ရှင်းရှင်း လက်ခံလား
Vol. 36 Ch. 546
“ဒါနဲ့ ချန်းချန်းနဲ့ ချင်းချင်းလည်း တာဝန် ပြောင်းသွားပြီနော်။ ကိုနဲ့ တစ်ဖွဲ့တည်း ဖြစ်သွားကြပြီ”
လင်းချွမ်မှ ဆက်ပြောပြ၏။
ကျန်း သူ့ကိုကြည့်၍ ပြုံးကာ
“ပြန်တင်ပြနေတာလား”
လင်းချွမ် နေရခက်စွာ ရယ်မော၍
“အလုပ်အနေအထားကို ပြောပြရုံပါ။ ဘာမှ မဟုတ်ဘူး”
ကျန်း သူ့လည်ပင်းအား သိုင်းဖက်လျက်
“သူဌေးရဲ့ အလုပ်အကြောင်းတော့ သေချာ နားမလည်ပေမဲ့ လုံးဝ ယုံကြည်ပြီးသားပါ”
လင်းချွမ်ရင်ထဲ နွေးထွေးသွား၏။ ထို့နောက် ကျန်း၏ ပါးနုနုလေးကို နမ်းလိုက်ပြီး
“အခုကစပြီး သူဌေးဆိုပြီး မခေါ်သင့်တော့ဘူးနော်”
“ဘာလို့လဲ”
ကျန်း မျက်လုံးလေးပြူးလျက် ငေးကြည့်နေသည်။
“ပြောင်းခေါ်ရမှာပေါ့”
လင်းချွမ်ပြုံး၍ မျှော်လင့်တကြီး ကြည့်နေ၏။
“မစ္စတာလင်း ဒါမှမဟုတ် အစ်ကိုလို့ ပြောင်းရမှာလား”
ကျန်းမျက်ဝန်းများမှာ ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည်။
လင်းချွမ် သူ့နဖူးကို အသာတောက်၍
“ချစ်သူတွေကြားမှာ အဲ့လိုတွေ ခေါ်စရာလိုလို့လား”
ကျန်း အမူအရာပြောင်းသွားပြီး
“ဒါဆို…”
လင်းချွမ် မျက်လုံးလေးဝိုင်း၍ စိုက်ကြည့်နေသည်။
ကျန်း မျက်နှာလေးရဲလျက်
“ဒါပေမဲ့ ရှင်က…”
လင်းချွမ် သူ့အနားတိုးကပ်လာသည်။
အခန်းမီး၏ အလင်းရောင်မှာ မှိန်ပျပျဖြစ်သော်လည်း လုံးဝ မှောင်နေခြင်းတော့ မဟုတ်ပေ။
အိမ်မှမီးအလင်းစနစ်မှာ လင်းချွမ်ကိုယ်တိုင် ပရိုဂရမ်ရေး၍ ချိန်ညှိထားခြင်း ဖြစ်သည်။ ဧည့်ခန်းအလယ်၌ မီးဆိုင်းကြီးတစ်ခုရှိပြီး ရုတ်တရက် ပို၍ တောက်ပလာသည်။
လင်းချွမ်သည်လည်း မျက်လှည့်ပြသကဲ့သို့ မည်သည့်နေရာမှမသိ လေးထောင့်ဘူးလေးတစ်ခုကို ဆွဲထုတ်ပြီးသား ဖြစ်နေသည်။
ကျန်းမှာ အံ့ဩလွန်း၍ မျက်လုံးလေးပြူး၍ နှုတ်ခမ်းကို ကိုက်ထားမိ၏။
လင်းချွမ်ပြုံး၍ ဘူးကိုဖွင့်ရန် ပြင်လိုက်စဉ် ကျန်း သူ့လည်တိုင်ကို သိုင်းဖက်လျက်
“အိပ်ခန်းထဲ သွားကြမလား”
ကျန်း၏ မျက်ဝန်းများမှာ ရေလှိုင်းများ ရိုက်ခတ်နေသကဲ့သို့ အရည်လဲ့နေ၏။
လင်းချွမ် အလိုက်သိစွာဖြင့် လက်တစ်ဖက်မှ လေးထောင့်ဘူးလေးကိုကိုင်လျက် တစ်ဖက်မှ ကျန်းကိုပွေ့ချီကာ အိပ်ခန်းဆီ လျှောက်သွားလေသည်။
သွားနေရင်း သူ ကျန်းကို ငေးကြည့်၍
“ရှင်းရှင်း ကို့ကိုအရင်ပြောပါဦး။ လက်ခံလားဟင်”
ကျန်းမှာ လင်းချွမ်ရင်ခွင်ထဲရောက်နေ၍ ရင်ခုန်သံ တဒိန်းဒိန်းကို လျင်မြန်စွာ ကြားနေရသည်။
သူဌေး သူ စိတ်လှုပ်ရှားနေတာလား။
အမှန်ပဲ။
ကျန်းလည် စိတ်လှုပ်ရှားလှပါသည်။
လင်းချွမ်၏ ရုတ်တရက် ပြင်ဆင်မှုမှာ အတော်လေး အံ့ဩရ၏။
“ရှင်းရှင်း သဘောတူလားလို့”
လင်းချွမ် ထပ်မေးပြန်၏။
ကျန်းမှာ ရှက်ပြုံးလေးပြုံး၍ ခေါင်းငြိမ့်ပြလေသည်။
လင်းချွမ် အပျော်လုံးဆို့လျက်
“ဒါဆို ဘယ်လိုခေါ်မှာလဲ”
“ယောက်ျား”
ကျန်းခပ်တိုးတိုးပြောရင်း မျက်နှာမှာ နီမြန်းနေ၏။
“ကျယ်ကျယ်ပြောပါဦး”
“အဲ့တာတော့ ရှင့်အပေါ်ပဲ မူတည်တယ်”
ကျန်း ရယ်မောကာ တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။
လင်းချွမ်မှာ သူ့ကိုတင်းကြပ်စွာဖက်ရင်း အခန်းဆီသို့ အပြေးလျှောက်သွားတော့၏။
“ယောက်ျား ဖြည်းဖြည်း”
ကျန်း သူ့နားအနားကပ်ကာ ခပ်တိုးတိုး ပြောပြန်သည်။
…
ထိုည၌ နှစ်ဦးသား ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီး မနက်အစောပိုင်းအထိ လင်းချွမ် စိတ်လှုပ်ရှားလျက် ကုတင်ပေါ် လှဲနေသည်။
ကျန်းလည်း သူ့လက်မောင်းကိုခေါင်းအုံးကာ နားနေ၏။
သို့သော် လက်ချောင်းသွယ်သွယ်လေးများမှာတော့ လင်းချွမ်ပေးသည့် လက်စွပ်အား တယုတယ ကိုင်ကြည့်နေလေသည်။
လင်းချွမ် သူ့ကိုချော့သိပ်၍ အိပ်မောကျသွားသည်ကိုတွေ့မှ စောင်သေချာ ခြုံပေးကာ အခန်းပြင် ထွက်လာခဲ့သည်။
ထို့နောက် လက်ဖက်ရည်တစ်ခွက် ဖျော်သောက်၍ မျက်လုံးများမှိတ်ကာ စနစ်ကို အာရုံစိုက်လိုက်သည်။
“စနစ်ရေ နောက်ထပ်အလုပ်စမယ်”
[ဘဝအသစ်၊ အတွေ့အကြုံအသစ်]
[ဂုဏ်ယူပါသည်။ ထိပ်တန်းအေးဂျင့်ဝတ္ထုမှာ စံနှုန်း ပြည့်မီပါသည်။]
[ခဏစောင့်ပါ။ အလုပ် ကျပန်းရွေးနေပါသည်။]
[သတိပေးချက်: အတွေ့အကြုံတိုင်းသည် လှပသော အမှတ်တရများဖြစ်ပြီး ဝတ္ထုအဖြစ် ပြောင်းလဲပေးပါမည်]
[ယခုတစ်ခါ အလုပ်အကိုင်မှာ… အွန်လိုင်း စာရေးဆရာ]
လင်းချွမ်လန့်ကာ နားမလည်နိုင် ဖြစ်သွား၏။
တော်သေးတာပေါ့။ အွန်လိုင်းစာရေးဆရာတဲ့လား။
အဲ့တာ ငါဖြစ်ပြီးသားလေ။
ကိုယ့်အတွေ့အကြုံကိုယ်ပြန်ယူရမှာလား။
သို့သော် နောက်ထပ်ကြားရသောအသံကြောင့် သူမျက်လုံးများ ဝင်းလက်သွား၏။
[ဂုဏ်ယူပါသည်။ အဆင့်အမြင့်ဆုံး စာရေးခြင်းအတတ်ပညာကို ရရှိပါသည်]
[စာရေးကောင်းခြင်း: စိတ်ထဲရှိသော ဇာတ်လမ်းများကို စကားလုံးအဖြစ် ပြောင်းလဲပေးပါမည်]
[ပုံရိပ်ယောင်လောက စတင်ပါတော့မည်။ အသင့်ပြင်ထားရန်]
စာရေးကောင်းခြင်းလား။
စနစ်က မကောင်းဘူးလို့ ဘယ်သူပြောတာလဲ။
တကယ် မိုက်တာပဲ။
လင်းချွမ် ပြုံးရွှင်နေတော့သည်။
စာရေးဆရာများတွင် စိတ်ထဲ၌ ဇာတ်လမ်းများစွာ၊ ဇာတ်ကွက်များစွာ ရှိကြသော်လည်း ပြန်ချရေးသည့်အခါ အားနည်းတတ်ကြသည်။
ယခုတော့ စာရေးကောင်းခြင်းပညာ ရရှိသောကြောင့် ဝတ္ထုကောင်းများ ရရှိရန် စိုးရိမ်စရာ မလိုတော့ပေ။
အရည်အချင်းအပြည့်နဲ့ ပလက်တီနမ်အဆင့် စာရေးဆရာဖြစ်လာဖို့က လက်တစ်ကမ်းအကွာမှာပဲ ရှိတော့တယ်။
ငါ ဒီအထိ အရည်အချင်းတွေနဲ့ ရောက်လာတာပဲ။
စနစ်ရေ စမယ်။
မကြာမီ လင်းချွမ် အမြင်များဝေဝါး၍ လက်တွေ့နှင့် ပုံရိပ်ယောင်တို့ ရောနှောကာ အလုပ်အသစ်ဆီသို့ ရောက်ရှိသွားတော့သည်။ လင်းချွမ်လည်း စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်မိလေ၏။