့သော်လည်း အစားအသောက်ဆိုင်တန်း၌ အစားအသောက်မျိုးစုံ ရှိနေခဲ့သည်။ မင်း ဒါတွေကို ဘယ်လောက်စားပါစေ မရိုးနိုင်ပေ။
ရွှီဖန်းသည် သူ၏လက်အောက်ငယ်သားလေးလိုဖြစ်နေသော စွန်းဖေးဖေးကို ပြိုင်ကားထဲကနေ ဆွဲထုတ်ခဲ့၏။ လက်ရှိအချိန်မှာ လူစည်ကားနေသည့် မြို့ထဲမှာတော့ မျက်နှာနီမြန်းကာ ခေါင်းငုံ့နေခဲ့သော စွန်းဖေးဖေးသည် နောက်ဆုံးမှာတော့ သူမ၏ စိတ်တည်ငြိမ်မှုတချို့ကို ပြန်လည်ရရှိခဲ့သည်။
ကြက်တောင်ပံကြော်၊ ချိစ်နှင့် သိပ်ပြီးတန်ဖိုးမပေးရသော တခြားအစားအစာများကို စွန်းဖေးဖေးက ရတနာများကဲ့သို့ ဆက်ဆံခဲ့၏။ သူတို့သည် လမ်းတစ်ဝက်ထိကို လျှောက်သွားခဲ့ကြပြီး သူတို့နှစ်ယောက်စလုံး၏လက်ထဲမှာလည်း မုန့်တွေ အများကြီး
ပါလာခဲ့သည်။
သူတို့ ကျောက်အိုးငါးတချို့ကိုလည်း မှာခဲ့ကြပြီး ညစာမစားရသေးခင် ဗိုက်တစ်ဝက်လောက်ပြည့်နေခဲ့၏။
လက်ရှိအချိန်မှာ စွန်းဖေးဖေးသည် သူမ၏ရှက်ရွံ့နေသော အမူအရာကို လွှတ်ပေးထားလိုက်ပြီဖြစ်ရာ ခေါင်းကနေ ခြေဖျားအထိ တက်ကြွနေပြီး ရွှီဖန်းနှင့် စကားပြောနေခဲ့သည်။
ရုတ်တရက်ပင် အံ့သြမှုများပြည့်နှက်နေသော အော်ဟစ်သံတစ်သံက ထွက်ပေါ်လာခဲ့၏။
"အဲ့ဒါ စူပါစတား စွန်းဖေးဖေး မဟုတ်ဘူးလား"
ရွှီဖန်းနှင့် စွန်းဖေးဖေးတို့သည် လူအလွှာပေါင်းများစွာဖြင့် လျှင်မြန်စွာ ဝန်းရံခံခဲ့ရသည်။
"တစ်ကယ် စွန်းဖေးဖေးပဲ! အရမ်းလှတာပဲ!"
"ဒီလူက စွန်းဖေးဖေးရဲ့ချစ်သူ ဖြစ်နိုင်မလား၊ စွန်းဖေးဖေးမှာ ချစ်သူမရှိဘူး မဟုတ်လား"
"စူပါစတားလေး ကျွန်တော့်ကို လက်မှတ်ထိုးပေးနိုင်မလား"
ရေတွက်၍မရနိုင်သော ပရိသတ်များကြားထဲတွင် ရွှီဖန်းသည် နာမည်ကြီးတစ်ယောက်ဖြစ်ရသော ခါးသီးမှုကို နောက်ဆုံးမှာ သဘောပေါက်သွားခဲ့သည်။ ဘယ်ကိုသွားသွား ရူးသွပ်နေသည့် ပရိသတ်အုပ်စုဆီကနေ ဝန်းရံခံရမည်ပင်။ သူတို့အနေဖြင့် ဘာမှမတတ်နိုင်ပေ။
ထို့ကြောင့် ကားပေါ်မှာ ရှိနေတုန်းက စွန်းဖေးဖေး တွေဝေနေခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူကလည်း စွန်းဖေးဖေး၏ အထောက်အထားကို မေ့သွားခဲ့တာဖြစ်၏။
ပရိသတ်များဆီမှ စိတ်အားထက်သန်လှသော အားပေးမှုများက ပိုပြီး များပြားလာခဲ့သည်။ တစ်ဖက်မှာ စွန်းဖေးဖေး၏မျက်နှာက နီရဲနေခဲ့ပြီး ရွှီဖန်းကို ကြည့်နေခဲ့ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့၏။
စွန်းဖေးဖေးသာ သူမ၏အထောက်အထားကို ဝန်ခံလိုက်တာနှင့် သူမက ပရိသတ်များ၏ ဝိုင်းရံမှုကို ခံရမှာ အသေအချာပင်။ သူမ မဝန်ခံဘူးဆိုလျှင်တော့ ရွှီဖန်းအနေဖြင့် စိတ်မသက်မသာ ဖြစ်နိုင်သည်။
စွန်းဖေးဖေး၏ဒုက္ခကို ရင်ဆိုင်လိုက်ရသောအခါ ရွှီဖန်းသည် လူအုပ်ကြီးအား လက်ပြလိုက်၏။
"ဟေး ဘာ စွန်းဖေးဖေးလဲ၊ ဒါက ငါ့ဇနီးကွ!"
***********************