← Chapters

အခန်း (၁၄၄၁-၁၄၄၃)

Vol. 97 Ch. 1441-1443

အခန်း (၁၄၄၁-၁၄၄၃)

Vol. 97 Ch. 1441-1443

အဆတစ်ရာစနစ် စာစဥ်(၉၇)

အခန်း(၁၄၄၁)

တုလီသည် သွေးသတ်ဖြတ်သူမျိုးနွယ်စု၏ အကြီးအကဲ၊ သွေးစွန့်ပစ်နယ်မြေ၏ အင်အားကြီးမားသော နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကျင့်ကြံသူ၊ သွေးစွန့်ပစ်နယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်သည်။

သွေးစွန့်ပစ်တစ်ခုလုံးနှင့် ကြည့်လျှင်ပင် တုဝမ်လီနှင့် စန်းယွမ်လုံက လွဲလျှင် တုလီကို အလွယ်တကူ အနိုင်ယူနိုင်သူ မရှိသလောက်ပင်။

သို့သော် ထိုကဲ့သို့ အင်အားကြီးမားသော နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူသည် ကျန်းချန်၏ တိုက်ကွက်နှစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ဘဲ လုံးဝကို ဖျက်ဆီးခံလိုက်ရသည်။

ထိုကဲ့သို့သော စွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

"ဒီကောင်လေးက တကယ်ကို သန်မာလွန်းတယ်.. ငါတို့အားလုံးသူ့ကို အထင်သေးခဲ့မိပြီထင်တယ်"

စန်းယွမ်လုံသည် မှင်တက်နေရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် လေးနက်သောအမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

စန်းယွမ်လုံသည် သွေးသတ်ဖြတ်သူ မျိုးနွယ်စုမှ အကြီးအကဲ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်းပင် သိထားခဲ့သည်။

သူ၏ စွမ်းအားဖြင့်ပင် ကျန်းချန်ကဲ့သို့ တိုက်ကွက်နှစ်ကွက်ထဲဖြင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုမှ အကြီးအကဲကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

"ခေါင်းဆောင်က ဘုရားသခင် တစ်ပါးလိုမျိုး အသေအချာကို တွက်ချက်နိုင်ခဲ့တာပဲ.. ကျွန်တော်တို့ ကျန်းချန်ကို တိုက်ရိုက်ပြဿနာ မရှာလိုက်တာ ကံကောင်းသွားတယ်.. အခုတော့ တုဝမ်လီတို့တွေ ဒုက္ခရောက်နေကြပြီ"

စန်းယွင်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးက သူ၏ရှေ့မှအခြေအနေကို မြင်လျှင် သက်ပြင်းတစ်ချက် ချကာ ရေရွတ်လိုက်သည်။

ကျန်းချန်၏ စွမ်းအားသည် သူတို့ စိတ်ကူးထားသည်ထက်ကိုပင် ကျော်လွန်နေခဲ့ပြီး သွေးသတ်ဖြတ်သူ မျိုးနွယ်စုမှ အကြီးအကဲ တုလီကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ဤကဲ့သို့သော စွမ်းအားမျိုးသည် သူတို့၏ ခေါင်းဆောင်ထက်ပင် မနိမ့်ကျပေ။

ဆိုရလျှင် သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ခေါင်းဆောင် တုဝမ်လီ ကိုယ်တိုင်ပင် ကျန်းချန်ကို အလွယ်တကူ အနိုင်ရနိုင်မည် မဟုတ်လောက်ချေ။

"ကျန်းချန်.. မင်းက ငါတို့ သွေးသတ်ဖြတ်သူ မျိုးနွယ်စုက အကြီးအကဲကိုတောင် သတ်ရဲတယ်.. ဒီနေ့ ငါတုဝမ်လီ မင်းကို အစိတ်စိတ်အမွှာမွှာ ကြိတ်ချေပစ်မယ်"

မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တုဝမ်လီသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက် ကြောက်မက်ဖွယ် သွေးအရှိန်အဝါ တစ်ခုသည် တစ်ခဏအတွင်းမှာပင် ပေတစ်ထောင် အကျယ်အဝန်းရှိသည့် နေရာလွတ်ကို ပျံ့နှံ့သွားခဲ့သည်။

"ပုရွက်ဆိတ်လေးကများ ငါ့ရဲ့ရှေ့မှာ လေသံလာကျယ်ရဲတယ်.. ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. တန်ဖိုးမသိမှတော့ သွားသေလိုက်တော့"

ကျန်းချန်က တုဝမ်လီကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ရွှေရောင်အလင်းများ တောက်ပနေသော လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

မိုးကြိုးလျှပ်စီးများဖြင့် ဝိုင်းရံနေသော မိုးကြိုးနတ်ဘုရား၏ လက်ကဲ့သို့ ဧရာမ လက်ဝါးကြီးသည် ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး တုဝမ်လီကို ဖိနှိပ်လိုက်သည်။

"ပြိုကွဲစမ်း"

ကျန်းချန်၏ ကြောက်မက်ဖွယ် လက်ဖဝါးကို ရင်ဆိုင်ရသော်လည်း တုဝမ်လီသည် အနည်းငယ်မျှပင် ကြောက်ရွံ့မှုမရှိပေ။

ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်သည် သွေးအလင်းများဖြင့် တောက်ပလာခဲ့သည်။

ထို့နောက်တွင် တုဝမ်လီသည် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်၏ လက်ဝါးကို ရင်ဆိုင်လိုက်သည်။

ဤအချိန်တွင် တုဝမ်လီ၏ မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်သော သွေးအလင်းများဖြင့် တောက်ပနေခဲ့သည်။

သူ၏ ကြောက်မက်ဖွယ်သွေးလက်ဝါးက ကျန်းချန်၏ လက်ဖဝါးကို ထိပ်တိုက်ပင် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

မိုးကြိုးလက်ဝါးနှင့် သွေးလက်ဝါးတို့ လေထဲတွင် ထိပ်တိုက်ဆုံတွေ့မိပြီးနောက်တွင် တုဝမ်လီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မီတာရာပေါင်းများစွာ အထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။

တုဝမ်လီသည် သူ၏ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။

သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"

တုဝမ်လီသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့သူ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်က အလွန်တရာ အားကောင်းရုံသာမက သူဝတ်ဆင်ထားသော ဝတ်စုံသည် သာမန် ကြယ်ရှစ်ပွင့် သွေးစစ်သည်တော်ပင် တိုက်ခိုက်၍ မရသည့် သံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

စန်းယွင်မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သည့် စန်းယွမ်လုံပင် အစွမ်းထက် လက်နက်ကို အသုံးပြုမှသာ သူနှင့် ရင်ဆိုင်နိုင်၏။

ဆိုရလျှင် ဤကောင်လေး၏ ခွန်အားသည် စန်းယွမ်လုံထက်ပင် ပိုသာနေခဲ့သည်။

ကံကောင်းစွာဖြင့် သူက အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်၏။

သို့မဟုတ်လျှင် သူ၏ရှေ့မှ ကောင်လေးနှင့် ပတ်သက်၍ မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"ကျန်းချန် မင်းရဲ့ခွန်အားက ဒီလောက်တောင် သန်မာလိမ့်မယ်လို့ ငါတကယ် ထင်မထားခဲ့ဘူး.. ငါမင်းကို အထင်သေးခဲ့မိတယ်.. အကယ်၍ ဒီအခြေအနေက လွန်ခဲ့တဲ့ သုံးလကသာဆိုရင် ငါမင်းကို ရှုံးနိမ့်သွားမှာ အသေအချာပဲ.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. ဒီနေ့ မင်းအတွက် တစ်ခုတည်းသော ရလဒ်က သေခြင်းတရားပဲ"

တုဝမ်လီ၏ မျက်လုံးများပင် သွေးစွမ်းအားများဖြင့် ပြည့်လျှံနေခဲ့သည်။

ထို့နောက် စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော သွေးနယ်မြေ တစ်ခုသည် သူ၏ပတ်ဝန်းကျင်တွင် တစ်ခဏအတွင်း စုစည်းသွားခဲ့သည်။

ထိုသွေးနယ်မြေထဲတွင် ဆန်းကြယ်သည့် သွေးစွမ်းအားတစ်ခုသည် ခပ်ရေး‌ရေး ပျံ့နှံ့နေခဲ့၏။

တိုက်ပွဲကို ကြည့်ရှုနေသော စန်းယွမ်လုံနှင့် တခြားသူများပင် သွေးနယ်မြေမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ လွှမ်းမိုးမှုအောက်၌ ၎င်းတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးများ လှုပ်ရှားနေသည်ကို ခံစားမိခဲ့သည်။

"ဒါ..ဒါက သွေးဥပဒေသရဲ့ စွမ်းအား မဟုတ်လား"

စန်းယွမ်လုံ၏ အမူအရာက ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ပါးစပ်ကနေလည်း ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

"တုဝမ်လီက တကယ်ပဲ အင်ပါယာ တစ်ပိုင်းအဆင့်ကို ထိုးဖောက်လိုက်ပြီလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"အင်ပါယာတစ်ပိုင်းနယ်ပယ်အဆင့်လား"

စန်းယွမ်လုံ၏ စကားကိုကြားလျှင် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများ၏ မျက်နှာများသည် တစ်ခဏအတွင်းမှာပင် ဖြူဖျော့သွားခဲ့ကြသည်။

အင်ပါယာတစ်ပိုင်းအဆင့်သည် အင်ပါယာနယ်ပယ်အဆင့် မဟုတ်သော်လည်း နတ်သန္ဓေအင်ပါယာ အဆင့်ထက် များစွာ သာလွန်သည်။

ယခင်က အင်ပါယာတစ်ပိုင်းအဆင့်ကို တုဝမ်လီ မထိုးဖောက်နိုင်ခဲ့၍ သူတို့ လူသားမျိုးနွယ်စုသည် သွေးဝိညာဥ်မျိုးနွယ်စုနှင့် အနည်းငယ် ယှဥ်ပြိုင်နိုင်ခဲ့သည်။

ယခု တုဝမ်လီက အင်ပါယာ တစ်ပိုင်းအဆင့်ကို ထိုးဖောက်သွားပြီဖြစ်ရာ ဤသွေးစွန့်ပစ်နယ်မြေတွင် တုဝမ်လီကို အနိုင်ယူနိုင်မည့်သူ မရှိတော့ပေ။

ဤအတိုင်းဆိုလျှင် သူတို့၏ လူသားမျိုးနွယ်စုများပင် လုံးဝပြီးဆုံးသွားမည်ကို စိုးရိမ်ရသည်။

"ခေါင်း‌ဆောင်.. တုဝမ်လီက အင်ပါယာတစ်ပိုင်းအဆင့်ကို ထိုးဖျက်ဆီးဖောက်သွားခဲ့ပြီ.. သူက ကျွန်တော်တို့ လူသားမျိုးနွယ်စုကို ပြီး သွေးစွန့်ပစ်နယ်မြေကို လွှမ်းမိုးနိုင်တဲ့အခွင့်အရေးကို လုံးဝ လက်လွှတ်ခံလောက်မှာ မဟုတ်ဘူး.. ကျွန်တော်တို့ အခုဘာလုပ်သင့်လဲ"

ကောင်းကင်ယံမှ တိုက်ပွဲ အခြေအနေကို ကြည့်ပြီး စန်းယွမ်လုံ၏ အမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။

"ငါတို့မှာ ဘာမှ ရွေးချယ်စရာမရှိတော့ဘူး.. တုဝမ်လီကို ရင်ဆိုင်ဖို့အတွက် ကျန်းချန်နဲ့ ပူးပေါင်းဖို့ တစ်လမ်းပဲ ရှိတော့တယ်"

စန်းယွမ်လုံက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

ဤအခြေအနေထိ ရောက်နေပြီဖြစ်၍ စန်းယွမ်လုံသည် ကျန်းချန်နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။

အင်ပါယာတစ်ပိုင်းအဆင့်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ယခု သူက ကျန်းချန်နှင့် လက်တွဲလိုက်လျှင် တုဝမ်လီနှင့် ယှဥ်ပြိုင်ရန် အခွင့်အရေး ရှိနိုင်သေးသည်။

သို့မဟုတ်လျှင် တုဝမ်လီက ကျန်းချန်ကို ရှင်းပစ်ပြီးသည်နှင့် သူသည် တုဝမ်လီ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။

ထိုအချိန်သို့ရောက်လျှင် သွေးစွန့်ပစ်နယ်မြေ တစ်ခုလုံးမှာပင် သူတို့ လူသားမျိုးနွယ်စုအတွက် နေရာ မရှိတော့မည်ကို စိုးရိမ်ရ၏။

"ဟားဟား.. သွေးဥပဒေသကို နားလည်ထားတဲ့ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာတာနဲ့ပဲ ငါ့ရှေ့မှာ ရိုင်းစိုင်းလို့ရမယ်များထင်နေလား.. မင်းလိုမျိုး အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေကို ငါဘယ်လောက်ထိ သတ်ဖြတ်ခဲ့လဲ ဆိုတာတောင် မရေတွက်နိုင်တော့ဘူး"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ပုံရိပ်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် တုဝမ်လီ ဆီသို့ ပြေးထွက်သွားခဲ့သည်။

ထိုသို့ ပြေးလွှားရင်း ကျန်းချန်သည် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ တုဝမ်လီ၏ သွေးဥပဒေသများ ပါဝင်သော သွေးနယ်မြေကို ဘာမှ မကျန်ရှိတော့သည်အထိ ဖျက်ဆီးပစ်လိုက်သည်။

သွေးနယ်မြေက ကြေမွသွားပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် လေထုထဲတွင် ပေါ်လာခဲ့ပြီး တုဝမ်လီ၏ ခေါင်းကို နင်းချလိုက်သည်။

ကျန်းချန်၏ ရွှေရောင်တောက်ပနေသော ခြေဖဝါးသည် ရှေးဟောင်းနတ်ဘုရား၏ ဧရာမခြေဖဝါးကဲ့သို့ ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။

"မလုပ်ပါနဲ့"

တုဝမ်လီက အထိတ်တလန့် ရေရွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်ကာ သွေးတိမ်တိုက် အဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ ဦးခေါင်းအထက်တွင် ပိတ်ဆို့လိုက်သည်။

သို့သော်လည်း အင်ပါယာနယ်ပယ်အဆင့် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့် ကျန်းချန်၏ ခြေထောက်ဖြင့် ဆောင့်နင်းချက်ကို တုဝမ်လီသည် မည်ကဲ့သို့ အလွယ်တကူ ခုခံနိုင်ပါမည်နည်း။

တုဝမ်လီ၏ ဦးခေါင်းအထက်ရှိ သွေးတိမ်တိုက်များသည် ကျန်းချန်၏ ခြေထောက်အောက်တွင် စက္ကူစုတ်ကဲ့သို့ ပျက်စီးသွားခဲ့ပြီး တစ်ခဏ အတွင်းမှာပင် ကျန်းချန်သည် ကြိတ်ခြေပစ်လိုက်သည်။

ထို့နောက်တွင် တုဝမ်လီ၏ တစ်ကိုယ်လုံးကို ကျန်းချန်က ပေရာပေါင်းများစွာ အမြင့်ကနေ မြေပြင်ပေါ်သို့ နင်းချလိုက်သည်ကို အားလုံးက တွေ့လိုက်ရ၏။

"ဝုန်း.."

မြေကြီးက တုန်ခါသွားခဲ့ပြီး ပေတစ်ရာနက်သော ကြီးမားသော တွင်းကြီးတစ်တွင်းသည် မြေပြင်ပေါ်တွင် တိုက်ရိုက်ပင် ပေါ်လာခဲ့သည်။

တုဝမ်လီ၏ အသက်မဲ့နေသော ခန္ဓာကိုယ်သည် ထိုကြီးမားသော တွင်းနက်ကြီးထဲတွင် သွေးအလိမ်းလိမ်းဖြင့် ရှိနေခဲ့၏။

ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ်တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းသည် သူတို့ရှေ့မြင်ကွင်းကို မှင်တက်သော အမူအရာဖြင့် ကြည့်နေခဲ့ကြပြီး ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

အခန်း(၁၄၄၁)ပြီး၏။

အခန်း(၁၄၄၂)

"မဖြစ်နိုင်ဘူး ခေါင်းဆောင်က အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ.. သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အနိုင်ယူခံရနိုင်မှာလဲ"

သွေးသတ်ဖြတ်သူ မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးသည် ထိုမြင်ကွင်းကို အထိတ်တလန့် ကြည့်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။

ကျန်ရှိသည့် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်အားကြီးမားသူများစွာကလည်း စိတ်ပျက်အားငယ်ကာ ကြောက်ရွံ့နေခဲ့ကြသည်။

သူတို့၏ ဂုဏ်သိက္ခာကြီးမားသော သွေးဖြတ်သူ မျိုးနွယ်စု ခေါင်းဆောင်သည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သော်လည်း ကျန်းချန်သည် ခြေထောက်ဖြင့် နင်းချေကာ သတ်ပစ်လိုက်သည် မဟုတ်ပါလား။

"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. တုဝမ်လီ သေသွားပြီလား"

ဤအချိန်တွင် စန်းယွမ်လုံသည် သူ့မျက်လုံးကိုပင် ကိုယ်တိုင်မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဤသည်က သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ ခေါင်းဆောင်တုဝမ်လီ ဖြစ်သည်။

သူက စန်းယွင်မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် တုဝမ်လီနှင့် ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့သော်လည်း တုဝမ်လီကို အသာမရခဲ့ပေ။

ဤတစ်ကြိမ် တုဝမ်လီက အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်အား ထိုးဖောက်လိုက်သည်ကို မြင်ပြီးနောက်တွင် စန်းယွမ်လုံသည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

ဤအချိန်တွင် စန်းယွမ်လုံ၌ ရွေးချယ်စရာ မရှိတော့ပေ။

လူသားမျိုးနွယ်စုက သွေးစွန့်ပစ်နယ်မြေတွင် ရှင်သန်ချင်သည်ဆိုလျှင် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ တုဝမ်လီနှင့် ရင်ဆိုင်ရန် ကျန်းချန်နှင့် ပူးပေါင်းဖို့ ဖြစ်သည်။

သို့သော် သူဘာမှ မလုပ်ဆောင်ရသေးခင်မှာပင် ကျန်းချန်က တုဝမ်လီကို ဤကဲ့သို့ မပြောမဆို နင်းချေသတ်ပစ်လိုက်မည်ဟု စန်းယွမ်လုံ လုံးဝ မထင်ထားခဲ့ပေ။

ဤသည်က မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ကောင်းကင်ကို ဆန့်ကျင်နေသည့် တည်ရှိမှုနည်း။

"ခေါင်း‌ဆောင် အသတ်ခံလိုက်ရပြီ.. အားလုံးပဲ ခေါင်းဆောင်အတွက် လက်စားချေဖို့ အတူတူ တိုက်ပွဲဝင်ကြရအောင်"

သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် သတိပြန်ဝင်လာပြီးနောက်တွင် ဒေါသတကြီး ကြုံးဝါးလိုက်ကြကာ ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ခုန်တက်လာကြပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။

"ဦးနှောက်မရှိတဲ့ကောင်တွေပဲ"

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ပြုံးလိုက်ပြီး သူ၏ လက်ချောင်းမှ ဓားစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်သည်။

သူ၏ ဓားစွမ်းအင်ဖြင့် ထိမှန်ကာ သွေးသတ်ဖြတ်သူမျိုးနွယ်စု၏ နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးသည် လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

ဤသို့ဖြင့် သွေးသတ်ဖြတ်သူ မျိုးနွယ်စုမှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် သွေးအမှုန်အမွှားများ အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့သည်။

သူတို့ သွေးသတ်ဖြတ်သူ မျိုးနွယ်စု၏ အင်အားကြီးမားသော ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ကျန်းချန်က လက်ချောင်းမှ ဓားစွမ်းအင်ဖြင့် အသာအယာ သတ်ပစ်လိုက်သည်ကိုမြင်လျှင် ကျန်ရှိသော သွေးဝိညာဥ် မျိုးနွယ်စုများသည် တုန်လှုပ်သွားခဲ့ကြပြီး သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့ကြသည်။

သွေးဝိညာဥ်မျိုးနွယ်စုမှ ခေါင်းဆောင်တစ်ဦးသည် သူ၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို တောင့်မခံနိုင်တော့ဘဲ အဆုံးသတ်တွင် ကျန်းချန်၏ ရှေ့၌ ဒူးထောက်ကာ အသနားခံခဲ့သည်။

"အကြီးအကဲ ကျွန်တော် အညံ့ခံဖို့ ဆန္ဒရှိပါတယ်"

"ကျွန်တော်တို့လည်း အကြီးအကဲကို အညံ့ခံပြီး အကြီးအကဲရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါဖို့ ဆန္ဒရှိပါတယ်"

သွေးဝိညာဥ်မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦး အညံ့ခံပြီးနောက်တွင် ကျန်ရှိသည့် သွေးဝိညာဥ် မျိုးနွယ်စုမှ ကျင့်ကြံသူများစွာသည် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ အသနားခံလိုက်ကြသည်။

ကျန်းချန်က မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် သွေးဝိညာဥ်မျိုးနွယ်စုဝင်များကို လျစ်လျူရှုထားလိုက်ပြီး ပေထောင်ပေါင်းများစွာ အကွာတွင်ရှိနေသည့် စန်းယွမ်လုံတို့ လူစုကို ကြည့်လိုက်သည်။

သူ၏ ကျယ်လောင်သော အသံသည် ကောင်းကင်နှင့်မြေကြီးကိုပင် ပဲ့တင်ထပ်သွားခဲ့သည်။

"စန်းယွမ်လုံ ဒီနေ့ကစပြီး သွေးစွန့်ပစ်နယ်မြေကို ငါအုပ်ချုပ်မယ်.. မင်းဘယ်လိုသဘောရလဲ"

စန်းယွမ်လုံ၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ရှေ့ကို ရောက်လာကာ ဒူးထောက်လိုက်သည်။

သူ၏မျက်နှာထက်တွင် လေးစားသော အမူအရာတစ်ခု ရှိနေခဲ့သည်။

"ခေါင်းဆောင်ရဲ့ နောက်လိုက်လုပ်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"

ဤအချိန်တွင် စန်းယွမ်လုံသည် ကျန်းချန်ကို လုံးဝ ခုခံလိုစိတ်မရှိတော့ပေ။

သူ့ရှေ့မှ ကောင်လေးသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် တုဝမ်လီကိုပင် အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်။

ထို့ကြောင့် ထိုကောင်လေး၏ စွမ်းအားသည် အနည်းဆုံး အင်ပါယာ တစ်ပိုင်းအဆင့်ကို ရောက်ရှိနေလောက်ပြီ ဖြစ်ပြီး အင်ပါယာနယ်ပယ်အဆင့် ဖြစ်လာရန်ပင် အလားအလာ အလွန်များ၏။

ထို့ကြောင့် သူ၏ နတ်သန္ဓေအင်ပါယာ နယ်ပယ် အထွတ်အထိပ် စွမ်းအားနှင့် ကျန်းချန်ကို ခုခံခြင်းသည် သေခြင်းတရားကို ရှာဖွေနေသည်နှင့် မခြားပေ။

ထို့အပြင် ဤကဲ့သို့ အားကောင်းသော လူသားကျင့်ကြံသူ တစ်ယောက်က သွေးစွန့်ပစ်နယ်မြေကို ဦးဆောင်ခြင်းသည် သူတို့အတွက် လက်မခံနိုင်သော ကိစ္စတစ်ခု မဟုတ်ပေ။

"ကောင်းပြီ အခုအချိန်ကစပြီး သွေးစွန့်ပစ်နယ်မြေမှာ မျိုးနွယ်စုတွေ မရှိတော့ဘူး.. အင်အားစုတစ်စုပဲ ရှိတော့တယ် အဲဒါက လူသားဧကရာဇ်နန်းတော်ပဲ"

ကျန်းချန်က စန်းယွမ်လုံကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။

"စန်းယွမ်လုံ မင်းကို လူသားဧကရာဇ်နန်းတော်ရဲ့ အရှင်သခင်အနေနဲ့ ငါအမိန့်ပေးမယ်.. သွေးစွန့်ပစ်နယ်မြေမှာရှိတဲ့ မျိုးနွယ်စုအားလုံးကို စုစည်းပြီး ဒီနေရာကို ခေါ်လာခဲ့ရမယ်..ဆ ပြီးရင် ငါနဲ့အတူ လူသားဧကရာဇ်နန်းတော်ကို တည်ဆောက်ကြမယ်"

"အမိန့်ကို နာခံပါတယ်"

စန်းယွမ်လုံက တုံ့ပြန် ဖြေဆိုလိုက်ပြီးနောက်တွင် သွေးစွန့်ပစ်နယ်မြေမှာ ရှိသည့် အင်အားစုများစွာကို စုစည်းရန်အတွက် သူ၏လူများကို ခေါ်ကာ ချက်ချင်းပင် ထွက်သွားခဲ့သည်။

တစ်လခန့်ကြာပြီးနောက်တွင် စန်းယွမ်လုံသည် သွေးစွန့်ပစ်နယ်မြေမှာရှိသည့် မျိုးနွယ်စု ရာပေါင်းများစွာ၏ အင်အားကို စုဆောင်းနိုင်ခဲ့ပြီး ၎င်းတို့အားလုံးကို ယန်ရှန်မျိုးနွယ်စု ဆီသို့ ခေါ်လာခဲ့သည်။

--------------

ယန်ရှန်မျိုးနွယ်စု၏ အကောင်းမွန်ဆုံး နေအိမ်ထဲတွင် စန်းယွမ်လုံသည် ကျန်းချန်ကို လေးစားသောအမူအရာဖြင့် လျှောက်တင်လိုက်သည်။

"နန်းတော်သခင် သွေးစွန့်ပစ်နယ်မြေမှာရှိတဲ့ အင်အားစုအားလုံးကို ကျွန်တော်စုစည်းပြီးပါပြီ.. ဒါနဲ့ နန်းတော်သခင်က လူသားဧကရာဇ်နန်းတော်ကို တည်ထောင်ဖို့အတွက် ယန်ရှန်မျိုးနွယ်စု နေရာကို အခြေခံအဖြစ် အသုံးပြုမလို့လား"

ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် စဥ်းစားပြီးနောက်မှ စန်းယွမ်လုံကို မေးခွန်းထုတ်လိုက်သည်။

"ငါတို့ သွေးစွန့်ပစ်နယ်မြေနဲ့ အနီးဆုံးနေရာမှာရှိတဲ့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့နယ်မြေက ဘယ်နယ်မြေလဲဆိုတာ မင်းသိလား"

"ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ သွေးစွန့်ပစ်နယ်‌မြေနဲ့ နယ်နမိတ်ချင်း ထိဆက်နေတဲ့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေက သွေးမြစ်နယ်မြေပဲ.. ဒီသွေးမြစ်နယ်မြေက သွေးဝိညာဥ်မျိုးနွယ်စု စိုးမိုးထားတဲ့ နယ်မြေကိုးခုထဲက တစ်ခုလည်း ဖြစ်တယ်"

စန်းယွမ်လုံက သူသိထားသည့် အကြောင်းအရာများကို ကျန်းချန်အား ရှင်းပြလိုက်သည်။

"သွေးမြစ်နယ်မြေလား"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

"ရွှယ်လင်ကုန်းမြေတိုက်ရဲ့ အခြေအနေအကြောင်း ငါ့ကိုရှင်းပြစမ်းပါဦး"

စန်းယွမ်လုံ၏ စိတ်နှလုံးထဲတွင် ကျန်းချန်နှင့် ပတ်သက်၍ သံသယအချို့ ရှိသော်လည်း သူက ရွှယ်လင်ကုန်းမြေတိုက်၏ အခြေအနေအကြောင်းကို ကျန်းချန်အား မခြွင်းမချန် ရှင်းပြခဲ့သည်။

ရွှယ်လင်ကုန်းမြေတိုက်သည် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုတို့ အဓိက နေထိုင်သော ကုန်းမြေတိုက်ကြီး ဖြစ်သည်။

လူသားမျိုးနွယ်စုက ရွှယ်လင်ကုန်းမြေတိုက်၏ မြောက်ဘက်အပိုင်းကို သိမ်းပိုက်ထားပြီး သွေးဝိညာဥ်မျိုးနွယ်စုကမူ တောင်ဘက်အပိုင်းကို သိမ်းပိုက်ထားသည်။

နှစ်ပေါင်းများစွာကြာလာသောအခါတွင် အဓိကမျိုးနွယ်စု နှစ်ခုသည် နယ်မြေများနှင့် အရင်းအမြစ်များအတွက် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲပေါင်း များစွာကို ဆင်နွှဲခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီခန့်တွင် လူသားမျိုးနွယ်စုသည် ပဋိပက္ခတစ်ခုကြောင့် အားနည်းသွားခဲ့ပြီး သွေးဝိညာဥ်မျိုးနွယ်စုနှင့် တိုက်ပွဲများတွင် အရေးနိမ့်ခဲ့ရသည်။

အထူးသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်လောက်က လူသားမျိုးနွယ်စုသည် အလွန်တရာပင် အားနည်းခဲ့ပြီး ထိုကာလတွင် သွေးဝိညာဥ် မျိုးနွယ်စုသည် ရွှယ်လင်ကုန်းမြေတိုက်၏ သုံးပုံနှစ်ပုံကိုပင် သိမ်းပိုက်ခဲ့သည်။

နောက်ပိုင်းတွင် လူသားဧကရီ ကျီဝူရွှမ်နှင့် လူသားဧကရာဇ် ကျန်းဝူရ တို့သည် တစ်ဦးပြီးတစ်ဦး ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာခဲ့ကြပြီး အခြေအနေများကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယခုအခါတွင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ် မျိုးနွယ်စုတို့သည် ရွှယ်လင်ကုန်းမြေတိုက်၏ တစ်ဝက်စီကို သိမ်းပိုက်ထားခဲ့ပြီး တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပေါ်နေဆဲပင်။

သွေးဝိညာဥ်မျိုးနွယ်စုက သိမ်းပိုက်ထားသည့် ရွှယ်လင်ကုန်းမြေတိုက်၏ တစ်ဝက်ကို သွေးနယ်မြေကိုးခု အဖြစ် ပိုင်းခြားထားသည်။

ထိုသွေးနယ်မြေ တစ်ခုစီတွင် သွေးဝိညာဥ်ဘုရင် တစ်ပါးစီက အုပ်ချုပ်၏။

ထိုသွေးဝိညာဥ်ဘုရင် ကိုးပါးစလုံးသည် အင်ပါယာနယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့၏ လက်အောက်တွင် အင်ပါယာအဆင့်နှင့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများစွာ ရှိကြသည်။

သွေးနယ်မြေ ကိုးခုတွင် သွေးဝိညာဥ်ဘုရင် တစ်ပါးစီ အုပ်ချုပ်သည့်အပြင် သွေးဝိညာဥ်မျိုးနွယ်စု၌ အင်ပါယာမြို့တော်လည်း ရှိပြီး နတ်တစ်ပိုင်း အဆင့်ကို ရောက်ရှိနေသည့် အစွမ်းအထက်ဆုံး သွေးအင်ပါယာက အုပ်ချုပ်သည်။

ဆိုရလျှင် ရွှယ်လင်ကုန်းမြေတိုက် တစ်ခုလုံးမှာပင် လူသားမျိုးနွယ်စု၏ လူသားဧကရာဇ် တစ်ဦးတည်းသာလျှင် ထိုသွေးဘုရင်နှင့် နှိုင်းယှဥ်နိုင်မည် ဖြစ်၏။

စန်းယွမ်လုံ၏ ရှင်းပြမှုကို ကြားပြီးနောက်တွင် ကျန်းချန်သည် တုန်လှုပ်သွားခဲ့သည်။

ဤရွှယ်လင်ကုန်းမြေတိုက်သည် ရှန်းဝူကုန်းမြေတိုက်ထက် အဆင့်မြင့်သော အလယ်အလတ်ဂြိုဟ်တစ်လုံး ဖြစ်ရန် အမှန်တကယ် ထိုက်တန်မှု ရှိသည်။

ဤနေရာတွင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများစွာ ရှိရုံသာမက အင်ပါယာနယ်ပယ် အဆင့်အထက်မှ နတ်တစ်ပိုင်း အဆင့်ပင် ရှိသည်။

သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် သွေးဝိညာဥ် မျိုးနွယ်စုများကို နှိမ်နင်းရန်ကို အသာထား၊ သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုထဲမှ တစ်ခုကို သိမ်းယူရန်ပင် လွယ်ကူသော အလုပ်တစ်ခု မဟုတ်လောက်ပေ။

"နန်းတော်သခင်.. သွေးမြစ်နယ်မြေရဲ့ သွေးဝိညာဥ်ဘုရင် ကျိုးယိုက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေကို ဦးဆောင်ပြီး တခြား ကုန်းမြေတိုက်တစ်ခုကို သိမ်းပိုက်ဖို့ သွားရောက်ခဲ့တယ်.. အခုအချိန်ထိ ပြန်မရောက်လာသေးဘူးလို့လည်း သိရတယ်.. ဒါကြောင့် သွေးမြစ်နယ်မြေက အခြားသော သွေးနယ်မြေတွေနဲ့ နှိုင်းယှဥ်ရင် အတော်လေး အားနည်းပြီး စွမ်အားကလည်း အထွတ်အထိပ်ကာလက အခြေအနေရဲ့ ၁၀ပုံ၁ပုံအောက်လောက်ပဲ ရှိတယ်.. နန်းတော်သခင်က သွေးမြစ်နယ်မြေကို သိမ်းပိုက်ချင်တယ်ဆိုရင် နန်းတော်သခင်ရဲ့အစွမ်းနဲ့ အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး"

စန်းယွမ်လုံက ကျန်းချန်၏ အတွေးများကို ရုတ်တရက် ရိပ်မိခဲ့ပုံရပြီး သွေးမြစ်နယ်မြေ၏ အားနည်းချက်များကို ပြောပြလိုက်သည်။

စန်းယွမ်လုံ၏ စကားများကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ်လင်းလက်သွားခဲ့သည်။

မထင်မှတ်ဘဲ သွေးစွန့်ပစ်နယ်မြေ၏ အနီးဆုံးနေရာမှ သွေးမြစ်နယ်မြေသည် ကျိုးယို၏နယ်မြေ ဖြစ်နေခဲ့ပြီး ဤသည်မှာ တကယ်ကို မမျှော်လင့်ထားသော တိုက်ဆိုင်မှုပင် ဖြစ်၏။

အခန်း(၁၄၄၂)ပြီး၏။

အခန်း(၁၄၄၃)

ရွှယ်လင်ကုန်းမြေတိုက်တွင် သူရွေးချယ်ခဲ့သည့် ပထမဆုံးပစ်မှတ်သည် ကျိုးယို၏ သွေးနယ်မြေ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူက ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ထပ်မံမေးခွန်းထုတ်လိုက်သည်။

"သွေးမြစ်နယ်မြေမှာ စွမ်းအားဘယ်လောက်ထိ ကျန်သေးလဲ"

အလယ်အလတ် ဂြိုလ်တစ်စင်းဖြစ်သည့် ရွှယ်လင်ကုန်းမြေတိုက်သည် စွမ်းအားအရာတွင် ရှန်းဝူကုန်းမြေတိုက်ထက် များစွာ သာလွန်၏။

လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀)က သွေးဝိညာဥ် မျိုးနွယ်စု၏ နယ်မြေကိုးခုထဲမှ တစ်ခုကို အုပ်ချုပ်နေသော ကျိုးယိုပင် ရှန်းဝူကုန်းမြေတိုက်၏ အင်ပါယာ(၁၀၀)နှင့် ယှဥ်ပြိုင်နိုင်ခဲ့သည်ကို ထောက်လျှင် ရွှယ်လင်ကုန်းမြေ တိုက်တစ်ခုလုံးသည် မည်မျှအားကောင်းသည်ကို တွေးကြည့်နိုင်ပေသည်။

ထိုအချိန်က ကျိုးယိုသည် သွေးမြစ်နယ်မြေမှ အင်အားကြီးမားသော ကျင့်ကြံသူများကို ဦးဆောင်ကာ ရှန်းဝူကုန်းမြေတိုက်ကို တိုက်ခိုက်ခဲ့သဖြင့် သွေးမြစ်နယ်မြေ၏ အင်အားသည် များစွာ ထိခိုက်ခဲ့ရသည်။

သို့သော်လည်း သွေးမြစ်နယ်မြေတွင် အင်ပါယာအဆင့်နှင့် အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူ တချို့ ကျန်ရှိနေပါသေး၏။

စန်းယွမ်လုံက သွေးမြစ်နယ်မြေ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နေ၍ ကျန်းချန်ကို ရှင်းပြလိုက်သည်။

"ကျွန်တော်သိထားသလောက် ပြောရရင် သွေးမြစ်နယ်မြေမှာ အင်ပါယာအဆင့် ကျင့်ကြံသူ သုံး လေးယောက်တော့ ကျန်ရှိနေမယ်ထင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"အင်ပါယာအဆင့် ကျင့်ကြံသူ သုံး၊လေးယောက်လောက်ပဲ ကျန်ရှိတော့တယ်.. ဟုတ်လား"

သိထားရမည့်အချက်မှာ လွန်ခဲ့‌သော နှစ်ပေါင်း(၁၀၀၀၀)ခန့်တွင် သွေးမြစ်နယ်မြေသည် ရှန်းဝူတိုက်နှင့် တိုက်ခိုက်ရာတွင် အနည်းဆုံး အင်ပါယာ(၁၀၀)ခန့်ကို အသုံးပြုခဲ့သည်။

ရှန်းဝူကုန်းမြေတိုက်နှင့် တိုက်ခိုက်ခြင်းသည် သွေးမြစ်နယ်မြေ၏ အင်အားကို အလွန်အမင်း ထိခိုက်စေခဲ့လျှင်ပင် ဤမျှအထိ ဆိုးဆိုးရွားရွား မဖြစ်သင့်ပေ။

"ဒီကနေ့ ရွှယ်လင်ကုန်းမြေတိုက်က အဲဒီအချိန်က ရွှယ်လင်ကုန်းမြေတိုက်လို မဟုတ်တော့တဲ့ အတွက် အင်ပါယာအဆင့်ကျင့်ကြံသူတွေ သိပ်မရှိတော့ဘူး"

စန်းယွမ်လုံက ပြုံး၍ ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းလ(၁၀၀၀၀)က သွေးမြစ်နယ်မြေရဲ့ အုပ်ချုပ်သူ သွေးဝိညာဥ်ဘုရင် ကျိုးယိုက သွေးမြစ်နယ်မြေမှာ ရှိတဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူ ၈၀ ရာခိုင်နှုန်းခန့်ကို ခေါ်ဆောင်သွားခဲ့တယ်.. အဲဒီတိုက်ပွဲမှာ သွေးမြစ်နယ်မြေက အပြင်းအထန် ထိခိုက်ခဲ့ရပြီး အင်အားကြီးမားတဲ့ ကျင့်ကြံသူ သိပ်မရှိတော့ဘူး"

စကြာဝဠာထဲရှိ အလယ်အလတ် ဂြိုဟ်တစ်စင်းအနေဖြင့် ရွှယ်လင်ကုန်းမြေတိုက်သည် ၎င်း၏ အထွတ်အထိပ် ကာလတွင် အလွန်တရာ အားကောင်းသည့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ များစွာကို ပိုင်ဆိုင်ခဲ့သည်။

ထိုကာလကဆိုလျှင် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးနယ်မြေကိုးခုကို အုပ်ချုပ်သည့် သွေးဝိညာဥ်ဘုရင် အားလုံးသည် နတ်တစ်ပိုင်းအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။

နောက်ပိုင်းတွင် ရွှယ်လင်ကုန်းမြေတိုက် ဖွံ့ဖြိုးလာမှုနှင့်အတူ လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုသည် နယ်မြေများနှင့် အရင်းအမြစ်များအတွက် ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ကြသည်။

ထိုတိုက်ပွဲတွင် နှစ်ဖက်စလုံးသည် အစွမ်းထက် ကျင့်ကြံသူများစွာကို ဆုံးရှုံးခဲ့ရသည့်အပြင် ပါရမီရှင်များစွာသည်လည်း မဖြစ်ထွန်းခင်ကပင် အသတ်ဖြတ်ခံလိုက်ရသည်။

ဤသည်က ရွှယ်လင်ကုန်းမြေတိုက်၏ အလုံးစုံစွမ်းအားကို လျင်မြန်စွာပင် ကျဆင်းစေခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်က ရွှယ်လင်ကုန်းမြေတိုက်၏ နယ်မြေတိုင်းတွင် အင်ပါယာအဆင့် ကျင့်ကြံသူ(၁၀၀)ထက် မနည်း ရှိခဲ့သည်။

သို့သော်လည်း ဤနှစ်ပေါင်း(၁၀၀၀၀)အတွင်း မျိုးနွယ်စုနှစ်ခုကြားတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ပြီးနောက်တွင် ရွှယ်လင်ကုန်းမြေတိုက်၌ ရှင်သန်နေသော လူဦးရေသည်ပင် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀၀)ကထက် ၃ပုံ၁ပုံအောက် လျော့နည်းလာခဲ့၏။

အခြားနယ်မြေများတွင် အင်ပါယာအဆင့် ကျင့်ကြံသူဆယ်ယောက်ခန့် ရှိသော်လည်း အားအနည်းဆုံး ဖြစ်သည့် သွေးမြစ်နယ်မြေတွင်မူ အင်ပါယာနယ်ပယ်အဆင့် သုံး၊လေးယောက်လောက်သာ ကျန်ရှိတော့သည်။

စန်းယွမ်လုံ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချမှတ်လိုက်သည်။

"အကုန်လုံး အသင့်ပြင်ထားကြ.. နောက်သုံးရက်ကြာရင် ငါနဲ့အတူ သွေးမြစ်နယ်မြေကို တိုက်ခိုက်ကြမယ်"

"နန်းတော်သခင် ကျွန်တော်တို့ သွေးမြစ်နယ်မြေကို သိမ်းပိုက်မယ်ဆိုရင် ပထမဆုံး ရင်ဆိုင်ရမဲ့အရာက သွေးမြစ်နယ်မြေရဲ့နယ်စပ်ဂိတ်ပဲ"

စန်းယွမ်လုံက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စကားကိုဆက်ပြောလိုက်သည်။

"အဲဒီ နယ်စပ်ဂိတ်ကို စောင့်ကြပ်နေတဲ့ ခေါင်း‌ဆောင်က ကြယ်ကိုးပွင့် သွေးစစ်သည်တော်တစ်ဦးဖြစ်တဲ့ လီဝေပဲ.. လီဝေက အရမ်း အစွမ်းထက်ပြီး သူ့ရဲ့လက်အောက်မှာ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ အများအပြားလည်း ရှိတယ်"

မူလက သွေးစွန့်ပစ်နယ်မြေသည် ရွှယ်လင်ကုန်းမြေတိုက်၏ စစ်ပွဲကင်းမဲ့ဇုန် ဖြစ်သည်။

နောက်ပိုင်းတွင်မူ ရွှယ်လင်ကုန်းမြေတိုက်မှ စစ်ပွဲများကြောင့် စစ်ရှောင်လာသော ကျင့်ကြံသူများသည် သွေးစွန့်ပစ်နယ်မြေတွင် စုဝေးလာခဲ့ကြပြီး အဆုံးသတ်တွင် ဤနေရာ၌ သွေးဝိညာဥ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုများ၏ စစ်ပွဲများသည် ဆက်လက် ဖြစ်ပွားခဲ့သည်။

စန်းယွမ်လုံသည် နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ထိုးဖောက်စဥ်ကတည်းကပင် သူ၏ စိတ်နှလုံးထဲ၌ သွေးစွန့်ပစ်နယ်မြေကို စွန့်ခွာရန် အတွေးတစ်ခု ရှိခဲ့သည်။

အကြောင်းအရင်းမှာ သွေးစွန့်ပစ်နယ်မြေတွင် အရင်းအမြစ်များ ရှားပါးပြီး အင်ပါယာနယ်ပယ်အဆင့်ကို မပြောနှင့်၊ အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ရန်ပင် အလွန်တရာ ခက်ခဲသောကြောင့်ပင်။

ယခုအခါတွင် ကျန်းချန်က သွေးစွန့်ပစ်နယ်မြေကို ထိန်းချုပ်ထားခဲ့ပြီ ဖြစ်၏။

အကယ်၍ သူက ကျန်းချန်၏နောက်ကို လိုက်ပါပြီး သွေးမြစ်နယ်မြေကို သိမ်းပိုက်နိုင်ခဲ့လျှင် ကျင့်ကြံခြင်း အရင်းအမြစ်များကို ပိုမိုရရှိနိုင်ပြီး အင်ပါယာ နယ်ပယ်အဆင့်ထိ ထိုးဖောက်ရန်မှာ သံသယဖြစ်စရာမရှိ ပို၍ လွယ်ကူသွားလိမ့်မည်မဟုတ်ပါလော။

သို့သော်လည်း သွေးစွန့်ပစ်နယ်မြေ၏ ခွန်အားသည် အလွန်တရာ အားနည်းသည်။

သွေးမြစ်နယ်မြေကို သိမ်းပိုက်ဖို့ မဆိုထားနှင့်၊ နယ်စပ်ဂိတ်ကို သိမ်းပိုက်ရန်ပင် လွယ်ကူသောအလုပ်တစ်ခု မဟုတ်လောက်ပေ။

ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"ကြယ်ကိုးပွင့်သွေးစစ်သည်တော် တစ်ယောက်လောက်က ငါ့အတွက် စာဖွဲ့စရာ မရှိပါဘူး.. စစ်ထွက်ဖို့အတွက် မင်းအမြန်ဆုံး စီစဥ်ထားလိုက်ပါ"

"အမိန့်အတိုင်းပါ"

စန်းယွမ်လုံက ကျန်းချန်ကို ပြန်ဖြေလိုက်ပြီးနောက်တွင် ပြင်ဆင်ရန်အတွက် ထွက်သွားခဲ့သည်။

သုံးရက်ကြာပြီးနောက်တွင် ကျန်းချန်သည် စန်းယွမ်လုံနှင့်အတူ စစ်သည်တစ်ထောင်ကို ဦး‌ဆောင်ကာ သွေးစွန့်ပစ်နယ်မြေ၏အရှေ့ဘက်ရှိ သွေးမြစ်နယ်မြေဆီသို့ ချီတက်လာခဲ့သည်။

ကျန်းချန်တို့၏ သွေးစွန့်ပစ်နယ်မြေနှင့် အနီးစပ်ဆုံးနေရာတွင်ရှိသည့် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေဖြစ်သော သွေးမြစ်နယ်မြေသည် သွေးစွန့်ပစ်နယ်မြေနှင့် မိုင်တစ်သန်းအကွာအဝေးတွင် တည်ရှိသည်။

ဆယ်ရက်ကြာအောင် ခရီးဆက်လာပြီးနောက်တွင် ကျန်းချန်တို့၏ မြင်ကွင်းထဲသို့ ခမ်းနားသော မြင်ကွင်းတစ်ခုက ဝင်ရောက်လာခဲ့သည်။

သူတို့၏ ရှေ့တွင် ပေရာပေါင်းများစွာ အမြင့်ရှိသော တံတိုင်းတစ်ခု ရှိနေခဲ့သည်။

တံတိုင်းတစ်ခုလုံးကို ကြီးမားသော အနီရောင် သွေးကျောက်တုံးများဖြင့် တည်ဆောက်ထား၍ မြင်ရသူများကို ခမ်းနားထည်ဝါသော ခံစားချက်များ ပေးစွမ်းနေခဲ့သည်။

အဝေးကနေ ကြည့်လျှင် တံတိုင်းတစ်ခုလုံးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် တွားထွားနေသည့် ကမ္ဘာဦးသားရဲ တစ်ကောင်လိုပင်။

ကျန်းချန်က အနည်းငယ်မျှပင် မဖုံးကွယ်ဘဲ စန်းယွမ်လုံတို့အဖွဲ့ကို ဦးဆောင်ကာ တံတိုင်းဆီသို့ ပေါ်ပေါ်ထင်ထင်ပင် ချဥ်းကပ်သွားခဲ့သည်။

ရုတ်တရက် ရောက်ရှိလာသည့် အင်အား(၁၀၀၀)ခန့် ရှိသော ကျန်းချန်တို့ လူစုကိုမြင်လျှင် သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူအချို့၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

"ရန်သူ.. ရန်သူတွေ လာတိုက်ခိုက်နေပြီ.. လူသားမျိုးနွယ်စုက ငါတို့ကို လာတိုက်နေပြီ"

သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် အောက်ဘက်ရှိ ကျန်းချန်နှင့် တခြားသူများကို ကြည့်ကာ အချက်ပေးခေါင်းလောင်းများကို လျင်မြန်စွာတီးလိုက်သည်။

"‌ဒေါင်.. ဒေါင်.."

တံတိုင်း၏ အထက် ကောင်းကင်ယံတွင် ခေါင်းလောင်းသံများ မြည်ဟည်းသွားပြီးနောက်၌ အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသော သွေးပုံရိပ်များသည် လေထဲကနေ ပျံသန်းလာခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် သွေးဝိညာဥ်မျိုးနွယ်စု၏ ကျင့်ကြံသူ ရာပေါင်း များစွာသည် တံတိုင်း အရှေ့ရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။

ထိုကျင့်ကြံသူ ရာပေါင်းများစွာထဲတွင် အားအနည်းဆုံး သူသည်ပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိနေခဲ့ပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ ရှိ၏။

ထိုအထဲမှ လူဆယ်ယောက်ကျော်၏ အရှိန်အဝါသည် စန်းယွမ်လုံထက်ပင် မနိမ့်ပေ။

အထူးသဖြင့် သွေးရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားထံမှ ထွက်ပေါ်လာသော သွေးဖိအားသည် ကောင်းကင်ယံကို ပျံ့နှံ့သွားခဲ့ပြီး စန်းယွမ်လုံနှင့်တခြားသူများကို အသက်ရှူကြပ်မတတ် ခံစားရခက်စေခဲ့သည်။

"ကောင်လေး.. မင်းက ငါတို့ နယ်စပ်ဂိတ်ကို တိုက်ခိုက်ဖို့ ကျင့်ကြံသူတွေကိုတောင် ခေါ်လာရဲတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်တို့လူစုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူတို့ သွေးမြစ်နယ်မြေသည် လူသားမျိုးနွယ်စု၏ နယ်မြေ ရှစ်ခုထဲမှ တစ်ခုဖြစ်သည့် ယွင်ကျိုးနှင့် ကပ်လျက် တည်ရှိသည်။

လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်က သူတို့ သွေးမြစ်နယ်မြေသည် ယွင်ကျိုးကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။

သို့သော် လူသားဧကရာဇ် ကျန်းဝူရ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက်တွင် ယွင်ကျိုးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

သူတို့ သွေးမြစ်နယ်မြေက ယခုအခါတွင် အင်အားနည်းပါးသလို ယွင်ကျိုးသည်လည်း အချိန်တိုအတွင်း ယခင်အင်အားကို ပြန်လည်ရရှိနိုင်ဦးမည် မဟုတ်၍ သူတို့သွေးမြစ်နယ်မြေကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ဆိုရလျှင် သွေးဂိတ်တံခါးကို သူကာကွယ်စောင့်ရှောက်ခဲ့သည့် လွန်ခဲ့သော နှစ်အနည်းငယ်ကစ၍ သွေးဝိညာဥ် မျိုးနွယ်စုများနှင့် လူသားမျိုးနွယ်စုများ ကြားတွင် စစ်ပွဲတစ်ပွဲမှ မရှိခဲ့ပေ။

ယုတ္တိကျစွာပြောရလျှင် ယွင်ကျိုးအနေဖြင့် ဤအချိန်တွင် သွေးမြစ်နယ်မြေကို တိုက်ခိုက်ရန် စစ်သည် စေလွှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ချေ။

သို့ဆိုလျှင် လူပေါင်း (၁၀၀၀)နီးပါး ရှိသည့် ဤစစ်သည်များသည် မည်သည့်နေရာက ထွက်ပေါ်လာခဲ့ပါသနည်း။

"မင်းက နယ်စပ်ဂိတ်ကို စောင့်ကြပ်တဲ့ ကြယ်ကိုးပွင့် သွေးစစ်သည်တော် လီဝေလား"

ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။

ထို့နောက်တွင် သူက အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

"မင်းငါ့ကို ဒူးထောက်ပြီး အညံ့ခံမယ်ဆိုရင် မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်"

အခန်း(၁၄၄၃)ပြီး၏။

All Chapters