← Chapters

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း(၁၄၅၃)

ကျန်းချန်က ခန်းမထဲကို လျှောက်ဝင်လာခဲ့ရာ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုပုံရိပ်သည် သူ့ထက်အရင် ရွှယ်လင်ကုန်းမြေတိုက်ကို ရောက်ရှိလာခဲ့သော ယဲ့ချန်ကျွင်းပင် ဖြစ်သည်။

"အရှင်မင်းသားကျန်းချန်.. နောက်ဆုံးတော့ အရှင်မင်းသားနဲ့ တွေ့ခွင့်ရပြီ"

သူ၏မျက်စိရှေ့တွင် ပေါ်လာသော ကျန်းချန်ကိုကြည့်ကာ ယဲ့ချန်ကျွင်း၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ရှိနေခဲ့သည်။

ကျန်းချန်က ပြုံး၍ ပြောလိုက်၏။

"ယဲ့ချန်ကျွင်း မင်းနဲ့ဒီလေက်အထိ မြန်မြန် ပြန်တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"အရှင်မင်းသားကျန်းချန်.. ကျွန်တော်တို့ ရွှယ်လင်ကုန်းမြေတိုက်ကို ပြန်ရောက်စဥ်ကတည်းက အရှင်မင်းသားကို စောင့်နေခဲ့တာပါ.. လူသားဧကရာဇ်နန်းတော်က သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့တဲ့ သတင်းကိုကြားတော့ အရှင်မင်းသားပဲ ဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းမိခဲ့တယ်.. ဒါကြောင့် မစောင့်နိုင်တော့ဘဲ အရှင်မင်းသားဆီ အမြန်ပြေးလာခဲ့တာပါ.. အရှင်မင်းသား ကျေးဇူးပြုပြီး လူသားမျိုးနွယ်စုဆီ အမြန်ဆုံးပြန်လာပြီး လူသားဧကရာဇ်ရဲ့ အရိုက်အရာ ဆက်ခံဖို့ တိုက်ပွဲဝင်ပေးပါ"

ယဲ့ချန်ကျွင်းက အပိုစကားများ မပြောတော့ဘဲ လေးနက်သောအမူအရာဖြင့် ကျန်းချန်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

"လူသားဧကရာဇ်ရဲ့အရိုက်အရာကို ဆက်ခံဖို့ တိုက်ပွဲဝင်ရမယ်.. ဟုတ်လား"

ယဲ့ချန်ကျွင်း၏စကားကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ချန်ကျွင်း မင်းစကားက ဘာကိုဆိုလိုတာလဲ.. ငါ့ရဲ့အဖေက ဘာဖြစ်သွားလို့လဲ"

လူသားမျိုးနွယ်စုတွင် လူသားဧကရာဇ်ဖြစ်သည့် သူ၏အဖေကျန်းဝူရ တစ်ယောက်လုံးရှိနေခဲ့ရာ ဘုရင်အသစ် တစ်ပါးကို အဘယ်ကြောင့် တင်မြှောက်နေရပါသနည်း။

သူ၏အဖေထံတွင် မတော်တဆမှု တစ်ခုခုများ ဖြစ်ခဲ့ပါသလော။

"လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က လူသားဧကရာဇ်နဲ့ သွေးအင်ပါယာတို့ တိုက်ခိုက်ခဲ့ကြတယ်.. အဲဒီတိုက်ပွဲအတွင်းမှာ နှစ်ဦးစလုံးက ပကတိနတ်ဘုရားအဆင့်ကို တက်လှမ်းသွားကြတဲ့အတွက် အောက်နယ်မြေမှာ နေလို့မရတော့ဘဲ နတ်ဘုရားနယ်မြေကို တိုက်ရိုက် တက်လှမ်းသွားခဲ့ကြပြီ"

ယဲ့ချန်ကျွင်းက ကျန်းချန်ကို ခပ်သွက်သွက် ရှင်းပြလိုက်သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုတို့ အကြားတွင် အဆုံးအဖြတ် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

"သွေးအင်ပါယာက လူသားဧကရာဇ် ကျန်းဝူရနဲ့ လူသားမျိုးနွယ်စုကို အမြစ်ဖြတ်သုတ်သင်ပြီး ရွှယ်လင်ကုန်းမြေတိုက်ကိုစိုးမိုးဖို့ ကြံရွယ်ခဲ့တယ်.. ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်ကြတဲ့အခါ နှစ်ယောက်စလုံးက ပကတိ နတ်ဘုရားအဆင့်ကို ထိုးဖောက်သွားခဲ့ကြပြီး နတ်ဘုရားနယ်မြေကို တက်လှမ်းသွားခဲ့ကြတယ်.. လူသားမျိုးနွယ်စုနဲ့ သွေးဝိညာဥ်မျိုးနွယ်စုက လက်ရှိအချိန်မှာ ခေါင်းဆောင် မရှိကြတဲ့အတွက် ဆက်ခံသူအသစ်ကို ရှာဖွေနေခဲ့ကြတယ်"

ယဲ့ချန်ကျွင်းနှင့် အခြားသူများသည် ကျန်းချန်၏ ဇစ်မြစ်ကို သိရှိကြသောကြောင့် ရာဇပလ္လင်ကို ကျန်းချန် ဆက်ခံခွင့်ရရှိရန် သဘာဝကျစွာပင် မျှော်လင့်ခဲ့ကြသည်။

ထို့ကြောင့် ယဲ့ချန်ကျွင်းနှင့် အခြားသူများသည် ကျန်းချန်ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

အကယ်၍ ရွှယ်လင်ကုန်းမြေတိုက်သို့ ရောက်ရှိလာသောမုန့်ချင်းရွှယ်နှင့်သာ မတွေ့ဆုံခဲ့လျှင် ကျန်းချန်ကို ရှာဖွေရန် အတွက် ယဲ့ချန်ကျွင်းသည် တစ်စုံတစ်ယောက်ကို ရှန်းဝူကုန်းမြေတိုက်သို့ စေလွှတ်ခဲ့မည် ဖြစ်သည်။

ယဲ့ချန်ကျွင်း၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည်လည်း အံ့အားသင့်သွားခဲ့သည်။

သူက ဤတစ်ကြိမ် ရွှယ်လင်ကုန်းမြေတိုက်သို့‌ ရောက်ရှိလာသောအခါတွင် အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေသော သူ၏အဖေကို တွေ့ဆုံနိုင်လိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။

သူ၏ အဖေသည် နတ်ဘုရားနယ်မြေသို့ အရင်ဦးဆုံး တက်လှမ်းသွားလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

"အရှင်မင်းသား အခုအချိန်မှာ လူသားမျိုးနွယ်စုရဲ့ ကိုယ်စားလှယ်လောင်း အချို့က လူသားဧကရာဇ်ရဲ့ ရာထူးကို ဆက်ခံဖို့အတွက် အချင်းများနေကြတယ်.. ဒါကြောင့် လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ အတွင်းပိုင်း အခြေအနေကလည်း အတော်လေး ရှုပ်ထွေးနေတယ်.. အရှင်မင်းသားက လူသားဧကရာဇ်ရဲ့ သား‌တော်ဖြစ်တဲ့အတွက် အရှင်မင်းသားသာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ်ဆိုရင် အားကောင်းတဲ့ ပံ့ပိုးမှုကို ရရှိမှာ အသေအချာပဲ.. အရှင်မင်းသားက လူသားဧကရာဇ်ရဲ့ နေရာကို ဆက်ခံပြီး လူသားမျိုးနွယ်စုရဲ့အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်.. အရှင်မင်းသား ဆုံးဖြတ်ပြီးရင် ကျွန်တော်နဲ့အတူ လူသားမျိုးနွယ်စုရဲ့ အင်ပါယာမြို့တော်ကို ချက်ချင်းပြန်ကြရအောင်"

ယဲ့ချန်ကျွင်းက လူသားမျိုးနွယ်စု၏ အခြေအနေကို မိတ်ဆက်ပေးပြီးနောက်တွင် သူ၏ဆန္ဒကိုပါ တစ်ပါတည်းထုတ်ပြောလိုက်သည်။

ကျန်းချန်က အနည်းငယ် တွေးတောလိုက်၏။

"ငါ ဒီက ထွက်သွားရင် သွေးဝိညာဥ်မျိုးနွယ်စုက သွေးမြစ်နယ်မြေကို တိုက်ခိုက်ဖို့ အခွင့်အရေးယူမှာ စိုးရိမ်မိတယ်"

သူ၏အဖေက နတ်ဘုရားနယ်မြေကို တက်လှမ်းသွားပြီဖြစ်သောကြောင့် ကျန်းချန်သည် လူသားဧကရာဇ် ရာထူးအတွက် တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။

သူ၏ နောက်ထပ်ရည်ရွယ်ချက်မှာ ရွှယ်လင်ကုန်းမြေတိုက်တွင် သွေးဝိညာဥ်မျိုးနွယ်စုကို နှိမ်နင်းရန် ဖြစ်သည်။

သူသာ လူသားဧကရာဇ် ဖြစ်လာခဲ့လျှင် သွေးဝိညာဥ်မျိုးနွယ်စုကို နှိမ်နင်းရာတွင် သံသယဖြစ်ဖွယ်ရာမရှိ ပိုမိုလွယ်ကူသွားလိမ့်မည်မဟုတ်ပါလော။

ယဲ့ချန်ကျွင်းက ကျန်းချန်၏ စကားကိုကြားလျှင် ပြုံး၍ ပြောလိုက်သည်။

"အရှင်မင်းသား စိတ်မပူပါနဲ့.. သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အခြေအနေကလည်း လူသားမျိုးနွယ်စုနဲ့ အတူတူပါပဲ.. သွေးအင်ပါယာ ရာထူးအတွက် သူတို့ရဲ့တိုက်ပွဲက လူသားမျိုးနွယ်စုထက်တောင် ပိုပြီး ပြင်းထန်ပါတယ်.. ဘုရင်အသစ် ဆက်ခံခြင်း မပြုမီအထိ သွေးဝိညာဥ်မျိုးနွယ်စုက မဆင်မခြင် လုပ်ဆောင်လိမ့်မှာမဟုတ်ဘူး"

"ဒါဆိုရင် ငါတို့တွေ လူသားမျိုးနွယ်စုရဲ့ အင်ပါယာမြို့တော်ဆီ ချက်ချင်းသွားကြစို့"

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် စန်းယွမ်လုံကို ခေါ်လိုက်ပြီး မှာကြားစရာ ရှိသည်များကို မှာကြားကာ ယဲ့ချန်ကျွင်းနှင့် အတူ သွေးမြစ်နယ်မြေမှ ထွက်ခွာ၍ မြောက်ဘက်အရပ်ဆီသို့ ဦးတည်သွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် ယဲ့ချန်ကျွင်းနှင့် အတူ ယွင်ကျိုးစီရင်စုသို့ ရောက်ရှိလာခဲ့ပြီး ယွင်ကျိုး၏ ခေါင်း‌ဆောင် ယွင်ယွဲ့နှင့် တွေ့ဆုံခဲ့သည်။

"ယွင်ကျိုးရဲ့ခေါင်းဆောင် ယွင်ယွဲ့က အရှင်မင်းသား ကျန်းချန် ပြန်ရောက်လာတဲ့ အတွက် ဂါဝရပြုပါတယ်"

ယွင်ယွဲက ကျန်းချန်ကို တလေးတစားပင် အရိုအသေပေးလိုက်သည်။

လူသားဧကရာဇ် ကျန်းဝူရ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးအနေဖြင့် ယွင်ယွဲ့သည် လူသားဧကရာဇ်၏ သားတော် ဖြစ်သော ကျန်းချန်ကို အလွန်အမင်း လေးစားသည်မှာ သဘာဝကျပေသည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ခေါင်းဆောင်ယွင်ယွဲ့ ကျွန်တော့်ကို အဲဒီလောက်ထိ ယဥ်ကျေးနေဖို့ မလိုပါဘူး.. အနာဂတ်မှာ ခေါင်းဆောင်ယွင်ယွဲ့က ကျွန်တော့်ကို ပံ့ပိုးပေးဖို့ မျှော်လင့်ပါတယ်"

ထိုစကားကိုကြားလျှင် ယွင်ယွဲ့သည် ဆုံးဖြတ်ချက် ခိုင်မာသောအမူအရာဖြင့် ပြောလိုက်သည်။

"အရှင်မင်းသား စိတ်ချပါ.. အရှင်မင်းသား အရိုက်အရာကို ဆက်ခံနိုင်ဖို့အတွက် ကျွန်တော်အစွမ်းကုန် ကူညီပေးပါ့မယ်"

အင်ပါယာမြို့တော်ရှိ အခြေအနေသည် လျင်မြန်စွာပြောင်းလဲနေသောကြောင့် ကျန်းချန်နှင့် အခြားသူများသည် ယွင်ကျိုးတွင် အချိန်အကြာကြီး မနေခဲ့ကြပေ။

ဤသို့ဖြင့် ယွင်ယွဲ့သည် ကျန်းချန်နှင့်အတူ အင်ပါယာမြို့တော်ဆီသို့ စတင် ခရီးဆက်ခဲ့သည်။

လူသားမျိုးနွယ်စု၏ အင်ပါယာမြို့တော်သည် ရွှယ်လင်ကုန်းမြေတိုက်၏ မြောက်ဘက်ခြမ်းရှိ အလယ်ပိုင်းဒေသတွင် တည်ရှိသည်။

ဤနေရာတွင် ကောင်းကင်နှင့်မြေကြီး၏ ခမ်းနားထည်ဝါသော စွမ်းအားများရှိပြီး ကြီးမားသော ဝိညာဥ် သွေးကြောများလည်းရှိသည်။

ထိုဝိညာဥ်သွေးကြောများက ဤနေရာရှိ မြေဆီလွှာကို အားဖြည့်ပေးထားသောကြောင့် အင်ပါယာမြို့တော် တည်ရှိရာ ဒေသတစ်ခုလုံးသည် လေထဲတွင် တည်ရှိနေခဲ့သည်။

လဝက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်တို့သုံးဦးသည် အင်ပါယာမြို့‌တော် တည်ရှိရာနေရာသို့ အဆုံးသတ်၌ ရောက်ရှိလာခဲ့ကြသည်။

အဝေးကနေ လှမ်းကြည့်လိုက်သောအခါ ဖော်မပြနိုင်အောင် ခမ်းနားထည်ဝါသော ဧရာမ မြို့တော်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက်ပင် ပေါ်လာခဲ့သည်။

အင်ပါယာမြို့တော်၏ ခမ်းနားထည်ဝါမှုသည် ကျန်းချန်စိတ်ကူးထားသည်ကိုပင် လုံးဝ ကျော်လွန်နေခဲ့၏။

ဆိုရလျှင် လူသားမျိုးနွယ်စု၏ အင်ပါယာမြို့တော်သည် ကျန်းချန် မြင်တွေ့ခဲ့ဖူးသည့် မည်သည့် မြို့တော်ထက်မဆို အဆများစွာ သာလွန်၏။

သူ၏ရှေ့ရှိ အင်ပါယာမြို့တော်သည် မှင်ကဲ့သို့ အနက်ရောင်ရှိပြီး အင်မော်တယ် အစီအရင်ဖြင့် လွှမ်းခြုံထားသည်။

အင်ပါယာမြို့‌တော် တစ်ခုလုံးသည် ရှေးခေတ်ကာလမှ နတ်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေခဲ့၏။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ဤလူသားဧကရာဇ်မြို့တော်၏‌ ရှေ့သို့ရောက်သောအခါ သူ့ကိုယ်သူ သိမ်ငယ်သွားသလို ခံစားမိခဲ့သည်။

"ဒါက လူသားမျိုးနွယ်စုရဲ့အင်ပါယာမြို့တော်လား တကယ်ကို ခမ်းနားလွန်းတာပဲ"

ကျန်းချန်က သူ၏ ရှေ့တွင် ရှိသော အင်ပါယာမြို့တော်ကို ကြည့်ကာ မှင်တက်နေခဲ့ပြီး အချိန်အတော်အကြာမှ ပြန်လည်သတိဝင်လာခဲ့သည်။

"ကျွန်တော်တို့ လူသားမျိုးနွယ်စုရဲ့ အင်ပါယာမြို့တော်က နတ်ဘုရားနယ်မြေမှာရှိတဲ့ မြို့တော်တစ်ခုခုရဲ့ အစိတ်အပိုင်းဖြစ်ပြီး အင်အားကြီးမားတဲ့ ကျင့်ကြံသူ တစ်ယောက် လက်ချက်နဲ့ အဲဒီ အစိတ်အပိုင်းက ရွှယ်လင်ကုန်းမြေတိုက်ဆီကို ကျရောက်လာခဲ့တယ်လို့ သိရတယ်.. ရွှယ်လင်ကုန်းမြေတိုက်မှာရှိတဲ့ လူသားမျိုးနွယ်စုရဲ့ ဘိုးဘေးတွေက ဒီနတ်ဘုရားမြို့တော်ရဲ့ အစိတ်အပိုင်းကို အုတ်မြစ်အဖြစ် အသုံးပြုပြီး လူသားမျိုးနွယ်စုရဲ့ အင်ပါယာမြို့တော်ကို တည်ဆောက်ခဲ့ကြတယ်"

ဤအချိန်တွင် ကျန်းချန်၏ နံဘေးတွင်ရှိသည့် ယွင်ယွဲ့က ပြုံး၍ ရှင်းပြလိုက်သည်။

ဤကဲ့သို့ ဒဏ္ဍာရီတစ်ခုသည် အလွန်ပင် အံ့သြစရာကောင်းသည်ဟု ဆိုရပေမည်။

သို့သော်လည်း အင်ပါယာမြို့တော်ကို မျက်မြင်တွေ့ရှိပြီးနောက်တွင် ကျန်းချန်နှင့် အခြားသူများသည် ဤဒဏ္ဍာရီအပေါ်တွင် သံသယမရှိတော့ပေ။

သူ၏ မျက်စိရှေ့တွင် ရှိသော အင်ပါယာမြို့တော်သည် လူသား၏ အင်အားဖြင့် ဖန်တီးနိုင်သောအရာ မဟုတ်ပေ။

နတ်ဘုရားများသာလျှင် ဤကဲ့သို့ ခမ်းနားထည်ဝါသော မြို့တော်ကို တည်ဆောက်နိုင်မည်ဟု သူတွေးမိခဲ့သည်။

ခဏမျှ စကားပြောဆိုပြီးနောက်တွင် သူတို့သုံးဦးသည် အင်ပါယာမြို့တော် တည်ရှိရာနေရာသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြသည်။

အင်ပါယာမြို့တော်၏ တံခါးသည် အလွန်ပင် ကျယ်ပြန့်ပြီး အမြင့်သည် ပေတစ်ထောင်အထိ ရှိသည်။

မြို့၏ဂိတ်တံခါးဝတွင် အလင်းစီးကြောင်းများဖြင့် လင်းလက်နေခဲ့ပြီး အင်အားကြီးမားသော လူသားစစ်သည်တော်များက စောင့်ကြပ်နေကြသည်။

ထိုလူသားစစ်သည်တော်များသည် လက်နက် အပြည့်အစုံကို တပ်ဆင်ထားကာ သတိအပြည့်ဖြင့် စောင့်ကြပ်နေခဲ့ကြသည်။

တစ်ဦးချင်းစီသည် အနည်းဆုံး နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ကြသည်။

အထူးသဖြင့် မြို့ဂိတ်တံခါးကို စောင့်ကြပ်နေသောအကြီးအကဲသည် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်နေခဲ့၏။

အခန်း(၁၄၅၃) ပြီး၏

အခန်း(၁၄၅၄)

"အင်ပါယာအဆင့်က ဂိတ်တံခါးကို စောင့်ကြပ်နေတယ်လား"

သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

ဤသည်က လူသားမျိုးနွယ်စု၏ အင်ပါယာမြို့တော်ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်ပေသည်။

မြို့တော်ထဲကို ဝင်ရောက်လာပြီးနောက်တွင် ကျန်းချန်သည် မြို့တော်က သူစိတ်ကူးထားသည်ထက်ပင် လုံးဝကျော်လွန်နေသည်ကို တွေ့လိုက်ရသည်။

ဤနေရာတွင် နန်းတော်များနှင့် စံအိမ်များစွာ ရှိနေသည့်အပြင် မြင့်မားသော အဆောက်အအုံအမျိုးမျိုးလည်း ရှိနေခဲ့သည်။

"ဗိုလ်ချုပ်ယဲ့ မင်းက အရှင်မင်းသားပြန်ရောက်လာတဲ့အကြောင်း ယဲ့မျိုးနွယ်စုကို အမြန်ဆုံးသွားပြီး အစီရင်ခံလိုက်ပါ.. ငါက အရှင်မင်းသားကို နန်းတော်ဆီ ခေါ်သွားပြီး အရှင်မင်းသားရဲ့ ဝိသေသလက္ခဏာကို အတည်သွားပြုမယ်"

မြို့တော်ထဲကို ရောက်သည်နှင့် ယွင်ယွဲ့သည် ယဲ့ချန်ကျွင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။

"ကောင်းပါပြီ"

ယဲ့ချန်ကျွင်းက ခေါင်းညိတ်လိုက်ပြီး ယဲ့မျိုးနွယ်စုရှိရာသို့ တစ်ကိုယ်တည်း ထွက်သွားခဲ့သည်။

ထို့နောက်တွင် ယွင်ယွဲ့သည် ကျန်းချန်ကို ခေါ်ကာ အင်ပါယာမြို့တော်၏ မြို့လယ်သို့ လျှောက်လာခဲ့သည်။

မြို့လယ်တွင် ကောင်းကင်ထက်၌ တည်ရှိနေပြီး နေမင်းကိုပင် ဖုံးကွယ်လောက်အောင်ကြီးမားသည့် ကောင်းကင်ဘုံနန်းတော်တစ်ခု တည်ရှိသည်။

ထိုကောင်းကင်ဘုံနန်းတော်သည် လူသားမျိုးနွယ်စု၏အမြင့်ဆုံး တော်ဝင်မိသားစုဖြစ်သော ကျန်းမျိုးနွယ်စု နေထိုင်သော နေရာလည်း ဖြစ်သည်။

ယွင်ယွဲ့က ကျန်းချန်ကို ခေါ်ကာ တိုက်ရိုက်ပင် ကောင်းကင်ပေါ်သို့ တက်သွားခဲ့ပြီး ကောင်းကင်ဘုံနန်းတော်၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

"ရပ်လိုက်စမ်း တော်ဝင်မျိုးနွယ် မဟုတ်ရင် ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မရှိဘူး"

ထိုအချိန်မှာပင် နန်းတော်တံခါးဝကို စောင့်ကြပ်နေသည့် ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်သည် ကျန်းချန်တို့ကို ကြည့်ကာ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ယွင်ယွဲ့က ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်ကို ဂါဝရပြုကာ ပြောလိုက်၏။

"ယွင်ကျိုးရဲ့ခေါင်းဆောင် ယွင်ယွဲ့က လူသားဧကရာဇ်ရဲ့သားတော်ကျန်းချန်ကို ပြန်ခေါ်လာခဲ့ပါတယ်.. ဒါကြောင့် အမြန်ဆုံး အစီအရင်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"

"လူသားဧကရာဇ်ရဲ့သားတော်လား.. ခေါင်းဆောင်ယွင် ငါက ကျန်းမျိုးနွယ်စုမှာ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့တယ်.. ဒါပေမဲ့ လူသားဧကရာဇ်မှာ ရင်သွေးရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး.. မင်းက မင်းရဲ့လူကို လူသားဧကရာဇ်ရဲ့ သားတော်အဖြစ် ဟန်ဆောင် လိမ်လည်ရဲတယ်.. မင်းရဲ့အပြစ်ကို မင်းသိလား"

ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထာသော အစောင့်တစ်ယောက်က ယွင်ယွဲ့ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

လွန်ခဲ့သော လအနည်းငယ်က လူသားဧကရာဇ်သည် အဆင့်တက်ကာ နတ်ဘုရားနယ်မြေသို့ တက်လှမ်းသွားခဲ့သည်။

ထို့ကြောင့် ကျန်းမျိုးနွယ်စုမှ လူငယ်မျိုးဆက် ကျင့်ကြံသူ သုံးဦးသည် လူသားဧကရာဇ်၏ အရိုက်အရာကို ဆက်ခံခွင့်ရရန်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

ယခုအခါတွင် တိုက်ပွဲက ပြင်းထန်လာခဲ့ပြီး သူတို့ ထောက်ခံထားသော ကိုယ်စားလှယ် တစ်ယောက်သည် အရိုက်အရာကို ဆက်ခံခွင့်ရရန် အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ယွင်ယွဲ့သည် ထူးဆန်းသောလူငယ်တစ်ယောက်ကို ကျန်းမျိုးနွယ်စုဆီ ခေါ်လာခဲ့ပြီး လူသားဧကရာဇ်၏ သားတော်ဟု မိတ်ဆက်နေခဲ့၏။

ယွင်ယွဲ့၏ အဆင့်အတန်းဖြင့် ဤကိစ္စကို မလိမ်လောက်မှန်း သူတို့ သိသော်လည်း ကျန်းချန်၏ ဝိသေသလက္ခဏာကို အသိအမှတ် မပြုချင်ကြခဲ့ပေ။

ကျန်းချန်သာ ကျန်းမျိုးနွယ်စုသို့ ပြန်ရောက်လာခဲ့လျှင် လူသားဧကရာဇ်၏ သားတော်အနေဖြင့် အပြောင်းအလဲများ မလွဲမသွေ ဖြစ်လာပေလိမ့်မည်။

သူတို့က ဤကိစ္စများ ဖြစ်လာရန်အတွက် သဘာဝကျစွာပင် ခွင့်ပြုမည်မဟုတ်ပေ။

"အရှင်မင်းသား ကျန်းချန်က ရွှယ်လင်ကုန်းမြေတိုက်မှာ မွေးဖွားခဲ့တာ မဟုတ်တဲ့အတွက် မင်းတို့တွေမသိတာ မထူးဆန်းပါဘူး.. ငါက တစ်ယောက်ယောက်ကို လူသားဧကရာဇ်ရဲ့သားတော်အဖြစ် ဟန်ဆောင်ခိုင်းမခိုင်း ဆိုတာ ကျန်းမျိုးနွယ်စုရဲ့ အကြီးအကဲတွေ သူတို့ဘာသာ ဆုံးဖြတ်ချက် ချပါလိမ့်မယ်.. မင်းတို့နှစ်ယောက် ပြဿနာ မတက်ချင်ဘူးဆိုရင် အထက်ကိုအမြန်ဆုံးအစီအရင်ခံသင့်တယ်"

ယွင်ယွဲ့က အေးစက်စက် ရေရွတ်လိုက်သည်။

"ယွင်ယွဲ့.. အကြီးအကဲတွေက မျိုးနွယ်စုရဲ့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်.. ဘာမဟုတ်တဲ့ ကိစ္စအသေးအမွှားနဲ့ ငါတို့အကြီးအကဲတွေကို လာမနှောင့်ယှက်ပါနဲ့.. မင်းက သူ့ကို လူသားဧကရာဇ်ရဲ့ သားတော်လို့ ပြောမှတော့ အထောက်အထား ပြနိုင်လား.. လူသားဧကရာဇ်ရဲ့ သားတော်အဖြစ် အထောက်အထား ပြနိုင်တယ်ဆိုရင် ငါကိုယ်တိုင် ဒူးထောက်ပြီး ကြိုဆိုလိုက်မယ်"

ရွှေ‌ရောင်ဝတ်စုံဝတ်အစောင့်က ကျန်းချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လှောင်ပြောင်ကာ ပြောလိုက်သည်။

ဤကောင်လေးက လူသားဧကရာဇ်၏ သားတော် ဖြစ်နေလျှင်ပင် အဆင့်နိမ့် ကုန်းမြေတိုက်ကနေ မွေးဖွားလာသူ တစ်ယောက်ဖြစ်ရာ သူ၏ ဝိသေသလက္ခဏာကို မည်သည့် အထောက်အထားဖြင့် သက်သေပြနိုင်ပါအံ့နည်း။

"မင်း.."

ရွှေရောင်ဝတ်စုံဝတ် အစောင့်၏ စကားကိုကြားလျှင် ယွင်ယွဲ့၏ အမူအရာသည် ရုတ်တရက် အကျည်းတန်သွားခဲ့သည်။

ဤနှစ်ယောက်သည် ကျန်းမျိုးနွယ်စုမှ တခြားကိုယ်စားလှယ်များထံတွင် ခိုလှုံထားသည်မှာ ထင်ရှားသည်။

ထို့ကြောင့် ၎င်းတို့သည် ကျန်းမျိုးနွယ်စုသို့ ကျန်းချန် ပြန်ရောက်လာမည်ကို အလိုမရှိကြပေ။

ယွင်ယွဲ့က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

သူနောက်ထပ် စကားပြောတော့မည့် အချိန်မှာပင် ကျန်းချန်၏ အသံက ထွက်ပေါ်လာခဲ့သည်။

"မင်းတို့က အထောက်အထား လိုချင်တာလား"

ကျန်းချန်၏ စကားကိုကြားလျှင် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့‌နောက်တွင် သူ၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ လင်းလက်သွားခဲ့၏။

လူသားဧကရာဇ်သည် အရှင်မင်းသားကျန်းချန်၏ ဝိသေသလက္ခဏာကို သက်သေပြနိုင်သည့် အရာတစ်ခုကို အရှင်မင်းသားထံတွင် ချန်ထားခဲ့ခြင်း ဖြစ်နိုင်ပါသလော။

ရွှေရောင်ဝတ်စုံဝတ်အစောင့်က အရေးမစိုက်သည့် အမူအရာဖြင့် ပြောလိုက်သည်။

"အမှန်ပဲ ဒီကောင်းကင်ဘုံနန်းတော်က ကျန်းမျိုးနွယ်စုရဲ့ သူ‌တော်စင်နယ်မြေ ဖြစ်တဲ့အတွက် အပြင်လူတွေ အခွင့်မရှိဘဲ ဝင်ရောက်ခွင့်မရှိဘူး.. မင်းက လူသားဧကရာဇ်ရဲ့ သားတော် ဖြစ်ကြောင်း သက်သေပြနိုင်မှပဲ အထဲကို ဝင်ရောက်ခွင့်ရှိတယ်"

"ကောင်းပြီလေ ဒါဆိုလည်း မင်းရဲ့ဆန္ဒအတိုင်း ပြရသေးတာပေ့ါ"

စကားဆုံးသည်နှင့် ကျန်းချန်က ဆန်းကြယ်သော လက်ဟန်ကို ထုတ်ဖော်လိုက်ရာ ချက်ချင်းဆိုသလိုပင် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ် တစ်ခုသည် သူ၏လက်ထဲတွင် စုစည်းသွားခဲ့သည်။

"ဒါက.."

ကျန်းချန်၏လက်ထဲမှ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကိုမြင်လျှင် ယွင်ယွဲ့နှင့် ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအချိန်မှာပင် ကျန်းချန်သည် သူ၏ လက်ကို လှုပ်ရှားလိုက်ပြီး ရွှေရောင်ဝတ်စုံဝတ် အစောင့်တစ်ယောက်ကို အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ဖြင့် ဖိနှိပ်လိုက်သည်။

"ဝုန်း.."

လေထုထဲတွင် ပေတစ်ထောင် အရွယ်အစားရှိသည့် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ကြောက်မက်ဖွယ်တောင်တန်းတစ်ခု ပြိုဆင်းလာသကဲ့သို့ ရွှေရောင်ဝတ်စုံဝတ်အစောင့်ကို ဖိချလိုက်၏။

ရွှေရောင်ဝတ်စုံဝတ် အစောင့်က ထိတ်လန့်သွားခဲ့ပြီး သူ၏ ဦးခေါင်းအထက်မှ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို ခုခံရန် သူ၏ စွမ်းအားအလုံးစုံကို လျင်မြန်စွာ စုစည်းလိုက်သည်။

သို့သော်လည်း ဤရွှေရောင်ဝတ်စုံဝတ် အစောင့်သည် အင်ပါယာတစ်ပိုင်းအဆင့်သာ ဖြစ်ရာ ကျန်းချန်၏ စည်းတံဆိပ်ကို မည်သို့မှ ခုခံနိုင်ခြင်း မရှိခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ရွှေရောင်ဝတ်စုံဝတ် အစောင့်၏ အကာအကွယ် အတားအဆီး အားလုံးကို ချေမှုန်းပစ်လိုက်သည်။

ထို့နောက်တွင် ရွှေရောင်ဝတ်စုံဝတ်အစောင့်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပေတစ်ရာအကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး သွေးတစ်ပွက်ကိုပင် အန်ထုတ်လိုက်ရသည်။

ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူပင် သူ၏စည်းတံဆိပ်ကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သူသာ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို အင်အားအကုန်အစင် အသုံးပြုလိုက်လျှင် ရွှေရောင်ဝတ်စုံဝတ်အစောင့်သည် တစ်ခါတည်း ဘဝကူးသွားပေလိမ့်မည်။

"မင်း.. မင်း.."

ရွှေရောင်ဝတ်စုံဝတ် အစောင့်က ဖြူဖျော့သောမျက်နှာဖြင့် ကျန်းချန်ကို ကြည့်နေခဲ့သည်။

သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်တစ်ခုသည် မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။

ထိုကောင်လေးက လူသားဧကရာဇ် စည်းတံဆိပ်ကိုပင် ကျွမ်းကျင်ပြီးသား ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျန်းချန်က ရွှေရောင်ဝတ်စုံဝတ် အစောင့်ကို မထီမဲ့မြင်အမူအရာဖြင့် ကြည့်လိုက်သည်။

"ဘယ်လိုလဲ င့ါရဲ့ဝိသေသလက္ခဏာကို သက်သေပြနိုင်ပြီလား"

[လူသားဧကရာဇ်က လူသားဧကရာဇ် စည်းတံဆိပ်ကို လက်ဆင့်ကမ်းပေးထားပြီး အရှင်မင်းသားက ကျင့်ကြံထားပြီးသား ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး]

ယွင်ယွဲ့၏ မျက်ဝန်းထက်တွင် အံ့သြသော အမူအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ယခု ကျန်းချန်က လူသားဧကရာဇ် စည်းတံဆိပ်ကိုပင် ကျွမ်းကျင်နေခဲ့ပြီဖြစ်ရာ လူသားဧကရာဇ်၏ အရိုက်အရာကို ဆက်ခံရန်အတွက် ပို၍ မျှော်လင့်ချက်ရှိလာခဲ့ပြီ မဟုတ်ပါလော။

သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်‌ယောက်ကို ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အရှင်မင်းသားက လူသားဧကရာဇ် စည်းတံဆိပ်နဲ့ သူ့ရဲ့အထောက်အထားကို သက်သေပြပြီးပြီ.. မင်းတို့က အရှင်မင်းသားကို တားဆီးချင်နေတုန်းပဲလား"

ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်သည် ယွင်ယွဲ့၏ စကားကိုကြားလျှင် နှုတ်ဆိတ်သွားခဲ့ကြသည်။

လူသားဧကရာဇ်စည်းတံဆိပ်သည် အထွတ်အထိပ် ကိုယ်ခံပညာ ဖြစ်ပြီး လူသားဧကရာဇ်၏ ဆက်ခံသူများသာလျှင် ကျင့်ကြံဖို့ အရည်အချင်း ပြည့်မီ၏။

ယခုကျန်းချန်က လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် ကျန်းချန်ကို မည်ကဲ့သို့ တားဆီးဝံ့တော့မည်နည်း။

"ကျန်းမျိုးနွယ်စုရဲ့ နန်းတော်မှာ ဘယ်သူရမ်းကားနေတာလဲ"

အစောင့်နှစ်ယောက်က ကျန်းချန်ကို နန်းတော်ထဲ ဝင်ခွင့်ပြုရန် ခွင့်ပြုတော့မည့် အချိန်မှာပင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ခက်ထန်သော အသွင်အပြင်ရှိသည့် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် နန်းတော်ဂိတ်တံခါး‌၏ လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။

ထိုလူကိုမြင်သည်နှင့် ရွှေရောင်ဝတ်စုံဝတ် အစောင့်တစ်ယောက်သည် အလျင်အမြန်ပင် တင်ပြလိုက်သည်။

"ယွင်ယွဲ့က လူသားဧကရာဇ်ရဲ့ သားတော်ကျန်းချန်ကို ပြန်ခေါ်လာခဲ့တယ်.. ကျေးဇူးပြုပြီး ဒီကိစ္စကို အကြီးအကဲ ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်"

အခန်း(၁၄၅၄) ပြီး၏

အခန်း(၁၄၅၅)

"လူသားဧကရာဇ်ရဲ့သားတော်ဟုတ်လား"

အစောင့်၏စကားကို ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခေါင်းဆောင်သည် အံ့အားသင့်သွားခဲ့သည်။

ယခုအခါတွင် လူသားဧကရာဇ် ကျန်းဝူရသည် နတ်ဘုရားနယ်မြေသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ရာ လူသားဧကရာဇ်၏ ရာဇပလ္လင်နှင့်ပတ်သက်၍ တိုက်ပွဲသည် အင်ပါယာမြို့တော်တွင် လှိုင်းထန်နေခဲ့သည်။

ယခုအခါ လူသားဧကရာဇ်၏ သားတော်တစ်ဦးက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ရာ အခြေအနေသည် ပို၍ပင် ပြင်းထန်လာမည်ကို သူစိုးရိမ်မိသည်။

ရွှေရောင်ဝတ်စုံဝတ် ခေါင်းဆောင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ယွင်ယွဲ့ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"ယွင်ယွဲ့.. ဒါက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး.. သူက လူသားဧကရာဇ်ရဲ့ သားတော်အစစ်အမှန် ဆိုတာ သေချာရဲ့လား"

ထိုစကားကိုကြားလျှင် ယွင်ယွဲ့က မထီမဲ့မြင် လေသံဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။

"အရှင်မင်းသားက အခုလေးတင် လူသားဧကရာဇ်စည်းတံဆိပ်ကို ထုတ်ဖော်ပြသပြီးပြီ.. ဒါက အရှင်မင်းသားရဲ့အထောက်အထားကို သက်သေပြဖို့ မလုံလောက်သေးဘူးလား"

"လူသားဧကရာဇ် စည်းတံဆိပ်လား"

ရွှေရောင်ဝတ်စုံဝတ် ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက အစောင့်နှစ်ဦး၏ အမူအရာကိုကြည့်ကာ ယွင်ယွဲ့ပြောသည့်စကားက မှန်ကန်ကြောင်းသိလိုက်သည်။

ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ကျန်းချန်ကို ချက်ချင်းပင် အရိုအသေပြုလိုက်၏။

"ကျွန်တော်ကျန်းလီက အရှင်မင်းသားရဲ့ အထောက်အထားကို မသိတဲ့အတွက် အရှင်မင်းသားကို မလေးမခန့်ပြုမူမိခဲ့ရင် အရှင်မင်းသား စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"

ကောင်းကင်ဘုံနန်းတော်၏ အစောင့်အကြီးအကဲ တစ်ဦးအနေဖြင့် ကျန်းလီသည် ကျန်းမျိုးနွယ်စုတွင် လူသိများသော အင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သို့သော်လည်း သူသည် နေရာလုတိုက်ပွဲတွင် မပါဝင်ဘဲ ကြားနေခဲ့သူ ဖြစ်သည်။

ဤကောင်လေးက လူသားဧကရာဇ်၏ သားတော် အစစ်အမှန်ဖြစ်သည့်အတွက် သူ့အနေဖြင့် ကျန်းချန်အပေါ်တွင် လေးစားမှုရှိရမည် မဟုတ်ပါလော။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ပြောလိုက်သည်။

"မသိတဲ့သူက အပြစ်မရှိပါဘူး"

"အရှင်မင်းသား ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ အကြီးအကဲတွေနဲ့ တွေ့ဖို့ ခန်းမထဲ ခေါ်သွားပေးပါမယ်"

ကျန်းလီက ကျန်းချန်တို့ နှစ်ဦးကို ပြောဆိုပြီးနောက်တွင် ကောင်းကင်ဘုံနန်းတော်ထဲသို့ ဦးစွာဝင်ရောက်သွားခဲ့သည်။

"လူသားဧကရာဇ်ရဲ့သားတော်က ကျန်းမျိုးနွယ်စုဆီ ပြန်ရောက်လာပြီ ဆိုတော့ လူသားဧကရာဇ်ရဲ့ ရာထူးအတွက် ယှဥ်ပြိုင်ကြမဲ့ ပြိုင်ပွဲမှာ အပြောင်းအလဲတွေ ရှိလာမှာ စိုးရိမ်မိတယ်"

ကျန်းချန်တို့ သုံးယောက်၏ နောက်ကျောကို ငေးကြည့်ရင်း ရွှေရောင်ဝတ်စုံဝတ် အစောင့်တစ်ယောက်က ရေရွတ်လိုက်သည်။

"ဒီကိစ္စက ငါတို့ ကိုင်တွယ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး.. အခုချက်ချင်း ဒီကိစ္စကို သခင်လေး ကျန်းကျွင်းဆီ အမြန်ဆုံး အစီအရင်ခံမှ ဖြစ်မယ်"

ရွှေရောင်ဝတ်စုံဝတ် အခြားအစောင့်တစ်ဦးက ခေါင်းခါရမ်းကာ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

---------------

ကျန်းချန်တို့ ကောင်းကင်ဘုံနန်းတော်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လူသားဧကရာဇ်၏ သားတော်က ကျန်းမျိုးနွယ်စုသို့ ပြန်ရောက်လာသော သတင်းသည် ကျန်းမျိုးနွယ်စုကြားတွင် လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။

မကြာခင်မှာပင် ကျန်းမျိုးနွယ်စု၏ အကြီးအကဲ တစ်ဒါဇင်ကျော်သည် တစ်ယောက်ပြီးတစ်ယောက် အစည်းအဝေး ခန်းမထဲသို့ ရောက်ရှိလာခဲ့ကြသည်။

ကျန်းချန်က ခန်းမထဲ ရောက်ရှိလာသော အကြီးအကဲများကို အကဲခတ်လိုက်ရာ စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။

ကျန်းမျိုးနွယ်စုသည် ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စု၏ အထွတ်အထိပ် တော်ဝင်မိသားစု ဖြစ်ရန် အမှန်တကယ် ထိုက်တန်သည်။

ကျန်းမျိုးနွယ်စုမှ အကြီးအကဲများတွင် အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်နေခဲ့ကြသည်။

ကျန်းချန်၏ ခန့်မှန်းချက်အရ ဤအကြီးအကဲအဆင့် ပုဂ္ဂိုလ်များသည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသူများ ဖြစ်ကြသည်။

ထိုအထဲတွင် အင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေသည့် အကြီးအကဲ အနည်းငယ်ပင် ပါဝင်နေကြ၏။

ဤအချိန်တွင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲအားလုံး၏ အကြည့်သည် ကျန်းချန်အပေါ်တွင် စုပြုံသွားခဲ့သည်။

"ယွင်ယွဲ့ ဒီကောင်လေးက လူသားဧကရာဇ်ရဲ့ သွေးသားလား"

ဝတ်ရုံအဖြူကို ဝတ်ဆင်ထားသည့် ကလေးမျက်နှာပေါက်နှင့်အဘိုးအိုတစ်ဦးက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းကာ ယွင်ယွဲ့ကို မေးလိုက်သည်။

ယွင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်.. အရှင်မင်းသား ကျန်းချန်က လူသားဧကရာဇ်နဲ့ ဧကရီကျီတို့ ရှန်းဝူကုန်းမြေတိုက်မှာ ရရှိခဲ့တဲ့ သွေးသားပါ"

"လူသားဧကရာဇ်က ရှန်းဝူကုန်းမြေတိုက်မှာ သူ့ရဲ့သွေးသားကို ချန်ထားခဲ့တယ်လား.. ဘာလို့ ငါတို့တွေ တစ်ခါမှ မကြားဖူးရတာလဲ"

ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းမျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးသည် ယွင်ယွဲ့၏ စကားကိုကြားလျှင် အေးစက်စက် ရေရွတ်လိုက်သည်။

"ကျန်းယန်ရှော.. လူသားဧကရာဇ်က သူ့မှာ သွေးသားအရင်းအချာ ရှိမရှိ မင်းကို လျှောက်တင်ရဦးမှာလား.. ဒါ့အပြင် ဧကရီကျီက အခုအချိန်ထိ ရွှယ်လင်ကုန်းမြေတိုက်မှာ ရှိနေဆဲပဲ.. ကျန်းချန်က လူသားဧကရာဇ်ရဲ့ သွေးသား ဟုတ်မဟုတ် ဧကရီကျီကို မေးကြည့်ရင် အဖြေမှန်ကို သိရမှာပဲ"

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲ တစ်ဦးက ကျန်းယန်ရှောကို လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲတို့.. အရှင်မင်းသား ကျန်းချန်က လူသားဧကရာဇ်စည်းတံဆိပ်ကို ကျွမ်းကျင်ပြီးသားဖြစ်လို့ သူ့ရဲ့အထောက်အထားကို သံသယရှိစရာမလိုပါဘူး.. အရှင်မင်းသားရဲ့ အထောက်အထားနဲ့ ပါရမီအရ လူသားဧကရာဇ်ရဲ့ အမွေဆက်ခံသူ ဖြစ်ဖို့အတွက် အရည်အချင်းပြည့်မီပါတယ်.. ဒါကြောင့် အကြီးအကဲတို့အနေနဲ့ အရှင်မင်းသားကို အရိုက်အရာ ဆက်ခံပွဲမှာ ပါဝင်ဖို့ အတွက် အခွင့်အရေးပေးမယ်လို့ မျှော်လင့်ပါတယ်"

ယွင်ယွဲ့က ကျန်းချန်၏ အထောက်အထားကို သံသယမဝင်စေရန် ပြောဆိုလိုက်သည့် အပြင် အရိုက်အရာဆက်ခံပွဲတွင် ပါဝင်ခွင့် ပြုရန်ပါ တောင်းဆိုလိုက်သည်။

"လူသားဧကရာဇ် စည်းတံဆိပ်က လူသားမျိုးနွယ်စုရဲ့အထွတ်အထိပ် ကိုယ်ခံပညာရပ် ဖြစ်တဲ့အပြင် နတ်လက်နက်တစ်ခုလည်း ဖြစ်တယ် ဒီလူသားဧကရာဇ် စည်းတံဆိပ်ကို လူသားဧကရာဇ်နေရာ ဆက်ခံမဲ့ ကိုယ်စားလှယ်တွေကပဲ ကျင့်ကြံဖို့ အရည်အချင်းပြည့်မီတယ်.. လူသားဧကရာဇ်က ဒီကိုယ်ခံပညာရပ်ကို တခြားသူတွေဆီ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ သင်ပေးမှာလဲ.. ငါ့အထင် အရှင်မင်းကြီးဆီမှာ လူသားဧကရာဇ် စည်းတံဆိပ်ကို အရှင်မင်းသားထံ ပေးအပ်ဖို့အတွက် အကြောင်းပြချက် ရှိမယ်ထင်တယ်.. ဒါကြောင့် အရှင်မင်းသားကို အရိုက်အရာဆက်ခံတဲ့ ပြိုင်ပွဲမှာ ပါဝင်ဖို့ ခွင့်ပြုသင့်တယ်"

"ဒီလိုပြောမယ်ဆိုရင် အရှင်မင်းသားကျန်းချန်က ရွှယ်လင်ကုန်းမြေတိုက်မှာ မွေးဖွားခဲ့တာမဟုတ်ဘူး.. လူသားဧကရာဇ်နေရာကို ဆက်ခံမဲ့သူတွေက မွေးဖွားစဥ်ကတည်းကစပြီး အကဲဖြတ်မှုတွေကို အစဥ်လိုက် ဖြတ်သန်းရတယ်.. အရှင်မင်းသားကျန်းချန်သာ ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်လာခဲ့ရင် အခြားသူတွေ အတွက် မျှတမှု ရှိတော့မှာ မဟုတ်ဘူး"

".........."

ကျန်းမျိုးနွယ်စုမှ အကြီးအကဲများစွာသည် သူတို့၏ ထင်မြင်ချက်များကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်ပြောဆိုနေခဲ့ကြပြီး ငြင်းခုံနေခဲ့ကြသည်။

"တော်စမ်း.. မင်းတို့အားလုံးက ကျန်းမျိုးနွယ်စုရဲ့ အကြီးအကဲတွေပဲ.. အစည်းအဝေးခန်းမမှာ ဒီလောက်အထိ ဆူညံနေတာ ဘယ်လောက်တောင် ယဥ်ကျေးမှု မရှိလိုက်သလဲ"

ထိုအချိန်တွင် ကလေးမျက်နှာပေါက် ရှိသည့် ဝတ်ရုံဖြူဝတ်ဆင်ထားသော အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီကိစ္စက အရေးကြီးတယ်.. ယွဲ့မျိုးနွယ်စုခေါင်းဆောင်နဲ့ ကျီမျိုးနွယ်စု ခေါင်းဆောင်ကို ချက်ချင်းခေါ်ပြီး ဆွေးနွေးရမယ်"

သို့ရာတွင် ဝတ်ရုံဖြူဝတ် အဘိုးအို၏ စကားသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမအပြင်ဘက်ကနေ အာဏာစက်ရှိသော အေးစက်စက် စကားသံတစ်သံသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"ဘာမှဆွေးနွေးနေဖို့ မလိုတော့ဘူး ကျန်းချန်က င့ါရဲ့သားအရင်းပဲ.. ဒါကြောင့် သူက အရိုက်အရာဆက်ခံပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီတယ်.. ဒီနန်းတော်မှာ ဘယ်သူက ငါ့ရဲ့သားကို လက်မခံရဲတာလည်းဆိုတာ ငါကြည့်ချင်သေးတယ်"

အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် လူတိုင်းသည် ခန်းမ၏ တံခါးဝသို့ လှမ်းကြည့်လိုက်ကြသည်။

ခန်းမ၏ ဝင်ပေါက်ကနေ အလွန်လှပသော အမျိုးသမီးတစ်ဦးသည် ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့သည်။

သူမက ပြိုင်ဘက်ကင်းသော အလှကို ပိုင်ဆိုင်ထားပြီး သူမ၏ ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ ပခုံးထက်တွင် ဖြာကျနေခဲ့သည်။

ဦးခေါင်းထက်တွင် ဖီးနစ်သရဖူကို ဆောင်းထားပြီး ထိုသရဖူကနေ တောက်ပသောအလင်းများကို ထုတ်လွှတ်နေခဲ့၏။

သူမထံကနေ ကျက်သရေရှိပြီး ခမ်းနားသောအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ထိုအမျိုးသမီးကို မြင်လျှင် ကျန်းချန်၏မျက်ဝန်းထက်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ရှေ့မှ ကျက်သရေရှိပြီး မြင့်မြတ်သော အမျိုးသမီးသည် ရှန်းဝူကောင်းကင် အစီအရင်တွင် သူတွေ့ခဲ့ရသည့် ပုံရိပ်ထဲမှ အမျိုးသမီး ဖြစ်ပြီး သူတစ်ခါမှ မတွေ့ဖူးသော သူ၏ မိခင်အရင်း ဖြစ်သည့် ကျီဝူရွှမ် ဖြစ်သည့်

"ဧကရီကျီကို အရိုအသေပြုပါတယ်"

ကျန်းမျိုးနွယ်စုမှ အကြီးအကဲများစွာက ကျီဝူရွှမ်ကို အလျင်အမြန်ပင် အရိုအသေပြုလိုက်ကြသည်။

ကျီဝူရွှမ်က သူမ၏ လက်ကိုဝှေ့ယမ်းလိုက်ပြီး ချက်ချင်းပင် အထက်စီးဆန်သော အမူအရာဖြင့် ပြောလိုက်သည်။

"ကျန်းချန်က လူသားဧကရာဇ်နဲ့ ငါနဲ့ရထားတဲ့ သားအရင်းပဲ.. သူက လူသားဧကရာဇ်ရဲ့ အရိုက်အရာဆက်ခံမဲ့ ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်သင့်တယ်.. မင်းတို့အကြီးအကဲတွေက ငါရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်မယ်ဆိုရင် ငါသူ့ကိုရွှယ်လင်ကုန်းမြေတိုက်ကနေ ခေါ်ပြီး ထွက်သွားလိုက်မယ်.. ရွှယ်လင်ကုန်းမြေတိုက်ရဲ့ ကိစ္စတွေကို ဘယ်တော့မှ ဝင်ရောက်စွက်ဖက်တော့မှာ မဟုတ်ဘူး"

"ဒါက.."

ကျီဝူရွှမ်၏ စကားကိုကြားလျှင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲများစွာ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ဧကရီကျီ စိတ်မပူပါနဲ့ အရှင်မင်းသား ကျန်းချန်က အရိုက်အရာဆက်ခံပွဲကို ဝင်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် မပြောပါဘူး"

ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော အကြီးအကဲက ပြုံးရွှင်စွာ ပြောလိုက်သည်။

ကျန်းမျိုးနွယ်စုမှ အခြား အကြီးအကဲများကမူ တိတ်ဆိတ်နေခဲ့သည်။

ကျန်းမျိုးနွယ်စုတွင် အလွန်အမင်း အာဏာရှိသော ကျီဝူရွှမ်နှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါတွင် ကျီဝူရွှမ်၏ အဆိုကို သဘောတူရန်မှာလွဲ၍ ကျန်းမျိုးနွယ်စုမှ အကြီးအကဲအားလုံးသည် ဘာမှမတတ်နိုင်ခဲ့ပေ။

ယခုအခါတွင် ကျီဝူရွှမ်သည် ရွှယ်လင်ကုန်းမြေတိုက်၏ လူသားမျိုးနွယ်စုတွင် တစ်ဦးတည်းသော နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်ပြီး သွေးဝိညာဥ်မျိုးနွယ်စုနှင့် ယှဥ်ပြိုင်ရန်အတွက် သူတို့လူသားမျိုးနွယ်စု၏ အဓိက ကျောရိုး ဖြစ်သည်။

ထို့အပြင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲများသည် ကျီဝူရွှမ်၏ စရိုက်ကို ရှင်းရှင်းလင်းလင်း သိရှိထားကြသည်။

သူတို့သာ ဧကရီကျီကို စိတ်ဆိုးအောင် လုပ်မိလျှင် ဧကရီကျီသည် သူ၏သားတော်နှင့် အတူ အမှန်တကယ် ထွက်သွားနိုင်ပေသည်။

ဧကရီကျီသာ ရွှယ်လင်ကုန်းမြေတိုက်တွင် မရှိတော့လျှင် သူတို့ လူသားမျိုးနွယ်စုအတွက် အမှန်တကယ် အန္တရာယ်ရှိလာလိမ့်မည် မဟုတ်ပါလော။

အခန်း(၁၄၅၅) ပြီး၏

All Chapters