အခန်း (၁၄၅၀-၁၄၅၂)
Vol. 97 Ch. 1450-1452
အခန်း(၁၄၅၀)
"နတ်ဘုရားတစ်ပိုင်းအဆင့်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ် မင်းက ငါ့ရဲ့ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို စိတ်ဝိညာဥ်ကိုယ်ပွား အခြေအနေနဲ့ တားဆီးနိုင်တဲ့ ပထမဆုံးလူပဲ"
ကျန်းချန်က မထီမဲ့မြင်ပြုံးလိုက်ပြီး တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
"ဒါပေမဲ့ ဒီလောက်နဲ့ င့ါကိုသတ်ချင်တယ်ဆိုရင် မင်းက အရည်အချင်းပြည့်မီဖို့ အဝေးကြီးလိုပါသေးတယ်"
နတ်တစ်ပိုင်း အဆင့်သည် လူသားအဖြစ်ကနေ နတ်အဆင့်သို့ ပြောင်းလဲသည့် လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။
ဤအဆင့်သည် အင်ပါယာအဆင့်ထက် များစွာ စွမ်းအားကြီးသောအဆင့် ဖြစ်သည်။
သူ့ရှေ့မှ လီယဲ့သည် စိတ်ဝိညာဥ်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားကမူ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူထက် မနိမ့်ကျပေ။
အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူပင် လီယဲ့၏ စိတ်ဝိညာဥ် ကိုယ်ပွားနှင့် ရင်ဆိုင်ရလျှင် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော် ကျန်းချန်သည် သာမန် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ မဟုတ်ပေ။
သူက အင်ပါယာ နယ်ပယ်အဆင့်သို့ ထိုးဖောက် ဝင်ရောက်ကာစ အချိန်မှာပင် အစွမ်းထက် သွေးဘုရင်တစ်ဦး ဖြစ်သည့် ကျိုးယိုကို သတ်ဖြတ်ခဲ့သည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က အင်ပါယာနယ်ပယ် အလယ်အလတ် အဆင့်ကို မထိုးဖောက်ရသေးသော်လည်း အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ချေပြီ။
ထို့အပြင် သူက အင်ပါယာဥပဒေသ ခြောက်မျိုး၏ စွမ်းအားများကို နားလည်ထားသည် ဖြစ်ရာ နတ်တစ်ပိုင်းအဆင့်၏ စိတ်ဝိညာဥ် ကိုယ်ပွား အလွန်အမင်း ကြောက်ရွံ့နေစရာ မလိုအပ်ပေ။
"ဟမ့် မင်းလို မလောက်လေးမလောက်စား လူသားက နတ်ဘုရားရဲ့ အစွမ်းကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ.. ဒီနေ့ ဒီနတ်ဘုရားက မင်းကို နတ်တစ်ပိုင်းအဆင့်စွမ်းအားကို မြင်တွေ့စေမယ်"
စကားဆုံးသည်နှင့် လီယဲ့သည် သူ၏ နတ်တစ်ပိုင်းအဆင့်စွမ်းအားဖြင့် ကောင်းကင်တစ်ခုလုံးကို သွေးပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ယင်းက နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ နတ်စွမ်းအားနှင့် ဥပဒေသစွမ်းအားများ ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာသည့် နတ်နယ်မြေစွမ်းအား ဆိုလည်း မမှားပေ။
ဤသွေးပင်လယ်ထဲတွင် လီယဲ့သည် တကယ့် နတ်ဘုရားတစ်ပါးဖြစ်ပြီး မည်သည့်လူသားမဆို သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေလိမ့်မည် ဖြစ်သည်။
အကယ်၍ လီယဲ့၏ အစစ်အမှန်ခန္ဓာကိုယ်သာ ဤနေရာတွင် ရှိနေခဲ့လျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိ၏။
ယခုအခါတွင် လီယဲ့သည် စိတ်ဝိညာဥ်ကိုယ်ပွား မျှသာ ဖြစ်ရာ အထွတ်အထိပ်ကာလ စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းအောက်ကိုသာ ထုတ်လွှတ်နိုင်ခဲ့သည်။
သို့သော် ထိုမျှလောက်သော စွမ်းအားသည်ပင် သာမန် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူကို တစ်စက္ကန့်အတွင်းအလွယ်တကူ သတ်ဖြတ်ပစ်ရန် လုံလောက်၏။
အင်ပါယာနယ်ပယ် အဆင့်အောက်ရှိ ကျင့်ကြံသူများသာ ဆိုလျှင် ဤနတ်နယ်မြေထဲတွင် ခဏလောက် ရှိနေလိုက်သည်နှင့် ၎င်းတို့၏ စိတ်ဝိညာဥ်များသည် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ဤအချိန်တွင် လီယဲ့၏ သွေးပင်လယ်သည် ကျန်းချန်ကို တိုက်စားရန် ကြိုးစားနေခဲ့သည်။
ကျန်းချန်က အင်ပါယာဥပဒေသ ခြောက်မျိုးကို ပေါင်းစည်းလိုက်ပြီး ခြောက်ရောင်ခြယ် အကာအရံတစ်ခုကို ဖန်တီးလိုက်ကာ သွေးပင်လယ်၏ တိုက်စားမှုကို ပိတ်ဆို့လိုက်၏။
"ကျူးရှန်းစည်းတံဆိပ်"
ကျန်းချန်က ချက်ချင်းဆိုသလိုပင် လူသားဧကရာဇ်စည်းတံဆိပ်၏ ဒုတိယမြောက်စည်းတံဆိပ် ဖြစ်သော ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင် ဧရာမ ရွှေရောင်စည်းတံဆိပ်ကြီးသည် ပြိုင်ဘက်ကင်း စွမ်းအားနှင့်အတူ လေထုထဲတွင် ပေါ်ပေါက်လာခဲ့ပြီး သွေးပင်လယ်ကို ရိုက်ချလိုက်သည်။
"ဝုန်း.."
သွေးပင်လယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့၏။
ကျူးရှန်းစည်းတံဆိပ်၏ နတ်စွမ်းအားအောက်တွင် သွေးပင်လယ်သည် မျက်စိတစ်မှိတ်အတွင်း ဘာမှမကျန်ရှိတော့သည်အထိ ပြိုကွဲသွားခဲ့သည်။
"မင်းမှာ နတ်နယ်မြေရှိသလို ငါ့မှာလည်း လူသားဧကရာဇ် စည်းတံဆိပ်ရှိတယ် မင်းရဲ့ နတ်နယ်မြေစွမ်းအားလောက်နဲ့ ငါ့ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ"
ကျန်းချန်က ကောင်းကင်ယံမှ သွေးပင်လယ်ကို ချေမှုန်းလိုက်ပြီးနောက်တွင် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"မင်းရဲ့ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီ.. ဒါ့အပြင် စိတ်ဝိညာဥ်ကိုယ်ပွားရဲ့ စွမ်းအားကလည်း အခုဆိုရင် အနည်းငယ်လောက်ပဲ ကျန်ရှိတော့တယ်"
"ဟားဟား လူသားဧကရာဇ်ရဲ့ ဆက်ခံသူက ဘယ်ဆိုးလို့လဲ.. မင်းက လူသားဧကရာဇ် စည်းတံဆိပ်သုံးခုထဲက နှစ်ခုကို ကျွမ်းကျင်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါမင်းကို အထင်သေးမိခဲ့ပြီ"
လီယဲ့သည် စိတ်နှလုံးထဲတွင် အံ့ဩတုန်လှုပ်နေခဲ့သည်။
သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးဘုရင်တစ်ပါး ဖြစ်၍ လီယဲ့သည် လူသားဧကရာဇ် စည်းတံဆိပ်ကို အလွန်ပင် ရင်းနှီးနေခဲ့သည်။
ဆိုရလျှင် လူသားဧကရာဇ် စည်းတံဆိပ်သည် ရွှယ်လင်ကုန်းမြေတိုက်၏ အကောင်းဆုံး ကိုယ်ခံပညာရပ် ဆိုလည်းမမှားပေ။
ထိုကိုယ်ခံပညာရပ်ကို တတ်မြောက်ရန်မှာ အလွန်ပင်ခက်ခဲ၏။
လူသားမျိုးနွယ်စု၏ လူသားဧကရာဇ်ပင် လူသားဧကရာဇ်စည်းတံဆိပ် သုံးခုလုံးကို အပြည့်အဝကျွမ်းကျင်နိုင်မည်မဟုတ်ပေ။
သူ၏ ရှေ့တွင်ရှိသည့် လူသားဧကရာဇ်၏ ဆက်ခံသူသည် အသက်(၃၀)ထက်ပင် မပိုဟု ထင်ရသည်။
သို့သော်လည်း ထိုကောင်လေးသည် အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးပြီဖြစ်ကာ လူသားဧကရာဇ်စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်နှစ်ခုကိုလည်း ကျွမ်းကျင်ထားခဲ့သည်။
လူသားမျိုးနွယ်စုသည် ဤကဲ့သို့ ထိပ်တန်း ပါရမီရှင်တစ်ဦးကို မွေးထုတ်နိုင်ခဲ့သည်။
ထိုကောင်လေး ဆက်လက် ကြီးထွားလာသည်နှင့်အမျှ သူတို့သွေးဝိညာဥ်မျိုးနွယ်စုကို ကောင်းစွာ ဒုက္ခပေးမည်မှာ သေချာသလောက်ပင်။
"လူသားမျိုးနွယ်စုက ကောင်လေး.. မင်းရဲ့ပါရမီနဲ့ဆို နှစ်(၁၀၀၀)လောက် အချိန်ပေးလိုက်ရင် ဒီရွှယ်လင်ကုန်းမြေတိုက်မှာ ဘယ်သူမှ မင်းရဲ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာမဟုတ်ဘူး.. ဒါပေမဲ့ မင်းအနေနဲ့ ငါ့ရဲ့သွေးမြစ်နယ်မြေထဲကိုတော့ ရောက်မလာသင့်ဘူး.. ဒီနေ့ ဒီနတ်ဘုရားက စိတ်ဝိညာဥ် ကိုယ်ပွားကို စတေးပြီး လူသားဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်တဲ့ မင်းကို သတ်ဖြတ်ပစ်မယ်"
လီယဲ့၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် ကောင်းကင်ထိတိုင် မြင့်တက်သွားခဲ့သည်။
ထို့နောက်တွင် သူက လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မိုးကြိုးသွေးဓား ထွက်လာခဲ့စမ်း"
လီယဲ့၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့်အမျှ သွေးမြစ်နယ်မြေ၏ မြို့တော်အောက်ဘက်ကနေ ဓားတစ်ချောင်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုဓားက သွေးရောင် ဓားရှည်တစ်လက် ဖြစ်ပြီး မိုးကြိုးအလင်းများဖြင့် တောက်ပနေခဲ့ကာ ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပင် ထိုးတက်သွားခဲ့သည်။
ဤအချိန်တွင် လီယဲ့၏ စိတ်ဝိညာဥ်ကိုယ်ပွားသည် သွေးအလင်းများဖြင့် ရောယှက်နေခဲ့၏။
ထို့နောက်တွင် စိတ်ဝိညာဥ်ကိုယ်ပွားသည် ကောင်းကင်ယံရှိ မိုးကြိုးများ တလျှပ်လျှပ် တောက်ပနေသော သွေးရောင်ဓားရှည်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထို့နောက်တွင် မိုးကြိုးသွေးဓားသည် အဆုံးမဲ့ နတ်စွမ်းအားများကို သယ်ဆောင်ကာ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်၍ ကျန်းချန် ဆီသို့ ဦးတည်သွားခဲ့၏။
မိုးကြိုးသွေးဓားသည် လီယဲ့၏ စိတ်ဝိညာဥ်ကိုယ်ပွားဖြင့် ယစ်ပူဇော်ထားသောကြောင့် ထိုဓားမှ ပေါက်ကွဲထွက်လာသောအင်အားသည် ကျန်းချန်ကိုပင် မျက်မှောင်ကြုတ်သွားစေခဲ့သည်။
သူ၏ လက်ရှိစွမ်းအားဖြင့်ပင် ဤဓားက အလွန်အမင်းအန္တရာယ်ရှိသည်ကို ခံစားမိခဲ့သည်။
ကျန်းချန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို ဥက္ကာခဲဓားကို ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင် အင်ပါယာဥပဒေသ ခြောက်မျိုးကို အတူတကွ ပေါင်းစည်းလိုက်ပြီး ဥက္ကာခဲဓားပေါ်တွင် ခြောက်ရောင်ခြယ်ဓားအလင်း တစ်ခုကို ဖန်တီးခဲ့သည်။
ဤသို့ဖြင့် ဥက္ကာခဲဓားမှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်နှင့် မိုးကြိုးသွေးဓားတို့သည် ထိပ်တိုက် ဆုံမိသွားကြတော့သည်။
"ဝုန်း.."
သွေးရောင်ဓားအလင်းနှင့် ခြောက်ရောင်ခြယ်ဓားအလင်းတို့သည် လေထုထဲတွင် ရောယှက်နေခဲ့ပြီး ကြီးမားသော ဓားစွမ်းအင်မုန်တိုင်းသည် မြို့တော်တစ်ခုလုံး၏ အထက်ရှိ တိမ်တိုက်များကိုပင် ဘာမှ မကျန်ရှိတော့သည် အထိ ဖောက်ခွဲပစ်လိုက်သည်။
လေထုထဲရှိ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်မုန်တိုင်းကို လူတိုင်းသည် မျက်တောင်မခတ်တမ်း ကြည့်နေခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက်တွင် ဓားစွမ်းအင်မုန်တိုင်းသည် အဆုံးသတ်၌ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။
ထိုအခါ သွေးဝိညာဥ်မျိုးနွယ်စုမှ သွေးကျင့်ကြံသူများစွာသည် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသော်လည်း ကောင်းကင်ယံတွင် မည်သူ့ကိုမှ မတွေ့ရပေ။
ကျန်းချန်ဖြစ်စေ၊ လီယဲ့ဖြစ်စေ နှစ်ယောက်စလုံးသည် လေထုထဲတွင် အငွေ့ပျံသွားကြပုံရ၏။
"ဘိုးဘေးလီယဲ့ရဲ့ စိတ်ဝိညာဥ်ကိုယ်ပွားက လူသားမျိုးနွယ်စုက ကောင်လေးနဲ့ အတူ သေဆုံးသွားပြီထင်တယ်"
သူတို့၏ ရှေ့မှ အခြေအနေကိုမြင်လျှင် လီဟန်က အနည်းငယ်ထိတ်လန့်သွားသော်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သူပေးဆပ်လိုက်ရသည့် အဖိုးအခက မသေးသော်လည်း အဆုံးသတ်တွင် ကျန်းချန်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သွေးမြစ်မြို့တော်မှ သွေးဝိညာဥ် မျိုးနွယ်စုများကို ကယ်တင်နိုင်ခဲ့သည် မဟုတ်ပါလား။
"လူသားမျိုးနွယ်စုကောင်လေးက နောက်ဆုံးတော့ သေဆုံးသွားခဲ့ရပြီ"
သွေးဝိညာဥ်မျိုးနွယ်စုမှ လူများ၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
သို့သော် ထိုသို့ လူပေါင်းများစွာ စိတ်လှုပ်ရှားနေသော အချိန်မှာပင် ပေတစ်ထောင် အထက်ရှိ လေထုထဲတွင် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက အသံထွက်ပေါ်လာသော နေရာကို ကြည့်လိုက်ရာ လေထုထဲတွင် ကြေးနီရောင် ဧရာမဒယ်အိုးကြီး တစ်လုံး ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
နောက်ထပ်တစ်ခဏတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ထိုကြေးနီရောင် ဧရာမဒယ်အိုးကြီးထဲကနေ ရုတ်တရက် ပျံထွက်လာခဲ့ပြီး ကြေးနီရောင် ဧရာမဒယ်အိုးကြီးပေါ်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံး အထိအခိုက်မရှိသည့် အနက်ရောင် ဝတ်စုံဝတ်လူငယ်ကိုမြင်လျှင် သွေးဝိညာဥ်မျိုးနွယ်စုမှ လူပေါင်းများစွာ၏ မျက်နှာများသည် ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ကြသည်။
"ဒါ ဒါမဖြစ်နိုင်ဘူး"
လီဟန်၏ မျက်လုံးများက သုန်မှုန်နေခဲ့သည်။
သူက မယုံကြည်နိုင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဤသည်က သွေးမြစ်နယ်မြေ၏ နဝမမြောက်သွေးဘုရင် ဖြစ်သည့် ဘိုးဘေးလီယဲ့ ဖြစ်သည်။
ထို့အပြင် ဘိုးဘေးလီယဲ့သည် အလွန် အစွမ်းထက်သည့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်၏။
ဤအရာက စိတ်ဝိညာဥ်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ဘိုးဘေးလီယဲ့က အဆုံးသတ်တွင် သူ၏ စိတ်ဝိညာဥ်ကိုယ်ပွားကို ယဇ်ပူဇော်ကာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားကို ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်ကို အနာတရဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။
ထိုကဲ့သို့သော ရလဒ်မျိုးကို လီဟန်သည် တစ်ခါမှ မတွေးမိခဲ့ချေ။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အခန်း(၁၄၅၀)ပြီး၏။
အခန်း(၁၄၅၁)
လီဟန်၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။
သူ့ရှေ့မှ ကျန်းချန်ဟုခေါ်သည့် လူသားလူငယ်လေးသည် ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
သွေးမြစ်နယ်မြေ၏ အင်ပါယာအဆင့် အကြီးအကဲသုံးဦးကိုပင် ထိုလူငယ်လေးက သတ်ပစ်ခဲ့သည်။
ယခုအခါတွင် သူက နောက်ဆုံးဝှက်ဖဲကို အသုံးပြုခဲ့သည့်တိုင် အဆုံးသတ်တွင် အနိုင်မရခဲ့ပေ။
ဤတစ်ကြိမ်တွင် သူတို့ သွေးမြစ်နယ်မြေသည် လုံးဝပြီးဆုံးသွားပြီဖြစ်၏။
"နတ်တစ်ပိုင်းအဆင့်က တကယ်ကို နာမည်နဲ့ ထိုက်တန်တာပဲ.. စိတ်ဝိညာဥ်ကိုယ်ပွားတောင် တကယ်ကို ကြောက်ဖို့ကောင်းတယ်"
လေထုထဲတွင် ရှိနေသည့် ကျန်းချန်၏အမူအရာသည် လေးနက်နေခဲ့သည်။
သူက ဒယ်စောက်အိုးကိုလည်း ပြန်လည် သိမ်းဆည်းလိုက်ပြီဖြစ်၏။
လီယဲ့က စိတ်ဝိညာဥ်ကိုယ်ပွားကို ယဇ်ပူဇော်ကာ အသေခံ တိုက်ခိုက်ခဲ့သည်။
ကျန်းချန်က ဥက္ကာခဲဓားနှင့် အင်ပါယာဥပဒေသ ခြောက်မျိုးကို ပေါင်းစပ်၍ အသုံးပြုခဲ့သည့်တိုင် လီယဲ့၏ ဓားချက်ကို မပိတ်ဆို့နိုင်ခဲ့ပေ။
ကျန်းချန်က သူ့ဘက်က အရေးမလှတော့သည်ကို ခံစားမိသည်နှင့်တစ်ပြိုင်နက် ကြေးနီရောင် ဒယ်စောက်အိုးကို ထုတ်ယူကာ ဒယ်စောက်အိုး ထဲသို့ ဝင်နေလိုက်သည်။
အကယ်၍သာ ဒယ်စောက်အိုးထဲသို့ ဝင်မနေခဲ့လျှင် ထိုဓားချက်၏ ရိုက်ခတ်မှုအောက်တွင် အစအနပင် ကျန်ရှိတော့မည်မဟုတ်ပေ။
"အနာဂတ်မှာ နတ်တစ်ပိုင်းအဆင့်နဲ့ ရင်ဆိုင်ရရင် ငါသတိထားမှဖြစ်မယ်"
ကျန်းချန်က အသက်ကို ရှူသွင်းလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုထဲမှ တစ်ခုချင်းစီသည် သွေးမြစ်နယ်မြေ ကဲ့သို့ ဆင်တူသည့် ဝှက်ဖဲများ ရှိနေလောက်၏။
အကယ်၍ သူသာ ပေါ့ဆမိခဲ့လျှင် လီယဲ့၏ ဓားကွက်အောက်၌ သေဆုံးသွားနိုင်ပေသည်။
ထိုသို့ တွေးမိနေသော အချိန်မှာပင် လီဟန်၏ ဒေါသတကြီးအော်ဟစ်လိုက်သံက သူ၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။
"ကျန်းချန် မင်းငါ့ကို စောင့်နေပါ.. ဒီကနေ့ရဲ့ မျိုးသုဥ်းသတ်ဖြတ်မှုအတွက် ငါလီဟန်က နောက်ကျရင် မင်းကို ၁၀ဆပြန်လည်ပေးဆပ်စေမယ်"
ကျန်းချန်က အသံလာရာသို့ လှမ်းကြည့်လိုက်ရာ လီဟန်က ထွက်ပြေးဖို့ ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
လီဟန်သည် သွေးမြစ်နယ်မြေ ကျဆုံးသွားသည်ဆိုသည်ကို သဘာဝအတိုင်းပင် သိရှိခဲ့သည်။
သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ကျန်းချန်၏ရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားပေ။
ဆက်လက်ခုခံနေလျှင် အဆုံးသတ်၌ သေခြင်းတရားနှင့်သာ ကြုံတွေ့ရလိမ့်မည် ဖြစ်၏။
သူ့အနေဖြင့် ဤနေရာကနေ အရင်ဦးစွာ ထွက်ပြေးပြီး သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးအင်ပါယာနှင့် ကျန်ရှိနေသည့် နယ်မြေရှစ်ခုကနေ အကူအညီတောင်းရန်သာ တတ်နိုင်တော့သည်။
အချိန်ကျလျှင် သူသည် သွေးဝိညာဥ်မျိုးနွယ်စု၏ အင်အားကြီးမားသော ကျင့်ကြံသူကို ခေါ်ဆောင်ကာ ကျန်းချန်ဆီကနေ သူဆုံးရှုံးခဲ့သည့် အရာအားလုံးကို ပြန်ယူနိုင်လိမ့်မည် ဖြစ်၏။
"စိတ်မပူပါနဲ့ မင်းမှာ ဒီအခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ထိုအချိန်တွင် လီဟန်သည် နေရာလွတ်ကို ဆွဲဖွင့်ကာ ထွက်ပြေးရန် အသင့် ဖြစ်နေခဲ့သည်။
ကျန်းချန်က နေရာလွတ်ဥပဒေသကို အသုံးပြုလိုက်ရာ လီဟန်ဖွင့်လှစ်ထားသည့် နေရာလွတ်သည် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ဥက္ကာခဲဓားကို အသာအယာဝှေ့ယမ်းလိုက်ရာ ဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်သွားသကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်း မီတာတစ်သောင်းကွာဝေးသည့် လေထုကို ထိုးဖောက်သွားခဲ့သည်။
မကြာခင်မှာပင် လီဟန်၏ လည်ပင်းပေါ်၌ မှိန်ဖျော့ဖျော့အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။
ဓားချက်၏ အရှိန်အဝါအောက်တွင် လီဟန်၏ ခန္ဓာကိုယ်သည် လုံးဝကို ပျက်စီးသွားခဲ့သည်။
ကျန်းချန်က ဓားတစ်ချက်တည်းဖြင့် လီဟန်ကို သတ်ပစ်လိုက်ခြင်း ဖြစ်၏။
ထို့နောက်တွင် ကျန်းချန်၏ စူးရှသောအကြည့်သည် အောက်ဘက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
သူ၏ ခန့်ညားသောလေသံက ကမ္ဘာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။
"အခုအချိန်ကစပြီး ရွှယ်လင်ကုန်းမြေတိုက်မှာ သွေးမြစ်နယ်မြေဆိုတာ ပျောက်ကွယ်သွားခဲ့ပြီ.. လက်ရှိဒီနေရာက လူသားဧကရာဇ် နန်းတော်ရဲ့ နယ်မြေပဲ.. အညံ့ခံမယ်ဆိုရင် မင်းတို့အသက်ကို ချမ်းသာပေးမယ် မဟုတ်ရင်တော့ သနားညှာတာခြင်းမရှိဘဲ သတ်ပစ်မယ်"
ထိုစကားကိုကြားလျှင် သွေးမြစ်နယ်မြေမှ တော်ဝင်မိသားစု၏ သန်မာသော ကျင့်ကြံသူတချို့သည် ရုတ်တရက်ဒေါသထွက်သွားခဲ့ကြသည်။
"ကျန်းချန်.. ငါတို့ တော်ဝင်မိသားစုကမင်းကို ဘာလို့ အညံ့ခံရမှာလဲ.. ဒီနေ့ မင်းစိတ်တိုင်းကျ ခြယ်လှယ်လို့မရအောင် ငါတို့ရဲ့အသက်ကိုစွန့်ပြီး မင်းကို သေရွာအပါခေါ်သွားမယ်"
သွေးမြစ်နယ်မြေ၏ တော်ဝင်မိသားစုမှ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဒါဇင်သည် ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့ကြသည်။
ထို့နောက်တွင် သူတို့က သူတို့၏ အသက်စွမ်းအားများကို ဖောက်ခွဲရန် စတင်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူတို့၏ ခန္ဓာကိုယ်သည် လေထိုးလိုက်သကဲ့သို့ ဖောင်းကားလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် လေထုအထက်တွင် ရှိနေသည့် ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့ကြသည်။
"မင်းတို့ရဲ့သတ္တိက ချီးကျူးစရာပဲ.. ဒါပေမဲ့ ငါ့အတွက်တော့ အသုံးမဝင်ဘူး"
အသက်စွမ်းအင်ကို ဖောက်ခွဲကာ အသေခံတိုက်ခိုက်မည့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဒါဇင်နှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် အေးအေးဆေးဆေးပင် ရှိနေခဲ့သည်။
သူက လက်တစ်ဖက်ကို အသာအယာ လှုပ်ရှားလိုက်ရာ သူ၏ပတ်ပတ်လည်တွင် အင်ပါယာဥပဒေသ ခြောက်မျိုးဖြင့် ဖွဲ့စည်းထားသော ခြောက်ရောင်ခြယ် အတားအဆီးတစ်ခုသည် ချက်ချင်းဆိုသလို ဖွဲ့စည်းသွားခဲ့သည်။
အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်၏ ခန္ဓာကိုယ်ကို ဖောက်ခွဲလိုက်သော စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း အင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျန်းချန်သည် အင်ပါယာဥပဒေသ ခြောက်မျိုးကို ကျွမ်းကျင်ထားသောသူ ဖြစ်ရာ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် မည်ကဲ့သို့ အလွယ်တကူ တိုက်ခိုက်နိုင်ပါအံ့နည်း။
"ဝုန်း.. ဝုန်း.. ဝုန်း.. ဝုန်း.."
ကောင်းကင်ကိုပင် လှုပ်ခါသွားသည့် ပေါက်ကွဲမှု တစ်ဒါဇင်သည် လေထုထဲတွင် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
သို့သော်လည်း ထိုဖောက်ခွဲမှုသည် အင်ပါယာ ဥပဒေခြောက်မျိုးဖြင့် ဖွဲ့စည်းထားသော ခြောက်ရောင်ခြယ် အတားအဆီးကို မထိုးဖောက်နိုင်ခဲ့ပေ။
ဤမြင်ကွင်းကိုမြင်လျှင် အောက်ဘက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုရှိ အင်အားကြီးမားသော ကျင့်ကြံသူ အများအပြားသည် ထိတ်လန့်သွားခဲ့ကြသည်။
သူတို့က အနည်းငယ်မျှပင် တွေဝေမနေခဲ့ဘဲ ကျန်းချန်၏ ရှေ့တွင် အလျင်အမြန် ဒူးထောက်ကာ အသနားခံလိုက်ကြသည်။
ထိုအချိန်မှာပင် စန်းယွမ်လုံသည် ကျင့်ကြံသူ(၁၀၀၀)နှင့် အတူ ရောက်ရှိလာခဲ့သည်။
သူတို့က သွေးမြစ်နယ်မြေ၏ မြို့တော် အခြေအနေကို မြင်လျှင် တအံ့တဩဖြစ်ကာ မှင်တက်သွားခဲ့ကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သွေးမြစ်နယ်မြေ၏ မြို့တော်ကနေ နယ်စပ်ဂိတ်သို့ သံတမန်များ စေလွှတ်ခဲ့သည်။
ထိုသံတမန်များသည် ဘုရင်အသစ် တင်မြှောက်ပွဲကို တက်ရောက်ရန်အတွက် လီဝေကို ဖိတ်ကြားရန် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။
စန်းယွမ်လုံက သံတမန်များကို ဖမ်းဆီးလိုက်ကာ ထိုကိစ္စအား ကျန်းချန်ဆီသို့ သတင်းပို့ခဲ့သည်။
မူလက စန်းယွမ်လုံသည် နယ်စပ်ဂိတ်မှသတင်းကို သွေးမြစ်နယ်မြေ၏ မြို့တော်မှ ရရှိသွားမည်အား စိုးရိမ်ခဲ့သည်။
ထို့အပြင် သူသည် သွေးမြစ်နယ်မြေ၏ မြို့တော်က သိပ်မကြာခင် လာရောက် တိုက်ခိုက်နိုင်သည့်အတွက် ကျန်းချန်ကို ကြိုတင်ပြင်ဆင်စေလိုခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် သံတမန်များ၏ သတင်းကို ရရှိပြီးနောက်တွင် ဘုရင်အသစ် တင်မြှောက်ပွဲရှိသည်ကို သိနှင့်သည်နှင့် သွေးမြစ်နယ်မြေ၏ မြို့တော်သို့ တစ်ခါတည်း သွားရောက်ခဲ့သည်။
ထို့အပြင် စန်းယွမ်လုံကိုလည်း လူသားစစ်တပ် တစ်ခုကို ဖွဲ့စည်းပြီး သွေးမြစ်နယ်မြေကို သိမ်းယူဖို့ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။
မူလက စန်းယွမ်လုံသည် ကျန်းချန်၏ စကားကို သိပ်မယုံကြည်ခဲ့ပေ။
သို့သော်လည်း သွေးမြစ်နယ်မြေ၏ မြို့တော်သို့ ရောက်ရှိလာပြီးနောက်တွင် သူ့ရှေ့မှမြင်ကွင်းများကို မြင်လိုက်ရသောအခါ၌ ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားခဲ့သည်။
သိထားရမည့်အချက်မှာ ကျန်းချန်၏ ညွှန်ကြားချက်အောက်တွင် သွေးမြစ်နယ်မြေ၏ မြို့တော်ရှိရာသို့ သူက အရင်ဦးစွာ ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သောနာရီဝက်က သူတို့ စစ်တပ်သည် သွေးမြစ်နယ်မြေနှင့်မိုင်ထောင်ချီ အကွာအဝေးသို့ ရောက်ရှိခဲ့သည်။
ထိုအချိန်မှာပင် ကျန်းချန်သည် သူတို့ကို ဖြတ်ကျော်၍ ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြသည်။
ဆိုရလျှင် နာရီဝက်ထက်ပင် နည်းပါးသော အချိန်မှာပင် ကျန်းချန်သည် သွေးမြစ်နယ်မြေမှ အင်ပါယာအဆင့် ပုဂ္ဂိုလ်များကို သတ်ဖြတ်ခဲ့ပြီး သွေးမြစ်နယ်မြေကို ဖျက်ဆီးနိုင်ခဲ့ကာ သွေးမြစ်နယ်မြေ တစ်ခုလုံးကို သူ၏ ခြေထောက်အောက်သို့ ရောက်ရှိစေခဲ့သည်။
ဤကဲ့သို့သော စွမ်းဆောင်ရည်သည် မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။
သူတို့က သွေးစွန့်ပစ်နယ်မြေကနေ ထွက်လာပြီး မကြာမီမှာပင် ကျန်းချန်သည် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုထဲမှ နယ်မြေတစ်ခုကို အောင်နိုင်ရန် သူတို့ကို ဦးဆောင်ခဲ့သည်။
သွေးမြစ်နယ်မြေက နယ်မြေကိုးခုထဲတွင် အားအနည်းဆုံးနယ်မြေတစ်ခုသာ ဖြစ်သော်လည်း ဤသည်ကပင် အလွန်ကြောက်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်နေခဲ့ချေပြီ။
ဆိုရလျှင် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုထဲမှ တစ်ခုကို သိမ်းပိုက်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
စန်းယွမ်လုံသည် အလွန်အမင်း စိတ်လှုပ်ရှားမှုကနေ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ထို့နောက်တွင် သူသည် ကျန်းချန်၏ အမိန့်ကို နာခံကာ နောက်လိုက် လူသားစစ်သည်များနှင့်အတူ သွေးမြစ်နယ်မြေ၏ မြို့တော်ကို အလျင်အမြန် သိမ်းယူခဲ့သည်။
စန်းယွမ်လုံက သွေးမြစ်နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားနေစဥ်မှာပင် ကျန်းချန်သည် သွေးမြစ်နယ်မြေတွင် ရှိသည့် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့သည်။
သိပ်မကြာခင်မှာပင် သွေးမြစ်နယ်မြေ ပျက်စီးသွားသောသတင်းသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကြောင့် သွေးမြစ်နယ်မြေ၏ အနီးစပ်ဆုံးတွင် ရှိသည့် လူသားမျိုးနွယ်စု ဖြစ်သော ယွင်ကျိုးအပြင် သွေးဝိညာဥ်မျိုးနွယ်စုဝင် သွေးကျတ်သီး နယ်မြေသည်လည်း တုန်လှုပ်သွားခဲ့သည်။
ယွင်ကျိုးရှိ စံအိမ်တစ်ခုတည်းတွင် သန်မာသော လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် ခန်းမ၏ အဓိက နေရာတွင် ထိုင်နေခဲ့သည်။
သူက သူ၏ရှေ့မှ လူငယ်တစ်ဦး၏ အစီအရင်ခံစာကို နားထောင်နေခဲ့၏။
ထိုသို့ နားထောင်ရင်း သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သွေးမြစ်နယ်မြေ ဆိုသည်မှာ သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုထဲမှ တစ်ခု ဖြစ်သည်။
သွေးမြစ်နယ်မြေ၏ လက်ရှိစွမ်းအားသည် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခု ထဲတွင် အားအနည်းဆုံး ဖြစ်နေသည့်တိုင် အင်ပါယာအဆင့် ကျင့်ကြံသူ သုံးဦး၊လေးဦး ရှိနေပါသေး၏။
လူသားမျိုးနွယ်စုက သွေးမြစ်နယ်မြေကို တိုက်ခိုက်ရန်အတွက် သန်မာသော ကျင့်ကြံသူများကို စေလွှတ်ခဲ့သည့်သတင်းအား သူ မကြားမိပေ။
ထို့ကြောင့် သွေးမြစ်နယ်မြေကို မည်သူက ဤကဲ့သို့ ဖျက်ဆီးပစ်လိုက်သလဲ ဆိုသည်ကို သူအမှန်တကယ် နားမလည်နိုင်ခဲ့ချေ။
အခန်း(၁၄၅၁)ပြီး၏။
အခန်း(၁၄၅၂)
"ဒီအင်အားစုရဲ့ဇာစ်မြစ်ကို မင်းသိလား"
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက လေးနက်နေခဲ့သည်။
လူသားမျိုးနွယ်စုဖြစ်သော ယွင်ကျိုး၏ ခေါင်းဆောင်ဖြစ်သူ ယွင်ယဲ့သည် အင်အားစုအသစ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို အလွန်အရေးကြီးသော ကိစ္စဟု ယူဆခဲ့သည်။
ဤအင်အားစုသည် ယခုတစ်ကြိမ်တွင် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့သော်လည်း သူတို့လူသားမျိုးနွယ်စု အတွက် ရန်သူလား မိတ်ဆွေလား ကွဲကွဲပြားပြား မသိရသေးပေ။
အကယ်၍ ဤအင်အားစုသာ ယွင်ကျိုးကို တိုက်ခိုက်လာခဲ့လျှင် ယွင်ကျိုးအတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်ရာမရှိချေ။
"ရှင်းရှင်းလင်းလင်းတော့ မသိရသေးဘူး ခေါင်းဆောင်"
ယွင်ယဲ့၏ အရှေ့မှ လူငယ်က ခေါင်းကိုခါရမ်းလိုက်ပြီး မချိပြုံးပြုံးလိုက်သည်။
"ဒီအင်အားစုကို လူသားဧကရာဇ်နန်းတော်လို့ ခေါ်တာကိုပဲ ကျွန်တော်သိတယ်.. သူတို့ဘယ်နေရာကနေ လာမှန်းတောင် မသိရဘူး.. သူတို့တွေက ကျောက်တုံးအက်ကွဲကြောင်း တစ်ခုထဲကနေ ရုတ်တရက် ထွက်ပေါ်လာသလိုပဲ"
"လူသားဧကရာဇ်နန်းတော်လား"
ထိုလူငယ်၏ စကားသံ အဆုံးသတ်သည်နှင့် လူငယ်၏ နံဘေးကနေ တအံ့တသြ ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ယွင်ယဲ့၏ အကြည့်သည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဆီသို့ လျင်မြန်စွာပင် ကျရောက်သွားခဲ့သည်။
"ဗိုလ်ချုပ်ယဲ့.. ဒီလူသားနန်းတော်ရဲ့ ဇာစ်မြစ်ကို ခင်ဗျားသိလား"
ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ရွှေရောင်ဝတ်စုံထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရွှယ်လင်ကုန်းမြေတိုက်သို့ ပြန်ရောက်လာသော ယဲ့ချန်ကျွင်း ဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိရှိနိုင်လိမ့်မည် ဖြစ်သည်။
ယဲ့ချန်ကျွင်းတို့လူစု ရွှယ်လင်ကုန်းမြေတိုက်သို့ ပြန်ရောက်လာသောအခါတွင် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ် မျိုးနွယ်စုတို့အကြား၌ ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် လူသားဧကရာဇ် ကျန်းဝူရနှင့် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးအင်ပါယာတို့သည် ၎င်းတို့၏ ကန့်သတ်ချက်များကို ဖောက်ဖျက်ကာ နတ်တစ်ပိုင်း အဆင့်အထက်ရှိ ပကတိ နတ်ဘုရားအဆင့်သို့ ထိုးဖောက်သွားခဲ့ပြီး ပကတိနတ်ဘုရားများ ဖြစ်လာကြသည်။
ပကတိနတ်ဘုရား ဖြစ်လာပြီးနောက်တွင် ၎င်းတို့သည် အောက်နယ်မြေတွင် နေထိုင်နိုင်ခြင်း မရှိတော့ဘဲ နတ်ဘုရားနယ်မြေသို့ တက်လှမ်းသွားခဲ့ကြ၏။
ယဲ့ချန်ကျွင်းတို့လူစု ရွှယ်လင်ကုန်းမြေတိုက်သို့ ပြန်ရောက်လာသောအခါတွင် ကျန်းမျိုးနွယ်စုမှ တပည့်များသည် လူသားဧကရာဇ်၏ ရာဇပလ္လင်အတွက် တိုက်ခိုက်နေကြသည်ကို ကြားသိခဲ့ကြသည်။
ထိုအချိန်တွင် သူတို့သည် ရှန်းဝူကုန်းမြေတိုက်မှ ကျန်းချန်၏ အကြောင်းကို သဘာဝကျစွာပင် တွေးမိခဲ့ကြသည်။
လူသားဧကရာဇ်၏ သားတော်ဖြစ်သည့် ကျန်းချန်သည် လူသားဧကရာဇ်နေရာကို ဆက်ခံရန်အတွက် အလွန်ကောင်းမွန်သော ကိုယ်စားလှယ်လောင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ယဲ့ချန်ကျွင်းတို့ လူစုသည် ကျန်းချန် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရင် ရွှယ်လင်ကုန်းမြေတိုက်တွင် နေထိုင်ခဲ့ကြသည်။
သို့သော်လည်း သူတို့ဆီသို့ မုန့်ချင်းရွှယ်သာလျှင် ရောက်ရှိလာခဲ့၏။
မုန့်ချင်းရွှယ်ထံမှ ကျန်းချန်သည် တည်နေရာ ရွှေ့ပြောင်းခြင်းနေရာလွတ်လိုဏ်ခေါင်းတွင် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ယခုအခါတွင် မည်သည့်နေရာသို့ပင် ရောက်ရှိသည်ကို မသိရှိရကြောင်း သိရှိရပြီးနောက်တွင် ယဲ့ထျန်းကျီသည် လူသားမျိုးနွယ်စုမှ လူအများအပြားကို ခေါ်ဆောင်ကာ ကျန်းချန် ရှိနိုင်မည့် နေရာများကို ရှာဖွေခဲ့သည်။
ယဲ့ချန်ကျွင်းကိုမူ ယဲ့ထျန်းကျီသည် ယွင်ကျိုးတွင်သာ နေရစ်စေခဲ့သည်။
"ခေါင်းဆောင်ယွင်ယဲ့...ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြောခဲ့တဲ့ လူသားဧကရာဇ်ရဲ့ သားတော် ကျန်းချန်အကြောင်းကို မှတ်မိသေးလား.. သူက ရှန်းဝူကုန်းမြေတိုက်မှာ လူသားဧကရာဇ်နန်းတော်လို့ ခေါ်တဲ့ အင်အားစုတစ်စုကို တည်ထောင်ခဲ့တယ်.. ကျွန်တော်ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သွေးမြစ်နယ်မြေကို သိမ်းပိုက်ခဲ့တဲ့သူက လူသားဧကရာဇ်နန်းတော်ရဲ့ အရှင်သခင် ကျန်းချန် ဖြစ်နိုင်တယ်"
ဤအချိန်တွင် ယဲ့ချန်ကျွင်း၏ အမူအရာသည် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ယဲ့ချန်ကျွင်း၏ စကားကိုကြားလျှင် ယွင်ယဲ့သည် ထိုင်ခုံကနေ စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး တအံ့တသြ မေးလိုက်သည်။
"ဗိုလ်ချုပ်ယဲ့ ဒါတကယ်ပဲလား"
"သေချာပါတယ် ရွှယ်လင် ကုန်းမြေတိုက်မှာ လူသားဧကရာဇ်နန်းတော်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သွေးမြစ်နယ်မြေကို လျှပ်စီးလျှပ်သလို အလျင်အမြန်ဖျက်ဆီးနိုင်ခဲ့တယ်.. ဒီလိုစွမ်းဆောင်ရည်မျိုးကို အရှင်မင်းသား ကျန်းချန်ကလွဲပြီး ဘယ်သူမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး"
ယဲ့ချန်ကျွင်းက ယုံကြည်မှုအပြည့် ရှိသော အမူအရာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ ဗိုလ်ချုပ်ယဲ့.. မင်း သွေးမြစ်နယ်မြေကို အခုချက်ချင်းသွားလိုက်ပါ.. သူက အရှင်မင်းသား ကျန်းချန် ဆိုတာ သေချာရင် သူ့ကို အင်ပါယာမြို့တော်ဆီ ချက်ချင်းပြန်လာပြီး လူသားဧကရာဇ်ရဲ့ ရာဇပလ္လင်အတွက် တိုက်ပွဲဝင်ဖို့ တိုက်တွန်းပါ"
ယွင်ယဲ့၏ မျက်လုံးများက တောက်ပသွားခဲ့ပြီး ယဲ့ချန်ကျွင်းကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
ယခုအခါတွင် လူသားမျိုးနွယ်စု၌ ခေါင်းဆောင်မရှိပေ။
လူသားဧကရာဇ် ကျန်းဝူရ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးအနေဖြင့် ယွင်ယဲ့သည် ကျန်းဝူရက သွေးသားတစ်ယောက် ချန်ရစ်ခဲ့သည်ကို သိရှိရသောအခါတွင် လူသားဧကရာဇ်၏ သားတော်ကိုသာ လူသားဧကရာဇ်နေရာ ဆက်ခံရန် သဘာဝကျစွာပင် မျှော်လင့်ခဲ့သည်။
"အမိန့်အတိုင်းပါ"
ယဲ့ချန်ကျွင်းက ပြန်ဖြေလိုက်ပြီးနောက်တွင် ခန်းမထဲကနေ လျင်မြန်စွာပင် ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးကျတ်တီးနယ်မြေတွင် သွေးဘုရင် ဟွမ်ဝူကျီသည် သွေးမြစ်နယ်မြေဖျက်ဆီးခံရသည့် သတင်းကို ရရှိခဲ့သည်။
ထိုအခါ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. လူသားမျိုးနွယ်စုက ဒီလိုအချိန်မှာ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ"
လွန်ခဲ့သော လအနည်းငယ်ခန့်က တိုက်ပွဲတွင် လူသားမျိုးနွယ်စု၏ လူသားဧကရာဇ်နှင့် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးအင်ပါယာတို့သည် အဆင့်တက်သွားကြသဖြင့် ရွှယ်လင်ကုန်းမြေတိုက်ကနေ ထွက်ခွာသွားခဲ့ကြရသည်။
ယခုအခါတွင် လူသားမျိုးနွယ်စုသည် သူတို့ သွေးဝိညာဥ်မျိုးနွယ်စုကဲ့သို့ပင် ရာဇပလ္လင်ကို ဆက်ခံမည့်သူအား ရွေးချယ်နေခဲ့သည်။
ထို့ကြောင့် ဤကဲ့သို့ အချိန်တွင် လူသားမျိုးနွယ်စုက ရုတ်တရက် သွေးမြစ်နယ်မြေကို တိုက်ခိုက်လိမ့်မည်ဟု ဟွမ်ဝူကျီ မယုံကြည်နိုင်ခဲ့ပေ။
"ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရ ဆိုရင်တော့ သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့တာ လူသားမျိုးနွယ်စု မဟုတ်ဘူး သူတို့က လူသားဧကရာဇ် နန်းတော်လို့ခေါ်တဲ့ နက်ရှိုင်းတဲ့ အင်အားစုတစ်ခုပဲ"
အကြီးအကဲတစ်ဦးက ဟွမ်ဝူကျီကို တင်ပြလိုက်သည်။
"လူသားဧကရာဇ်နန်းတော်.. ဟုတ်လား"
ဟွမ်ဝူကျီက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။
"ဒီလူသားဧကရာဇ်နန်းတော်က ဘယ်အချိန်က ပေါ်လာတာလဲ"
"လူသားဧကရာဇ်နန်းတော်က အရမ်းလျှို့ဝှက်တယ်.. အခုအချိန်ထိ လူသားဧကရာဇ်နန်းတော်နဲ့ ပတ်သက်တဲ့သတင်း အချက်အလက်တွေ ကျွန်တော်တို့ဆီမှာ သိပ်မရှိသေးဘူး.. သူတို့က ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ကောင်းကင်စစ်သည်တွေလိုပဲ သွေးမြစ်နယ်မြေကို ရုတ်တရက် ဝင်ရောက်လာပြီး အချိန်တိုအတွင်း သိမ်းပိုက်သွားခဲ့တယ်လို့ သိရှိရတယ်.. ဒါပေမဲ့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်အရတော့ သူတို့က သွေးစွန့်ပစ်နယ်မြေကနေ လာတာဖြစ်နိုင်တယ်"
"သွေးစွန့်ပစ်နယ်မြေကလား"
ဟွမ်ဝူကျီက အကြီးအကဲ၏ စကားကိုကြားလျှင် ပို၍ပင် မျက်မှောင်ကြုတ်သွားခဲ့သည်။
လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ် မျိုးနွယ်စုသည် ထိုနေရာတွင် အင်အားစုများ တည်ထောင်ထားသော်လည်း ၎င်းတို့သည် အလွန်အမင်း အင်အားကြီးမားသည်တော့ မဟုတ်ပေ။
သို့ဖြစ်ရာ သွေးမြစ်နယ်မြေကို မည်ကဲ့သို့ ဖျက်ဆီးနိုင်ပါမည်နည်း။
"သခင် အခု သွေးမြစ်နယ်မြေက ပျက်စီးသွားခဲ့ပြီ.. ကျွန်တော်တို့ သွေးကျတ်တီး နယ်မြေလည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်တယ် ထင်တယ်"
ဟွမ်ဝူကျီ အတွေးနက်နေသောအချိန်မှာပင် အကြီးအကဲ၏ အသံသည် သူ၏ နားထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။
ဟွမ်ဝူကျီက ချက်ချင်းပင် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"နယ်စပ်ကာကွယ်ရေးကို အင်အားဖြည့်တင်းပြီး လူသားဧကရာဇ်နန်းတော်ရဲ့ အခြေအနေကို လူလွှတ် စုံစမ်းခိုင်းလိုက်ပါ.. လောလောဆယ်တော့ အခြေအနေ စောင့်ကြည့်တာ အကောင်းဆုံးပဲ"
သွေးမြစ်နယ်မြေသည် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုအနက်တွင် အားအနည်းဆုံး ဖြစ်သော်လည်း မြို့တော်တွင် အင်ပါယာအဆင့် ကျင့်ကြံသူများ ကျန်ရှိနေသေးသည့် အပြင် နတ်တစ်ပိုင်းအဆင့် ဘိုးဘေးများ ချန်ရစ်ခဲ့သော ဝှက်ဖဲများလည်း ရှိပေသည်။
ယခုအခါတွင် လူသားဧကရာဇ် နန်းတော်သည် သွေးမြစ်နယ်မြေကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သည်။
ထို့ကြောင့် လူသားဧကရာဇ်နန်းတော်၏ စွမ်းအားကို သူတို့အနေဖြင့် အထင်မသေးသင့်ပေ။
ရှင်းလင်းစွာဆိုရလျှင် သွေးဝိညာဥ်မျိုးနွယ်စု၏ အင်ပါယာအသစ် အတွက် တိုက်ပွဲသည် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဟွမ်ဝူကျီသည် ဤအချိန်တွင် လူသားဧကရာဇ်နန်းတော် အကြောင်းကို စဥ်းစားနေမည်မဟုတ်ပေ။
ကျန်းချန်က သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့သောကြောင့် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုတို့ အံ့သြတုန်လှုပ်နေသောအချိန်တွင် ကျန်းချန်သည် သွေးမြစ်နယ်မြေ၏ မြို့တော်တွင် အနားယူနေခဲ့သည်။
ဤတစ်ကြိမ် သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့ပြီးနောက်တွင် သူသည် သွေးဝိညာဥ် သွေးမျိုးနွယ်စု၏ တန်ပြန်တိုက်ခိုက်လာမှုကို ရင်ဆိုင်ရဖွယ် ရှိသည်။
ထိုကြောင့် သူ၏စွမ်းအားကို မြှင့်တင်ခြင်းဖြင့်သာ နောက်ထပ်ရောက်ရှိလာမည့် အခြေအနေများကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါလား။
ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်ရာ လဝက်ခန့် အချိန်ယူလိုက်သည်နှင့် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်သို့ တစ်ကြိမ်တည်းဖြင့် ထိုးဖောက်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော်လည်း အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်သို့ တစ်ကြိမ်တည်းဖြင့် ထိုးဖောက်မည့် ကျန်းချန်၏အစီအစဥ်သည် အဆုံးသတ်တွင် မအောင်မြင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူစတင်ကျင့်ကြံပြီး ငါးရက်မြောက်နေ့မှာပင် စန်းယွမ်လုံသည် သူ့ကို အလျင်အမြန် လာရောက်ရှာဖွေခဲ့သောကြောင့်ပင်။
"နန်းတော်သခင် လူသားမျိုးနွယ်စုရဲ့ ယဲ့ချန်ကျွင်းလို့ ခေါ်တဲ့ သံတမန်တစ်ဦးက လူသားဧကရာဇ် နန်းတော်ကို ရောက်လာပြီး နန်းတော်သခင်နဲ့ ဆွေးနွေးစရာ အရေးပေါ်ကိစ္စ ရှိတယ်လို့ ပြောနေတယ်"
စန်းယွမ်လုံက အခန်း အပြင်ဘက်ကနေ ကျန်းချန်ကို ချက်ချင်းပင် အစီအရင်ခံလိုက်သည်။
"ယဲ့ချန်ကျွင်းလား"
စန်းယွမ်လုံ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးထဲ၌ အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက လူသားဧကရာဇ် နန်းတော်ကို တည်ထောင်ခဲ့ပြီး သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် ယဲ့ချန်ကျွင်းနှင့် တခြားသူများက သူ၏ ဝိသေသ လက္ခဏာကို ခန့်မှန်းနိုင်ခြင်းသည် အံ့သြစရာမဟုတ်သော်လည်း ဤမျှအထိ လျင်မြန်စွာ သူ့ဆီသို့ ရောက်ရှိလာမည်ဟု သူ မထင်ထားခဲ့ပေ။
ရင်းနှီးသော မိတ်ဆွေဟောင်းက လာရောက်တွေ့ဆုံသောကြောင့် ကျန်းချန်သည် သဘာဝကျစွာပင် တွေ့ဆုံချင်ခဲ့သည်။
သူက တုံ့ဆိုင်းမနေဘဲ ခန်းမထဲကနေ ချက်ချင်းဆိုသလို ထွက်လာခဲ့သည်။
အခန်း(၁၄၅၂)ပြီး၏။