ဟက်ကာအဖွဲ့ အင်အားတိုးမယ်
Vol. 36 Ch. 533
မှန်ပါသည်။
လင်းချွမ်ကဲ့သို့ သံသယအဝင်ခံရလောက်အောင် ဒုစရိုက်မှုများနှင့် ပတ်သက်သူမှာ တော်ရုံကံကြမ္မာ မဖြစ်နိုင်ပေ။
ထိုညတွင် လင်းချွမ်တစ်ယောက် အကင်များ တစ်ဝကြီး စားမိလေ၏။
သူ အိမ်ပြန်ရောက်ချိန်တွင် အတော်ညဉ့်နက်နေလေပြီ။
လင်းချွမ် ရေမိုးချိုး အဝတ်အစားလဲကာ ကွန်ပျူတာ၌ ပြန်ထိုင်ရလေသည်။
ရဲမေများနှင့် အပြင်သွားစားခြင်းမှာ တစ်ဖက်မှ သံသယကင်းစေရန်အတွက် ပါသလို သူကိုယ်တိုင် အားအင်ဖြည့်ခြင်းလည်း ဖြစ်သည်။
သူ့တွင် အလုပ်များ ရှိသေး၏။
ပထမဆုံးအနေဖြင့် ကျားကြီးတို့ မည်သည့်နေရာ ပြောင်းသွားသည်ကို စုံစမ်းရမည်။ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသေးရန် အရေးကြီး၏။
ယခုတစ်ခေါက် လွှတ်ပေးလိုက်ခြင်းမှာ ထွက်ပြေးစေလို၍ မဟုတ်ဘဲ ပိုင်ရှန်အုပ်စုနှင့် ပိုနီးစပ်စေရန် ဖြစ်သည်။
မနက်ဖြန်နေ့လယ် (၃) နာရီတွင် သူနှင့် ချိန်းထားသော ကိစ္စ ပျက်သွား၍ သေချာပေါက် အထက်သို့ ပြန်တင်ပြရတော့မည်။
ထို့ကြောင့် သူဌေးကျောက်မှ ဒုတိယအကြိမ် ပြန်တိုက်ခိုက်ရန် စီစဉ်ညွှန်ကြားသောအခါ ပိုသတိထား၍ တင်းကြပ်ထားမည် ဖြစ်၏။
ပထမဆုံး လင်းချွမ်၏ သတင်းအရင်းအမြစ်များကို ရှာလိမ့်မည်။
ထိုအတွက် ဟက်ကာအဖွဲ့အား အားပေးပေမည်။
“ရှဉ့်”
ဒီတစ်ခါတွင်တော့ လင်းချွမ်မှ စ၍ ဆက်သွယ်လိုက်၏။
ရှဉ့် ချက်ချင်း လုံခြုံသောနေရာသို့ သွား၍ ပြန်ဖြေလေသည်။
လင်းချွမ်မှ
“မနက်ဖြန်မနက်လောက်ကို သူဌေးကျောက်က ဟက်ကာအဖွဲ့ကို အင်အားတိုးဖို့ လုပ်လိမ့်မယ်။ အဲ့အခါ ရှဉ့်ဘက်က အကြံပေးလိုက်ပါ”
“ဘယ်လိုမျိုးလဲ”
“ခင်ဗျားရဲ့ ဦးဆောင်မှုအောက်ကနေပဲ AW ရဲ့ မူလဟက်ကာတွေကို ခန့်ဖို့ ပြောလိုက်ပါ”
လင်းချွမ်မှ ပြောသည်။
ရှဉ့်မှာ ထိုစကားကို သေချာဖတ်ပြီးနောက်
“AW က ဟက်ကာတွေလား”
“ဟုတ်တယ်”
လင်းချွမ် အကြောင်းပြချက်ကိုတော့ မပြောပေ။
“ကောင်းပါပြီ”
ရှဉ့် တာဝန်အတိုင်း ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်၏။
လင်းချွမ်လည်း စကားဖြတ်ပြီးနောက် သက်ပြင်းချလိုက်လေသည်။
AW မှ ဟက်ကာများကို ခန့်စေခြင်းမှာ သူ့လူများကို ဆက်သွယ်ရေးပစ္စည်းအမျိုးမျိုးမှတစ်ဆင့် ဝင်ရောက် နေရာယူစေလိုသောကြောင့်ပင်။
AW သည် သူ့ရန်သူ ဟုတ်သလို အရင်းအမြစ်များစွာ ရနိုင်သောနေရာလည်း ဖြစ်၏။
ထို့နောက် သူ တရားမဝင်ဝက်ဘ်ဆိုဒ်ထဲ ဝင်လိုက်လေသည်။
ဟက်ကာနတ်ဘုရား ပီသစွာဖြင့် ဟက်ကာနယ်ပယ်နှင့် ရင်းနှီးလှပြီး ထို AW မှ ဟက်ကာများကို မည်သို့ ဆက်သွယ်ရမည်အား သိနေပါသည်။
သူ့ဘက်ပါရန် တိုက်ရိုက်စည်းရုံးခြင်းတော့ မဟုတ်ပေ။
ဤသည်မှာ အန္တရာယ်များလွန်း၏။
AW ဟက်ကာများအား လိုအပ်သော လျှို့ဝှက် လုပ်ငန်းရှင်အဖြစ် ရှိနေမည်ဖြစ်ပြီး ပိုင်ရှန်အုပ်စုထဲ ရောက်သည်နှင့် သတင်းများ ပေးပို့ရန် ဖြစ်သည်။
သို့သော် သူတို့ပေးလာသော သတင်းအချက်အလက်မှာ အရေးမကြီးပေ။
အမှန်ဟုတ်မဟုတ်ကိုလည်း မျှော်လင့်မထား။
သူတို့ ပိုင်ရှန်ထဲ ရောက်သည်နှင့် လင်းချွမ် မျက်စိရှေ့ဝင်ကာ ရှဉ့်နှင့်လည်း အဆက်အသွယ် ဖြစ်လိမ့်မည်။ ထိုအခါ ပိုင်ရှန်အုပ်စုအကြောင်း ပိုရင်းနှီးလာနိုင်၏။
မကြာမီ လင်းချွမ်မှာ AW ဟက်ကာ (၅) ဦးအား သီးသန့်စီ ဆက်သွယ်လိုက်သည်။
ထိုဟက်ကာ အချင်းချင်းမှာလည်း နေရာမတူ၍ မဆက်စပ်မိစေရပေ။ ထိုအခါမှ သူ့အကြံကို မရိပ်မိမည် ဖြစ်သည်။
နောက်တစ်နေ့တွင်။
နေရောင်ခြည်မှာ တောက်ပစွာ လင်းလက်နေပြီး နူးညံ့သော အလင်းရောင်များသည် ဒေသတစ်ခုလုံးကို ငြိမ်းချမ်းစွာ လွှမ်းခြုံထား၏။
နွေးထွေးသော ရောင်ခြည်ကြောင့် ဆောင်းရာသီ အအေးဓာတ်ကို တစ်မျိုးတစ်ဖုံ လျော့စေလေသည်။
နှလုံးသားစကားကုမ္ပဏီမှ တာဝန်ရှိသူဟု ဆိုသူတစ်ဦးမှ ကျန်းရှင်းရှင်းကို ကိုယ်တိုင် ဆက်သွယ်လာလေသည်။
သူတို့ကုမ္ပဏီတွင် အရေးကြီးကိစ္စတစ်ခု ပေါ်လာသောကြောင့် နေ့လယ်ချိန်းထားသည့် ကိစ္စကို ဖျက်ရန် ဖြစ်သည်။
ထိုအချိန်တွင် ပိုင်ရှန်အုပ်စု၌။
တစ်နေကုန် ပြုံးရွှင်နေခဲ့သော သူဌေးကျောက်မှာ မနက်စောစောစီးစီး သုန်မှုန်၍ ဒေါသထွက်နေ၏။
သူ့ရုံးခန်းထဲတွင် ထိုင်လျက် ဖုန်းကိုကိုင်ထားရင်း ကျားကြီး၏ တင်ပြချက်များကို နားထောင်နေလေသည်။
သူဖုန်းချပြီးနောက် ခဏကြာပြီးမှ သူ့လက်ထောက်အား ပြော၏။
“ရှဉ့်ကို ငါ့ဆီ ခေါ်လာခဲ့”
ရှဉ့်မှာ သူ့လူယုံတစ်ယောက် ဖြစ်လာပြီး သတင်းကြားသည်နှင့် သူ အမြန် ရောက်လာပါသည်။
“သူဌေးကျောက် ခေါ်တယ်ဆိုလို့ပါ”
ရှဉ့်မှာ ရုံးခန်းထဲ ဝင်လာပြီး သူဌေးကျောက်အား နှုတ်ဆက်လိုက်၏။
သူ ခေါင်းငြိမ့်ပြ၍
“ကောင်လေး မင်း မနေ့ညက လုပ်ခဲ့တဲ့ အကောင့်လေ။ အဲ့တာက မင်းကလွဲပြီး ဘယ်သူမှ မမြင်ရဘူးမလား”
သူ ဘယ်အဓိပ္ပာယ်နှင့် မေးမှန်း မသိသော်လည်း ရှဉ့်မှာ ခေါင်းငြိမ့်လျက် ယုံကြည်ချက် အပြည့်ဖြင့်
“လုံးဝ သေချာပါတယ်”
သူဌေးကျောက် ဆက်မပြောသေးဘဲ တစ်ယောက်တည်း စဉ်းစားနေသည်။
ထိုမေးခွန်းမှာ သူ့စိတ် အေးချမ်းစေရန် အထောက်အကူ ပြုသည့်အနေဖြင့် မေးခြင်း ဖြစ်၏။
ရှဉ့်၏စကားကို ကြားမှ စိတ်အေးသွားပြီး
“ကောင်လေး မင်းက တကယ် အသုံးအဝင်ဆုံးပဲ”
“သူဌေးကျောက်မှာ အရည်အချင်းရှိတဲ့သူတေ အများကြီးပါ…”
ရှဉ့်မှ ပြန်ဖား၍ ပြောလေသည်။
သူဌေးကျောက် မျက်နှာထား တည်လျက်
“အမလေး ငါ့မှာ လူတွေသာများတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အသုံးဝင်တာ သိပ်မရှိပါဘူးကွာ။ ဆိုက်ဘာလုံခြုံရေးအဖွဲ့ပဲကြည့်ဦး။ မင်းကလွဲပြီး ဘယ်သူရှိလို့လဲ”
ရှဉ့် ရင်တဒိတ်ဒိတ် ခုန်လာ၏။
ဒါက…
မနေ့ညက လင်းယုန်ပြောလာတဲ့ တာဝန်များလား။
လင်းယုန်က သူဌေးကျောက်ရဲ့ အတွေးအထိပါ ဘယ်လိုလုပ် အတိအကျ သိနေတာလဲ။
ရှဉ့်မှာ ဦးညွှတ်လျက် ငြိမ်နေသည်။
သူဌေးကျောက် သက်ပြင်းချကာ ဆက်ပြော၏။
“မင်း အခု ဦးဆောင်နေတဲ့ ဟက်ကာအဖွဲ့ကို ဘယ်လို ခံစားရလဲ”
“အဲ့တာက…”
ရှဉ့်မှာ တုံ့ဆိုင်းနေသည်။
“အမှန်အတိုင်း ပြောပါ”
သူဌေးကျောက်မှ ဝင်ထောက်ပေးသည်။
ရှဉ့် ခဏစဉ်းစား၍
“အရည်အချင်းကတော့ နည်းနည်း နိမ့်နေလို့။ ထိပ်တန်းဟက်ကာအဖွဲ့နဲ့တော့ ယှဉ်လို့ မရပါဘူး”
သူဌေးကျောက် ခေါင်းငြိမ့်လျက်
“ဒါဆို ဟက်ကာအဖွဲ့ကို အင်အားတိုးတာပေါ့”
ရှဉ့် အလွန် တုန်လှုပ်သွားသည်။
လင်းယုန်က သူ့လှုပ်ရှားမှုတွေကို အတိအကျ သိနေတာပဲ။
အံ့ဩစရာ ကောင်းလိုက်တာ။
သို့သော် လင်းယုန်ခိုင်းသည့်အတိုင်း တိုက်ရိုက် ပြောလိုက်လျှင် သိသာသွားပေမည်။
ထို့ကြောင့် ရှဉ့်မှ
“သူဌေးကျောက် ကျွန်တော့်ကို အချိန်ခဏလောက် ပေးပါ။ ဟက်ကာအဖွဲ့ကို သေချာသင်ပေးပြီး ထိပ်တန်းဖြစ်လောအောင် ကြိုးစားပါ့မယ်”
သူဌေးကျောက် မကျေမနပ်ဖြင့်
“အချိန်က မရှိတော့ဘူးကွ”
“ဒါဆို…”
ရှဉ့်မှ တွေဝေသလို ပြောလေသည်။
“တိုက်ရိုက် ခန့်ရင်ရော။ မင်းမှာ တော်တဲ့သူ တွေးမိတာမျိုး ရှိလား”
သူဌေးကျောက် သူ့ကို အကြွင်းမဲ့ ယုံကြည်နေလေပြီ။
ရှဉ့် အတော်ကြာအောင် ငြိမ်နေပြီးမှ
“သူဌေးကျောက် ကျွန်တော်တို့ တိုက်ရိုက်ခန့်မယ် ဆိုရင်တော့ AW က အရင်လူတွေကို ခန့်တာ အမြန်ဆုံး ဖြစ်ပါလိမ့်မယ်”
“AW က ဟက်ကာတွေကို ခန့်မှာလား”
သူ မျက်မှောင်ကြုတ်၍ ရှဉ့်အား မော့ကြည့်၏။
ထိုအခါ ရှဉ့်တစ်ယောက် တစ်ညလုံး စဉ်းစားထားသည့် အကြောင်းပြချက်အား ရှင်းပြလေသည်။
“ကျွန်တော်က ဒီလိုတွေးတာပါ။ လင်းချွမ်က AW ကို ဖျက်ဆီးလိုက်လို့ ဟက်ကာတွေ တော်တော်များများ ဒုက္ခရောက်ကုန်ကြပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ဘက်က ကမ်းလှမ်းတာနဲ့ သေချာပေါက် သူဌေးကျောက်ကို ကောင်းကောင်း ကူညီပေးမှာပါ”
သူဌေးကျောက် မျက်လုံးအရောင်များ လက်သွား၏။
ရန်သူ၏ ရန်သူမှာ အကောင်းဆုံး မိတ်ဆွေ ဖြစ်လေသည်။
ယခုအချိန်တွင် AW မှ ဟက်ကာများကိုခေါ်၍ လင်းချွမ်အား ဖမ်းဆီးရန် ကြိုးစားနေသည့်အကြောင်း ပြောလိုက်လျှင် မည်သို့ တုံ့ပြန်မည်နည်း။
“ဒီကိစ္စကို မင်းပဲ လုပ်လိုက်”
သူ တွေးလေ တွေးလေ သဘောကျလေ ဖြစ်နေသည်။
အစီအစဉ်မှာ အလွန် ပြီးပြည့်စုံ၏။
ရှဉ့်မှာ ခေါင်းယမ်းလျက်
“သူဌေးကျောက် ကျွန်တော်က အခုမှ ရောက်တာကို။ ဒီလို ဦးဆောင်ခန့်အပ်တာမျိုးက အရမ်းမြန်လွန်းနေတယ် ထင်ပါတယ်။ မသင့်တော်ပါဘူး”
ဤသည်မှာ လင်းချွမ်ကိုယ်တိုင် ရှောင်ခိုင်းထားသော ကိစ္စဖြစ်၏။ ထိုမှသာ အသစ်ရောက်လာသူများ ပြဿနာတက်လျှင်လည်း ရှဉ့်ကို သံသယမဝင်မည် ဖြစ်ပါသည်။
သူဌေးကျောက် စဉ်းစားပြီးနောက်
“မင်းပြောတာ မှန်တယ်။ ဒီကိစ္စကို ငါ့တခြားတပည့်တွေကို ခိုင်းထားလိုက်မယ်”