ဒီည လှုပ်ရှားမယ်
Vol. 36 Ch. 538
(၃) ရက်ကြာပြီးနောက်။
ညကောင်းကင်မှာ အန်လင်းမြစ်ရေပြင်ပေါ်တွင် တွဲခိုလျက် လေညင်းများသည် အေးစိမ့်နေ၏။ ပတ်ဝန်းကျင်မှ တောင်တန်းများမှာ ညအချိန် ဖြစ်သောကြောင့် ခပ်မှိုင်းမှိုင်းသာ တွေ့ရသည်။
လေတစ်ချက်ဝှေ့တိုင်း တိမ်တိုက်များ လွင့်ပျယ်သွားပြီး ကောင်းကင်မှ လရောင်နှင့် လမ်းမီးရောင်များကြောင့် သစ်ပင်ရိပ်စိမ်းစိမ်းများကိုလည်း မြင်နိုင်၏။
ထိုအချိန်တွင် ကားလေးတစ်စင်းမှာ အရှိန်ဖြင့် မောင်းနှင်လာပြီး ဆူညံသော အင်ဂျင်သံသည် အန်လင်းတစ်မြို့လုံးအထိ ပျံ့နှဲ့သွားလေသည်။
ကားထဲတွင် ကျားကြီး၊ ရှောင်ယန်နှင့် ယောကျဲတို့ ပါလာကြ၏။
လွန်ခဲ့သော ရက်ပိုင်းက ဆက်တိုက် ပြောင်းရွှေ့ ပုန်းရှောင်ရင်း အချိန်တစ်ခု စောင့်နေကြရသည်။
နောက်ဆုံးတော့ ယနေ့ညတွင် သူဌေးကျောက်ထံမှ အမိန့်တစ်ခု ရလေ၏။
“လူစုလိုက်တော့”
ညွှန်ကြားချက်ထဲ၌ သူဌေးကျောက်မှာ ယနေ့ည လုပ်ငန်းစမည်ဖြစ်ပြီး အားလုံးပြင်ဆင်ထားရန် ပါဝင်သည်။
တွေ့ဆုံမည့်တည်နေရာမှာ ၇၂၀ ကုမ္ပဏီ၏ အရှေ့ဘက် တစ်ကီလိုမီတာအကွာရှိ သိုးမွေးစက်ရုံတွင် ဖြစ်သည်။
“ဒီသိုးမွေးစက်ရုံကလည်း ငါတို့အပိုင်ပဲ။ အစပိုင်းကတော့ ပတ်ဝန်းကျင်အမြင်ကောင်းအောင်ပဲ သုံးတာ။ ၇၂၀ ကုမ္ပဏီအကြောင်းကို အဲ့စက်ရုံကနေ အများဆုံး သိရတာလေ”
ကျားကြီးမှ ပြုံးကာ ပြောသည်။
ယောကျဲ ခေါင်းငြိမ့်လျက်
“နောက်ဆုံးတော့ အချိန်ကျလာပြီပဲ”
“သူဌေးကျောက်ကိုယ်တိုင် အစီအစဉ်ဆွဲပြီး ညွှန်ကြားတာနော်။ ကျွန်တော်တို့ နှေးနေတာများလား”
ရှောင်ယန် စိုးရိမ်စွာ ပြောမိသည်။
ကျားကြီးမှ လက်ယမ်း၍
“မင်းက သူဌေးကျောက်အကြောင်း မသိသေးဘူးပဲ။ ငါတို့သာ အောင်မြင်ရင် ကျန်တာတွေ စိတ်မဝင်စားပါဘူး”
ရှောင်ယန် ထိုအခါမှ စိတ်အေးသွားလေသည်။
“မင်းတို့ရဲ့ လက်ရှိရာထူးတွေက အတွင်းသတင်းတွေ မသိနိုင်လောက်အောင် နိမ့်သေးတာကိုး။ ငါတောင် ကြားလာရုံလောက်ပဲ”
ထို့နောက် ကျားကြီးမှ ဆက်ရှင်းပြလေ၏။
“လက်ရှိ သူဌေးကျောက်မှာ ထိပ်တန်းဟက်ကာတစ်ယောက် ရထားတယ်”
“လင်းချွမ်လောက် တော်တာလား”
ယောကျဲမှ မေး၏။
ရှောင်ယန်လည်း ကျားကြီးကို စိတ်ဝင်တစား ကြည့်နေသည်။
ကျားကြီးမှ
“သူဌေးကျောက် ပြောတာတော့ သူ့ထက်တောင် တော်တယ်တဲ့”
ယောကျဲ မျက်လုံးပြူးသွားကာ
“အဲ့လောက်တောင် တော်တာကို ကျွန်တော်တို့ ကုမ္ပဏီ ရောက်လာတာလား”
“အမှန်အတိုင်း ပြောရရင် ငါလည်း သံသယဝင်မိတယ်။ သူ ပိုင်ရှန်ကို ရောက်တာ တစ်လပဲ ရှိသေးတယ်လေ။ အခု ဘာရာထူးဖြစ်နေလဲ သိလား”
ကျားကြီးမှ ခန့်မှန်းခိုင်းလိုက်၏။
“ဆရာ့အဆင့်လောက်တောင် မဟုတ်ဘူးလား”
ရှောင်ယန် လန့်ဖျပ်ကာ ပြန်မေးမိသည်။
ကျားကြီး ရယ်မော၍
“မင်းက မင်းဆရာကို အရမ်း အထင်ကြီးနေတာပဲ။ အဲ့လူက အခု အဓိက အရေးပါတဲ့သူထဲ ရောက်နေပြီ နည်းပညာလုံခြုံရေးနဲ့ ကွန်ယက်ခေါင်းဆောင်လေ”
ဘုရားရေ။
ရှောင်ယန်ရော ယောကျဲပါ မျက်လုံးပြူးလျက် မှင်တက်နေကြ၏။
“ဘယ်လိုထင်လဲ ပြောပါဦး”
ကျားကြီး သူတို့ကိုကြည့်ကာ ပြောသည်။
ရှောင်ယန် တံတွေးမျိုချမိပြီး
“လှည့်စားမှုတစ်ခု ရှိနေတာလား။ ဒါမှမဟုတ် လိမ်တာလား”
“ငါလည်း ယုံတာတော့ မယုံဘူးကွ။ ဒါပေမဲ့ သူဌေးကျောက်ကတော့ သူ လင်းချွမ်နဲ့ ခဏခဏ ထိပ်တိုက်တွေ့ဖူးတယ် ပြောတာပဲ။ နောက်ဆုံး (၂) ခါလုံး အပြတ်အသတ်နိုင်ပြီး ၇၂၀ ကုမ္ပဏီရဲ့ အကာအကွယ်ထဲအထိ ထိုးဖောက်နိုင်တာတဲ့”
ကျားကြီးမှ တွေးတွေးဆဆ ပြော၏။
“အဲ့တာဆို လိမ်နေတာ မဟုတ်ဘူးလား”
ယောကျဲ နားမလည်နိုင်တော့ပေ။
“သူ့ကိစ္စ ထားလိုက်ပါ။ ခဏနေ သိုးမွေးစက်ရုံ ရောက်တော့မယ်။ အဲ့မှာ သူဌေးကျောက် လွှတ်ထားတဲ့သူတွေနဲ့ တွေ့ပြီး ၇၂၀ ကုမ္ပဏီသွားမယ်။ လင်းချွမ်ကို ဖမ်းမယ်။ ပြီးရင် နိုင်ငံထဲက ထွက်သွားမယ်”
ကျားကြီး ရှင်းပြလိုက်သည်။
“ကောင်းပါပြီ”
ရှောင်ယန်နှင့် ယောကျဲတို့ ခေါင်းတဆတ်ဆတ် ငြိမ့်ပြ၏။
လမ်းမပေါ်မှ သစ်ပင်အရိပ်များကို ကျော်ဖြတ်ကာ ကျားကြီးတို့၏ ကားလေးသည် သိုးမွေးစက်ရုံအနား ချဉ်းကပ်လာလေသည်။
ကားအနက်တစ်စီးမှာ လမ်းကြားတစ်ခုထဲ ဝင်လာပြီး ရပ်သွား၏။
ကျားကြီး အရင်ဆင်းလာသည်။
ထို့နောက် သူ ကျုံချန်အဆောက်အဦ ပတ်ဝန်းကျင်ကို ကြည့်နေသည်။
၇၂၀ ကုမ္ပဏီရှိရာနေရာ ဖြစ်၏။
ယနေ့ညတွင် လင်းချွမ်တစ်ယောက် အကာအကွယ် ပြန်ပြုပြင်ရန် ကုမ္ပဏီ၌ ရှိနေမည်ဟု သူဌေးကျောက်မှ သတင်းကြိုပေးထားသည်။
ဤသည်မှာ ထိပ်တန်းဟက်ကာထံမှရရှိသော အစီအစဉ် ဖြစ်လေ၏။
“လင်းချွမ် မင်းစောင့်နေလိုက်စမ်းပါ”
ကျားကြီး စိတ်ထဲမှ အေးစက်စွာ ပြောသည်။
သူ ထိုနေ့ကို မျှော်လင့်ခဲ့ရသည်မှာ အချိန် အတော်ကြာခဲ့လေပြီ။
အကြိမ်များစွာ စီစဉ်ခဲ့ပြီး အခါတိုင်း ပြဿနာ တစ်ခုမဟုတ်တစ်ခု ပေါ်ကာ ပျက်စီးသွားရ၏။
ယခုတော့ သူဌေးကျောက်၏ တိကျစွာ စီစဉ် ညွှန်ကြားမှုဖြင့် ယနေ့ည သေချာပေါက် အောင်မြင်တော့မည်။
ကျားကြီးတစ်ယောက်တည်း တွေးတောရင်း ဝမ်းသာနေ၏။
သူ့တွင် ရှောင်ယန်၊ ယောကျဲနှင့် အခြားတပည့် (၄) ဦးတို့ ပါလေသည်။
လင်းချွမ်တစ်ယောက်တည်းကို ဖမ်းရမည် ဖြစ်သောကြောင့် လူအင်အား သိပ်မလိုလှပေ။
“ဆရာ”
ရှောင်ယန်မှ ကျားကြီး ရပ်နေသောကြောင့် ခပ်တိုးတိုး လှမ်းခေါ်၏။
ထိုအခါမှ ကျားကြီး သတိပြန်ဝင်ကာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။
သိုးမွေးစက်ရုံမှာ ရှေ့နား၌ပင် မြင်ရ၏။
သူတို့ (၇) ယောက်သည် ခပ်လျှိုလျှိုဖြင့် တိတ်ဆိတ်စွာ လှမ်းလာကြ၏။
စက်ရုံတံခါးမှ ပွင့်နေလေသည်။
ကျားကြီး ရှေ့ဆုံးမှ တံခါးကိုတွန်း၍ ဝင်သွားသည်။
ထိုအခါ အထဲတွင် အစောင့် (၂) ဦးကို တွေ့ရ၏။
အထဲတွင်တော့ မီးရောင်များ အလွန် တောက်ပနေသည်။
ကျားကြီးတို့ ထိုအစောင့်များကို ကြည့်ရုံဖြင့် စိတ်လှုပ်ရှားနေလေပြီ။
ဒါ သူဌေးကျောက် လွှတ်လိုက်တဲ့သူတွေလား။
အစောင့်များပင် အမူအရာအေးစက်လွန်းပြီး ကြောက်စရာ ကောင်းလှ၏။
“ကျားကြီးလား”
အစောင့်တစ်ဦးမှ လှမ်းမေးသည်။
သူ့အသံကြောင့် ကျားကြီး လန့်ကာ တုန်သွား၏။
“ဟုတ်ပါတယ်”
“အပေါ်ထပ်မှာ စောင့်နေကြပါတယ်”
ထိုလူမှ အပေါ်ထပ်ကိုသာ လက်ညှိုးထိုးပြ၏။
ထိုအခါ ကျားကြီးလည်း ရှောင်ယန်နှင့် ယောကျဲကို သူနှင့်လိုက်ခဲ့ရန် လက်ပြ၍ အခြားတပည့် (၄) ဦးအား လှေကားအောက်တွင်သာ စောင့်နေစေလေသည်။