ကိုယ့်အကြောင်းကိုယ် ရေးတာလား
Vol. 36 Ch. 547
ပြတင်းပေါက်အပြင်ဘက်မှ ညကောင်းကင်မှာ အရုဏ်တက် မိုးလင်းမည့်အချိန်ကို စောင့်မျှော်နေဟန် တူ၏။
ပုံရိပ်ယောင်လောကတွင်တော့ နံနက်ခင်းလေပြည်နှင့်အတူ လင်းချွမ် နိုးထနေသည်။
ယခုတစ်ခါ အလုပ်မှာ ထူးခြားလှသည်။
မကြာမီ လင်းချွမ် ပုံရိပ်ယောင်လောကထဲ နစ်မျောသွားတော့၏။
ထိုလောကကို လင်းချွမ်အနေဖြင့် ရင်းနှီးနေသလို ဖြစ်နေသည်။
သူ ယခုတွေ့နေရသည်မှာ အခန်းငယ်တစ်ခုဖြစ်ပြီး ရှေ့တွင် ကွန်ပျူတာတစ်လုံး ချထားသည်ကို တွေ့ရ၏။ မျက်နှာပြင်တွင်မူ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကို မြင်နိုင်သည်။
သူ ဝတ္ထုတစ်ပုဒ်ရေးသားနေပြီး ခေါင်းစဉ်မှာတော့ ဗလာဖြစ်နေ၏။
အခုချက်ချင်း ဝတ္ထုစရေးရတော့မှာလား။
လင်းချွမ် အခန်းငယ်ကို လှည့်ပတ်ကြည့်လိုက်ရာ တစ်ယောက်အိပ်ကုတင်တစ်လုံးနှင့် ထိုအပေါ်တွင် သူ့အဝတ်အစားများ ပုံထားသည်ကလွဲ၍ ပစ္စည်းများများစားစား မရှိပေ။
ထို့နောက် မျက်နှာပြင်ကို ပြန်ကြည့်လိုက်၏။
ကလောင်အမည်: မစ္စတာလင်း
စာအုပ်: မရှိ
လင်းချွမ် ထိုမျှတွေ့ရုံဖြင့် သူ ယခုကြုံနေရသော အခြေအနေကို သဘောပေါက်သွားလေပြီ။
အိမ်ခန်းအငှါး၊ တစ်ကိုယ်တည်း၊ ပိုက်ဆံမရှိ၊ အွန်လိုင်းဝတ္ထုလောကထဲ ဝင်ရောက်ရန် ပြင်နေဆဲ ဖြစ်သည်။
သူ ပထမဆုံး စ၍ ဝတ္ထုရေးသည့်အချိန်သို့ ပြန်ရောက်သွားသလို ခံစားရ၏။ ထို့နောက် သက်ပြင်းချကာ သေချာစဉ်းစားနေသည်။
အခု အွန်လိုင်းစာရေးဆရာပြန်ဖြစ်လာ၍ မည်သို့သောဝတ္ထုမျိုး ရေးရမည်နည်း။
လူဝင်စားလား။
အချစ်အကြောင်းလား။
အောင်မြင်မှုလား။
လင်းချွမ်အတွေးထဲ အမျိုးအစားအစုံ ပေါ်လာသည်။
သို့ရာတွင် နောက်ဆုံးတွင် ပြစ်မှုများအကြောင်း၌သူ တဝဲလည်လည်ဖြစ်၍ ရုန်းမထွက်နိုင်ပေ။
“တကယ်ပါပဲ။ ပြစ်မှုတွေအကြောင်း ထပ်ရေးရဦးမှာလား။ စာအုပ်ထွက်တဲ့အခါ အကြီးအကဲကျောက်နဲ့ အကြီးအကဲဝမ်တို့ ငါ့ကို အရင်လာစစ်ဆေးကြရင် ဘယ်လိုလုပ်မလဲ”
လင်းချွမ်တစ်ယောက်တည်း အတွေးများနေသည်။
ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး စာအုပ်ခေါင်းစဉ်နေရာ၌ စကားလုံးအချို့ ချရေးလိုက်သည်။
လှည့်စားခြင်း။
ထိုည ပုံရိပ်ယောင်လောကထဲတွင် လင်းချွမ်တစ်ယောက် အလွန် လျင်မြန်စွာ စာလုံးများ ရိုက်နှိပ်နေ၏။
…
လက်တွေ့လောကတွင်မူ လင်းချွမ်သည် ပျင်းရိစွာ လဲလျောင်းလျက် အိပ်ရာပေါ်၌ အိပ်နေသလို ထင်ရ၏။
အွန်လိုင်းဝတ္ထုရေးဆရာအဖြစ် ပြန်ကြုံရခြင်းမှာ ထူးခြား၍ အကျိုးရှိလှသည်။
မကြာမီ စနစ်မှအသံကို ကြားရ၏။
[ဂုဏ်ယူပါသည်။ အွန်လိုင်းစာရေးဆရာ အတွေ့အကြုံ အောင်မြင်ပါပြီ]
[အဆင့်မြင့် စာရေးသားခြင်းပညာ ရရှိပါသည်]
[သင့်ပုံရိပ်ယောင်လောက အတွေ့အကြုံကို ‘အမျိုးသားလုံခြုံရေးခေါင်းဆောင်-စာရေးဆရာ ဟန်ဆောင်နေတုန်းလား’ ဟူသည့်ခေါင်းစဉ်ဖြင့် ထုတ်ဝေပေးပါမည်]
[…]
နောက်တစ်နေ့တွင် နေရောင်ခြည်သည် တောက်ပစွာ လင်းနေ၏။
လင်းချွမ် ကျန်းရှင်းရှင်းအား ဖက်ထားရင်း နိုးထလာ၏။
ကျန်းမှာ မျက်လုံးလေးပွင့်လာပြီး နူးညံ့စွာ ရယ်မောလျက်
“သူဌေးရော နိုးပြီလား”
“အခုထိ သူဌေးလို့ ခေါ်တုန်းလား”
လင်းချွမ် အနည်းငယ်ဟောက်သလိုလေး ပြောသည်။
ကျန်း မျက်နှာလေးရဲလျက်
“အကျင့်ပါနေလို့ပါ”
လင်းချွမ်ပြုံး၍ ကြည့်နေရင်း
“ဒါဆို နာမည်အသစ်ကို ကျင့်သားရအောင် လုပ်ရမှာပေါ့”
“ဟုတ်ကဲ့ပါ”
ကျန်း သွက်လက်စွာ ပြန်ဖြေသည်။
လင်းချွမ် သူ့ဆံနွယ်များအား အသာပုတ်၍
“ခဏထပ်လှဲလိုက်ဦးလေ။ ကို မနက်စာပြင်ပေးမယ်”
သူ ထထိုင်ရန် ပြင်လိုက်စဉ် ကျန်းမှ
“ကျွန်မက ပြင်တောင် ပြင်ပြီးသွားပြီ”
လင်းချွမ် မှင်တက်၍ ကြည့်နေ၏။
ကျန်း ပြုံးလျက်
“ရှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလို့လေ။ ကျွန်မပဲ အရင်ထပြီး မနက်စာ ပြင်ထားလိုက်တာ။ ပြီးတော့ နွှေးပြီး ပြန်လာအိပ်တာ”
လင်းချွမ်ရင်ထဲ အလွန်နွေးထွေးသွားမိသည်။
ကျန်းမှာ အမြဲတမ်း သူ့အတွက် တွေးပေး၍ တစ်ခုချင်းစီမှာ ရင်နှင့်အမျှ ခံစားရပါသည်။
“သွားမယ်လာ။ မနက်စာစားရအောင်”
ကျန်း သူ့ကို အိပ်ရာထဲမှ ဆွဲထူ၍ ခေါ်သွား၏။
လင်းချွမ်မှာ ပြုံးဖြီးနေတော့သည်။
ထိုအချိန်တွင် စနစ်မှ စာအုပ်ထုတ်ခြင်းလည်း ပြီးသွားသည်။
“မြန်သားပဲ”
လင်းချွမ် ရေရွတ်မိသည်။
မည်သို့ပင်ဖြစ်စေ စာအုပ်ရေးပြီးပြီဖြစ်၍ အယ်ဒီတာ ယုယွီထံ စာပို့လိုက်၏။
“ယုယွီ ကျွန်တော်စာအုပ်အသစ် ရေးပြီးပြီ”
မကြာမီ ယုယွီစာပြန်လာသည်။
“ကောင်လေး စာအုပ်အသစ် ရပြီလား။ ဒီတစ်ခါ ဘာအကြောင်းလဲ”
လင်းချွမ် မနက်စာစားရင်း ပြန်ဖြေ၏။
“ဒီတစ်ခါတော့ ပြစ်မှုအကြောင်း အတိအကျ မဟုတ်ဘူး။ ဒါပေမဲ့ နီးစပ်ပါတယ်”
“နီးစပ်တာလား။ အချစ်ကြမ်းကြမ်းအကြောင်းလား”
ယုယွီ လန့်ဖျပ်ကာ ပြန်မေးသည်။
လင်းချွမ် နေရခက်စွာဖြင့် အမြန် ပြန်ရှင်းပြသည်။
“ပြစ်မှုအမျိုးအစားနဲ့ နီးစပ်တယ်ပြောတာပါ”
ယုယွီ ထိုအခါမှ သဘောပေါက်သွားပြီး
“အထင်လွဲသွားတာပဲ။ ကောင်လေး ဒီတစ်ခါ ဘယ်လောက်အထိ ရေးထားလဲ”
လင်းချွမ် စဉ်းစား၍
“သူ့အလုပ်အကိုင်က အွန်လိုင်းဝတ္ထုရေးဆရာလေ။ သူက ပြစ်မှုတွေအကြောင်း ရေးတာ။ အဲ့လိုပေါ့”
“ဟင်”
“ဘာလို့လဲ”
“အဲ့တာ ရှင့်အကြောင်းရှင်ရေးတာ မဟုတ်ဘူးလား”
ယုယွီ ရုတ်တရက် ထမေးလေသည်။
“အာ နားလည်မှုလွဲတာပါ။ ဝတ္ထုထဲကအကြောင်းတွေ အကုန်လုံးက စိတ်ကူးယဉ်ထားတာပဲ။ ယုယွီက အယ်ဒီတာလေ။ ပရိသတ်တွေလို အတူတူတွေးလို့ ဘယ်ဖြစ်မလဲ”
လင်းချွမ် စိတ်လှုပ်ရှားစွာ ရယ်မော၍ ရှင်းပြ၏။
“ကျွန်မလည်း ရှင့်ဝတ္ထုတွေ ဖတ်တာပဲ။ ဘာလို့ ပရိသတ်လို မတွေးရမှာလဲ”
ယုယွီရယ်မောကာ ပြန်နောက်၏။
လင်းချွမ် ပြုံး၍ ထိုအကြောင်းကို ဆက်မပြောရန် တွေးလိုက်သည်။ မဟုတ်လျှင် ပို၍ နက်နဲလာပေတော့မည်။
ထို့ကြောင့်
“ဒါဆို ဝတ္ထုကို ကြည့်လို့ရအောင် အစပိုင်းလေး ပို့ပေးလိုက်ရမလား”’
“ကျွန်မကိုလား။ ဘာမဟုတ်တဲ့ အယ်ဒီတာငယ်လေးက သခင်ကြီးရဲ့ ဝတ္ထုကို ဖတ်ကြည့်ပေးရမှာလား”
ယုယွီ ဆက်၍ စနောက်နေ၏။
လင်းချွမ်မှာတော့ အံ့ဩကာ
“သခင်ကြီးတဲ့လား”
“ဟုတ်တယ်လေ။ (၂၀၂၄) ခုနှစ်ရဲ့ သခင်ကြီးပဲကို”
ယုယွီ ပြန်ရှင်းပြသည်။
လင်းချွမ်မှာ ပြုံးလျက်
“ကျွန်တော်တော့ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကိုရဖိူ့ ခြေတစ်လှမ်းနီးလာပြီ ထင်ပါတယ်”
“လွှမ်းမိုးနိုင်တဲ့ ပလက်တီနမ်အဆင့် စာရေးဆရာတွေကို ဧပြီကနေ ဇွန်လအတွင်း ဆုံးဖြတ်တာမို့လို့ပေါ့။ မဟုတ်ရင် ရှင်တော့ တစ်ခါတည်းနဲ့ ပါသွားပြီ”
ယုယွီ လင်းချွမ်ကို အပြည့်အဝ ယုံကြည်ပါသည်။
လွန်ခဲ့သောနှစ်က လင်းချွမ်တစ်ယောက် သူ့၏ ကောင်းကင်တစ်ဝက် ဖြစ်ခဲ့ပေးလေသည်။
သူ့အောင်မြင်မှုတစ်ဝက်သည် လင်းချွမ်ထံမှ ရခြင်းပင်။
မဟုတ်သေးဘူး။ တစ်ဝက်ထက်ပင် ကျော်သေး၏။
ပြည်တွင်းရောပြည်ပပါ အောင်မြင်သည့်အပြင် လှည့်စားခြင်းဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲနိုင်ပြီး ယခု ရေခဲနက်ကိုလည်း ရိုက်ကူးနေပြီ ဖြစ်သည်။
ဤသို့သော အောင်မြင်မှုများစွာကြောင့် ယုယွီမှာ အယ်ဒီတာချုပ်အထိ ရာထူးတိုးခဲ့လေ၏။