စာကလေး၏ ပြန်တိုက်ခိုက်မှု
Vol. 29 Ch. 435
ရုတ်တရက်ထွက်ပေါ်လာသော တံခါးခေါက်သံက အမှတ်တရထဲမှာ နစ်မွှန်းနေသည့် လူနှစ်ယောက်ကို နိုးလာစေခဲ့သည်။ တံခါးခေါက်သံနောက်မှာ ယောက်ျားတစ်ယောက်၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ဖေးဖေး၊ မင်းပြန်လာပြီလား"
အသံကို ရင်းနှီးနေသည်။ ရွှီဖန်းက အနည်းငယ်ပြန်ပြီးမှတ်မိသွားရ၏။
ဒါ စွန်းဖေးဖေးရဲ့ မန်နေဂျာအစ်ကိုကျန်း မဟုတ်ဘူးလား။
လက်ရှိအချိန်မှာ မန်းနေဂျာအစ်ကိုကျန်းကကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်
ဖြစ်နေသလိုပင် စွန်းဖေးဖေးသည် ရှင်းပြ၍မရလောက်အောင် ကြောက်ရွံ့နေခဲ့သည်။ သူမက ရွှီဖန်း၏လက်ကို ကိုင်ထားကာ သူမ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေပြီး တိတ်တိတ်လေးရှိနေခဲ့၏။
ရွှီဖန်း ဒေါသထွက်သွားခဲ့သည်။
ဒီမန်နေဂျာအစ်ကိုကျန်းက စွန်းဖေးဖေးရဲ့မိသားစုက လွှတ်ထားတဲ့ သူလျှိုတစ်ယောက်များလား။ ဘာလို့ စွန်းဖေးဖေးက ဒီလောက်အထိ ကြောက်လန့်နေတာလဲ။
ချက်ချင်းပင် ရွှီဖန်းလည်း အသံနက်ကြီးဖြင့် ပြန်ဖြေလိုက်၏။
"ဘာကိစ္စလဲ"
တံခါးအပြင်ဘက်ရှိ အသက်ရှူသံက ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး ထို့နောက်မှာတော့ တံခါးကို အရူးအမူးရိုက်နေခဲ့သည်။
"မင်း ဘယ်သူလဲ! ဘယ်သူက မင်းကို ဒီထဲဝင်ဖို့ ခွင့်ပြုလိုက်တာလဲ! တံခါးဖွင့်ပေး! ဟေ့ကောင်! မြန်မြန်လာဖွင့်စမ်း!"
စွန်းဖေးဖေးက တံခါးခေါက်သံများကို ကြားသောအခါ ပို၍တောင်ကြောက်လာခဲ့၏။ သူမက ရွှီဖန်း၏နောက်မှာ ပုန်းနေပြီး တုန်ယင်နေခဲ့သည်။
ရွှီဖန်းသည် စွန်းဖေးဖေး၏လက်သေးသေးလေးများကို ညှစ်၍ မကြောက်ရန် အချက်ပြလိုက်၏။ ထို့နောက် သူ ခြေလှမ်းကျဲကျဲဖြင့် တံခါးဘက်ကို လျှောက်သွားခဲ့သည်။
ဂျိန်း!
တံခါးက ပွင့်သွားခဲ့ပြီး မန်နေဂျာအစ်ကိုကျန်းကို မြင်လိုက်ရ၏။ ထိုလူသည် ငွေရောင်ဝတ်စုံဝတ်ထားပြီး ရွှေရောင်မျက်မှန်တပ်ထားကာ သူ့မျက်နှာပေါ်မှာလည်း ဒေါသထွက်နေသောအမူအရာ ရှိနေခဲ့သည်။ တံခါး ဖွင့်ပေးလာသည့် ရွှီဖန်းကို မြင်သောအခါ သူ နေရာမှာတင် ရုတ်တရက် ကြောင်သွားခဲ့ရ၏။
ဒီလူငယ်လေးက သူ့ကို ကြမ်းပြင်ပေါ်မှာ ရိုက်နှက်ပြီး သူ့ကို ဘယ်လိုမျိုး ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခဲ့လဲဆိုတာကို မန်နေဂျာအစ်ကိုကျန်းက မမေ့ပေ။
ထိုအချိန်က ရှက်ရွံ့စရာအဖြစ်အပျက်မှာ သူ့အား ဓားနှင့် လှီးဖြတ်နေသကဲ့သို့ပင်။ ထိုအဖြစ်က မန်နေဂျာအစ်ကိုကျန်းအနေဖြင့် အတိတ်များထဲ ဘယ်တော့မှ မမေ့နိုင်သောအရာ ဖြစ်သည်။ သူ့ဘဝ၏ အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်၏။
ဒီရက်တွေအတွင်းမှာ မန်နေဂျာအစ်ကိုကျန်းသည် သူ့ကိုယ်သူ အများကြီးပြောခဲ့လေသည်။ ထိုလူငယ်လေး သူ့ရှေ့မှာ ထပ်ပေါ်လာခဲ့လျှင် သူ သေချာပေါက် ပြန်ခံစားရအောင် လက်စားချေမည်ဟူ၍ပင်။
သို့သော် အခုတော့ ရွှီဖန်းက တကယ်ပင် မန်နေဂျာအစ်ကိုကျန်း၏ အရှေ့မှာ ပေါ်လာခဲ့လေ၏။ ရွှီဖန်း၏ နတ်ဆိုးကဲ့သို့ တည်ငြိမ်နေသော မျက်နှာကို ကြည့်ပြီး သူ ထိတ်လန့်သွားခဲ့သည်။
"မင်း ဘာလိုချင်တာလဲ၊ တခြားပြောစရာမရှိရင် ထွက်သွား!"
ရွှီဖန်းသည် နေရာမှာ ရပ်နေသော မန်နေဂျာအစ်ကိုကျန်းကို ကြည့်ရင်း စိတ်မရှည်စွာ ပြောလိုက်၏။ ရွှီဖန်းထံ၌ ထိုကဲ့သို့သောလူမျိုးကို အနိုင်ကျင့်ရန်ပင်
ဆန္ဒမရှိပေ။
သို့သော်လည်း *လူတစ်ယောက်ကို သုံးရက်ကြာအောင် မချုပ်ထားသောအခါ အိမ်ပေါ်တက်ပြီး ခေါင်မိုးထိတိုင်အောင် ဆုတ်ဖြဲရဲသူတချို့ကတော့ အမြဲတမ်း ရှိနေဆဲပင်။
မန်နေဂျာအစ်ကိုကျန်းသည် ရွှီဖန်းအနောက်မှာ ပုန်းနေပြီး တုန်ယင်နေသော စွန်းဖေးဖေးကို ကြည့်လာသည်။ သူ့မျက်လုံးများက လင်းလက်သွားခဲ့ပြီး ထိုအချိန်မှာပင် သူ့ယုံကြည်မှုကို ပြန်ရရှိသွားခဲ့၏။ သူ စွန်းဖေးဖေးဘက်ကို လှည့်၍ အသံအကျယ်ကြီးဖြင့် မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
စွန်းဖေးဖေး၏မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နေခဲ့၏။ သို့သော်လည်း သူမအရှေ့မှာ ရွှီဖန်းက ရပ်နေခဲ့ပြီး သူမ၏လက်သေးသေးလေးကလည်း သူ့လက်ထဲမှာ ရှိနေတာကြောင့် စွန်းဖေးဖေးသည် သူမ၏ သွားများကို အံတင်းတင်းကြိတ်ကာဖြင့် မန်နေဂျာအစ်ကိုကျန်းကို ပြောလိုက်သည်။
"ကျွန်မ ဖျော်ဖြေရေးနယ်ပယ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ရှင် အလုပ်ထုတ်ခံလိုက်ရပြီ၊ ဒီလောက်ပဲ"
စွန်းဖေးဖေးမှ မန်နေဂျာအစ်ကိုကျန်းအား ကြောက်နေရသောအကြောင်းရင်းသည် ရွှီဖန်း ခန့်မှန်းထားသည့် အတိုင်းပင်။ မန်နေဂျာအစ်ကိုကျန်းသည် မိသားစုမှ စွန်းဖေးဖေးအတွက် သူလျှိုအဖြစ် စေလွှတ်ထားသော လူပင်။
လှောင်အိမ်ထဲရှိ စာကလေးတစ်ကောင်သည် သူ၏ လွတ်လပ်မှုကို တွေ့သောအခါ သို့မဟုတ် သူ၏အချစ်ကို တွေ့သောအခါ အရာအားလုံးကို လျစ်လျူရှု၍ အံ့သြစရာကောင်းသော သတ္တိနှင့် ခွန်အားကို ထုတ်လွှတ်တတ်လာကြလိမ့်မည်။
မန်နေဂျာအစ်ကိုကျန်းသည် ရုတ်တရက်ပင် တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသော စွန်းဖေးဖေးကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေရင်း မေးလာသည်။
"မင်း... မင်း ဘာပြောလိုက်တာလဲ၊ မင်း အခု ဘာလုပ်နေလဲဆိုတာကို မင်း သိရဲ့လား"
စွန်းဖေးဖေးသည် မိသားစုအပေါ်၌ သူမ၏ကြောက်ရွံ့မှုများကို လုံးဝ ဖယ်ရှားလိုက်လေပြီ။ သူမ မန်နေဂျာ အစ်ကိုကျန်းအား လှောင်ပြောင်လိုက်၏။
"ကျွန်မ ဘာပြောနေလဲဆိုတာကို ကျွန်မ သိပါတယ်၊ ကျွန်မပိုင်တဲ့ကံကြမ္မာကို ကျွန်မ ကိုယ်တိုင် ထိန်းချုပ်ချင်တယ်၊ ရှင် မိသားစုဆီ ပြန်သွားပြီး ဒါကို သတင်းပို့လို့ရတယ်၊ ဒါပေမဲ့ အဲ့ဒါမတိုင်ခင်မှာ ကျွန်မတို့ရဲ့လမ်းကို ကျေးဇူးပြုပြီး မပိတ်ပါနဲ့!"
စွန်းဖေးဖေးထံ၌ ဤမန်နေဂျာအစ်ကိုကျန်းအပေါ်မှာ ကောင်းမွန်သောခံစားချက် မရှိခဲ့ပေ။
စွန်းဖေးဖေးကို လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားသော အဓိကတရားခံက သူမ၏ မိသားစုမှန်း ကောင်းကောင်းသိသော်လည်း မန်နေဂျာအစ်ကိုကျန်းကလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပက်သက်ခဲ့သည်ပင်။
စွန်းဖေးဖေးမှာ အရိုးထဲထိတိုင်အောင် မုန်းတီးခဲ့သော်လည်း ထိုကိစ္စနှင့်ပက်သက်၍ သူမမှာ ပြောစရာစကားမရှိနိုင်ခဲ့ပေ။
လက်ရှိအချိန်မှာ မန်နေဂျာအစ်ကိုကျန်းကတော့ ထိတ်လန့်မှုကနေ လုံးဝပင် အသိပြန်ဝင်လာခဲ့ပြီး သူ့မျက်နှာပေါ်၌ ကြမ်းကြုတ်သောအမူအရာတစ်ခု ရှိနေခဲ့၏။
"ကောင်းတယ်...ကောင်းတယ်...ကောင်းပါ့! ဘာလဲ... မင်းရဲ့အတောင်တွေ မာကျောလာပြီဆိုတော့... တကယ်ကို အစွမ်းထက်ပြီပေါ့ ဟုတ်လား၊ မင်းက ကောင်းမွန်တဲ့မင်းသမီးတစ်ပါးဖြစ်နေတာကို ကျေးဇူးမတင်ဘဲ နိမ့်ကျတဲ့အရပ်သားနဲ့လိုက်သွားပြီး ထွက်သွားချင်နေတယ်ပေါ့၊ မိသားစုက မင်းကို စူပါစတားတစ်ယောက်ဖြစ်အောင် ဘယ်လိုနည်းနဲ့ တဆင့်ပြီးတဆင့် မွေးမြူခဲ့ရလဲဆိုတာကို မင်းမေ့သွားပြီလား"
မန်နေဂျာအစ်ကိုကျန်းက သူမအပေါ်၌ လေးစားမှုများစွာ မရှိခဲ့ပေ။ စွန်းဖေးဖေးက စွန်းမိသားစုဝင်တစ်ယောက်ဖြစ်သော်လည်း မန်နေဂျာအစ်ကိုကျန်းသည် သူမက လှောင်အိမ်ထဲမှ စာကလေးတစ်ကောင်သာ ဖြစ်သည်ကို ကောင်းကောင်းသိခဲ့၏။
စာကလေးကသာ လက်ထပ်ပြီးပါက မန်နေဂျာအစ်ကိုကျန်းအတွက်ကတော့ သူ့တာဝန်ကို ပြီးမြောက်သွားမှာဖြစ်သည်။ သို့သော်လည်း ထိုမတိုင်ခင်မှာ စာကလေးက စည်းမျဉ်းများကို ချိုးဖောက်ရန် အခွင့်အရေးရှာလာခဲ့၏။
များပြားသောငွေကြေးပမာဏ၊ ရေတွက်၍မရနိုင်သော အကျိုးကျေးဇူးများနှင့် စွန်းမိသားစု၏ ကြောက်မက်ဖွယ်ရာ နည်းလမ်းများက မန်နေဂျာအစ်ကိုကျန်းကို အလွန်သစ္စာရှိစေခဲ့သည်။
လက်ရှိအချိန်မှာ မန်နေဂျာအစ်ကိုကျန်း၏ပုံစံသည် စွန်းဖေးဖေးအား စိတ်နာကျင်စွာ ဆူပူနေသော အကြီးအကဲတစ်ယောက်ကဲ့သို့ပင်။
"ဒီနှစ်တွေအားလုံးမှာ အကြီးအကဲက မင်းကို အချစ်ဆုံးပဲ၊ နာမည်ကြီးဖြစ်လာချင်တဲ့ မင်းရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မင်းအလုပ်စကတည်းက မင်းကို ထောက်ပံ့ပေးနေခဲ့တယ်၊ အကြီးအကဲသာ မင်းရဲ့အနောက်မှာ ရှိနေပြီး မင်းအတွက် လမ်းတွေ ဖွင့်ပေးခဲ့တာ မဟုတ်ရင် မင်း ဒီနေ့အချိန်ထိ ရထားတဲ့ဟာတွေကို ရရှိနိုင်မှာတဲ့လား"
စွန်းဖေးဖေးက ခိုင်မာသောစိတ်ဓာတ်ဖြင့် ခေါင်းခါလာလေ၏။
"ရှင် ဘာပြောပြော ကျွန်မရဲ့စိတ်ကို ပြောင်းလဲမှာ မဟုတ်ဘူး၊ ရှင် မြန်မြန်ပြန်သွားပြီး ဖုန်းသွားခေါ်ဖို့ အကြံပေးတယ်"
စွန်းဖေးဖေး၏စကားများက မန်နေဂျာအစ်ကိုကျန်းကို လုံးဝ ဒေါသထွက်စေခဲ့သည်။
မန်နေဂျာအစ်ကိုကျန်းသည် သူက စွန်းမိသားစု၏ ခွေးတစ်ကောင်ပဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားသော်လည်း စွန်းဖေးဖေး၏ညှိနှိုင်းလွယ်မှုများကို ဒီနှစ်တွေအတွင်းမှာ ကျင့်သားရနေခဲ့၏။ စွန်းဖေးဖေးက သူ့ကို ဒီလိုမျိုးစကားပြောရဲနေတာကို ကြားသောအခါ သူ အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။
"မင်း ငါ့ကို ဒီလိုပြောရဲတယ်ပေါ့! မင်း ငါ့ကို ဒီလိုစကားပြောရဲတယ်လား!"
မန်နေဂျာအစ်ကိုကျန်းသည် ဒေါသတကြီးဖြင့် သူ့ကိုယ်သူ ရေရွတ်နေခဲ့ပြီး စွန်းဖေးဖေးဆီသို့ သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။ စွန်းဖေးဖေး၏ သဘောထားက အလွန်ပြောင်းလဲသွားခဲ့တာကြောင့် မန်နေဂျာအစ်ကိုကျန်းလည်း သူ့စိတ်ကို မထိန်းချုပ်ထားနိုင်တော့ပေ။
ထိုအချိန်မှာ ဘေးမှာရပ်နေသည့် ရွှီဖန်းက နောက်ဆုံးမှာတော့ သူ့လက်ကို ဆန့်ထုတ်၍ လျှပ်စီးကဲ့သို့ လျင်မြန်စွာပင် မန်နေဂျာအစ်ကိုကျန်း၏မျက်နှာကို ရိုက်ချလိုက်သည်။
မတိုင်ခင်က ရွှီဖန်းအနေဖြင့် မတိုက်ခိုက်ခဲ့ခြင်းသည် စွန်းဖေးဖေးက ထွက်လာပြီး မိသားစုတိုက်ပွဲကို အဆုံးသတ်နေခြင်းအား အနှောင့်အယှက် မပေးချင်ခဲ့သောကြောင့် ဖြစ်၏။
သို့သော် အခု မန်နေဂျာအစ်ကိုကျန်းက စွန်းမိသားစု၏ ခွေးတစ်ကောင်ဖြစ်နေပါလျက် သူ၏တည်ရှိနေမှုကို လျစ်လျူရှုကာ စွန်းဖေးဖေးအား ထိခိုက်စေရန် သူ့လက်ကို ဆန့်ထုတ်ရဲသည်။ ထိုအရာက ရွှီဖန်းကို ဒေါသထွက်စေလေ၏။
ဖြန်း!
ရိုက်ချလိုက်သောအသံက အလွန်ကျယ်လောင်ပြီး အခန်းထဲ၌ ရှင်းလင်းစွာ ပဲ့တင်ထပ်နေခဲ့သည်။ ထိုရိုက်ချက်က ရွှီဖန်း၏နှလုံးသားထဲရှိ အဆုံးမရှိသော ဒေါသကို ကိုယ်စားပြုလေ၏။
နောက်ဆက်တွဲအနေဖြင့် ရွှီဖန်း၏အသံက ငရဲကနေ ထွက်လာသလို အေးစက်နေခဲ့သည်။
"ငါ ဒီမှာ ရပ်နေတာ မင်း မမြင်ဘူးလား။"
( Jue - *လူတစ်ယောက်ကို သုံးရက်ကြာအောင် မချုပ်ထားသောအခါ အိမ်ပေါ်တက်ပြီး ခေါင်မိုးထိတိုင်အောင် ဆုတ်ဖြဲရဲသူတချို့ကတော့ အမြဲတမ်း ရှိနေဆဲပင်။
'တချို့လူတွေကို အမြဲထိန်းချုပ်ပြီး စောင့်ကြည့်နေမှ တော်ရာကျမယ်၊ တစ်ခါလွတ်သွားခဲ့ရင် စိတ်ကြီးဝင်ပြီး သူတို့ကိုယ်သူတို့ အရာအားလုံးကို စွမ်းဆောင်နိုင်နေပြီလို့ ထင်မှတ်သွားကြလိမ့်မယ်'လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
***********************