အခန်း (၁၄၄၇-၁၄၄၉)
Vol. 97 Ch. 1447-1449
အခန်း(၁၄၄၇)
"မင်းက ကျိုးယိုရဲ့ မျိုးဆက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ကာစမှာတောင် သွေးနဲ့ရေခဲ ဥပဒေသနှစ်မျိုးကို ကျွမ်းကျင်နိုင်တယ် ဆိုတော့ တကယ်ကို ရှားပါးတဲ့ပါရမီရှင်ပဲ.. စိတ်မကောင်းစရာက မင်းရဲ့စွမ်းအားက ငါနဲ့ရင်ဆိုင်ဖို့ အဝေးကြီး လိုနေသေးတာပဲ"
ကျန်းချန်က မထီမဲ့မြင်ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ကောင်းကင်ပေါ်သို့ ပျံတက်လာသော လီဟန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို မီတာထောင်ချီ အကွာအဝေးထိ လွင့်ထွက်သွားခဲ့ပြီး မြို့တော်ရှိ အဆောက်အဦးတစ်ခုကို ဝင်ဆောင့်မိသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ထိုအဆောက်အဦးသည် ပြိုကျသွားခဲ့သည်။
လီဟန်၏ခန္ဓာကိုယ်သည် ထိုအဆောက်အဦးကို ဖျက်ဆီးပြီးနောက်တွင် မြေပြင်ပေါ်သို့ ကျလာသောအခါ တွင်းနက်ကြီးတစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မြေကြီးထဲတွင် အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရသလို ဖြစ်နေခဲ့၏။
ဤမြင်ကွင်းကို မြင်လျှင် အောက်ဘက်ရှိ သွေးဝိညာဥ် မျိုးနွယ်စုမှ ကျင့်ကြံသူများစွာသည် အသက်ရှူရပ်မတတ်ပင် တုန်လှုပ်သွားခဲ့ကြသည်။
သူတို့၏ ကျန်းချန်ကို ကြည့်နေသော အကြည့်များတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
သွေးမြစ်နယ်မြေ၏ တော်ဝင်မင်းသားလီဟန်သည် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
လီဟန်က အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သည်မှာ မကြာသေးသော်လည်း အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
ဤကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော အင်ပါယာအဆင့် ကျင့်ကြံသူကို သူတို့ရှေ့မှ လူသားလူငယ်တစ်ဦးသည် အလွယ်တကူပင် အနိုင်ယူခဲ့သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ကောင်စုတ်လေး ငါမင်းကို သတ်ပစ်မယ်"
လူတိုင်းက အံ့သြတုန်လှုပ်နေသော အချိန်မှာပင် တွင်းနက်ကြီးထဲကနေ ကြောက်မက်ဖွယ်ကောင်းသော ကြုံးဝါးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သော သွေးအလင်းတစ်ခုသည် တွင်းနက်ကြီးထဲကနေ ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး အဆုံးသတ်တွင် ပေတစ်ထောင်အရွယ်အစားရှိသည့် ဧရာမ သွေးလူသားအဖြစ် ပြောင်းလဲသွားခဲ့သည်။
လီဟန်က အင်ပါယာခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ပြီဖြစ်သည်။
ဤအချိန်တွင် အင်ပါယာခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သောဖိအားများကြောင့် သွေးဝိညာဥ်မျိုးနွယ်စုမှ လူများသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြသည်။
နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများပင် ထိုဖိအားဒဏ်ကို အလူးအလဲခံစားခဲ့ကြရသည်။
"မင်းရဲ့ဘိုးဘေး ကျိုးယိုနဲ့ ယှဥ်ရင် မင်းက အရမ်းအားနည်းလွန်းတယ်"
ကျန်းချန်က ဧရာမ သွေးလူသားကို အလေးမထားဟန်ဖြင့် ကြည့်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက်တွင် အဆုံးမဲ့ လေနှင့်မိုးကြိုးစွမ်းအားများ ပါဝင်နေသော ဧရာမ လက်ဝါးတစ်ဖက်သည် ဧရာမ တောင်ကြီးတစ်ခုပြိုဆင်းလာသကဲ့သို့ လီဟန်၏ ဧရာမ သွေးလူသား ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျဆင်းလာခဲ့သည်။
"အား.."
လီဟန်ထံမှ နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် လီဟန်၏ အင်ပါယာခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ပြိုပျက်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
"ကောင်လေး မင်းက ငါတို့ သွေးမြစ်နယ်မြေ ဘုရင်အသစ်ကို နာကျင်အောင်လုပ်ရဲတယ်လား"
အင်ပါယာခန္ဓာကိုယ် ထုတ်ဖော်လိုက်သည့် လီဟန်ကိုပင် ကျန်းချန်က အလွယ်တကူ အနိုင်ယူလိုက်သည်ကိုမြင်လျှင် လီရွှယ်ယန်သည် ကျယ်လောင်စွာကြုံးဝါးလိုက်သည်။
ထို့နောက်တွင် လီရွှယ်ယန်သည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
မကြာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသော သွေးစွမ်းအားတစ်ခုသည် လီရွှယ်ယန်ထံကနေ ထုတ်ဖော်လာခဲ့ပြီး ချက်ချင်းဆိုသလို သွေးနဂါးအဖြစ်ပြောင်းလဲသွားကာ ကျန်းချန်ထံသို့ ဦးတည်လာခဲ့သည်။
လီရွှယ်ယန်သည် သတ်ဖြတ်ခြင်း ဥပဒေသကို အထူးပြုကျင့်ကြံခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဤသွေးနဂါးသည် သက်ရှိများစွာကို သတ်ဖြတ်ပြီး နားလည်လာသည့် သတ်ဖြတ်ခြင်း ဥပဒေသများဖြင့် စုဖွဲ့ထားခြင်း ဖြစ်သည်။
သူ၏ သတ်ဖြတ်ခြင်းဥပဒေသည် အားကောင်းရုံသာမက ထိုအထဲတွင် နာကျည်းမှု ထောင်ပေါင်းများစွာလည်း ပါဝင်၏။
ထို့ကြောင့် သူ၏သတ်ဖြတ်ခြင်း ဥပဒေသဖြင့် ဒဏ်ရာရရှိသွားခဲ့လျှင် ဘဝတစ်လျှောက်လုံး၌ ဒုက္ခများကို ခံစားရလိမ့်မည်ဖြစ်သည်။
"ပျက်စီးစမ်း"
ကျန်းချန်က ချက်ချင်းပင် ဝိညာဥ် ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ သူ့ဆီသို့ ဦးတည်လာသော သွေးနဂါးပေါ်သို့ ရိုက်ချလိုက်သည်။
ထို့နောက်တွင် သွေးနဂါးထံကနေ ဆိုးဆိုးဝါးဝါး အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ထိုသွေးနဂါးသည် အနက်ရောင်စည်းတံဆိပ်အောက်၌ ဘာမှမကျန်ရှိတော့သည်အထိ လျင်မြန်စွာပင် ပြောင်းလဲသွားခဲ့သည်။
"လူသားဧကရာဇ်စည်းတံဆိပ်ပါလားး ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သွေးနဂါးပျက်စီးသွားသည်နှင့်အမျှ လီရွှယ်ယန်သည်လည်း မီတာရာပေါင်းများစွာအကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။
ထိုအချိန်တွင် လေထုထဲတွင် ရှိနေသည့် ကျန်းချန်ကိုကြည့်ကာ သူ၏ အိုမင်းသော မျက်ဝန်းထက်တွင် ထိတ်လန့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နှစ်ပေါင်း(၁၀၀၀၀)ကျော်ကြာ အသက်ရှင် နေထိုင်လာခဲ့သော သွေးဝိညာဥ် မျိုးနွယ်စု၏ အနေဖြင့် မွန်းစတားတစ်ဦး လီရွှယ်ယန်သည် လူသားမျိုးနွယ်စု၏ လူသားဧကရာဇ်စည်းတံဆိပ်ကို အဘယ်ကဲ့သို့ မမှတ်မိဘဲ ရှိပါမည်နည်း။
ထို့အပြင် လူသားမျိုးနွယ်စု၏ လူသားဧကရာဇ် စည်းတံဆိပ်သည် လူသားဧကရာဇ်နှင့် လူသားဧကရာဇ် နေရာကို ဆက်ခံသူသာလျှင် ကိုင်ဆောင်ရန် အရည်အချင်း ပြည့်မီသည်။
သို့ဆိုလျှင် သူ၏ရှေ့မှကောင်လေးသည် လူသားမျိုးနွယ်စုမှ လူသားဧကရာဇ်၏ ဆက်ခံသူများ ဖြစ်နေပါသလော။
ထိုသို့ တွေးမိပြီးနောက်တွင် လီရွှယ်ယန်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
လူသားမျိုးနွယ်စုသည် လူသားဧကရာဇ်၏ ဆက်ခံသူကို သွေးမြစ်နယ်မြေသို့ တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။
ဤသည်က လူသားမျိုးနွယ်စုသည် သွေးဝိညာဥ် မျိုးနွယ်စုနှင့် စစ်ပွဲတစ်ခု စတင်ရန်အတွက် သွေးမြစ်နယ်မြေကနေ အစပျိုးလိုက်ခြင်း ဖြစ်နိုင်ပါသလော။
"လီကျန်း၊လီယို ငါနဲ့အတူပူးပေါင်းပြီး ဒီကောင်လေးကို သတ်စို့"
လီရွှယ်ယန်က သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး တခြား အင်ပါယာနှစ်ပါးကို အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
လူသားမျိုးနွယ်စုက သွေးဝိညာဥ်မျိုးနွယ်စုနှင့် စစ်ပွဲ စတင်ရန် သွေးမြစ်နယ်မြေတွင် အစပျိုးနေခြင်း ဟုတ်မဟုတ် မသိရသော်လည်း ယနေ့တွင် သူသည် လူသားမျိုးနွယ်စု၏ ဆက်ခံသူကို သတ်ပစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
တခြား အင်ပါယာ နှစ်ဦးသည်လည်း ကောင်းကင်ပေါ်သို့ ခုန်တက်ကာ သူတို့၏ စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်က သူနှင့်တိုက်ခိုက်ရန် ကောင်းကင်ပေါ်သို့ ခုန်တက်လာသော အင်ပါယာအဆင့် အကြီးအကဲနှစ်ဦးကို စူးစိုက်၍ ကြည့်လိုက်၏။
ထို့နောက်တွင် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ၁၀ပေခန့် ရှည်လျားသော အနီရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုဓားအလင်းသည် တစ်ခုကနေ နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး နှစ်ခုကလေ လေးခု၊ လေးခုကနေ ရှစ်ခုအဖြစ် ဆတိုးပြောင်းလဲကာ မျက်စိတစ်မှိတ် အတွင်းမှာပင် အနီရောင်ဓားအလင်း ထောင်ပေါင်းများစွာသည် လေထုထဲတွင် ပေါ်လာခဲ့သည်။
ထိုဓားအလင်းထောင်ပေါင်း များစွာထဲမှ တစ်ခုချင်းစီသည် လေထုကို ဖြတ်တောက်နိုင်သော စွမ်းအားများ ရှိနေကြ၏။
တစ်ခဏအတွင်းမှာပင် အနီရောင်ဓားအလင်း ထောင်ပေါင်းများစွာသည် ကောင်းကင်ကနေ သက်ဆင်းလာခဲ့သည်။
ထိုအနီရောင် ဓားအလင်းကြောင့် ကောင်းကင်ယံ တစ်ခုလုံးသည် ထိုးဖောက်ခံထားရသလိုမျိုး အပေါက်ပေါင်း(၁၀၀၀၀)နှင့် ဖြစ်နေခဲ့ပြီး အနက်ရောင် အက်ကွဲကြောင်းများပင် လေထုထဲ၌ ပေါ်ထွက်လာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လီကျန်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် သွေးကိုယ်ပွား ရာပေါင်းများစွာကို ထုတ်ဖော်လိုက်ပြီး ကျန်းချန်၏ အနီရောင် ဓားအလင်းများကို ရင်ဆိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် လီယိုသည်လည်း သူ၏ခွန်အားကို ထုတ်ဖော်လိုက်ရာ ပေတစ်ထောင်ရှိသော နေရာလွတ်သည် ပေါက်ကွဲလုမတတ်ပင် ဖြစ်သွားခဲ့သည်။
ဤသည်ကို ကြည့်လျှင် လီယို၏ခွန်အားသည် ကြယ်ကိုးပွင့်စစ်သည်တော် ဖြစ်သည့် လီဝေထက် ပို၍ အားကောင်းမည်ဟု ယူဆရသည်။
"ကောင်းကင်ထိုးဖောက် သွေးနတ်ဆိုးလက်သီးသိုင်း"
လီယိုက လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရာ မီတာရာပေါင်းများစွာ ရှိသော နေရာလွတ်သည် ရုတ်တရက် ပြိုကျသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားသည် လေထုထဲတွင် ကြီးမားသော အနက်ရောင်တွင်းနက်ကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏ အနီရောင် ဓားအလင်းပေါင်းများစွာသည် ထိုတွင်းနက်ထဲကို ကျရောက်သွားခဲ့ပြီး တွင်းနက်နှင့်အတူ တစ်ခါတည်း ပျောက်ကွယ်သွားခဲံသည်။
ထိုအချိန်တွင် အကြီးအကဲချုပ်ဖြစ်သည့် လီရွှယ်ယန်သည် လီကျန်းနှင့်လီယိုတို့၏အနားသို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့နှင့်အတူ ကျန်းချန်၏ဓားအလင်းများကို ရင်ဆိုင်လိုက်သည်။
"ဝုန်း..ဝုန်း..ဝုန်း.."
အင်အားကြီးမားသော အင်ပါယာအဆင့်ကျင့်ကြံသူသုံးယောက်သည် သူတို့၏ အားကိုးရဆုံး တိုက်ကွက်များကို အသုံးပြုကာ အဆုံးသတ်တွင် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းထောင်ပေါင်းများစွာကို ခုခံနိုင်ခဲ့ကြ၏။
"ကျန်းချန် မင်းက အရမ်းကို သန်မာပေမဲ့ မင်းတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့တော့ ငါတို့ သွေးမြစ်နယ်မြေကို ဖျက်ဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
လီရွှယ်ယန်က ကျန်းချန်ကို ခနဲ့၍ ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"တကယ်လား ဒါဆိုလည်း ငါ့ရဲ့ နောက်ထပ် တိုက်ကွက်ကို ရင်ဆိုင်ကြည့်လိုက်ပါဦး"
ကျန်းချန်က မထီမဲ့မြင်ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် လူသားဧကရာဇ်၏ ဒုတိယမြောက် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရာ ရွှေရောင်စည်းတံဆိပ် တစ်ခုသည် ကြောက်မက်ဖွယ်စွမ်းအားနှင့်အတူ လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်စည်းတံဆိပ်သည် ကောင်းကင်ယံရှိ နေမင်းကိုပင် လွှမ်းခြုံထားခဲ့၏။
"သတိထား ဒါက လူသားဧကရာဇ် စည်းတံဆိပ်ပဲ"
လီရွှယ်ယန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူက ချက်ချင်းဆိုသလို သွေးပင်လယ်တစ်ခုကို သူ၏ ဦးခေါင်းအထက်တွင် ထုတ်ဖော်လိုက်သည်။
ထိုသွေးပင်လယ်ထဲတွင် မရေမတွက်နိုင်သော မကောင်းဆိုးဝါးများနှင့် တစ္ဆေများသည် လျှပ်တစ်ပြက် အော်ဟစ်နေခဲ့ကြသည်။
"ဝုန်း.."
သွေးပင်လယ်နှင့် ဧရာမရွှေရောင်စည်းတံဆိပ်တို့ ထိပ်တိုက် ဆုံတွေ့မိပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။
ထိုပေါက်ကွဲသံနှင့်အတူ သွေးစွန့်ပစ်နယ်မြေတစ်ခုလုံးသည် တုန်ခါသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၌ ဝမ်းနည်းဖွယ်ညည်းညူသံများ ပဲ့တင်ထပ်လာခဲ့ပြီး မကောင်းဆိုးဝါးနှင့်တစ္ဆေများ အားလုံးသည် လူသားဧကရာဇ်စည်းတံဆိပ်၏ စွမ်းအားအောက်တွင် ဘာမှ မကျန်ရှိတော့သည်အထိ လုံးဝပျောက်ကွယ်သွားခဲ့တော့သည်။
အခန်း(၁၄၄၇)ပြီး၏။
အခန်း(၁၄၄၈)
ရွှေရောင်လေးထောင့်တုံး စည်းတံဆိပ်၏ ကြောက်မက်ဖွယ်စွမ်းရည်ကို မြင်လျှင် လီကျန်း၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏လက်ထဲတွင် သွေးရောင်ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်။
ထိုဓားရှည်ကနေ ရုန့်ရင်းသော သွေးစွမ်းအင်များ ပျံ့နှံ့နေခဲ့သည်။
"ပျက်စီးစမ်း"
လီကျန်းက သွေးရောင်ဓားရှည်ကို လက်ထဲတွင် ကိုင်ထားရင်း သွေးဥပဒေသနှင့် ဓားဥပဒေသတို့ကို ပေါင်းစပ်ကာ ဦးခေါင်းအထက်တွင် ရှိသည့် ကြီးမားသော ရွှေရောင် စည်းတံဆိပ်ကြီးကို တိုက်ခိုက်လိုက်သည်။
"ဝုန်း.."
ကျူးရှန်းစည်းတံဆိပ်၏ ရွှေရောင်အလင်းသည် သွေးဓား၏ အရှိန်အဝါနှင့်ရောယှက်သွားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ လက်ရှိစွမ်းအားသည် ကျိုးယိုနှင့်တိုက်ခိုက်စဥ်ကထက် များစွာ အားကောင်းနေခဲ့ပြီ ဖြစ်ရာ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် လီကျန်းသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
ကျူးရှန်းစည်းတံဆိပ်၏ ပြိုင်ဘက်ကင်း နတ်စွမ်းအင်သည် လီကျန်း၏ ဓားစွမ်းအင်ကို ချက်ချင်းဆိုသလို ချေမှုန်းပစ်လိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်ကို ထိုးဖောက်နိုင်သော စွမ်းအားပါရှိသည့် သွေးလက်သီး တစ်လုံးသည် လေထုကို ထိုးဖောက်ကာ ရွှေရောင်စည်းတံဆိပ်ကို ထိမှန်သွားခဲ့သည်။
ထိုသွေးလက်သီးကို ထုတ်ဖော်လိုက်သူမှာ လီယို ဖြစ်၏။
ရွှေရောင်စည်းတံဆိပ်သည် အင်ပါယာနယ်ပယ်အဆင့်ကျင့်ကြံသူ နှစ်ဦး၏ တိုက်ခိုက်မှုများကို ရှေ့ဆင့်နောက်ဆင့် ရင်ဆိုင်ရပြီးနောက်တွင် အားနည်းနေခဲ့ပြီ ဖြစ်ရာ အဆုံးသတ်တွင် လီယို၏ လက်သီးချက်ကြောင့် ပြိုကွဲသွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် အောက်ဘက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်သွားခဲ့ကြသည်။
သူတို့သွေးမြစ်နယ်မြေ၏ အင်အားကြီးမားသောအင်ပါယာသုံးပါး ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း ဤတိုက်ပွဲတွင် မည်သည့်အားသာချက်မှ မရှိခဲ့ပေ။
ဆိုရလျှင် သူတို့ရှေ့မှ လူသားလူငယ်လေးသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ အစွမ်းထက်နေခဲ့သည်။
"အချိန်မဆွဲနဲ့တော့ ငါတို့ရဲ့ အကောင်းဆုံး တိုက်ကွက်တွေကို ထုတ်ဖော်ပြီး သူ့ကိုအမြန်ဆုံး ရှင်းပစ်လိုက်ရအောင်"
လီရွှယ်ယန်က ကျန်းချန်ကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် သူ၏မျက်နှာထက်၌ လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်က ဒဏ်ရာရရှိခဲ့သည့်အတွက် ကျင့်ကြံခြင်းအဆင့်တွင် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို မကျော်ဖြတ်နိုင်တော့ပေ။
သို့သော်လည်း သူ၏အဆင့်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်တွင် ပြိုင်ဘက်ကင်းလု နီးပါးဟုပင် ဆို၍ ရ၏။
လီကျန်းနှင့် လီယိုတို့ပါ ပေါင်းထည့်လိုက်လျှင် သူတို့သုံးဦး၏ စွမ်းရည်သည် အင်ပါယာအလယ်အလတ်အဆင့် ကျင့်ကြံသူနှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိ၏။
သူတို့ရှေ့မှ လူသားဧကရာဇ်၏ ဆက်ခံသူသည် တစ်ကိုယ်တော်စွမ်းရည်ဖြင့် သူတို့သုံးဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည် ဖြစ်ရာ အမှန်တကယ်ပင် ထူးချွန်လွန်းသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
တိုက်ပွဲက ဤအတိုင်းသာ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး လူသားမျိုးနွယ်စုမှ အင်ပါယာတစ်ပါးကို ထပ်မံ စေလွှတ်ခဲ့လျှင် သူတို့ သွေးမြစ်နယ်မြေသည် ယနေ့တွင် အမှန်တကယ် အန္တရာယ် ကျရောက်သွားနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် လီရွှယ်ယန်သည် အချိန်မဆွဲဘဲ အစွမ်းကုန်တိုက်ခိုက်ရန် လှုံ့ဆော်လိုက်၏။
သူ၏စကားဆုံးသည်နှင့် လီရွှယ်ယန်သည် အင်ပါယာခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်ပြီး သွေးဥပဒေသနှင့်သတ်ဖြတ်ခြင်းဥပဒေသတို့ကို ပေါင်းစည်းထားသည့် ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် ကျန်းချန်ကို တိုက်ရိုက်ပင် ထိုးချလိုက်သည်။
လီကျန်းနှင့် လီယိုတို့ကလည်း လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။
သူတို့သည်လည်း ချက်ချင်းဆိုသလို အင်ပါယာခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ကြပြီး ဧရာမ သွေးလူသားနှစ်ဦး အဖြစ် ပြောင်းလဲကာ ကျန်းချန်ကို တိုက်ခိုက်ခဲ့ကြသည်။
တစ်ခဏအတွင်း သွေးမြစ်နယ်မြေ၏ မြို့တော်အတွင်း ဧရာမသွေးလူသားသုံးဦး ထွက်ပေါ်လာခဲ့သည်။
၎င်းတို့ထံမှ သွေးအရှိန်အဝါများသည် မြို့တော်တစ်ခုလုံးကို ပျံ့နှံ့နေခဲ့၏။
ဤအချိန်တွင် ပတ်ဝန်းကျင်သည် ကမ္ဘာ၏အဆုံးသတ်ကဲ့သို့ ဖြစ်နေခဲ့သည်။
အင်ပါယာခန္ဓာကိုယ်ကို ထုတ်ဖော်ထားသည့် သူ၏ရှေ့မှ အင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးကို ကြည့်ကာ ကျန်းချန်သည် အင်ပါယာ နတ်ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။
ထိုအခါ သူ၏ခန္ဓာကိုယ်သည် စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ရွှေရောင်ဧရာမလူသား အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သူနားလည်ထားသည့် ဥပဒေသများဖြစ်သော ဓားဥပဒေသ၊ မိုးကြိုးဥပဒေ၊ လေဥပဒေသ၊ မီးဥပဒေသ၊ နေရာလွတ်ဥပဒေသ၊ အချိန်ဥပဒေသ စသည့် ဥပဒေသ ခြောက်မျိုးကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။
ထို့နောက် လေထုထဲတွင် ထိုဥပဒေသများကို ပေါင်းစည်းလိုက်ရာ အဆုံးသတ်တွင် အရောင်ခြောက်ရောင်ကို ထုတ်လွှတ်နေသည့် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ပိုင်းဖြတ်စမ်း"
ကျန်းချန်က သူ့ကို ဦးစွာတိုက်ခိုက်ခဲ့သည် လီရွှယ်ယန်ကို ဓားဥပဒေသ အသုံးပြုကာ ရင်ဆိုင်လိုက်သည်။
လီရွှယ်ယန်၏ သွေးလက်သီးချက်သည် ကျန်းချန်၏ အင်ပါယာဥပဒေသခြောက်မျိုး ပေါင်းစပ်ထားသော ခြောက်ရောင်ခြယ် ဓားအလင်းအောက်တွင် ချေမှုန်းခံခဲ့ရသည်။
အဆုံးသတ်တွင် လီရွှယ်ယန်၏ အင်ပါယာခန္ဓာကိုယ်ပင် ထိုဓားအလင်းအောက်၌ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။
လီရွှယ်ယန်၏ အင်ပါယာခန္ဓာကိုယ် ပျောက်ကွယ်သွားခဲ့သော်လည်း ခြောက်ရောင်ခြယ်ဓားအလင်းသည် မပျောက်ကွယ်သေးပေ။
ထိုဓားအလင်းက လီရွှယ်ယန်၏ ခန္ဓာကိုယ်ကို မှုန့်မှုန့်ညက်ညက်ကြေမွသည်အထိ ဖျက်ဆီးပစ်လိုက်၏။
လီရွှယ်ယန်ကို သတ်ဖြတ်ပစ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် နောက်ထပ် တိုက်ကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏လက်ဖဝါးပေါ်၌ ခြောက်ရောင်ခြယ် မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ပြီးပြည့်စုံသော ဥပဒေသ စွမ်းအားခြောက်မျိုးကို နားလည်ထားပြီး ထိုဥပဒေခြောက်မျိုးကို ပေါင်းစပ်ကာ စိတ်ကြိုက် အသုံးပြုနိုင်စွမ်း ရှိနေခဲ့သည်။
ထို့အပြင် ကျန်းချန်သည် ဥပဒေသများ၏ ပေါင်းစပ်စွမ်းအားများကို စိတ်တိုင်းကျ အသုံးပြုနိုင်စွမ်းလည်းရှိသည်။
သူက ဥပဒေသ တစ်ခုကို အထူးပြုကာ တခြားဥပဒေသများဖြင့် ပေါင်းစည်း၍လည်း တိုက်ပွဲတွင် အသုံးပြုနိုင်၏။
အစောပိုင်းက သူသည် တခြားသော ဥပဒေငါးမျိုးကို ပေါင်းစည်းကာ ဓားဥပဒေသကို အသုံးပြုခဲ့ပြီး လီရွှယ်ယန်ကို သတ်ဖြတ်ခဲ့သည်။
ယခုအခါတွင်မူ သူက မီးဥပဒေသကို အထူးပြုသည့်တိုက်ခိုက်မှုအား ထုတ်ဖော်လိုက်သည်။
အစပိုင်းတွင် ခြောက်ရောင်ခြယ် မီးတောက်သည် လက်ဖဝါးအရွယ်အစားမျှသာ ရှိသော်လည်း သိပ်မကြာခင်မှာပင် ကြောက်မက်ဖွယ် မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုခြောက်ရောင်ခြယ်မီးပင်လယ်က လေထုတစ်ခုလုံးကို လောင်ကျွမ်းသွားခဲ့ပြီး သွေးမြစ်နယ်မြေ၏ မြို့တော်တစ်ခုလုံး၏ အပူချိန်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် အဆင့်ထိ ရောက်ရှိသွားစေခဲ့သည်။
အောက်ဘက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ လူများသည် ကောင်းကင်ယံရှိ တိုက်ပွဲနှင့် ပေထောင်ပေါင်းများစွာ ဝေးကွာနေသည့်တိုင် ထိုမီးတောက်များ၏ အရှိန်အဝါကို ခံစားခဲ့ရသည်။
ကြောက်မက်ဖွယ် ခြောက်ရောင်ခြယ် မီးပင်လယ်နှင့် ရင်ဆိုင်ရလျှင် လီကျန်းနှင့် လီယိုတို့၏ မျက်နှာထက်၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ဆိုရလျှင် မီးစွမ်းအားသည် သူတို့ သွေးစွမ်းအား၏ ရန်ဘက်ဖြစ်၏။
ကျန်းချန်၏ ခြောက်ရောင်ခြယ်မီးပင်လယ်သည် ဥပဒေသများနှင့် စုဖွဲ့ထားခြင်းဖြစ်ကာ ကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်လောက်သည်အထိ အားကောင်းသည်။
လီကျန်းနှင့်လီယိုတို့သည် သန်မာသော အင်ပါယာများ ဖြစ်သော်လည်း ဤအချိန်တွင် သူတို့၏ စိတ်နှလုံးထဲကနေ သေခြင်းတရား၏ အရိပ်အငွေ့ကို ခံစားခဲ့ကြရသည်။
"ပြိုကွဲစမ်း"
နှစ်ဦးစလုံးက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူတို့၏စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။
သူတို့ထံမှ ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်သောစွမ်းအားသည် ပတ်ပတ်လည်ရှိ ခြောက်ရောင်ခြယ် မီးပင်လယ်ကို အရူးအမူး ထိပ်တိုက်ရင်ဆိုင်လိုက်၏။
သို့သော်လည်း ကျန်းချန်၏ မီးဥပဒေသသည် အင်ပါယာဥပဒေသ ခြောက်မျိုးဖြင့် ဖွဲ့စည်းထားသည့် ဥပဒေသ ဖြစ်ရာ အလယ်အလတ်အဆင့် အင်ပါယာပင် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့ဖြစ်ရာ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်သာ ရှိသည့် လီကျန်းနှင့် လီယိုတို့၏ စွမ်းအားများသည် ခြောက်ရောင်ခြယ် မီးပင်လယ်ကို မည်ကဲ့သို့ အလွယ်တကူ ပျက်စီးနိုင်ပါအံ့နည်း။
လီကျန်းနှင့်လီယိုတို့က မည်မျှပင် အစွမ်းကုန် တိုက်ခိုက်ပါစေ အဆုံးသတ်တွင် ခြောက်ရောင်ခြယ် မီးပင်လယ်ကို မဖြိုခွင်းနိုင်ခဲ့ပေ။
တဖြည်းဖြည်းနှင့် လီကျန်းနှင့် လီယိုတို့၏ ခန္ဓာကိုယ်များသည် ခြောက်ရောင်ခြယ် မီးပင်လယ်ဖြင့် လောင်ကျွမ်းသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ အရှိန်အဝါသည် အလျင်အမြန်ပင် မှိန်ဖျော့သွားခဲ့သည်။
အဆုံးသတ်တွင် နှစ်ဦးစလုံး၏ အင်ပါယာခန္ဓာကိုယ်သည် ခြောက်ရောင်ခြယ် မီးပင်လယ်၏ ကြောက်မက်ဖွယ်ရာကောင်းသော အပူချိန်အောက်တွင် ဘာမှမကျန်ရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။
အင်ပါယာခန္ဓာကိုယ် ပြိုကွဲသွားပြီးနောက်တွင် လီကျန်းနှင့်လီယိုတို့၏ ခန္ဓာကိုယ်များသည် ခြောက်ရောင်ခြယ် မီးပင်လယ်များ ဝန်းရံနေသည့် လေထုထဲတွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့နှစ်ဦး၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့ပြီး ထိတ်လန့်သော အမူအရာများ ပြည့်နှက်နေခဲ့၏။
သို့သော်လည်း သူတို့၏ အင်ပါယာခန္ဓာကိုယ်က ပြိုကွဲသွားပြီဖြစ်ရာ သူတို့အနေဖြင့် ခြောက်ရောင်ခြယ် မီးပင်လယ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခုခံနိုင်စွမ်းမရှိတော့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်ကို ကျန်းချန်၏ ခြောက်ရောင်ခြယ် မီးပင်လယ်က လောင်ကျွမ်းပစ်လိုက်၏။
သူတို့ရှေ့မှ တုန်လှုပ်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
သွေးဝိညာဥ်မျိုးနွယ်စုမှ လူပေါင်းများစွာ၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။
သူတို့အားလုံး၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာကြသည်။
သူတို့ သွေးမြစ်နယ်မြေ၏ အင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးကို ကျန်းချန်ဆိုသော လူသားကျင့်ကြံသူသည် ဤကဲ့သို့ပင် အလွယ်တကူ သတ်ဖြတ်လိုက်ပါသလော။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အခန်း(၁၄၄၈)ပြီး၏။
အခန်း(၁၄၄၉)
သွေးမြစ်နယ်မြေက အဆုံးသတ်ခါနီးပြီ ဖြစ်သည်။
သွေးဝိညာဥ်မျိုးနွယ်စုမှ လူအများအပြားသည် စိတ်ပျက်အားငယ်ကာ ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။
အင်ပါယာနယ်ပယ်အဆင့် အကြီးအကဲသုံးဦးပင် ကျန်းချန်က အလွယ်တကူ သတ်ဖြတ်ခဲ့သည်ဖြစ်ရာ သူတို့အနေဖြင့် မည်ကဲ့သို့ ပြန်လည် ခုခံနိုင်တော့မည်နည်း။
"ကျန်းချန် မင်းက ငါတို့သွေးမြစ်နယ်မြေက အင်ပါယာသုံးပါးကို သတ်ဖြတ်ခဲ့တဲ့အတွက် ဒီအမုန်းတရားကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး.. ဒီနေ့ ငါလီဟန်က မင်းရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး မင်းရဲ့ဝိညာဥ်နဲ့ အကြီးအကဲသုံးဦးရဲ့ ဝိညာဥ်ဆီ ပူဇော်ပသဖို့ ဆုံးဖြတ်လိုက်ပြီ"
အင်ပါယာအဆင့် အကြီးအကဲ သုံးဦးစလုံး ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားသည်ကို မြင်လျှင် လီဟန်သည် သူ၏သွားများကို အံကြိတ်ကာ ရေရွတ်လိုက်သည်။
ဤအချိန်တွင် သူ၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်နေခဲ့၏။
လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်က သူတို့၏ သွေးဘုရင်ကျိုးယိုသည် သွေးမြစ်နယ်မြေမှ အင်အားကြီးမားသော ကျင့်ကြံသူများကို ခေါ်ဆောင်သွားခဲ့သည်။
ထို့ကြောင့် သူတို့ သွေးမြစ်နယ်မြေ၏ စွမ်းအားသည် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုထဲတွင် အားအနည်းဆုံး ဖြစ်နေခဲ့၏။
သွေးမြစ်နယ်မြေတွင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများသာ မရှိခဲ့လျှင် အချိန်ကြာမြင့်စွာကတည်းက လူသားမျိုးနွယ်စုသည် သူတို့ သွေးမြစ်နယ်မြေကို သိမ်းပိုက်သွားလောက်ပြီ ဖြစ်သည်။
ယခုအခါတွင် သူတို့သွေးမြစ်နယ်မြေ၏ ထောက်တိုင် ဖြစ်သော အင်ပါယာအဆင့် ကျင့်ကြံသူများကို ကျန်းချန်က သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ အနာဂတ်တွင် ဤနယ်မြေကို မည်ကဲ့သို့ ထိန်းသိမ်းနိုင်ပါတော့မည်နည်း။
လီဟန်၏ ရင်ဘတ်တစ်ခုလုံးတွင် ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့နောက်တွင် သူက ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကိုထုတ်ယူကာ ချေဖျက်လိုက်၏။
တစ်ခဏအတွင်းမှာပင် သွေးမြစ်နယ်မြေ၏ မြို့တော်တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
မရေမတွက်နိုင်သော အစီအရင် သင်္ကေတများသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့၏။
စိတ်ကူးပင် မယဥ်နိုင်သော အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာခဲ့သည်။
မြို့တော်တစ်ခုလုံးရှိ ကျင့်ကြံသူများသည် ထိုအရှိန်အဝါကြောင့် တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားကြသည်။
အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် ထိုအရှိန်အဝါ၏ ဖိအားအောက်တွင် ဒူးထောက်ကျသွားခဲ့သည်။
လူတိုင်းက အံ့သြထိတ်လန့်နေသော အချိန်မှာပင် သွေးပုံရိပ်တစ်ခုသည် သွေးနဂါးတစ်ကောင် ကဲ့သို့ ပျံသန်းလာခဲ့ပြီး ကျန်းချန်၏ ရှေ့သို့ ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မောက်မာသော အသံတစ်သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ငါလီယဲ့ကို ဘယ်သူက စည်းတံဆိပ် ချိုးဖျက်ပြီး ဆင့်ခေါ်လိုက်တာလဲ"
လီယဲ့ဟူသော နာမည်ကိုကြားလျှင် အောက်ဘက်ရှိ သွေးမြစ်နယ်မြေမှ တော်ဝင်မိသားစုများသည် ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
"ဒါက သွေးမြစ်နယ်မြေရဲ့ နဝမမြောက်သွေးဘုရင် လီယဲ့လား"
သွေးမြစ်နယ်မြေရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ လူများ၏ စိတ်ပျက်အားငယ်နေသော မျက်နှာထက်တွင် ဝမ်းသာသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သွေးမြစ်နယ်မြေ၏ နဝမမြောက် သွေးဘုရင် လီယဲ့သည် လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀၀)ခန့်က ပြိုင်ဘက်ကင်းစစ်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။
နှစ်ပေါင်းသောင်းချီကြာမြင့်ပြီးသည့်နောက်မှာပင် လီယဲ့၏ နာမည်သည် သွေးမြစ်နယ်မြေနှင့် သွေးဝိညာဥ်မျိုးနွယ်စု တစ်ခုလုံးတွင် ကျန်ရှိနေဆဲ ဖြစ်၏။
လီယဲ့ကို သွေးမြစ်နယ်မြေ၏ နှစ်ပေါင်းသောင်းချီ ကာလအတွင်း နံပါတ်(၁)ပါရမီရှင်ဟုပင် သတ်မှတ်ခဲ့ကြသည်။
သူက သွေးဝိညာဥ်မျိုးနွယ်စု တစ်ခုလုံးမှာပင် ဒုတိယမြောက်အင်အားအကြီးမားဆုံး ကျင့်ကြံသူ ဖြစ်ခဲ့ဖူး၏။
လီယဲ့က အလွန်ပင် ရက်စက်ကြမ်းကြုတ်ပြီး သူ၏လက်တွင် လူသားမျိုးနွယ်စု၏ သွေးများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့အပြင် လီယဲ့ကို သွေးဝိညာဥ် မျိုးနွယ်စု၏ မရှုံးနိမ့်နိုင်သည့် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး အဖြစ်လည်း လူသိများသည်။
ထို့ကြောင့် လီယဲ့သည် အလွန်ပင် မာနကြီးခဲ့သည်။
ထိုအချိန်က သူသည် သွေးဝိညာဥ် မျိုးနွယ်စု၏ စစ်တပ်တစ်ခုကို ဦးဆောင်ကာ လူသားမျိုးနွယ်စု၏ စစ်တပ်နှင့် ရင်ဆိုင်ခဲ့ရာဝယ် လူသားမျိုးနွယ်စုမှ အသန်မာဆုံး ကျင့်ကြံသူ သုံးဦးနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုတိုက်ပွဲတွင် လီယဲ့သည် ကျဆုံးသွားခဲ့သည့်တိုင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးကို တစ်ဦးအား သေဆုံးစေပြီး နှစ်ဦးအား ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။
သွေးဝိညာဥ် မျိုးနွယ်စုမှ လူများသည် သွေးမြစ်နယ်မြေ၏ မြို့တော်တွင် လီယဲ့၏ စိတ်ဝိညာဥ်ကို စည်းတံဆိပ်ခတ်ကာ သိမ်းဆည်းထားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
လီယဲ့၏ စိတ်ဝိညာဥ်ဖြင့်သာ ဆိုလျှင် သူတို့ သွေးမြစ်နယ်မြေသည် ကယ်တင်ခံရနိုင်ခြေ ရှိသည် မဟုတ်ပါလော။
"ဒါက နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဥ်ကိုယ်ပွားလား"
လီယဲ့၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
နတ်တစ်ပိုင်းအဆင့် ဆိုသည်မှာ အင်ပါယာအဆင့် အထက်တွင်ရှိသည့် အဆင့် ဖြစ်သည်။
အင်ပါယာအဆင့်သည် ကောင်းကင်နှင့်မြေကြီး၏ ကပ်ဘေးကို ရင်ဆိုင်ကာ လူသားတစ်ဦး၏ အစွမ်းအဆကို အဆုံးစွန်အထိ ရောက်ရှိသွားသော အဆင့် ဖြစ်သည်။
နတ်တစ်ပိုင်းအဆင့်ကမူ လူသားများနှင့် သက်ဆိုင်သောအဆင့် မဟုတ်တော့ပေ။
နာမည်အတိုင်းပင် ဤအဆင့်သည် လူသားကနေ နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသည့် အဆင့် ဖြစ်သည်။
နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် လူသား ခန္ဓာကိုယ်ကနေ တဖြည်းဖြည်းနှင့် နတ်ခန္ဓာကိုယ် အဖြစ် ပြောင်းလဲသွားမည် ဖြစ်ပြီး သူတို့၏ အသက်စွမ်းအားသည်ပင် နတ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
ထို့အပြင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စိတ်ဝိညာဥ်များသည်ပင် နတ်စွမ်းအင်ကို စုစည်းနိုင်စွမ်း ရှိပြီး အတွေးတစ်ချက်ဖြင့်ပင် ကမ္ဘာကြီးအား ဖျက်ဆီးနိုင်စွမ်း ရှိသည်။
သူ၏ ရှေ့မှ သွေးပုံရိပ်သည် နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ၏ စိတ်ဝိညာဥ်ကိုယ်ပွား တစ်ခုသာ ဖြစ်သော်လည်း သာမန် အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်၍ မရပေ။
"ဘိုးဘေးလီယဲ့.. သွေးမြစ်နယ်မြေက ကြီးမားတဲ့ ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရပါတယ်.. ဒီလူသားကျင့်ကြံသူကို သတ်ဖြတ်ပေးဖို့ ဘိုးဘေးကို ကျေးဇူးပြုပြီး တောင်းဆိုပါတယ် သွေးမြစ်နယ်မြေရဲ့ အရှက်တရားကို ကာကွယ်ပေးပါ"
လီဟန်က မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး တလေးတစားဖြင့် ပြောလိုက်သည်။
လီဟန်၏ စကားသံဆုံးသည်နှင့် သွေးပုံရိပ်၏ အကြည့်သည် ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
သူ့ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် သွေးမြစ်နယ်မြေ တစ်ခုလုံးကိုပင် ချက်ချင်းဆိုသလိုပင် ဝန်းရံသွားခဲ့၏။
"ဟမ့်.. အင်ပါယာနယ်ပယ်အစောပိုင်းအဆင့် လူသားကျင့်ကြံသူကများ သွေးမြစ်နယ်မြေမှာ ရမ်းကားရဲတယ်.. မင်း ဘယ်ကနေ သတ္တိရလာတာလဲ"
လီယဲ့၏ နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်သံသည် ဤအချိန်တွင် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေခဲ့သည်။
မြို့တော်အထက်ရှိ ကောင်းကင်ယံတစ်ခုလုံးသည် ထိုအသံကြောင့် တုန်ခါနေခဲ့၏။
ထို့အပြင် မျက်စိဖြင့် မြင်နိုင်သော အာကာပြင်အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။
"သွေးမြစ်နယ်မြေက သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေကိုးခုထဲက တစ်ခုဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဒီလိုမျိုး ဝှက်ဖဲတစ်ခု ရှိနေလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"
ကျန်းချန်က သူ၏ရှေ့မှ စိတ်ဝိညာဥ်ကိုယ်ပွားကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
"မင်းသာ အမှန်တကယ် အသက်ရှင်နေသေးရင် ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်တာတော့အမှန်ပဲ.. ဒါပေမဲ့ စိတ်မကောင်းစရာပဲ.. မင်းက စိတ်ဝိညာဥ်ကိုယ်ပွားအဆင့်ပဲ ဆိုတော့ ငါ့ကိုဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ"
"ကောင်လေး ဒီနတ်ဘုရားက စိတ်ဝိညာဥ်ကိုယ်ပွားအဆင့်ပဲ ရှိပေမဲ့ မင်းလို အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ဖို့အတွက် လုံလောက်တာထက်တေင် ပိုနေပါသေးတယ်"
လီယဲ့က ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် မျက်ဝန်းထက်၌ ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
လီယဲ့သည် အသက်ရှင်စဥ် အချိန်အခါက နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ဤအရာက စိတ်ဝိညာဥ်ကိုယ်ပွားတစ်ခု အဆင့်သာရှိခဲ့လျှင်ပင် သာမန် အင်ပါယာတစ်ပါးသည် မည်ကဲ့သို့ အထင်အမြင်သေးခွင့် ရှိပါအံ့နည်း။
ချက်ချင်းဆိုသလိုပင် လီယဲ့က သူ၏ခြေထောက်ကို လေထုထဲတွင် ဆောင့်ချလိုက်ရာ ကြီးမားသော နေရာလွတ်အက်ကွဲကြောင်းတစ်ခုသည် မီတာထောင်ချီ အကွာအဝေးအထိ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပင် ဝါးမျိုရန် ဦးတည်လာခဲ့သည်။
လီယဲ့၏ ကြောက်မက်ဖွယ် တိုက်ကွက်ကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။
သူက လက်ဖဝါးကို အသာအယာ လှုပ်ရှားလိုက်ပြီး နေရာလွတ် ဥပဒေသများကို လေထဲတွင် ထုတ်ဖော်လိုက်ရာ ပျက်စီးနေသည့် နေရာလွတ်အက်ကွဲကြောင်းများသည် အချိန်နှင့်တစ်ပြေးညီ မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ပြီးသား ဖြစ်သွားခဲ့သည်။
"ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"
လီယဲ့၏ နေရာလွတ်အက်ကွဲကြောင်းဖြင့် တိုက်ခိုက်မှုကို ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် ဝိညာဥ် ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ လီယွဲ့ကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။
"လူသားဧကရာဇ် စည်းတံဆိပ်ပါလား"
ကျန်းချန်၏ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကိုကြည့်ကာ လီယဲ့၏ မျက်ဝန်းထဲတွင် တုန်လှုပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လီယဲ့က နတ်စွမ်းအားကို ထုတ်ဖော်ကာ သွေးမိုးကြိုးအဖြစ် ပြောင်းလဲလိုက်ပြီး ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်ကို ထိပ်တိုက်ပင် ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် လေထုထဲတွင် ထိပ်တိုက်ဆုံမိသွားခဲ့ကြသည်။
ထို့နောက်တွင် ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားခဲ့ပြီး တောင်တန်းများနှင့်မြစ်များပင် ပြိုကျသွားခဲ့သည်။
"လူသားဧကရာဇ် စည်းတံဆိပ်ကို ပိုင်ဆိုင်ထားတယ် ဆိုတော့ မင်းက လူသားဧကရာဇ်ရဲ့ ဆက်ခံသူတစ်ဦး ဖြစ်မယ်လို့ ထင်တယ်.. မင်းက ငါ့ရဲ့သွေးမြစ်နယ်မြေကို ရမ်းကားရဲတာ အံ့သြစရာ မရှိတော့ဘူး"
အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှု၏ ရလဒ်အနေဖြင့် လီယဲ့၏ ပုံရိပ်သည် ပေရာချီ အကွာအဝေးသို့ နောက်ဆုတ်သွားခဲ့ရသည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
သူ၏ သတ်ဖြတ်လိုသောစိတ်ဆန္ဒသည် ဤအချိန်တွင် ကောင်းကင်ထိတိုင် မြင့်တက်နေခဲ့သည်။
ထို့နောက်တွင် သူ၏အေးစက်စက်အသံသည် ကောင်းကင်တစ်ခွင်လုံး၌ ပဲ့တင်ထပ်နေခဲ့၏။
"ဒီနေ့ ဒီနတ်ဘုရားက သွေးမြစ်နယ်မြေမှာ ငါ့ရဲ့ ဂုဏ်သတင်းကို သက်သေပြဖို့အတွက် လူသားဧကရာဇ်ရဲ့ ဆက်ခံသူတစ်ဦးဖြစ်တဲ့ မင်းကို ကျိန်းသေ သတ်ပစ်မယ်"
အခန်း(၁၄၄၉)ပြီး၏။