အလုပ်ရှုပ်သောည
Vol. 36 Ch. 542
ကျောက်ဝေကျန်မှာလည်း လင်းချွမ်၏ သတင်းများကြားပြီး သံသယရှိမှုဖြင့် ဆက်တိုက် စုံစမ်းပြီးနောက် နောက်ဆုံး ကိုယ်တိုင် လာတွေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
ထိုညနေမတိုင်မီ သူ ကျန်းပြောင်နှင့် စကားပြောခဲ့သေးသည်။
ကျန်းပြောင်ထံမှ သိရသလောက်မှာတော့ အနည်းဆုံး လင်းချွမ်၏ စိတ်ဓာတ်မှာ ဖြောင့်မှန်လှသည်။
ထို့ကြောင့်လည်း သူ အနည်းငယ် စိတ်အေးရခြင်း ဖြစ်၏။
သူ အကြောက်ဆုံးမှာ ထိုကဲ့သို့ အရည်အချင်း ရှိလွန်းသူသည် သူလျှိုအဖြစ် ပြန်ပါနေမည်ကိုပင်။
အန်လင်းရဲစခန်း အစည်းအဝေးခန်းထဲ၌။
အရာအားလုံး တိတ်ဆိတ်နေကြသည်။
ကျောက်ဝေကျန် ရေတစ်ငုံသောက်၍ လင်းချွမ်ကို ကြည့်ကာ
“လင်းက အင်တာပိုနဲ့ ပူးပေါင်းထားတယ်လို့လည်း ကြားတယ်နော်”
လင်းချွမ် အမျိုးသားလုံခြုံရေးအဖွဲ့မှာ ယခုကိစ္စများကို စိတ်ဝင်စားနေမှန်း ရိပ်မိပါသည်။
သူ ခေါင်းငြိမ့်ပြ၍
“ဟုတ်ပါတယ်။ ဒီတစ်လော ပူးပေါင်းနေရတာ ရှိတယ်လေ။ ဒုစရိုက်အဖွဲ့ကြီးတစ်ခုအတွက်”
“ဒီည တာဝန်ကျခဲ့တာကို ကြားပါတယ်။ သေချာ တွေ့ချင်လို့ လာခဲ့လိုက်တာ။ မင်းအစီအစဉ်တွေမှာ အနှောင့်အယှက်တော့ မဖြစ်သွားပါဘူးနော်”
ကျောက်ဝေကျန် ပြုံး၍ ပြော၏။
အင်တာပိုနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ကြောင့် လင်းချွမ်၏ သရုပ်မှန်မှာ အခြားဒုစရိုက်အဖွဲ့များနှင့် မပတ်သက်ကြောင်း ယုံကြည်ရပါသည်။
လင်းချွမ် လက်ယမ်းလျက်
“ကျွန်တော်က စီစဉ်ပေးရုံပါပဲ။ နောက်ဆုံး ပူးပေါင်းမှု အတွေ့အကြုံအရတော့ ချောချောမောမောပဲ ပြီးသွားပါတယ်။ မကြာခင် သတင်းကောင်း ကြားရမှာပါ”
ကျောက်ဝေကျန် ထိုစကားကြောင့် အလွန် ကျေနပ်သွား၏။
အင်တာပိုနှင့် ပြည်သူ့လုံခြုံရေးတို့၏ အကူအညီ မပါဘဲ ပိုင်ရှန်အုပ်စုကို ဖျက်ဆီးရန် ခက်ပါသည်။ မော်ဂန်အုပ်စုကိစ္စကို ပြန်ကြည့်ပြီးနောက် ယနေ့ညသည်လည်း အရေးကြီးသော တာဝန်ဖြစ်၏။
ထို့ကြောင့် လင်းချွမ်မှာ အဓိကလူတစ်ဦးအနေဖြင့် ပါဝင်နေကြောင်း ခန့်မှန်းမိပါသည်။
ကျောက်ဝေကျန် ပြုံးလျက်
“ဒါဆိုရင် ပြီးတာပါပဲ”
လင်းချွမ် သူ့ကိုကြည့်ရင်း ယခုတွေ့ဆုံခြင်းမှာ သာမာန် ရိုးရှင်းသောအခြေအနေ မဟုတ်မှန်းတော့ သိပါသည်။ ထို့ကြောင့် သူ့ဘက်မှစ၍
“အကြီးအကဲကျောက် အခု အန်လင်းကို လာတာက…”
သူ ဆက်မပြောဘဲ ရပ်နေသည်။
ကျောက်ဝေကျန် မျက်ခုံးပင့်လျက် လင်းချွမ်အား ငေးကြည့်ရင်း ခဏစဉ်းစားပြီးနောက်
“လင်းကို တွေ့ချင်လို့ အထူးအနေနဲ့ လာလည်တာပါ”
လာလည်တာလား။
လင်းချွမ် အလွန် အံ့ဩသွား၏။
သူ ထိုကဲ့သို့ အသုံးအနှုန်းများ သုံးမည်ဟု မထင်ထားမိချေ။
ထိုစဉ် ကျောက်ဝေကျန်မှာ နူးညံ့သော အမူအရာဖြင့် လင်းချွမ်အနား တိုးလာပြီး
“လင်း အမျိုးသားလုံခြုံရေးအဖွဲ့ကို ဘယ်လိုမြင်လဲ”
လင်းချွမ် ခဏစဉ်းစားကာ
“ကျွန်တော့်အတွေးအရတော့ အမျိုးသား လုံခြုံရေးအဖွဲ့က လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတယ်”
“ပြောတတ်လိုက်တာ”
ကျောက်ဝေကျန်မျက်နှာ ဝင်းပလျက် ချက်ချင်းပင်
“လင်းရော မဝင်ချင်ဘူးလား…”
တီ တီ တီ…
ထိုစဉ် ရုတ်တရက် ဖုန်းမြည်လာ၏။
လင်းချွမ် အားနာစွာဖြင့် လှမ်းကြည့်သည်။
သူ့ထံမှ ဖုန်းသံဖြစ်သည်။
ခေါ်ဆိုသူ: ကျောက်ဟိုင်ဖျင်။
လုပ်ငန်းစဉ်တွင် ပြဿနာတစ်ခုခု ရှိနေ၍ ခေါ်ဆိုခြင်းလား။
ကျောက်ဝေကျန် သူ့တုံ့ဆိုင်းဆိုင်းအမူအရာကို တွေ့ကာ
“လင်း အရေးကြီးရင် ကိုင်လိုက်လေ။ ရတယ်”
လင်းချွမ် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။
ထို့နောက် အခန်းအပြင်သို့ ထွက်ကာ ဖုန်းကိုင်လိုက်သည်။
လင်းချွမ်မှ
“ဆရာကျောက် လုပ်ငန်းအဆင်မပြေတာ ရှိလို့လား”
“အားလုံး အေးဆေးပဲ။ အကုန်ပြေတယ်။ အစီအစဉ်အတိုင်းပါပဲ”
ဆရာကျောက်မှ ဝမ်းသာအားရ ပြော၏။
လင်းချွမ်လည်း ပြုံးသွားမိသည်။ အစီအစဉ်အတိုင်း ဖြစ်လျှင်တော့ ဒီည အပြီးသတ် ရှင်းလင်းနိုင်လေပြီ။
ပိုင်ရှန်အုပ်စုလည်း လောကထဲမှ လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်၏။
သူ့တွင် ရန်သူဟူ၍လည်း မရှိတော့ချေ။
“တစ်ခုခု လိုတာရှိရင် ပြောပါ ဆရာကျောက်”
လင်းချွမ် ပြုံးကာ ပြောလေ၏။
“အခုကတော့ အားလုံး အေးဆေးပါပဲ။ စိတ်ထဲမထားနဲ့”
ထို့နောက် သူ အခြားအကြောင်းကို ဆက်ပြောလေသည်။
“လင်း ဒီည အားတယ်မလား”
လင်းချွမ် အစည်းအဝေးခန်းထဲမှ ကျောက်ဝေကျန်ကို လှမ်းကြည့်၍
“အားတော့ အားပါတယ်။ အခုတော့ လူတစ်ယောက်နဲ့ တွေ့နေတာ”
“ကောင်းပြီလေ”
ကျောက်ဟိုင်ဖျင် ရယ်မောကာ
“ဒီလိုမှပေါ့။ ငါ့ဆရာတစ်ယောက်က တွေ့ချင်လို့တဲ့။ မိတ်ဆက်ပေးမယ်”
“ဘယ်လို”
လင်းချွမ် လန့်ဖျပ်သွား၏။
ကျောက်ဟိုင်ဖျင်၏ ဆရာဆိုလျှင် မည်မျှအဆင့် ရှိနေမည်နည်း။
လင်းချွမ် ဆက်ပင် မတွေးရဲချေ။
“ဟုတ်တယ်။ ဒီည လေယာဉ်ဆိုက်တာနဲ့ အန်လင်းရဲစခန်းကို တန်းလာလိမ့်မယ်”
လင်းချွမ် အခန်းထဲမှ ကျောက်ဝေကျန်ကို တစ်ခေါက် ထပ်ကြည့်၍
“အဲ့ဆရာဆိုတာ ကျောက်မျိုးနွယ်လား”
“မဟုတ်ဘူး။ သူက ဝမ်မျိုးနွယ်။ အကြီးအကဲဝမ်လို့ ခေါ်ရင် ရပါတယ်”
ကျောက်ဟိုင်ဖျင်မှ ရှင်းပြ၏။
တစ်ယောက်တည်း မဟုတ်ဘူးပေါ့။
လင်းချွမ် ရေရွတ်မိ၏။
ဒီည ဘာဖြစ်နေကြတာလဲ။
သူ့ကို ဘာလို့ တွေ့ချင်နေကြတာလဲ။
ဖူးစာဖက်တွေ့ရင်တောင် တန်းစီရတယ်လေ။
“လင်း ဒါ မင်းအတွက် အခွင့်အရေး ဖြစ်လာမှာနော်။ သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်”
ကျောက်ဟိုင်ဖျင်မှာ သူ့အတွက်တွေး၍ ပြောလေ၏
“ဆရာကျောက် ခဏတော့ စောင့်ရမယ်နော်”
လင်းချွမ် မတတ်သာဘဲ အားနာနာနှင့် ပြောလိုက်၏။
“စောင့်ရမှာလား”
သူ အံ့ဩသွားမိသည်။
ဝမ်အန်ကို စောင့်ခိုင်းရမည်လား။
“ဟုတ်ပါတယ်။ ကျွန်တော် အခု တခြားအကြီးအကဲ တစ်ယောက်နဲ့ စကားပြောနေလို့လေ”
လင်းချွမ် ရှင်းပြလိုက်၏။
“သိပြီ။ ရတယ်လေ။ အခုတွေ့နေတဲ့သူကို အသိပေးထားလိုက်ပေါ့”
ထို့နောက် ဖုန်းချလိုက်ကြလေသည်။
လင်းချွမ်မှာတော့ သက်ပြင်းသာ ချမိ၏။
ကျောက်ဟိုင်ဖျင်၏ဆရာနှင့်တွေ့ရန် ကျောက်ဝေကျန်အား ဤမျှနှင့်ရပ်ဖို့ ပြောရမည်လား။
ကျောက်ဟိုင်ဖျင်၏ဆရာမှာ အတော်လေး ရာထူးမြင့်သည်လား။
လင်းချွမ် တွေးတောရင်းဖြင့် အစည်းအဝေးခန်းထဲ ပြန်ဝင်လာသောအခါ ကျန်းပြောင်ကိုပါ တွေ့ရ၏။
“လင်း မင်း ဒီညတော့ အလုပ်ရှုပ်ပြီ”