သူလျှိုလား
Vol. 36 Ch. 541
လင်းချွမ် ထိုင်ခုံပေါ်တွင် လက်တင်၍ ပြုံးကာ
“အဲ့လောက်တော့လည်း မခက်ပါဘူး”
“ဪ”
ကျောက်ဝေကျန် ပို၍ စိတ်ဝင်စားသွားသည်။
လင်းချွမ်မှ
“အကြီးအကဲကျောက်မှာ အမျိုးသားလုံခြုံရေးရဲ့ သရုပ်မျိုး ရှိနေတယ်လေ”
ကျောက်ဝေကျန် မျက်မှောင်ကြုတ်သွားပြီး
“ငါ့မှာလား”
သူ့စကားမှာ ထူးဆန်း၏။
ပြောရလျှင်တော့ မသိစိတ်မှ ခံစားချက်ပင်။
သို့ရာတွင် ကျောက်ဝေကျန်မှာ လင်းချွမ် ထိုသို့ ခံစားချက်ဖြင့် သူ့အကြောင်း သိနေသည်ကို မယုံကြည်နိုင်ပေ။
လင်းချွမ် ရယ်မောလျက်
“အမျိုးသားလုံခြုံရေးအဖွဲ့ဝင်တွေက အကြည့်စူးရှကြတယ်။ ခုနက ကျွန်တော် အကြီးအကဲကျောက်နဲ့ အကြည့်ချင်းဆုံတဲ့အချိန်မှာ အဲ့ပြင်းထန်တဲ့ ခံစားချက်မျိုး ရလိုက်တာ”
“လင်းက ကောင်းကောင်း ချီးကျူးတတ်တာပဲ”
ကျောက်ဝေကျန် ရယ်မောလျက်
“ပြီးတော့ ငါတို့ အမျိုးသားလုံခြုံရေးအဖွဲ့ အကြောင်းလည်း တော်တော် သိနေပုံပဲ”
ကျောက်ဝေကျန်နှင့် အတူပါလာသော လူငယ်လေးမှာ လင်းချွမ်အတွက် လက်ဖက်ရည်ငှဲ့ပေးရင်း ခိုးကြည့်မိ၏။
“ဒီအတိုင်း ခန့်မှန်းကြည့်တာပါ”
လင်းချွမ် နေရခက်စွာ ပြန်ပြောလေသည်။
သူ ပုံရိပ်ယောင်လောက၌ သူလျှိုအဖြစ် အတွေ့အကြုံယူစဉ်က ထိုပညာမျိုး တတ်လာခြင်း ဖြစ်သည်။
ယခု သူ့ဘေးမှ လူငယ်လေးမှာလည်း ထိုသို့ပင်။
သူ့ကို လက်ဖက်ရည်ငှဲ့၍ ခိုးကြည့်နေရင်းမှ တံခါးဘက်ကိုလည်း လှမ်းကြည့်သေး၏။
အလုပ်များကို ပြိုင်တူလုပ်တတ်ရသည်။
“လင်းက တကယ် နှိမ့်ချပြီး နေတတ်တာပဲ”
ကျောက်ဝေကျန် ခေါင်းငြိမ့်၍ ဆက်ပြော၏။
“ဒါဆိုရင် ငါတို့ ဘာလို့ ရောက်လာလဲရော မှန်းကြည့်ပါလား”
လင်းချွမ် သူတို့ (၂) ဦးကို ငေးကြည့်နေ၏။
သူတို့သာ ယူနီဖောင်းများ ဝတ်လာလျှင် လင်းချွမ် စိတ်လှုပ်ရှားမိမည် ဖြစ်ပြီး အထင်လည်း လွဲမိနိုင်သည်။
သို့ရာတွင် ယခု အရပ်ဝတ်များ ဖြစ်သောကြောင့် သူ့ကိုဖမ်းရန် လာခြင်းတော့ မဖြစ်နိုင်။
သူ စိတ်အေးလက်အေး ပြုံးလျက်
“အကြီးအကဲကျောက်ကိုယ်တိုင် ရှင်းပြတာပဲ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော် မမှန်းတတ်တော့ဘူး”
အမှန်တော့ သူ ခန့်မှန်းမိပါသည်။ တစ်ခါတစ်ရံ သိနေလည်း မသိချင်ယောင်ဆောင်ရတတ်၏။
လျစ်လျူရှုခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းတစ်မျိုးပင်။
ကျောက်ဝေကျန် ပြုံးလိုက်သောအခါ မျက်နှာမှ အရေးအကြောင်းများ ပေါ်လာပြီး
“အမှန်တော့ လင်းရဲ့ စာဖတ်ပရိသတ်ပါ။ လင်းစာအုပ် ဖတ်မိပြီးတော့ စာရေးဆရာကို တွေ့ချင်နေခဲ့တာလေ”
လင်းချွမ် အနည်းငယ် အံ့ဩသွား၏။
“ထိပ်တန်းအေးဂျင့်ကို ပြောတာလားဗျ”
ကျောက်ဝေကျန် ခေါင်းငြိမ့်ပြ၍
“ဟုတ်ပါတယ်”
“အကြီးအကဲကျောက်လည်း အွန်လိုင်းဝတ္ထုတွေ ဖတ်မယ်လို့ မထင်ထားဘူး”
“ဝတ္ထုဖြစ်ဖြစ်၊ စာတမ်းဖြစ်ဖြစ် အကျိုးရှိတဲ့ အချက်အလက်တွေဆိုရင် စုဆောင်းထားတာ ကောင်းတာပေါ့”
လင်းချွမ်မှ
“ဟုတ်ပါတယ် ဟုတ်ပါတယ်”
“အဲ့စာအုပ်ထဲမှာပါတဲ့ ထိပ်တန်းအေးဂျင့်က တကယ် ထူးခြားတာပဲ”
“အကြီးအကဲကျောက်ဆီမှာ လူတော်တွေ အများကြီးပါ။ ကျွန်တော့်စာအုပ်ထဲက စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ လက်တွေ့လို့ တွေးလို့မှမရတာ”
လင်းချွမ်မှ ပြော၏။
ကျောက်ဝေကျန် ရယ်မော၍ ခဏငြိမ်နေပြီးမှ သက်ပြင်းချကာ
“အခုတစ်လော ရုံးကလူငယ်လေးတွေဆိုရင် မျက်နှာကောင်းရအောင် အရမ်း ကြိုးစားရတာ။ အားလုံး လင်းရဲ့စာအုပ်ထဲက မစ္စတာလင်းလိုသာဆိုရင် စိတ်အေးပါပြီ”
လင်းချွမ် ပြုံးကာ
“စိတ်ကူးယဉ်တာပါဗျာ။ စိတ်ကူးယဉ်တာပါ”
“ဒါပေမဲ့ ငါကြားတာတော့ အဲ့တာက မင်းရဲ့အတ္ထုပတ္တိဆို”
လင်းချွမ် နေရခက်စွာဖြင့် ပြန်ရှင်းပြလေသည်။
“အမှန်တော့ ပရိသတ်တွေ ဒီအတိုင်း စနောက်နေကြတာပါ”
“အဲ့လိုလား”
ကျောက်ဝေကျန် ပြုံးနေသော်လည်း အမှန်တကယ် ပြုံးနေခြင်းမဟုတ်ဘဲ လင်းချွမ်ကိုသာ ပေါက်ထွက်မတတ် စိုက်ကြည့်၍ ခန့်မှန်းနေသည်။
အခြားစာဖတ်ပရိသတ်သာဖြစ်လျှင် လင်းချွမ် စနောက်ရုံမျှဖြင့် ပြီးသွားမည်ဖြစ်သော်လည်း ယခု တစ်ဖက်လူမှာ ကျောက်ဝေကျန် ဖြစ်နေ၏။
အဆင့်အလွန်မြင့်ပြီး သူ တစ်ခုခု မှားသွားသည်နှင့် ပြဿနာ အကြီးအကျယ်တက်နိုင်သည်။
“အကြီးအကဲကျောက် ဝတ္ထုစမဖတ်ခင်မှာ ဒါက စိတ်ကူးယဉ်ထားတာ ဖြစ်တယ်။ လက်တွေ့လောကနဲ့ မရောထွေးဖို့ သတိပေးထားတယ်လေ”
လင်း ပြုံး၍ပြော၏။
ကျောက် သူ့ကို စိုက်ကြည့်နေသော်လည်း အားနည်းချက် မတွေ့ရပေ။
လင်းချွမ်၏ လုပ်ဆောင်ချက်မှာ အလွန် အံ့ဩစရာကောင်း၏။
သူ ပြုံးလျက်
“လင်းလည်း သိမှာပါ။ ငါတို့မှာ အရည်အချင်းတွေ ရှိတယ်လေ”
“ပြောပါဦးဗျ”
“တည်ငြိမ်ပြီး ရင့်ကျက်တယ်”
အေးဂျင့်တစ်ဦးအနေဖြင့် ထိုကဲ့သို့ ပညာများ တတ်ထားရပါသည်။
လင်းချွမ် ခေါင်းငြိမ့်၍ ထောက်ခံမိ၏။
ကျောက် ရယ်မောကာ
“လင်းကတော့ ငါတွေ့ဖူးသမျှထဲမှာ အတည်ငြိမ်ဆုံးလူပဲ”
လင်း မှင်တက်နေသည်။
သူ့စကာရလုံးထဲတွင် အဓိပ္ပာယ် (၂) ခွ ပါနေ၏။
လင်းချွမ်ကို သူလျှိုတစ်ဦးဟု ဆိုလိုခြင်းလား။
အထင်လွဲနေပြီ။ လုံးဝ အထင်လွဲနေပြီ။
လင်း ချက်ချင်းပင်
“တည်ငြိမ်တာက မစ္စတာလင်းပါပဲ။ ကျွန်တော်ကတော့ လက်တွေ့ဘဝက စာရေးဆရာပါ”
လင်းချွမ် လုံးဝ ဝန်မခံနိုင်ပေ။
“ဒါပေမဲ့ မင်း လုံးဝ ပုံမှန်မဟုတ်ဘူး”
ကျောက်မှ ပြုံးရွှင်၍ ပြန်ပြောသည်။
နှစ်ဦးသား စကားပြောသည်ထက် အချင်းချင်း စစ်ဆေးနေသည်နှင့် ပိုတူ၏။
လင်းချွမ်မှာ အကြီးအကဲကျောက်၏ ရည်ရွယ်ချက် အတိအကျကို မသိသော်လည်း တစ်ခုတော့ သေချာ၏။
သူ့နောက်ခံကို ကျောက်ဝေကျန် သိချင်နေသည်။
သို့သော် အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေ၏။