သတင်းလွှင့်ပေးပါ
Vol. 36 Ch. 530
ညနေခင်းလေပြေမှာ အလွန် နူးညံ့နေသည်။
ရှန်ချန်းချန်း ပြတင်းပေါက်ကိုမှီလျက် ဖုန်းကိုကြည့်နေသည်။ ထိပ်တန်းအေးဂျင့် ဝတ္ထုကို ပြန်ဖတ်နေခြင်း ဖြစ်၏။
လင်းချွမ်တစ်ယောက် လူးကပ်စ်အနားတွင် သူလျှို ထည့်ထားခဲ့သော သတင်းမှာ အန်လင်းရဲစခန်း တစ်ခုလုံး၌ ပျံ့နှံ့နေလေပြီ။
ရဲစခန်း၌ လူရင်းဖြစ်နေသောကြောင့် အချို့ဝန်ထမ်းများမှာ ရှန်ချန်းချန်းကို လာရောက် မေးမြန်းစုံစမ်းကြ၏။
အမှန်တော့ သူလည်း ရှုပ်ထွေးနေပါသည်။
လင်းချွမ်အကြောင်း အတော်လေး သိနေပြီဟု ထင်သော်လည်း ယခုလို ထူးချွန်လွန်းသူနှင့် ခင်နေရသည်ဟု မထင်ခဲ့ပေ။
ရှချင်းချင်းတစ်ယောက် အချိန်အတော်ကြာအောင် လေ့လာနေခဲ့သော လျှို့ဝှက်စက် ယူလာခဲ့သော်လည်း မည်သည့်အချက်မှ မတွေ့ခဲ့ရချေ။
ရှန်ချန်းချန်းမှာ လင်းချွမ်အရေးနှင့် ပတ်သက်လာလျှင် အတော်လေး ခေါင်းမာ၏။
ထို့ကြောင့် အလုပ်ပါး၍ အချိန်ရသည်နှင့် ထိပ်တန်းအေးဂျင့်ကို သွားပြန်ဖတ်နေခြင်း ဖြစ်သည်။
လေ့လာခြင်းနည်းဖြင့် ပြန်လည် ချဉ်းကပ်နေခြင်းပင်။
“ဒီလူက ဘာလဲ။ ထူးထူးဆန်းဆန်းနည်းတွေနဲ့ အမြဲ အံ့ဩအောင် လုပ်တယ်”
ရှန်ချန်းချန်း ဖတ်နေရင်း ရေရွတ်မိလေ၏။
သူ့ဘေးရှိ ရှချင်းချင်းမှာ ရယ်မောလျက်
“အဲ့လို မထင်မှတ်ထားတာတွေ ထထလုပ်တာ သု့အတွက်တော့ ပုံမှန်ပဲ မဟုတ်လား”
အိမ်ထဲတွင် အပူပေးစက် ဖွင့်ထားသောကြောင့် အမျိုးသမီး (၂) ဦးလုံး ပေါ့ပါးသော ချည်ဖွန် ညအိပ်ဝမ်းဆက်လေးများကို ဝတ်ဆင်ထားကြပြီး တစ်ယောက်က အစိမ်းနှင့် တစ်ယောက်က ခရမ်းရောင် ဖြစ်သောကြောင့် ကြာခိုင်ကဲ့သို့ သွယ်လျဝင်းပသော ခြေတံရှည်များကို တွေ့ရလေသည်။
ရှန်ချန်းချန်းမှာ ဖုန်းမျက်နှာပြင်ကို တို့ထိရင်း စာမျက်နှာ နောက်တစ်ရွက်သို့ လှန်ရင်း နှုတ်ခမ်းလေး စူကာ
“ဒီလူက မော်ဂန်အုပ်စုကြီးတောင် ဖျက်ဆီးနိုင်သွားတာကို ငါတို့ကို ထမင်းလေးဘာလေး လိုက်မကျွေးဘူး။ နှလုံးသားမရှိလိုက်တာ”
ရှချင်းချင်း ဖြူစင်စွာ ပြုံးလျက်
“သူက အခု ပိုအရေးကြီးတဲ့အလုပ်တွေ ရှိသေးတယ် မဟုတ်ဘူးလား”
ရှန်ချန်းချနမး မျက်စောင်းထိုးကာ နှာခေါင်းရှုံ့၍ စနောက်လေ၏။
“ဟုတ်ပါပြီ။ နားလည်ပါပြီ။ ငါတို့က အခု တစ်လှေတည်းစီးတဲ့သူတွေ မဟုတ်တော့ဘူးပဲ။ နင် တစ်ယောက်တည်း လင်းချွမ်လှေနဲ့ ပါသွားပြီ”
ရှချင်းချင်း ချက်ချင်း ရှန်ချန်းချန်းအား လှမ်းဖက်၍ ရယ်မောကာ
“နောက်မှ ညလယ်စာ လိုက်ကျွေးဖို့ဖြစ်ဖြစ် ခေါ်ရင်ခေါ်မှာပေါ့”
“ငါတော့ မထင်ပါဘူး”
ရှန်ချန်းချန်း မခံချင်စွာ ပြန်ပြောသည်။
တီ တီ တီ။
ထိုစဉ် ဖုန်းမြည်သံ ကြားရလေ၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ သူ့ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။
သံသယရှိသူ လင်းချွမ်။
“ဟင်”
ရှန်ချန်းချန်း ရှချင်းချင်းကို လှမ်းကြည့်၍ မျက်စိတစ်ဖက် မှိတ်ပြကာ
“ချင်းချင်း နင်က နိမိတ်ကြိုဖတ်တတ်တာလား။ ဘာလားပဲ”
ရှချင်းချင်းကိုယ်တိုင်လည်း ပါးစပ်အဟောင်းသား ဖြစ်နေပြီးမှ ဖုန်းကိုင်ရန် လှမ်းနှိပ်ဖို့ ပြင်လေသည်။
“မြန်မြန် ကိုင်လိုက်လေ။ ဒီလောက်တောင် စောင့်နေခဲ့ပြီးတော့။ နောက်ဆုံးတော့ သံသယရှိသူဆီက ဖုန်းလာပြီလေ”
ရှန်ချန်းချန်း ရယ်မောလျက်
“နင်က မနာလိုနေတာလား”
“ဘာကို မနာလိုရမှာလဲ”
ဖုန်းမှာ ဝင်သွားပြီး ဖြစ်သောကြောင့် လင်းချွမ် အကုန် ကြားနေရကာ လှမ်းမေးခြင်း ဖြစ်သည်။
ရှချင်းချင်းမှာ ရယ်လျက်
“ငါက မနာလိုတာ မရှိပါဘူး။ ဒါနဲ့ သူ နင့်ကို ပြောစရာရှိလို့ ထင်တယ်”
ရှန်ချန်းချန်း ထိုအခါမှ ဖုန်းကို အာရုံစိုက်၍
“လင်းချွမ် ညမိုးချုပ်ကြီး ဘာကိစ္စရှိလို့လဲ။ အရေးကြီးကိစ္စ ရှိတာလား”
“ရဲမေရှန် ခန့်မှန်းတာ မှန်ပါတယ်”
လင်းချွမ် ပြုံး၍ ပြော၏။
ရှန်ချန်းချန်း ငြိမ်ကျသွားလေသည်။
ဘေးမှ ရှချင်းချင်းမှာ အပြစ်ကင်းစင်သော အပြုံးလေးဖြင့် လှမ်းစ၏။
“ဘာအရေးကြီးကိစ္စလဲ”
ရှန်ချန်းချန်းမှာ လင်းချွမ်အား စနောက်လေ့ရှိသော်လည်း အရေးပေါ်ဟု ကြားသောကြောင့် အံ့ဩသွားသည်။
“အခု အိမ်မှာမလား။ ဘေးမှာ ချင်းချင်းကလွဲပြီး မရှိဘူးမလား”
လင်းချွမ် ဂရုတစိုက် မေး၏။
ရှန်ချန်းချန်း ရှချင်းချင်းအား တစ်ချက် လှမ်းကြည့်၍ ခေါင်းငြိမ့်ကာ
“ဟုတ်တယ်”
“ကောင်းပါပြီ”
လင်းချွမ် ထိုအခါမှ စိတ်အေးသွားပြီး
“ဒီလိုပါ။ မြေအောက် လောင်းကစားဝိုင်းတစ်ခု ရှာတွေ့ထားလို့လေ”
“မြေအောက်လောင်းကစားဝိုင်းလား”
ရှန်ချန်းချန်း ချက်ချင်း အလုပ်ကို အာရုံစိုက်ကာ အမူအရာ ပြောင်းသွားသည်။
“အဲ့တာကို ဘယ်လိုလုပ် သိလာတာလဲ”
“တိုက်ဆိုင်လို့ပါ”
လင်းချွမ်မှ ရှဉ့်ထံမှ ရလာသော သတင်းများနှင့် သူ သိထားသော အချက်အလက်များအား ပြောပြလိုက်၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ
“အဲ့လောင်းကစားဝိုင်းက ပိုင်ရှန်အုပ်စုရဲ့ အခွဲအနေနဲ့ အန်လင်းမှာ လာဖွင့်ထားတာလို့ ပြောချင်တာလား”
“အဲ့လိုပေါ့”
လင်းချွမ် ပြန်ဖြေ၏။
“အဲ့တော့ ကျွန်မတို့ ဘာလုပ်ပေးရမလဲ”
ရှန်ချန်းချန်း ပြန်မေးလေသည်။
သူ လင်းချွမ်အကြောင်း သိသင့်သလောက်တော့ သိပါသည်။
လင်းချွမ် ထိုအချက်အလက်များ လာပြောနေခြင်းသည် အန်လင်းရဲစခန်းအား ပူးပေါင်းစေလို၍ ဖြစ်၏။
လင်းချွမ်၏ ပိုက်ကွန် မည်မျှကြီးသည်၊ မည်မျှ ကြီးသည့်ငါးကို ဖမ်းမည်ကိုတော့ မသိသေးချေ။
လင်းချွမ်မှာတော့ ရယ်မောနေမိလေသည်။
သူ့စိတ်ထဲတွင် အကြံရှိထားပြီး ဖြစ်ပါသည်။ လောင်းကစားဝိုင်းတစ်ခု ပိတ်ရရုံ ပြုလုပ်ခြင်းဖြင့် ပိုင်ရှန်အုပ်စုမှာ နောက်တစ်ခု ထပ်ဖွင့်နေဦးမည်ပင်။
ဤသည်မှာ ရေတိုစီမံကိန်းသာ ဖြစ်၏။
သူ့ပန်းတိုင်မှာ ပိုင်ရှန်အုပ်စုအစစ် ဖြစ်ပါသည်။
ထို့ကြောင့် လင်းချွမ်မှ
“သတင်းလွှင့်စေချင်တာ”
“ဘယ်လို”
ရှန်ချန်းချန်း နားမလည်နိုင် ဖြစ်သွား၏။
လင်းချွမ် ခေါင်းငြိမ့်ကာ အသေးစိတ် ပြန်ပြောလေသည်။
“ဟုတ်တယ်။ နှလုံးသားစကားကုမ္ပဏီကနေ မနက်ဖြန် နေ့လယ် (၃) နာရီမှာ ကျွန်တော့်ကို လာလည်ဖို့ ခေါ်ထားတယ်။ ထင်တဲ့အတိုင်းဆိုရင်တော့ ကျွန်တော့်ကို တစ်ခုခု လှုပ်ရှားလိမ့်မယ်။ အဲ့လိုနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့အခါ ကျွန်တော့်အကြောင်း ပေါ်သွားမှာ။ အဲ့တာကြောင့် ချန်းချန်းတို့က မနက်ဖြန် အဲ့ဒီ မြေအောက်လောင်းကစားဝိုင်းကို ဝင်စီးမယ်လို့ သတင်းလွှင့်စေချင်တာ။ ကျွန်တော့်ကို တိုက်ခိုက်လာမယ့်အစီအစဉ် ပျက်အောင်ပေါ့”
“အဲ့လိုဆို ရှင့်ကို သံသယဝင်မှာ မဟုတ်ဘူးလား”
ရှန်ချန်းချန်း ပြန်မေး၏။
“ဟင့်အင်း။ ကျွန်တော် ပါဝင်နေမှန်း သိမှာမဟုတ်ဘူး။ သူတို့ ကျွန်တော့်ကို နားလည်ထားသလိုပဲ ဂရုတစိုက် လုပ်ရမှာပေါ့။ သတင်းအစအန နည်းနည်းတောင် ထွက်လို့မရဘူး။ အဲ့တာကြောင့် မနက်ဖြန် ချန်းချန်းတို့ရဲ့ လုပ်ငန်းစဉ်က ကျွန်တော့်ကို သံသယရှိသူစာရင်းကနေ ပယ်လိုက်လိမ့်မယ်”
လင်းချွမ်စကားကို နားထောင်ရင်း ရှန်ချန်းချန်း သက်ပြင်းချလိုက်သည်။
ဘေးတွင် ရှချင်းချင်းလည်း ငြိမ်၍ အချိန်အတော်ကြာအောင် စဉ်းစားနေသည်။
“ဟေး ချန်းချန်း ကျွန်တော် ပြောတာ ကြားရလား”
ဖုန်းထဲမှ လင်းချွမ်အသံ ပေါ်ထွက်လာသည်။