စာအုပ်အသစ် ထုတ်ဝေခြင်း
Vol. 36 Ch. 548(ဇာတ်သိမ်းပိုင်း)
ပြောရလျှင် ပထမအဆင့် လက်ထောက်အယ်ဒီတာချုပ်အထိ ဖြစ်နိုင်ပြီး ကျန်းရီရှင်း နေရာကိုပင် အစားထိုးနိုင်လေသည်။
“ယုယွီရယ် မြှောက်မနေပါနဲ့တော့”
လင်းချွမ် ပြန်ပြောလိုက်သည်။
“ဒါနဲ့ သတင်းကောင်း ရှိသေးတယ်။ ကျွန်မတို့ဆီမှာ အွန်လိုင်းစာရေးဆရာစုဝေးပွဲ လုပ်မလို့။ အဲ့တာ ရှင့်စာရေးတဲ့အတွေ့အကြုံလည်း မျှဝေစေချင်လို့လေ”
ယုယွီ သတင်းများ တစ်ခုပြီးတစ်ခု ပြောပြလေသည်။
လင်းချွမ် မှင်တက်သွားပြီး
“အဲ့လိုတွေ မပြောပါနဲ့။ ကျွန်တော်က ဘာမဟုတ်တဲ့ စာရေးဆရာလေးပါ”
“လူလိမ်”
ယုယွီ တစ်ခွန်းတည်း မှတ်ချက်ပြု၏။
“ဟုတ်ပါပြီ။ ပြောလက်စ ဆက်ပြောတာပေါ့။ အရင်လိုပဲ ကျွန်တော့်ဝတ္ထုအစပိုင်းကို ပို့ပေးလိုက်မယ်နော်”
လင်းချွမ် စကားလမ်းကြောင်း ပြန်တည့်ပေးလိုက်သည်။
ဍ
“ကောင်းပါပြီ။ ကျွန်မတော့ အရမ်းဖတ်ချင်နေပြီ”
ထိုအချိန်တွင် ယုယွီ၏မျက်လုံးများမှာ ကြည်လဲ့၍ ပြုံးနေသည်။
နာရီဝက်အကြာ၌။
ယုယွီ လင်းချွမ်အား စာပို့လိုက်၏။
“ဒါက ရှင့်အတ္ထုပတ္တိမဟုတ်တာ သေချာရဲ့လား”
လင်းချွမ် နေရခက်စွာဖြင့် နှာခေါင်းလေးပွတ်လျက်
“တကယ် မဟုတ်ပါဘူး”
“အင်းပါ။ ယုံလိုက်မယ်နော်။ တကယ်ပါ”
ယုယွီ တမင်ပြန်ဖြေသည်။
“ယုယွီ ဒီလိုတုံ့ပြန်မယ်လို့ ထင်သားပဲ။ ဒါပေမဲ့ တကယ်ကို အတ္ထုပတ္တိမျိုး မဟုတ်ပါဘူး”
လင်းချွမ်လည်း သေချာပြန်ရှင်းပြသည်။
တစ်ဖက်တွင်တော့။
ယုယွီတစ်ယောက် စားပွဲရှေ့တွင်ထိုင်ရင်း လင်းချွမ်ဝတ္ထုကိုကြည့်၍ ပြုံးကာ စာပို့လိုက်သည်။
“ကဲပါ။ ယုံတယ်နော်။ စာအုပ်ထုတ်ဖို့က အရင်လိုပဲမလား”
“ဟုတ်ကဲ့”
“ရတယ်လေ။ ပို့လိုက်တော့။ ရုံးအဖွဲ့ကို ပရိုမိုးရှင်းကိစ္စတွေပါ လုပ်ဖို့ ပြင်ဆင်ခိုင်းထားလိုက်မယ်”
ယုယွီမှာ ယခုအချိန်တွင် ရာထူးတိုးထားသောကြောင့် ပို၍ အခွင့်အာဏာရှိလာပြီး လင်းချွမ်အတွက် ကြော်ငြာအပြည့်အဝ ထောက်ပံ့ရန်မှာ ခက်ခဲလှသည် မဟုတ်ချေ။
မကြာမီ။
လင်းချွမ်၏ စာအုပ်အသစ်ဖြစ်သော ‘အွန်လိုင်းစာရေးဆရာ ဟန်ဆောင်နေတုန်းလား’ သည် အွန်လိုင်းပေါ် ရောက်လာတော့၏။
အလွန်ရုတ်တရက်ဖြစ်၍ ကနဦးကြော်ငြာ မရှိလိုက်သော်လည်း မထင်မှတ်စွာဖြင့် ဝတ္ထုမှာအလွန်ပေါက်သွားသည်။
အရင် ပြစ်မှုအကြောင်းများရေးစဉ်က လင်းချွမ်၌ ကြောက်စရာကောင်းလောက်အောင် ပရိသတ်အခြေခံ ရရှိထား၏။ ယခုအခါ ယုယွီမှ သူ့လုပ်ပိုင်ခွင့်အားလုံး သုံး၍ စာအုပ်ကို ကြော်ငြာပေးသောကြောင့် ပရိသတ်များမှ ရုတ်တရက် ပရိုမိုးရှင်းများ လက်ခံရရှိကာ လူသိများလာတော့သည်။
ချက်ချင်းပင် ထိုစာအုပ်မှာ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၌ အရောင်းရဆုံးစာရင်းထဲ ပါသွား၏။
လင်းချွမ်၏ ပရိသတ်များမှာ လျှပ်စီးကဲ့သို့ အလျင်ဖြင့် စာအုပ်အသစ်ကို ချက်ချင်း ဖတ်ကြသည်။
“ကျွန်တော့်နာမည်ကတော့ မစ္စတာလင်း။ မအောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ပါ”
“ကျွန်တော် ဒီလောကထဲ စဝင်တုန်းက ကျွန်တော့်ရဲ့ ရိုးရှင်းတဲ့ပန်းတိုင်ကတော့ လူဖတ်များဖို့လောက်ပဲ။ ဒါပေမဲ့ မထင်မှတ်စွာနဲ့ တိုးတက်မှုတွေ ကြုံရပြီး တော်တော် အောင်မြင်သွားတယ်”
“ဖြစ်နိုင်ရင် အဲ့လို အငှါးတိုက်ခန်းထဲမှာ တစ်ညလုံး စာတွေရေးနေခဲ့တဲ့ အချိန်မျိုးကို ပြန်သွားချင်ပါသေးတယ်။ အဲ့အချိန်က ကျွန်တော့်ဘဝမှာ အပျော်ရွှင်ဆုံးနဲ့ အတက်ကြွဆုံး အချိန်တွေပါပဲ”
“ဒါပေမဲ့ အခုတော့ အဲ့လို စာရေးဆရာငယ်လေးဘဝကနေ လွတ်မြောက်ပြီး subscription (၁) သောင်းနဲ့ အောင်မြင်တဲ့စာရေးဆရာ တစ်ယောက် ဖြစ်လာပြီ။ ပလက်တီနမ်အဆင့် အထိပေါ့”
“အခုမှတော့ ပြန်လှည့်လို့ မရတော့ပါဘူး”
“…”
ထိုနေရာအထိ ဖတ်ပြီးနောက် လင်းချွမ်၏ ပရိသတ်များလည်း အမျိုးမျိုး ဝေဖန်မိကြလေသည်။
“နှိမ့်ချသလိုနဲ့ ကြွားနေတာပဲ။ တိုင်ချင်လိုက်တာ”
“ဟုတ်ပါပြီ။ ဒီစာအုပ် စဖတ်ပြီး မစ္စတာလင်းအကြောင်း သိရတော့မှာပေါ့”
“မစ္စတာလင်း သတိပေးထားမယ်နော်”
“စာရေးဆရာက သူ့အကြောင်းသူ ရေးနေတာလား။ ပလက်တီနမ်းအဆင့်တဲ့”
“မစ္စတာလင်းကတော့ သေချာပေါက် ကြွားနေတာပဲ”
“…”
အချိန်တစ်ခုအထိ စကားနှင့်ရော အရေးအသားဖြင့်ပါ ဝေဖန်ပြောဆိုကြလေသည်။
သို့သော်လည်း ထိုသို့ပြောဆိုပြီးနောက် ဆက်၍ဖတ်ကြပြန်သည်။
“မအောင်မြင်တဲ့ အွန်လိုင်းစာရေးဆရာကနေ ပလက်တီနမ်အဆင့် ဖြစ်လာတာပေါ့။ အဟမ်း။ အဲ့ကာလအပိုင်းအခြားကိုတော့ ကျွန်တော်လည်း နားမလည်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် လုပ်နိုင်ခဲ့ပါတယ်”
“လက်ရှိမှာ ကျွန်တော်ကတော့ ဘာမဟုတ်တဲ့ စာရေးဆရာလို့ပဲ ခံယူပါတယ်”
“အေးဆေး စာရေးတယ်။ စိတ်ရင်းနဲ့ ပြောတယ်။ ဒါပေမဲ့ အခုချိန်အထိ လူသိများတဲ့ စာရေးဆရာငယ်လေးပေါ့”
“အမှန်အတိုင်း ပြောရရင်တော့ လူသိများတဲ့ ခံစားချက်က တကယ်ကောင်းပါတယ်”
“ဒါပေမဲ့ အမျိုးသားလုံခြုံရေးအဖွဲ့က ရောက်လာပြီး ကျွန်တော့်အိမ်ရှေ့ တံခါးခေါက်ရင်တော့ တခြားလမ်းကို ရွေးရမှာပေါ့”
“ဒီဇာတ်လမ်းဟာ ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ကနေ စပါတယ်”
“ကျွန်တော့် ပထမဆုံးစာအုပ်နာမည်က သူခိုးမှာ နည်းလမ်းရှိတယ်တဲ့”
“…”
မစ္စတာလင်း၏ အွန်လိုင်းစာရေးဆရာခရီးမှာ ဇာတ်လမ်းထဲ၌ အစအဆုံး ပါဝင်၏။
ထိုသို့ ပထမဆုံးစာအုပ်မှစ၍ မစ္စတာလင်းတစ်ယောက် ဝဲဂယက်ထဲ ကျရောက် လည်ပတ်ရင်း အမျိုးသားလုံခြုံရေးအဖွဲ့ လာရှာပုံများလည်း ပါဝင်သောကြောင့် ပရိသတ်များမှာ ဆက်တိုက်ဖတ်ချင်စိတ် ဖြစ်ပေါ်စေသည်။
ထိုအချိန်တွင် ကွန်းမန့်များလည်း အတော်များနေလေပြီ။
လူကြိုက်များ၍ ထိပ်ဆုံးရောက်နေသော စကားအချို့မှာ
“ဘုရားရေ ဒီတစ်ခါတော့ တကယ့် အတ္ထုပတ္တိပဲ”
“ဒီလူကတော့။ သံသယရှိသူလင်းဆိုတဲ့နာမည်ကနေ အမျိုးသားလုံခြုံရေးအဖွဲ့အထိ တိုးတက်အောင် လုပ်ပြနိုင်သွားတာပဲ”
“စာအုပ်ရေးဖို့ပဲ ပြောတာလေ။ အမျိုးသားလုံခြုံရေးအဖွဲ့ထဲ ဝင်ဖို့ ပြောတာမှ မဟုတ်တာ”
“အွန်လိုင်းဝတ္ထုရေးရင်းကနေ အမျိုးသားလုံခြုံရေးအဖွဲ့ထဲ ရောက်သွားတာပဲ။ မစ္စတာလင်းက တကယ် တစ်ခုခုနော်”
“သက်ဆိုင်ရာ အရာရှိတို့ ဒီစာရေးဆရာကို လာကြည့်ကြပါဦး။ သူ့လျှို့ဝှက်ချက်တွေ ပြောနေပြီ”
“…”
လင်းချွမ်မှာ ရဲစခန်းရှိ အထူးအဖွဲ့ အထိုင်ချရာ ပူးပေါင်းအဖွဲ့ရုံးခန်းသို့လာရင်း ထိုကောမန့်များကို ဖတ်ကြည့်နေ၏။
သူ ကြည့်ရင်းကြည့်ရင်း အံ့ဩလွန်း၍ ရင်ဘက်ပင် နာလာသည်။
ကံကောင်းစွာဖြင့် ကျောက်ဝေကျန်နှင့် ဝမ်အန်တို့ ပြောသည့် စည်းမျဉ်းများအရ ထိုအခြေအနေကို ဖုံးထားသောကြောင့် သူ မည်သည့်ဝတ္ထုများရေးသည်ကို စိတ်မဝင်စားကြပေ။ အလုပ်နှင့် တိုက်ရိုက်ပတ်သက်သည်များကို မပြောမချင်း ဥပဒေချိုးဖောက်ရာ မကျပေ။
လင်းချွမ် ချက်ချင်းပင် ကွန်းမန့်များ ဖတ်နေရာမှ ပိတ်လိုက်၏။
ရုံးခန်းသို့ ရောက်လေပြီ။
ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ စောရောက်နေကြပြီး စောင့်နေသည်မှာ ကြာပြီဖြစ်သည်။
ရှန်ချန်းချန်း သူ့ကိုတွေ့သောအခါ လှမ်းနှုတ်ဆက်၏။
“ခေါင်းဆောင် နောက်ဆုံးတော့ ရောက်လာပြီပဲ”
လင်းချွမ် လှမ်းကြည့်လိုက်သောအခါ အလုပ်ချိန်မစသေးသောကြောင့် ဖုန်းထဲတွင် စာပိုဒ်ရှည်အချို့ကို တွေ့ရသည်။
ခက်ခက်ခဲခဲ ခန့်မှန်းစရာ မလိုချေ။
အမာခံပရိသတ်နှစ်ဦး စာအုပ်အသစ်ကို ဖတ်နေလေပြီ။
ရှချင်းချင်းလည်း သူ့အနားရောက်လာပြီး ရယ်မောလျက်
“ခေါင်းဆောင် ဒီတစ်ခါတော့ တကယ် အတ္ထုပတ္တိ ရေးလိုက်တာပဲ”
လင်းချွမ် နဖူးကိုဖိလျက် ဘာပြန်ပြောရမည်မသိ ဖြစိနေသည်။
ရှန်ချန်းချန်းလည်း ပြုံးလျက်
“မစ္စတာလင်းက သူ့နာမည်ပျက်ကို ဖယ်ရှားပြီး အမျိုးသားလုံခြုံရေးအဖွဲ့ထဲ ရောက်လာတယ်တဲ့”
လင်းချွမ် ခပ်တည်တည် မျက်နှာထားဖြင့်
“အလုပ်ချိန်အတွင်း မဆိုင်တာတွေ မပြောနဲ့။ မဟုတ်ရင် လစာဖြတ်မှာနော်”