ဟက်ကာနတ်ဘုရားကို အောင်မြင်ခြင်း
Vol. 36 Ch. 529
ရှဉ့်တစ်ယောက် ရင်ထဲတွင် ရှုပ်ထွေးနေသည်။
ဤသည်မှာ တာဝန်တစ်ခုသာမကဘဲ စစ်ဆေးခြင်းလည်း ဖြစ်၏။
ကံကောင်းစွာဖြင့် သူ လင်းယုန်နှင့် ပူးပေါင်းထားလေသည်။
သူ ထိုစစ်ဆေးခြင်းကို အောင်မြင်ပါက ပိုင်ရှန်၌ ရာထူးကြီးတစ်ခုခု ရလေပြီ။
လင်းယုန်၏ အစီအစဉ်မှာ သူ့ကို အမြင့်သို့ တင်ပေးပြီးမှ ပိုင်ရှန်အုပ်စုအား တစ်ချက်တည်း ဆွဲချမည် ဖြစ်၏။
ထိုညတွင်။
သူဌေးကျောက်မှာ အပြင်တွင် သွားမပျော်ပါးဘဲ ကွန်ပျူတာခန်းထဲ၌သာ ရလဒ်ကို စောင့်နေသည်။
ရှဉ့်လည်း ထို့အတူပင်။
သူတို့အနောက်၌ အခြားဟက်ကာများမှာတော့ ခုခံရေရအကောင့်အား စောင့်ကြည့်နေကြ၏။
ဤနည်းဖြင့် ဝင်ရောက်လာသူ ရှိမရှိ ချက်ချင်း သိနိုင်ပါသည်။
ဝင်လာသူမှာ ရှဉ့်၏ လှည့်စားမှု ခံရခြင်း၊ မခံရခြင်းကိုပါ မြင်နိုင်၏။
တစ်နာရီခန့်အကြာတွင်။
ဟက်ကာတစ်ဦးမှ ရုတ်တရက် ထပြောသည်။
“သူတို့ ရောက်လာပြီ”
အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
သူဌေးကျောက် မျက်လုံးအရောင် လက်သွားပြီး မျက်နှာပြင်ကို အာရုံစိုက်လိုက်သည်။
ရှဉ့်လည်း သက်ပြင်းချမိ၏။
သူ လင်းယုန်၏ အရည်အချင်းကိုတော့ ယုံပါသည်။
သို့ရာတွင် သူဌေးကျောက်၏ စကားအရ သူတို့ ရင်ဆိုင်နေရသည်မှာ ဟက်ကာနတ်ဘုရားဖြစ်၏။
သူ စ၍ စိုးရိမ်လာမိသည်။
တစ်ခုခုများ မှားသွားမလား။
ရှဉ့်အကြည့်များ စူးရှလျက် ဝင်ကြည့်လိုက်သည်။
(၁) မိနစ်၊ (၂) မိနစ်၊ (၅) မိနစ်၊ (၁၀) မိနစ်…
ထိုအချိန်တွင် အကောင့်မှာ တဖြည်းဖြည်း ပိုတိုးဝင်လာ၏။
ဟက်ကာများအားလုံး အကြည့်မခွါနိုင်အောင် ဖြစ်နေကြသည်။
သူတို့ စိတ်လှုပ်ရှားစွာ ကြည့်နေရင်းမှ ရုတ်တရက် ထအော်လေ၏။
“တားလိုက်နိုင်ပြီ။ သူတို့ အကောင့်အထိပဲ ရောက်တယ်”
ဟက်ကာများအားလုံး ရှဉ့်ကိုလှမ်းကြည့်ကာ ထိတ်လန့်နေကြသည်။
ယခုတော့ သူတို့၏ လုပ်ဖော်ကိုင်ဖက် ရှဉ့်မှာ အောင်မြင်သွားလေပြီ။
“တကယ် အံ့ဩစရာပဲ”
ဟက်ကာတစ်ဦးမှ လက်မထောင်ပြ၍ စိတ်ရင်းဖြင့် ချီးကျူးလေသည်။
ရှဉ့်မှာ ဟက်ကာနတ်ဘုရားကို တားဆီးနိုင်ခဲ့ပြီး ဤသည်မှာ ခုခံရေး အဆင့်အမြင့်ဆုံးဟု ဆိုနိုင်၏။
သူဌေးကျောက်လည်း ပါးစပ်မှာ နားရွက် တက်ချိတ်မတတ် ပြုံးရွှင်၍
“ဟားဟားဟား တော်တယ် ကောင်လေး”
ရှဉ့်လည်း ချီးကျူးဂုဏ်ပြုသံများ နားထောင်ရင်း ကျေနပ်နေမိတော့၏။
ထို့နောက်
“သူဌေးကျောက်ရယ် ကျွန်တော် ပြောသားပဲ။ ဟိုဘက်က ဘယ်သူဖြစ်ဖြစ် တားနိုင်ပါတယ်လို့”
သူ့စိတ်ထဲတွင် လင်းယုန်ကို အလွန်လေးစား အံ့ဩနေမိသည်။
ဒါပေမဲ့ အခုတော့ နည်းနည်း ကြွားဝါခွင့် ပေးနော်။
သူဌေးကျောက်မှာ သူ့ကို ပို၍ သဘောကျလာသည်။
ရှဉ့်ကို ပိုင်ရှန်၌ ရွေးချယ် ခန့်အပ်မိခြင်းမှာ အလွန် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်လေ၏။
ပြဿနာတစ်စုံတစ်ရာ မတွေ့ရဘဲ အရည်အချင်း သီးသန့်ရှိသူပင်။
သူ ပျော်ရွှင် တက်ကြွစွာဖြင့်
“ကောင်လေး မင်း အခုချိန်ကစပြီး ဟက်ကာလုပ်ငန်းတွေကို တာဝန်ယူရတော့မယ်။ ဒီည ငါ တကယ့်လောကကို ပြပေးမယ်”
ဘေးမှာ အခြားဟက်ကာများမှာတော့ အားကျစွာ ငေးနေကြ၏။
ရှဉ့် ချက်ချင်းပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။
“သူဌေးကျောက် စီစဉ်တဲ့အတိုင်း လိုက်နာပါ့မယ်”
သူ စစ်ဆေးမှုကို အောင်မြင်ကာ ပန်းတိုင်သို့ ခြေတစ်လှမ်းပို၍ နီးကပ်လာလေပြီ။
လင်းယုန်မှာ ဟက်ကာနတ်ဘုရားကိုပင် ယှဉ်နိုင်သည်ဟု တွေးကာ လေးစားနေ၏။
ကွန်ပျူတာအခန်းထဲတွင် အားလုံး တက်ကြွစွာဖြင့် ဆက်စောင့်ကြလေသည်။
အချိန်အတော်ကြာသည်အထိ မည်သူမျှ ဝင်ရောက်ခြင်း မတွေ့မှ စိတ်အေးကာ အခြားအလုပ်များ ဆက်လုပ်ကြ၏။
သူဌေးကျောက်လည်း ရှဉ့်ကို ပိုင်ရှန်အုပ်စုအကြောင်း ပြသရန် ခေါ်ဆောင်သွားလေသည်။
…
တစ်ဖက်တွင်။
လင်းချွမ်တစ်ယောက် ရှဉ့်နှင့် စကားပြောပြီးနောက် သူ့အလုပ်ဘက် ပြန်လှည့်ရလေသည်။
၇၂၀ ကုမ္ပဏီနှင့် နှလုံးသားစကားကုမ္ပဏီတို့ စာချုပ်ချုပ်ရန် ဖြစ်၏။
လင်းချွမ်မှာ ကီးဘုတ်ပေါ်၌ လက်ချောင်းများ လျင်မြန်စွာ လှုပ်ရှား၍ နှလုံးသားစကား ကုမ္ပဏီအကောင့်ကို ရှာလိုက်သည်။
သူတို့ဘက်မှ ကိုယ်တိုင်ပေးလာသော အကောင့်ဖြစ်၍ ပြဿနာမရှိနိုင်ပေ။
ထို့ကြောင့် ထိုအကောင့်နှင့် မကြာခဏ ပတ်သက်ဖူးသော အခြားအကောင့်အား ရှာရသည်။
လင်းချွမ်အတွက်တော့ ထိုလုပ်ငန်းစဉ်မှာ မခက်ခဲလှပေ။
အချိန်တိုအတွင်း အကောင့်များစွာကို ရှာတွေ့သွား၏။
သူ ကြည့်နေရင်း ရုတ်တရက် လင်းချွမ် မျက်မှောင်ကြုတ်သွား၏။
“ဝါး တကယ် တိုက်ဆိုင်တာပဲ”
လင်းချွမ် ရယ်မောနေမိသည်။
ထိုအကောင့်များမှာ ရှဉ့်မှ ပို့ပေးသည့် ပိုင်ရှန်အုပ်စုနှင့် ပတ်သက်သော အကောင့်များပင်။
သူ အလုပ်များစွာကို အတွေ့အကြုံ ရှိသောကြောင့် ချက်ချင်း ပြန်စဉ်းစားလိုက်၏။
နှလုံးသားစကားကုမ္ပဏီမှာ ပိုင်ရှန်အုပ်စု၏ အခွဲဖြစ်ပြီး အန်လင်း၌ ရှိနေသည်။
ထို့ကြောင့် ထိုကုမ္ပဏီမှတစ်ဆင့် သူ့ကို တိုက်ခိုက်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ယခုအခြေအနေမှာ ရှဉ့်ကို ရှေ့တန်းတင်ထားသောကြောင့် သူ့ကို အသားပေးရမည် ဖြစ်၏။
လင်းချွမ် စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက် ချလိုက်သည်။
ရှဉ့်ကို ပိုင်ရှန်၌ နေရာကောင်းပေးပြီးမှ သူ တိတ်တဆိတ် ဝင်ရောက်ရန် ဖြစ်၏။
နှစ်ဖက်စလုံးမှာ အပြိုင်အဆိုင် ကစားနေကြသည်။
သို့သော် လင်းချွမ်မှ ပိုင်ရှန်၏ ရာထူးကြီးပိုင်းတွင် သူလျှိုထည့်ထားမည်ဟု မည်သူမျှ တွေးမိမည် မဟုတ်ချေ။
ညမှာ တဖြည်းဖြည်း ပို၍ မှောင်မိုက်လာ၏။
လရောင်သည် ရေကဲ့သို့ ကြည်လင်နေပြီး အန်လင်းမြစ်ပေါ်သို့ တောက်ပစွာ ဖြာကျနေသည်။
မြစ်လေမှာလည်း အေးချမ်းစွာ တဖြူးဖြူး တိုက်ခတ်နေပြီး ပြတင်းပေါက်ကို ကျော်ဖြတ်၍ အခန်းထဲအထိ ရောက်လာသည်။
လင်းချွမ်မှာ လက်ဖက်ရည်ခွက်ကို ကိုင်လျက် ကွန်ပျူတာ၌ အာရုံစိုက်နေ၏။
“ကျားကြီး မင်းက အန်လင်းမှာပေါ့လေ”
လင်းချွမ် ပြုံးလျက် တစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်တော့သည်။