တရားဝင် စတင်ခြင်း
Vol. 36 Ch. 545
အစည်းအဝေးခန်းထဲ၌။
ယခုအခါ လင်းချွမ်ဘက်မှ မှင်တက်ရမည့်အလှည့် ဖြစ်သည်။
အမျိုးသားလုံခြုံရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ ပူးပေါင်း၍ အန်လင်း၌ ရုံးထိုင်မည်ဟု လုံးဝ မထင်ထားချေ။
ထိုကဲ့သို့ အဖွဲ့အစည်း (၂) ခု ပူးပေါင်းခြင်းမှာ အင်တာပိုမှ ရဲစခန်းထဲ၌ ရုံးခန်းဖွင့်ခြင်းလောက် ရိုးရှင်းသည် မဟုတ်ပေ။
ယခုတော့ သူသည် အဖွဲ့နှစ်ခု၏ ဆုံမှတ်အနေဖြင့် ဖြစ်လာမည်ဖြစ်ပြီး အဖွဲ့များနှင့်တော့ မသက်ဆိုင်လှပြန်ပေ။
အခွင့်အာဏာနှင့် တာဝန်တို့မှာ လင်းချွမ် ထင်ထားသည်ထက် ပိုနေသေး၏။
ကျောက်ဝေကျန်နှင့် ဝမ်အန်တို့မှာ လင်းချွမ်အတွက် အထူးတွေးပေးကာ စီစဉ်ထားသည်ဟု ဆိုနိုင်သည်။
လင်းချွမ်၏ အံ့ဩသွားပုံကိုတွေ့ကာ ဝမ်အန်ပြုံးလျက်
“ငါတို့ ဌာနနှစ်ခုက တာဝန်အရပဲ နည်းနည်း ပူးပေါင်းရတာပါ။ အဲ့တာကြောင့် အန်လင်းမှာသာ ဖွင့်ထားလိုက်ရင် ဟန်မြစ်အပိုင်းအထိ ချဲ့လို့ရပြီး နောက်ဆုံး တောင်ပိုင်းတစ်ခုလုံးကိုပါ စိတ်ချထားလို့ ရပြီလေ”
ကျောက်ဝေကျန် ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်။ ဒီနည်းနဲ့ လင်းရဲ့စွမ်းရည်အမျိုးမျိုးကိုလည်း အသုံးချနိုင်မယ်။ လင်းကိုယ်တိုင်လည်း ကျေနပ်မယ်လို့ ယုံပါတယ်”
နှစ်ယောက်သား သဘောတူညီထားပြီးနောက် လင်းချွမ်အား မျှော်လင့်တကြီး ကြည့်မိကြ၏။
သူတို့၏ ပြင်ဆင်အားထုတ်မှုနှင့် အထူးဝန်ဆောင်မှုများကြောင့် လင်းချွမ် မတွေဝေနေနိုင်တော့ပေ။
ထို့နောက် အကြီးအကဲများကိုကြည့်၍
“အကြီးအကဲတို့ သေချာစဉ်းစားပြီး စီစဉ်ထားတာဆိုတော့ ကျွန်တော်လည်း လက်ခံပါတယ်ဗျာ”
အခြားစကားလုံးများ ထပ်မလိုတော့ပေ။
လင်းချွမ်၏အဖြေမှာ လက်ခံခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် သူ ပါဝင်လာသည်နှင့် ပိုမိုကောင်းမွန်သော စွမ်းရည်များနှင့် အထူးအဖွဲ့ကို ရရှိစေလိမ့်မည်။
အကြီးအကဲ (၂) ဦးမှာ အချင်းချင်း ကြည့်လိုက်ပြီး မျက်နှာများမှာ ချက်ချင်း ဝင်းလက်သွား၏။
ရလဒ်မှာ (၃) ယောက်လုံးအတွက် အကျိုးရှိပါသည်။
“အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ အခုပဲ လင်းရဲ့ ဝင်ခွင့်ကိစ္စတွေ ပြင်ရမယ်”
ဝမ်အန် ချက်ချင်းထပြော၍ ပြုံးရွှင်နေသည်။
ကျောက်ဝေကျန်လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံ၏။ ထိုသို့ ရာထူးကြီးနှစ်ဦး၏ အမိန့်များဖြင့်ဆိုလျှင် လုပ်ဆောင်နိုင်စွမ်းမှာ လင်းချွမ် ထင်ထားသည်ထက်ပင် ကျော်လွန်ပေဦးမည်။
အစကတော့ ထိုကဲ့သို့ အထူးရုံးဖွင့်၍ လုပ်ငန်းများ ဆောင်ရွက်ရေး၊ နိုင်ငံရေးအဖွဲ့ထဲ ဝင်ရောက်ရန် ပြင်ဆင်ရေးတို့မှာ အနည်းဆုံး (၅) ရက်မှ (၈) ရက်အထိ ကြာနိုင်သည်ဟု တွေးထား၏။
သို့ရာတွင် မထင်မှတ်စွာဖြင့် တစ်ရက်အတွင်း လုပ်ငန်းများအားလုံး စီစဉ်ကာ အန်လင်းရဲစခန်း၌ ရုံးထိုင်ခြင်းကိစ္စများ အကုန် ပြီးစီးသွားတော့သည်။
ထို့နောက် အဖွဲ့ဝင်များအနေဖြင့် နည်းပညာဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် အဓိကဝန်ထမ်းများဖြစ်သော ရှန်ချန်းချန်း၊ ရှချင်းချင်းတို့မှ အရင်ဆုံး ပူးပေါင်းလာသည်။
နှစ်ဦးစလုံးမှာ ကိုယ်ပိုင် အရည်အချင်းများ ရှိ၏။
လင်းချွမ်၏ စစ်ဆေးသုံးသပ်ချက်အရ ရှန်ချန်းချန်း၏ မှုခင်းစစ်ဆေးရေး နည်းပညာသည် လင်းချွမ်၏ (၁၀) ပုံ (၁) ပုံမျှ ထူးချွန်လေသည်
ဆိုက်ဘာလုံခြုံရေးအဖွဲ့တွင် ပါဝင်ခဲ့သော ရှချင်းချင်းမှာလည်း လင်းချွမ်၏ ညွှန်ကြားချက်ဖြင့် ကွန်ပျုတာနည်းပညာများကို အဆင့်မြင့်ဖြစ်အောင် တတ်ကျွမ်းလာပြီး အချက်အလက် စုဆောင်းရေးမျိုး၌ အထူးအကူအညီရ၏။
လင်းချွမ်မှာတော့ သူ၏ ဝင်ရောက်လာပုံမှာ ထိတ်လန့်စရာကောင်းလောက်အောင် မြန်ဆန်လွန်းသည်။
အထူးခန့်အပ်ထားသော အခြေအနေအရ စာရွက်စာတမ်းအချို့ လက်မှတ်ထိုး၍ ရာထူးအတိအကျ တံဆိပ်ကပ်ခံရပြီးသည်နှင့် ယူနီဖောင်းလဲရတော့၏။
မျက်စိတစ်မှိတ်အတွင်း လင်းချွမ်တစ်ယောက် ရုံးခန်းထဲ ရောက်လာသည်။
သူ့ရုံးခန်းပတ်ဝန်းကျင်ကို လိုက်ကြည့်နေမိသည်။
အထူးသဖြင့် စားပွဲပေါ်မှ နာမည်ပြား ဖြစ်၏။
အဖွဲ့ခေါင်းဆောင် လင်းချွမ်။
သူ အခုထိ အိပ်မက်ကဲ့သို့ ထင်မှတ်နေသည်။
အရမ်းမြန်တာပဲ။
ထိုအချိန်တွင် ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့မှာတော့ အရင်ရာထူး၏အလုပ်များကို လွှဲပြောင်းနေရ၍ နောက်ရက်မှ ပြောင်းလာကြမည် ဖြစ်သည်။
ကျောက်ဝေကျန်နှင့် ဝမ်အန်မှ လင်းချွမ် စိတ်ဝင်စားသည့် အရည်အချင်းရှိသူများ ထပ်ရှိလျှင် ပြောရန်မှာထားသေး၏။ ထိုမှသာ အဖွဲ့လည်း စည်ကား၍ အလုပ်ဖြစ်ပေမည်။
သို့သော် ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ ပါဝင်ထားပြီး၍ လင်းချွမ်အနေဖြင့် အခြားလူများ ထပ်မလိုတော့ပေ။
ထို့အပြင် အထူးအဖွဲ့မှာ ပေါင်းစည်းအဖွဲ့လည်း ဖြစ်သောကြောင့် အကြီးအကဲများ သဘောကျသူများကိုလည်း ဝင်ခွင့်ပေးရမည်။
ထို့ကြောင့် လင်းချွမ် ထပ်မတောင်းဆိုတော့ပေ။
အကြီးအကဲများလည်း အလွန်ကျေနပ်စွာဖြင့် လင်းချွမ်အတွက် အားလုံး စီစဉ်ပေးပြီးနောက် ညနေပိုင်း အနည်းငယ်သောက်ပြီးမှ ပြန်သွားကြသည်။
လင်းချွမ်လည်း အကြီးအကဲများ ပြန်သွားသည်ကို ကြည့်ပြီး သက်ပြင်းချမိသည်။
သူ မှောင်မိုက်သော ကောင်းကင်ပြင်ကို လှမ်းကြည့်ရင်း အပြုံးတစ်ပွင့်ပေါ်လာသည်။ ထို့နောက် ကားပေါ်တက်၍ အိမ်သို့ ပြန်လာတော့၏။
ကျန်းမှာ သူ့ကို စောင့်လျက် ရှိလေသည်။
“ရှင်းရှင်း ကို တရားဝင် အလုပ်ဝင်နေပြီ”
လင်းချွမ် သူ့အရှေ့တွင်ဝင်ထိုင်ရင်း ပြုံး၍ ပြော၏။
သူ နေ့လယ်တည်းကတော့ အကြမ်းဖျင်း ပြောပြထားပြီးဖြစ်ကာ ယခုမှ အရေးကြီး အချက်အလက်များကို အသေးစိတ် ပြောရတော့သည်။
ကျန်းလည်း လင်းချွမ်၏ ရီဝေဝေမျက်နှာကို ကြည့်ရင်း ထက်မြက်သောမိန်းမပီပီ ချက်ချင်း သဘောပေါက်၏။
“ကျွန်မတို့သူဌေးက တကယ် အထင်ကြီးစရာပဲ”
လင်းချွမ်မှာ အကျင့်ပါနေသည့်အတိုင်း ကျန်း၏ ပါးလေးကို အသာဆွဲလိုက်၏။
“ဒီနေ့ကစပြီး ရှင်းရှင်းပဲ ကုမ္ပဏီကိစ္စတွေ ပိုပြီး အာရုံစိုက်ရတော့မယ်”
“AW ရော၊ မော်ဂန်ရော၊ ပိုင်ရှန်ရော မရှိရင်တော့ ကျွန်မတို့ ၇၂၀ ကုမ္ပဏီလည်း ပြိုင်ဘက် လျော့သွားပါပြီ။ ပြီးတော့ လီချင်းနဲ့ အန်ဂျလီနာလည်း ရှိနေတာပဲ။ စိတ်သာချထားလိုက်”
ကျန်းမှ တောက်ပစွာ ပြုံးပြ၏။
လင်းချွမ် ခေါင်းတဆတ်ဆတ်ငြိမ့်သည်။
ယခုအခါ ၇၂၀ ကုမ္ပဏီ၏ တိုးတက်မှုသည် မရပ်တန့်နိုင်လောက်အောင် လမ်းကြောင်းမှန်ပေါ် ရောက်နေလေပြီ။
ဤသည်မှာ မြောက်ပိုင်းမှ အန်ဂျလီနာ၏ အစွမ်းကြောင့်လည်း ပါ၏။
လိုအပ်လျှင် အချက်အလက်များ လဲလှယ်နိုင်ပါသည်။