ရှင်က အန္တရာယ် မရှိဘူးလား
Vol. 36 Ch. 532
အန်လင်းမြို့။
လမ်းဘေးအကင်ဆိုင်တဲတွင်။
ဆောင်းရာသီ၌ပင် တောင်ပိုင်းဒေသ၏ အကင်ဆိုင်များမှာ ရှုပ်ထွေးနေလေသည်။ အကင်ဆရာသည် လက်တိုအင်္ကျီကို ပေါ့ပါးစွာ ဝတ်ဆင်ထားပြီး အကင်ချောင်းများအား လက်တစ်ဖက်ဖြင့် လှည့်ရင်း အခြားလက်တစ်ဖက်ဖြင့် အရသာမှုန့်များ၊ အချဉ်ရည်များ ဆမ်းကာ လမ်းတစ်ခုလုံးကို အမွှေးရနံ့များ ကြိုင်လှိုင်စေလေသည်။
“သူဌေးလင်းရော လမ်းဘေးစာ ကြိုက်တာလား”
ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ လင်းချွမ်နှင့် အတူထိုင်ရင်း စနောက်နေ၏။
ထိုလေးဘေးဆိုင်တည်နေရာမှာ လင်းချွမ်ကိုယ်တိုင် ရွေးချယ်ခြင်း ဖြစ်သည်။
ရှချင်းချင်းလည်း ရယ်မော၍
“ဟုတ်ပါ့။ သူဌေးလင်းကို ဒါမျိုးတွေ မသိဘူး ထင်ထားတာ”
“ဘယ်လိုလုပ် အဲ့လို တွေးမိရတာလဲ”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြန်စနောက်လေသည်။
“ကျွန်တော်က အွန်လိုင်း ဝတ္ထုစာရေးဆရာပါ။ အထက်တန်းကျကျ အသိုင်းအဝိုင်းထဲ မဟုတ်ရပါဘူးဗျာ။ လမ်းဘေးမှာ အကင်စားတာ ထူးဆန်းတာမှ မဟုတ်တာ”
သူ ပြောပြောဆိုဆိုနှင့် ဘေးဘီကို ကြည့်မိသည်။
လမ်းတစ်လျှောက်လုံး ညဈေးလမ်းဘေးဆိုင်များဖြင့် ပြည့်ကာ လေညင်းအေးအေးကြားတွင် စက်ဘီးစီးနေသော လူငယ်စုံတွဲလေးများကိုလည်း တွေ့ရသည်။
မိန်းကလေးများမှာတော့ ထိုင်ခုံအနောက်မှ စိတ်ကူးယဉ်ဆန်စွာ ဖက်ရင်း လိုက်ပါလာ၏။
လင်းချွမ် ထိုမြင်ကွင်းကိုကြည့်ရင်း ကြည်နူး ကျေနပ်နေမိသည်။
“ရှင် ငယ်ငယ်ကအကြောင်းတွေ ပြန်တွေးမိလို့လား”
ရှန်ချန်းချန်း ရယ်မောကာ ပြောလိုက်သည်။
လင်းချွမ် မျက်ခုံးပင့်လျက်
“ကျွန်တော်လည်း အခုထိ လူငယ်ပါပဲနော်”
“ဒီကလေးတွေကို ကြည့်ရင်း တော်တော် သဘောကျနေတဲ့ပုံမို့လို့ပါ”
ရှန်ချန်းချန်းမှ စ၏။
“ယောက်ျားတိုင်းက (၁၈) နှစ်သားလိုပါပဲ”
ရှချင်းချင်း ရယ်မော၍ ဝင်ပြောသည်။
လင်းချွမ် ခေါင်းလေး အနည်းငယ် မော့လျက်
“ကျွန်တော်ကော့ ရင့်ကျက်တဲ့ပုံကို ပိုသဘောကျတာပါ”
“ရှင်းရှင်းကျတော့ တက္ကသိုလ်ကျောင်းသူလေးလေ”
ရှန်ချန်းချန်း ထောက်လိုက်သည်။
“အင်း”
လင်းချွမ် နှာခေါင်းလေးပွတ်လျက်
“တက္ကသိုလ်ကျောင်းသူက ရင့်ကျက်လို့ မရဘူးလား”
ရှန်ချန်းချန်း ပြုံးလျက်
“ဒါပေမဲ့ ရှင် ခုနကကြည့်နေတဲ့ ကလေးတွေကတော့ မရင့်ကျက်သေးဘူးလေ”
လင်းချွမ်မှ
“ဟားဟား သူတို့လည်း ကျွန်တော့်ကို ကြည့်နေလို့ ပြန်ကြည့်တာပါဗျာ”
“အခုမှ ဦးလေးကြီးပုံစံနဲ့ ပိုတူသွားတာ”
ရှချင်းချင်း လင်းချွမ်ကို သေချာကြည့်၍
“အဲ့ကောင်လေးတွေက ယောက်ျားကြီးကို သဘောကျတာလား”
“ဟာ ချင်းချင်း”
လင်းချွမ် ရယ်ရခက် ငိုရခက် ဖြစ်နေ၏။
“ချင်းချင်း ဆိုက်ဘာရဲဌာနမှာမို့လို့ တော်သေးတယ်”
“ဆိုက်ဘာရဲဌာနက ဘာလို့လဲ”
ရှချင်းချင်း နှုတ်ခမ်းလေးစူကာ ပြော၏။
လင်းချွမ် ခဏစဉ်းစားပြီးမှ ရှင်းပြလေသည်။
“ရဲတစ်ယောက်ရဲ့ စူးရှတဲ့အမြင်မျိုး မရှိဘူးလေ”
“ဟင်”
ရှချင်းချင်း မှင်တက်နေ၏။
သို့သော် ရှန်ချန်းချန်းမှာ ရုတ်တရက် နားလည်သွားလေပြီ။
ထို့နောက် ချောမောလှသော လင်းချွမ်၏ မျက်နှာကိုကြည့်၍ ပြုံးကာ တစ်ခုခုကို တွက်ချက်နေသည်။
ပြီးမှ သဘောပေါက်သွားဟန်ဖြင့်
“ရှင် ဒီည ကျွန်မတို့ကို ညလယ်စာ လိုက်ကျွေးတာ ဒါကြောင့်ကိုး”
လင်းချွမ် သူ့ဘက်လှည့်ကြည့်လိုက်ပြီး
“ချန်းချန်းရဲ့အမြင်က မဆိုးဘူးပဲ”
“ရှင်တို့နှစ်ယောက် ဘာတွေ လျှို့ဝှက်ပြီး ပြောနေတာလဲ”
ရှချင်းချင်း နားထောင်ရင်း အတော် ရှုပ်ထွေးလာသည်။
ရှနချန်းချန်းမှ သူ့နားအနားကပ်လာပြီး ခပ်တိုးတိုး ရှင်းပြလေ၏။
ထိုအခါ ရှချင်းချင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လင်းချွမ်အား အထိတ်တလန့် လှမ်းကြည့်လေသည်။
“ကျွန်မတို့ရော ရှင့်အတွက်အချက်ထဲ ပါတာလား”
လင်းချွမ် အမြန် လက်ယမ်းပြ၍
“ဘယ်ဟုတ်မလဲဗျ။ တိုက်ဆိုင်သွားတာပါ”
“မယုံပါဘူး”
ရှချင်းချင်း နှာခေါင်းရှုံ့ကာ ပြော၏။
“ယုံတာ မယုံတာကတော့ မတတ်နိုင်ဘူး။ ဒါ အမှန်တရားပဲ”
လင်းချွမ် ပုခုံးတွန့်လျက် အပြစ်ကင်းစွာ ပြောလေသည်။
“ညလယ်စာ စားဖို့က ချင်းချင်း စပြောတာလေ။ ကျွန်တော်က လိုက်လာရုံပဲ”
ရှချင်းချင်း စွံ့အလျက် မကျေမနပ် လှမ်းကြည့်ကာ
“ဒီညလယ်စာက ရိုးရိုးမှ မဟုတ်တာ။ ရှင်နဲ့ ပူးပေါင်းအောင်လို့ ကျွေးတာလေ။ နောက်မှ သေချာ ထပ်စားရမယ်”
“အဲ့လိုလား”
လင်းချွမ် ရှုံ့မံ့သွား၏။
“အဲ့လိုဆို မရဘူးလား”
ရှချင်းချင်းမှ မျက်ဝန်းလေး ဝင့်ကြည့်၍ မေး၏။
သူငယ်ချင်းကောင်းဖြစ်သော ရှန်ချန်းချန်းမှာလည်း သူ့ဘက်မှ ဝင်ပါပေးလေသည်။
“ညလယ်စာလေးပဲကို။ ဆရာလင်းက အေးဆေး တတ်နိုင်တာပေါ့”
လင်းချွမ် ရယ်မောလျက်
“ဒါပေါ့ဗျာ။ ညလယ်စာ စားတာ ကောင်းပါတယ်။ နောက်ပိုင်း စာတွေ ဆက်မရေးဖြစ်တော့ရင် လမ်းဘေးဆိုင်လေးတစ်ဆိုင် ဖွင့်ပြီး အလကား ကျွေးမယ်လေ”
“ရှင် ပြောတာနော်”
အမျိုးသမီးများ ရယ်မောမိကြ၏။
“ကဲ ကဲ အကင်တွေလည်း ရပြီ။ စားကြတော့”
လင်းချွမ် အကင်များ လာချပေးသော ဆိုင်ရှင်ကို ကြည့်၍ စကားစဖြတ်လိုက်သည်။
လင်းချွမ် ထင်ထားသည့်အတိုင်း ရှန်ချန်းချန်း၊ ရှချင်းချင်းတို့နှင့်အတူ လူမြင်ကွင်း၌ ရှိနေသည်မှာ သက်ရောက်မှုကောင်း၏။
မဟုတ်လည်း အရမ်းတော့ ဂရုမစိုက်ပါ။
မည်သို့ပင်ဖြစ်စေ သတင်းပျံ့သွားသောကြောင့် ကျားကြီးတို့အပေါ် ကစားရ ပိုလွယ်လာ၏။
လင်းချွမ် ထောင့်နားရှိခုံကိုသာ အကျင့်အတိုင်း ရွေးထိုင်ဖြစ်ခဲ့သည်။
ထိုစဉ် ရှန်ချန်းချန်း သူ့အနားကပ်၍ ခပ်တိုးတိုး မေးလေ၏။
“လင်းချွမ် ရှင့်အစီအစဉ်က အသင့်ပဲလား”
“ဒါပေါ့”
လင်းချွမ်မှာ မည်သူမျှ ခိုးနားမထောင်သည်မှာ သေချာရန် ပတ်ဝန်းကျင်ကို ကြည့်ပြီးမှ ပြန်ဖြေသည်။
ရှန်ချန်းချန်း စိတ်ဝင်တစားဖြင့်
“နည်းနည်းလောက် အရိပ်အမြွက် ပြောပြပါလား။ ဖုန်းနဲ့ပဲ ဖြစ်ဖြစ်လေ”
“အန္တရာယ်များတယ်ဗျ။ ချန်းချန်း ဝင်မပါတာ ပိုကောင်းပါတယ်”
လင်းချွမ် လက်ယမ်းပြလိုက်သည်။
“ကျွန်မ လက်ရှိဝင်ပါနေတာနဲ့ဆိုရင် ပိုတော့ အန္တရာယ်များစရာ မရှိဘူးမလား”
ရှန်ချန်းချန်းမှာ မှုခင်းရဲအဖွဲ့ဝင် ဖြစ်သောကြောင့် အမြဲတမ်းလိုလို အန္တရာယ်ရှိသည့်ကိစ္စမျိုး ကြုံရတတ်ပါသည်။
“မတူဘူးလေ”
“ဟုတ်ပါပြီ”
ရှန်ချန်းချန်း မကျေမနပ် လက်ခံလိုက်ရ၏။
ရှချင်းချင်းမှ
“ရှင်ကျတော့ရော”
“ကျွန်တော်ကတော့ သေချာပေါက် ဘေးကင်းတာပေါ့”
လင်းချွမ် ခပ်အေးအေး ပြန်ဖြေလိုက်သည်။
“ကျွန်မတော့ မယုံနိုင်ဘူး။ ရှင်နဲ့ ချန်းချန်းတို့ ဖုန်းထဲမှာ ပြောတာ ကြားသားပဲ”
ပိုင်ရှန်အုပ်စု၏ အင်အားဖြင့် အန်လင်းတွင် လူအလုံးအရင်း ရှိနေသောကြောင့် လင်းချွမ်အား အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။
ယခုအချိန်တွင် အန္တရာယ်အရှိဆုံးမှာ လင်းချွမ်ပင်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော် အန္တရာယ်ရှိရင် အခုလို ညလယ်စာတောင် ထွက်မစားနိုင်ဘူးလေ။ ဟုတ်တယ်မလား”
လင်းချွမ်မျက်နှာတွင် ကြောက်လန့်မှု တစ်စုံတစ်ရာ မတွေ့ရပေ။
ရှချင်းချင်းနှင့် လင်းချွမ်တို့ အကြည့်ချင်း ဆုံသွားသောအခါ သူ၏ မထီမဲ့မြင် အခိုးအငွေ့ကြောင့် အနည်းငယ် စိတ်အေးသွားမိလေ၏။