နောက်ခြေလှမ်း စမယ်
Vol. 36 Ch. 536
ရုံးခန်းထဲ၌။
လီထုန်မှာ လင်းချွမ်ကိုကြည့်လျက် နားမလည်နိုင်စွာဖြင့်
“ခေါင်းဆောင် အကုန်လုံး ပြင်ဆင်ပြီးပြီလား”
အချက်အလက် စုဆောင်းပြင်ဆင်ခြင်းမှာ ပိုင်ရှန်အုပ်စုကို တိုက်ခိုက်ရန် အလွန်အရေးကြီးပါသည်။
သို့သော် အချိန်မှာ ရက်ပိုင်းသာ ရှိသေး၏။
ရှဉ့်တစ်ယောက် ပိုင်ရှန်ထဲ ရောက်သည်မှာ မနေ့တစ်နေ့ကဟုပင် ထင်ရသည်။
လင်းချွမ် ပြုံးလျက် သူတို့နှစ်ဦးကို ကြည့်ကာ
“ပြောရရင် ပြီးသလောက်တော့ ရှိပါပြီ”
ဘယ်လို။
လီထုန်နှင့် ချင်ယွန်းတို့ လန့်ဖျပ်၍ လင်းချွမ်အား စိုက်ကြည့်နေကြ၏။ တစ်ခုခု ထူးခြားချက်များ တွေ့ရမည်လားဟူသည့် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။
သို့ရာတွင် လင်းချွမ်မျက်နှာသည် အေးဆေး တည်ငြိမ်နေဆဲပင်။
လီထုန် ပါးစပ်အဟောင်းသားဖြင့် အချိန်အတော်ကြာအောင် ငြိမ်နေပြီးမှ
“ကျွန်မ တစ်ခုသိချင်တာက ရှဉ့်က အခု ဘယ်အဆင့် ရောက်နေပြီလဲ”
လတ်တလောတွင် သူ ရှဉ့်ကို လင်းချွမ်လက်ထဲ အပ်ထားလိုက်၍ စိတ်အေးကာ အခြားအလုပ်များကို အာရုံစိုက်နိုင်လေသည်။
ထို့အပြင် ရှဉ့်မှာ အထက်အထိ မတက်နိုင်မီ ပိုင်ရှန်ထဲတွင် တိတ်တဆိတ် နေနေမည်ဟု ထင်ထား၏။
ယခုတော့ ရှဉ့်တစ်ယောက် အတော်လေး ဝေးဝေးရောက်နေပြီ ထင်သည်။
မည်မျှဝေးသည်ကိုတော့ လီထုန် မသေချာပေ။
လင်းချွမ် လီထုန်အား စိုက်ကြည့်ရင်း ပြုံးလျက် သူ့မျက်ခုံးမျှအမြင့်ပုံစံကို လက်ဖြင့် ပြလိုက်သည်။
“ဒီအဆင့်လောက်ပေါ့။ ထင်တာပဲ”
ချင်ယွန်းမှာ အတွေ့အကြုံနုသေးသောကြောင့် လင်းချွမ်အမူအရာကို နားမလည်ပေ။
သို့သော် လီထုန်မှာတော့ အရိပ်ပြလျှင် အကောင် မြင်၏။
တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်ကာ
“အဲ့လောက် မြန်တာလား”
“ဆိုပါတော့။ အစီအစဉ်အတိုင်းတော့ ဖြစ်နေသေးတယ်”
လင်းချွမ်မှ ပြောလိုက်သည်။
လီထုန်သည် စားပွဲပေါ်မှ ရေခွက်ကို လှမ်းယူကာ အနည်းငယ် သောက်လိုက်ပြီး မယုံနိုင်စရာ အတွေးများကို တည်ငြိမ်အောင် ထိန်းနေရသည်။
အံ့ဩစရာပဲ။
နတ်ဘုရားအဆင့် အေးဂျင့်ဆိုတာ ဒါမျိုးပဲ။
လင်းချွမ်၏ အမူအရာအရ ရှဉ့်၏ လက်ရှိအဆင့်မှာ ပိုင်ရှန်၌ ရာထူးကြီးပိုင်းသို့ ရောက်နေပြီး အလွန် လျင်မြန်လွန်း၏။
လီထုန်၏ အတွေ့အကြုံနှင့် ဗဟုသုတတစ်လျှောက် ဤမျှအရှိန်မျိုး တစ်ခါမှ မကြုံဖူးပေ။
သူ တွေ့ဖူးသည့် သူလျှိုများကို ပြန်တွေးကြည့်သော်လည်း ယခု လင်းချွမ်၏ ရှဉ့်အပေါ် ပျိုးထောင်မှု၏ ဆယ်ပုံတစ်ပုံကိုပင် မတွေ့ဖူးခဲ့ချေ။
“ရှက်စရာပဲ”
လီထုန်မှာ မှင်တက်လျက်မှ သက်ပြင်းချလိုက်မိသည်။
လင်းချွမ်မှ
“အစ်မလီက လုပ်ငန်းစဉ်တည်ငြိမ်ဖို့ အဓိကလိုတဲ့သူလေ။ ကျွန်တော်ကကျတော့ လောဘကြီးပြီး စိတ်မရှည်တတ်လို့ ရလဒ်မြန်မြန် မြင်ရအောင် လုပ်လိုက်တာပါ”
သူတို့နှစ်ဦး၏ စကားများကို နားထောင်ရင်း ချင်ယွန်းလည်း ရှဉ့်တစ်ယောက် ရာထူးကြီးရနေပြီဟု ခန့်မှန်းလိုက်နိုင်သည်။
ထို့နောက် ဝင်၍
“ဒါဆိုရင်တော့ ကျွန်တော်တို့ အဓိကနေရာကို ဝင်နိုင်သွားပြီလား”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
ချင်ယွန်းမှလည်း
“ခေါင်းဆောင် အခု ရုံးချုပ်ကို ဆက်သွယ်လိုက်ရတော့မလား”
“ဒါပေါ့။ ကျွန်တော် လာတာလည်း အဲ့ကိစ္စကြောင့်ပဲ”
လင်းချွမ်မှာ ပြောပြောဆိုဆိုနှင့် လက်ထဲမှ USB drive ကို ပြလိုက်သည်။
လီထုန်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း လှမ်းယူလိုက်လေ၏။
လင်းချွမ်မှာ အချက်အလက်စုရန် တာဝန်ယူထားပြီး လီထုန်မှာတော့ ဒေတာများ ပြန်လည်စီစဉ် သိမ်းဆည်းကာ ကျောက်ဟိုင်ဖျင်ထံ ပို့ရသည်။
ယခု လင်းချွမ်ပေးသည့် USB ထဲမှ အချက်အလက်များသည် ရှဉ့်ထံမှရသော ဒေတာများလည်း ပါဝင်၏။
ပိုင်ရှန်အုပ်စု၏ စီးပွါးရေးလုပ်ငန်းများနှင့် အခွဲများ ဖြစ်သည်။
ပိုင်ရှန်အုပ်စုမှာ ဤမျှအလွယ်တကူ ပေးလိုက်သည်လောက်တော့ မအပေ။
သို့သော် လင်းချွမ်မှာလည်း သာမာန် မဟုတ်သောကြောင့် လမ်းကြောင်း အနည်းငယ် လိုက်နိုင်သည်နှင့် အားလုံး သိနိုင်၏။
ပိုင်ရှန်အုပ်စု၏ အရေးကြီးပုဂ္ဂိုလ်များနှင့် နယ်စပ်ရှိ အဓိက စက်ရုံများအထိ ဖြစ်သည်။
ထို့အပြင် ပိုင်ရှန်အုပ်စု၏ နောက်ခံလက်နက်ကိုင်များကိုပါ တစ်ဆင့်ချင်း လျှို့ဝှက်ချက်များ ဖော်ထုတ်နိုင်ခဲ့သည်။
ထို့ကြောင့် လင်းချွမ်ရှေ့၌ ပိုင်ရှန်အုပ်စုမှာ လျှို့ဝှက်ချက်ဟူ၍ မရှိသလောက် ဖြစ်နေလေပြီ။
လင်းချွမ် ညတိုင်း ကောင်းကောင်းမအိပ်ရသည်မှာတော့ တန်ကြေး ဖြစ်ပါသည်။
ရလဒ်အနေဖြင့် လင်းချွမ် မျက်ကွင်းများ ညိုလျက် မျက်လုံးများ နီရဲကာ ကျန်းမှ သွေးအားပြန်ကောင်းစေရန် အတော်လေး လိုက်ဂရုစိုက်နေရသည်။
“ခေါင်းဆောင် ချင်ယွန်းနဲ့ ကျွန်မအနေနဲ့ ဒီအချက်အလက်တွေအားလုံး ပြန်စီစဉ်ဖို့ဆိုရင် ဒီတစ်ညတော့ အချိန်ပေးရမယ်”
လီထုန် ခန့်မှန်း၍ ပြောလိုက်သည်။
ကံကောင်းစွာဖြင့် လင်းချွမ်မှလည်း အချက်အလက်များကို သေချာစိစစ် ခွဲခြမ်းထားလေ၏။
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“ကိစ္စမရှိပါဘူး။ ဒီနေ့တော့ နှစ်ယောက်သား ပင်ပန်းတော့မယ်”
“ဒါ ကျွန်မတို့ တာဝန်ပါပဲ”
လီထုန် ခေါင်းငြိမ့်ကာ ပြောသည်။
ထို့နောက် ချင်ယွန်းကိုခေါ်ကာ အလုပ်စလုပ်တော့၏။ ထမင်းစားချိန်၊ သန့်စင်ခန်းဝင်ချိန်မှလွဲ၍ နှစ်ယောက်သား ကွန်ပျူတာရှေ့၌ အချိန်ကုန်ကာ ကြိုးစားနေကြသည်။
ည (၁၁) နာရီဝန်းကျင်။
ချင်ယွန်း သက်ပြင်းချကာ မူးနောက်လျက် အလုပ်စားပွဲပေါ် မှောက်ချလိုက်၏။
“နောက်ဆုံးတော့ ပြီးသွားပြီ”
“ခေါင်းဆောင်ကတော့ ဘယ်လိုတောင် လုပ်လိုက်လို့ ဒီလောက် အချက်အလက်တွေ ရလာလဲ မသိဘူးနော်”
ချင်ယွန်း ရေရွတ်မိသည်။
“ခေါင်းဆောင်က ထိပ်တန်းဟက်ကာလေ။ ဒီလောက်ကတော့လည်း ရမှာပေါ့”
လီထုန် ပြုံးကာ ပြန်ဖြေလိုက်၏။
“ဒီလိုဆို ကျွန်တော်တို့ ရုံးချုပ်ပြန်ရောက်တဲ့အခါ ဒုအဆင့်လောက် ရာထူးတိုးမလား မသိဘူးနော်”
ချင်ယွန်းမှ မေးလေသည်။
“ဒုတိယအဆင့်တဲ့လား”
“မဖြစ်နိုင်လို့လား”
လီထုန် ခေါင်းယမ်းကာ
“ဒုတိယအဆင့်က နိမ့်တာပေါ့။ အနည်းဆုံး ပထမအဆင့် ဖြစ်မှာ”
ချင်ယွန်း ချက်ချင်း ရှေ့တိုးလာပြီး
“တကယ်ကြီးလား”
“တွေးကြည့်လေ။ အရှေ့တောင်အာရှက ဒုစရိုက်အဖွဲ့ကြီး (၂) ခုတောင် ခဏလေးအတွင်း ရှင်းခဲ့တာကို။ ဒီလိုမှတ်တမ်းမျိုး ဘယ်တုန်းက ရှိဖူးလို့လဲ”
“ကောင်းတာပေါ့”
ချင်ယွန်း မျက်လုံးပြူးကာ ပြုံးလျက်
“အံ့ဩစရာပဲ။ အင်တာပိုမှတ်တမ်းမှာ ကျွန်တော်တို့အကြောင်း ပါလာမှာပေါ့”
“ဒါပေါ့။ ငါတို့က အရမ်းတော်တာလေ”