ရုံးထိုင်ခြင်း
Vol. 36 Ch. 544
ညသည် အတော်လေး မှောင်မိုက်နေပြီး ညနေခင်းလေပြည်မှာ အေးမြနေ၏။
မြစ်ကမ်းနားတစ်လျှောက် အလင်းရောင်ဖျော့ဖျော့ လင်းနေသောကြောင့် ငါးဖမ်းသမားအချို့ကို တွေ့နေရသည်။
“ရှင်းရှင်း ကိုပြန်ရောက်ပြီ”
သူ အန်လင်းရဲစခန်း၌ ကိစ္စများ ပြီးသည်နှင့် အိမ်သို့ပြန်ကာ လှမ်းခေါ်လိုက်သည်။
သူ့စကားမဆုံးမီပင် ကျန်းရှင်းရှင်း သူ့ရှေ့တွင် ပေါ်လာပြီး ပြေးဖက်၏။
လင်းချွမ်လည်း တယုတယ ပြန်ထွေးပွေ့ကာ
“မတွေ့တာ နာရီပိုင်းပဲ ရှိသေးတာကို။ ဘာလို့ အဲ့လောက် ချွဲနေတာလဲ”
ကျန်းမှာ ကြောင်ပေါက်လေးကဲ့သို့ တိုးဝှေ့ရင်း ပြုံးလျက်
“ကျွန်မက အမြဲ ပူးကပ်နေချင်တာ”
“နေရမှာပေါ့ကွယ်”
လင်းချွမ် ရင်ထဲနွေးထွေးနေ၏။
ကျန်း မျက်လုံးလေးများ တောက်လျက်
“တာဝန်က အောင်မြင်သွားပြီလားဟင်”
လင်းချွမ် သူ့ကို ဧည့်ခန်းထဲ ခေါ်သွားပြီး ဆိုဖာ၌ ထိုင်စေလျက် ဆံနွယ်များအား သပ်ကာ
“ဒါပေါ့။ မင်းရဲ့ကောင်လေးအစွမ်းလေ။ လုံးဝ ရှင်တဲ့သူ မရှိဘူး”
“ဟင်”
ကျန်း မှင်တက်၍ ကြည့်၏။
လင်းချွမ် ထိုအခါမှ စကားပြင်ပြောလေသည်။
“ဪ ကို ကျရှုံးတာ လုံးဝမရှိစေရဘူးလို့”
“ဒီညလည်း သွားပြီး တိုက်ခိုက်ခဲ့တာများလားလို့”
ကျန်း အပြုံးချိုချိုလေးနှင့် လင်းချွမ်ပုခုံးအား ထနှိပ်ပေးရင်း ပြောလေသည်။
“သူဌေး အခု ဒုစရိုက်အဖွဲ့ (၃) ခုလုံး ရှင်းပြီးပြီဆိုတော့ ဘာဆက်လုပ်ဖို့ တွေးထားလဲ”
ကျန်းမှ မေးလိုက်သည်။
လင်းချွမ် ပြုံးကာ
“စာဆက်ရေးရမှာပေါ့။ အခုထိ ပလက်တီနမ်အဆင့်တောင် မရောက်သေးဘူးလေ”
ကျန်းမှ ခပ်ဖိဖိ နှိပ်ပေးရင်း
“စာရေးရုံပဲလား”
လင်းချွမ် သူ့လက်သေးသေးလေးများကို ဆုပ်ကိုင်၍
“မင်းကိုရောပေါ့”
“ကျွန်မကို ဘာလဲ”
“ကုမ္ပဏီမှာ ကူညီရမယ်လေ”
“တခြားရော မရှိတော့ဘူးလား”
ကျန်း ဆွဲဆောင်မှုရှိစွာ မေး၏။
“မင်းကို ရူးသွားအောင် လုပ်မှာပေါ့”
ကျန်းမှာ ရယ်မောလျက်
“ဘယ်လိုမျိုးလဲ”
လင်းချွမ် သူ့ခေါင်းလေးကိုပုတ်၍ ပြုံးနေမိလေသည်။
“စာအုပ်အသစ်ရော စရေးတော့မှာလား”
လင်းချွမ် ခဏစဉ်းစား၍
“မကြာခင်ပေါ့”
ထိပ်တန်းအေးဂျင့်ဝတ္ထုမှာ subscription (၁) သိန်း ပြည့်သွားလေပြီ။
[စာအုပ်: ထိပ်တန်းအေးဂျင့်]
[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း: လိုအပ်ချက် ပြည့်မီသောကြောင့် အချိန်မရွေး နောက်ထပ် လုပ်ငန်းအတွေ့အကြုံသို့ တက်လှမ်းနိုင်ပါသည်။]
လင်းချွမ် ဒီတစ်လော လူဆိုးဖမ်းရေးဖြင့်သာ ရှုပ်နေခဲ့၍ အတွေ့အကြုံအသစ် မသွားနိုင်သေးပေ။
ယခု အခြားကိစ္စများအားလုံး ပြီးသွား၍ နောက်ထပ်အလုပ်စရန် ပြင်ဆင်ရတော့မည်။
သို့သော် လင်းချွမ် ယနေ့ည ခေါင်းဆောင် (၂) ဦးနှင့် တွေ့ခဲ့၏။
ကျောက်ဝေကျန်နှင့် ဝမ်အန်။
လင်းချွမ် ထိုကိစ္စများကို ရှင်းရှင်းနှင့် တိုင်ပင်ရမည်ဟု တွေးထားသည်။
“ရှင်းရှင်း ကို ပြောစရာရှိလို့”
“ဘာလို့လဲ သူဌေး”
ကျန်းရှင်းရှင်း သူ့ကို ငေးကြည့်၏။
လင်းချွမ် ခဏစဉ်းစားပြီးနောက်
“နိုင်ငံတော်အဖွဲ့ (၂) ခုက ကို့ကို အလုပ်အတူတွဲလုပ်ဖို့ ကမ်းလှမ်းထားတယ်။ အဲ့တာ ဆုံးဖြတ်ချက်တော့ မချရသေးဘူး”
ကျန်းရှင်းရှင်း လေးနက်သွားပြီး
“ကျွန်မအမြင်ကို မေးချင်တာလား”
“အင်း”
“ရှင်က တကယ် အလုပ်ဝင်ချင်လို့လား”
လင်းချွမ် မျက်မှောင်ကြုတ်လျက် ချက်ချင်း ပြန်မဖြေပေ။
“သေချာ မစဉ်းစားရသေးဘူးပဲ”
လင်းချွမ် ခပ်လေးလေး ခေါင်းငြိမ့်ပြသည်။
ကျန်းမှ ဆက်၍
“အလုပ်ကတော့ လုပ်နိုင်မှာပါပဲ။ နေ့စဉ်ဘဝ ဒါမှမဟုတ် စာရေးတဲ့ဆီမှာ အနှောင့်အယှက်ဖြစ်မှာ စိုးလို့မလား”
သူ လင်းချွမ်အတွေးကို ကောင်းစွာ နားလည်ပါသည်။
“ဟုတ်တယ်။ ဒီအဖွဲ့ (၂) ခုလုံးက အရေးကြီးတဲ့ကဏ္ဍတွေ ရှိတယ်။ အလုပ်လည်း များတယ်။ အဲ့မှာ ဝင်လုပ်လိုက်ရင် မင်းအတွက်တောင် အချိန်မရှိဘဲ ဖြစ်သွားနိုင်တယ်”
အရာအားလုံးတွင် အကျိုးအပြစ်များ ရှိသည်။
လင်းချွမ် အဖွဲ့အစည်းကြီးများနှင့် ပူးပေါင်းချင်သော်လည်း တစ်ဖက်တွင် စာရေးရင်း ကျန်းရှင်းရှင်းနှင့်လည်း အချိန်ကုန်ချင်သေး၏။
ကျန်း ခဏစဉ်းစားပြီးနောက်
“ပြန်ပေးမယ့်အချက်အလက်တွေကရော အဆင်ပြေလား”
နှစ်ဖွဲ့စလုံးမှာ ကောင်းသောအချက်များဖြင့်သာ ကမ်းလှမ်းခြင်း ဖြစ်ပါသည်။
“အဲ့တာက ခေါင်းဆောင်တွေနဲ့ ပြောပြီးပါပြီ”
“ကျွန်မသူဌေးကတော့ ဂုဏ်သတင်း မွှေးနေတာပဲ”
“ဟုတ်လို့လား။ ရှူကြည့်မလား”
လင်းချွမ် အနားကပ်၍ နောက်ကာ ပြော၏။
ထို့နောက် နှစ်ဦးသား ရယ်မောမိကြလေသည်။
လင်းချွမ် သူ့ကို ဖက်လိုက်ပြီး
“ကဲပါ။ ရေချိုးပြီး အိပ်ကြတာပေါ့”
“ကောင်းပါပြီ”
…
နောက်တစ်နေ့။
အရုဏ်တက်ချိန်ကို ကျော်လွန်သောအခါ ရွှေရောင် နေခြည်များ အရှိန်ဖြင့်ဖြာကျလာပြီး မြူခိုးများကို ဖြိုခွင်းလိုက်၏။
ပေါင်းရင်ဟိုတယ် အစည်းအဝေးခန်း။
လင်းချွမ် ခေါင်းဆောင် (၂) ဦးကို တလေးတစား နှုတ်ဆက်လိုက်သည်။
“အကြီးအကဲတို့ အန်လင်းမှာ အဆင်ပြေကြရဲ့လားဗျ။ နေသားကျနေပြီလား”
ကျောက်ဝေကျန် ပြုံးလျက်
“လင်းရယ် အန်လင်းက ရာသီဥတုက သိပ်ကောင်းတာပဲ။ ဟိုတယ်ဘေးမှာ မြစ်ရှိတော့ လေကလည်း နူးနူးညံ့ညံ့နဲ့ အေးနေတာ။ ဖြစ်နိုင်ရင် နောက်ရက်ပိုင်းအထိ ဆက်နေချင်သေးတယ်”
ဝမ်အန် ရယ်မောလျက်
“အန်လင်းက ထူးခြားအံ့ဩစရာကောင်းတဲ့ ဒေသဆိုတော့ ထူးချွန်တဲ့သူလည်း ပေါတာပဲ”
“ဆက်နေသေးရင် ကောင်းတာပေါ့။ ကျွန်တော်လည်း အန်လင်းထဲက လည်စရာနေရာတွေ လိုက်ပို့ချင်ပါတယ်”
လင်းချွမ် ပြုံး၍ ပြော၏။
ဝမ်အန် ခေါင်းငြိမ့်ပြကာ
“ဒါဆို အလုပ်နေရာကို အန်လင်းမှာ ရွှေ့ထားမှပဲ”
ထိုစဉ် ကျောက်ဝေကျန်မှာ မျက်ခုံးပင့်လျက်
“အကြီးအကဲဝမ် အမှန်အတိုင်း ပြောရရင် ကျွန်တော်ကတော့ တပည့်တွေကို မနေ့ညတည်းက အန်လင်းကို ရုံးပြောင်းဖို့ ပြောထားပြီးပြီ”
နှစ်ယောက်သား တတ်နိုင်သလောက် စကားကို လုပြောနေကြ၏။
“လင်းရယ် မင်း အဖွဲ့အစည်းတွေရဲ့ ချုပ်နှောင်မှုမျိုးကို သဘောမကျတာ သိပါတယ်။ အဲ့တာကြောင့်လည်း အပြည့်အဝ လိုတာတွေ ထောက်ပံ့ပေးမှာပါ။ မင်းက မင်းအင်အားနဲ့ အာရုံစိုက်ပေးရုံပဲ။ စိတ်မပူပါနဲ့”
လင်း ကျောက်ဝေကျန်ကို လှမ်းကြည့်မိသောအခါ မျက်နှာတွင် ရိုးသားသော စိတ်ရင်းကို တွေ့ရလေသည်။
ထိုစဉ် ဝမ်အန်မှ အခြေအနေကို သုံးသပ်၍
“လင်း အလောတကြီးတော့ မဆုံးဖြတ်ပါနဲ့ကွယ်”
လင်းချွမ် သူ့ဘက် လှည့်ကြည့်မိပြန်၏။
ဝမ်အန်ပြုံးလျက် ဆက်ပြောသည်။
“လင်း မနေ့ညက အထူးအေဂျင်စီတော့ မလုပ်ပေးလိုက်နိုင်ပေမဲ့ အန်လင်းရဲစခန်းက မင်းမိတ်ဆွေတွေနဲ့ စကားအများကြီး ပြောဖြစ်ပါတယ်”
“အကြီးအကဲဝမ်က အရမ်းတွေးပေးတာပဲ”
လင်းချွမ် ခေါင်းငြိမ့်ကာ ပြုံးနေသည်။
ဝမ်အန်မှ လက်ယမ်း၍
“မင်းရဲ့ အရည်အချင်းကို နားလည်ပါတယ်။ အဲ့တာကြောင့် မင်းခေါင်းဆောင်တဲ့ အဖွဲ့သာ အန်လင်းမှာရှိရင် စိတ်ချရပြီ”
လင်းချွမ် စိတ်ရှုပ်ထွေးစွာဖြင့်
“အကြီးအကဲတို့က ကျွန်တော့်ကို လိုလိုလားလား ကမ်းလှမ်းကြပေမဲ့ ကျွန်တော်လည်း နှစ်နေရာစလုံးမှာ မလုပ်နိုင်ဘူးလေ”
ကျောက်နှင့် ဝမ်တို့ တိတ်ဆိတ်နေကြ၏။
ထိုစဉ် ဝမ်အန် မတ်တပ်ထရပ်၍
“အကြီးအကဲကျောက် ကျွန်တော်နဲ့ အပြင် လိုက်ခဲ့ပါလား”
ကျောက် နားမလည်နိုင်စွာဖြင့် ထလိုက်လာလေသည်။
လင်းချွမ်တစ်ယောက်တည်း ပြုံး၍ အခန်းထဲ ကျန်ခဲ့၏။
(၁၀) မိနစ်ဝန်းကျင် ကြာသောအခါ တံခါးပွင့်သွားပြီး ကျေနပ်သော အမူအရာဖြင့် ဝင်လာကြသည်။
ဝမ်အန်မှ စ၍
“လင်းရဲ့ ဆန္ဒကို နားလည်ပါတယ်။ ဒီလို အခက်မတွေ့စေချင်လို့ ကျွန်တော်တို့ စီစဉ်ထားပါပြီ”
“ပြောပါဦးဗျ”
လင်းချွမ် မျက်လုံးအရောင်လေး တောက်သွား၏။
“ငါတို့အဖွဲ့တွေက သီးခြားစီဆိုပေမဲ့ တစ်ခါတစ်လေ ပူးပေါင်းရတဲ့အခါလည်း ရှိတယ်။ အဲ့တာကြောင့် ပူးပေါင်းအဖွဲ့တစ်ခု အန်လင်းမှာ ရုံးထိုင်ဖို့ စီစဉ်ထားတယ်။ အဲ့မှာ ဦးဆောင်ပေးပေါ့။ ဘယ်လိုလဲ”
ကျောက်မှ ဆက်၍
“ခုနက ပြောတဲ့အတိုင်း လွတ်လွတ်လပ်လပ်ပဲ နေလို့ရပါတယ်။ အလုပ်အရမ်းမများအောင် စီစဉ်ပေးမှာပေါ့”
ဝမ်အန်မှလည်း
“အဲ့အဖွဲ့ထဲမှာ ရဲမေရှန်ချန်းချန်းနဲ့ ရှချင်းချင်းတို့လည်း သေချာပေါက်ဝင်ကြမယ်လို့ ယုံတယ်”