အခန်း (၁၃၂)
Vol. 14 Ch. 132
နောက်ဆုံးမိနစ်အတွင်း ပြင်ဆင်မှုများလုပ်နေကြရသည့် အတွက် လူတိုင်းခေါင်းမရှိသည့် ကြက်များကဲ့သို့ ဟိုဟိုဒီဒီပြေးလွှားနေရသည့်အချိန်တွင်၊ သတင်းစကားအား တိုက်ရိုက်ကြားသိထားသူများသည် ၎င်းတို့ဖုန်း များကို ချက်ချင်းဆွဲထုတ်ပြီး ဤစိတ်လှုပ်ရှားဖွယ်သတင်းကို အသည်းအသန်မျှဝေဖို့ အသင့်ဖြစ်နေလောက်မည်။
သို့ပေမယ့် အခုအချိန်မှာတော့ သူတို့ဟာ တံတွေးမျိုချရင်း တစ်ယောက် နှင့်တစ်ယောက် အပြင်းအထန်မျက် လုံးများဖြင့် စိုက်ကြည့်နေရုံသာ။
ပေါက်ကွဲစရာ! တကယ့် ပေါက်ကွဲစရာသတင်းကြီး၊
ထိပ်တန်း Idol အဖွဲ့ ... သူတို့ တကယ်ကို အရမ်းကောင်းနေပြီ၊ ဒီည ဇာတ်ခုံတစ်ခုလုံးကို တုန်လှုပ်သွားစေမယ့်အရာတွေပဲ!
ဒီည ဖျော်ဖြေရေးလောကကြီး တကယ်လှုပ်ခတ်သွားမယ်ဆိုတာကို သူတို့ ယခုလေးတင် စိတ်ကူးကြည့်လိုက်သည်။
ကြည့်လေ၊ သူတို့ရဲ့ထုတ်လုပ်သူနဲ့ ဒါရိုက်တာတောင် စိတ်ကျဉ်းကြပ်နေကြတာ
လျှို့ဝှက်ဇာတ်ညွှန်းသည် ၎င်းတို့အား တစ်နေ့လုံးစိတ်လှုပ်ရှားနေစေခဲ့သည်၊ မည်ကဲ့သို့သော လူထုအမြင်မုန်တိုင်းမျိုးကိုမဆို ရင်ဆိုင်ဖြေရှင်းရန် အသင့်ပြင်ထားခဲ့ကြသည်။ သို့သော် ယခုအခြေအနေကိုကြည့် လျှင်၊ သူတို့၏နှလုံးသားများသည် ကြိုးစင်ပေါ်တွင် ချိတ်ဆွဲခံထားရသကဲ့သို့ လုံးဝကျိုးပဲ့သွားခဲ့ရသည်။
ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် စင်နောက်ကွယ်တွင် ချွေးပြန်နေပြီး စီးကရက်တစ်လိပ်ကိုညပ်ကာ မုန်တိုင်းမကျမီ နောက်ဆုံးသောအေးဆေးတည်ငြိမ်သည့် အချိန်လေးအားခံစားနေကြသည်။
ဇာတ်စင်ပေါ်ရှိ အလင်းရောင်များမှိန်လာပြီး နောက်ခံတေးသွား စတင်လာသည်။
"ရှေးရှေးတုန်းက ရုပ်အဆင်းလှပသောမိန်းမများက သူတို့ရဲ့ အလှတရားတွေကိုအသုံးပြုပြီး အကျင့်သီလနဲ့ ဥပဒေကိုမထီမဲ့မြင်ပြု အကျိုးအမြတ်ရှာကာအရာအား လုံးကို ဒုက္ခပေးခဲ့ကြတယ်။ ဒါ့ကြောင့် ' ရှေးကတည်းက အလှမယ်ဆိုတာ အမြဲတမ်းဒုက္ခတွေရဲ့အရင်းအမြစ်ပဲ' ဆိုတဲ့ စကားပုံပေါ်လာခဲ့တယ်..." အသံအနက်ကြီးတစ်ခု မှပြောလာသည်။
သို့ပေမဲ့ ထိုနေရာမှာပင် ရှင်းလင်းပြတ်သားသည့် အမျိုး သမီးအသံတစ်ခုက ကြားဖြတ်ဝင်လာသည်။
ဒီအသံက ကျီဖေး၏အသံဆိုတာ လူတိုင်းသိသည်။
"ဒုက္ခတွေအားလုံးကို အလှမယ်တွေအပေါ် အပြစ်ဖို့လိုက်တာပဲ၊ အဲ့ဒါကြောင့်မို့လို့ 'အလှမယ်ဆိုတာ ဒုက္ခရဲ့အရင်း အမြစ်' ဆိုတဲ့စကားပုံ ပေါ်လာတာ မဆန်းတော့ပါဘူး။"
တိုက်ရိုက်ထုတ်လွှင့်မှု၏မှတ်ချက်ကဏ္ဍတွင် မေးခွန်းသင်္ကေတတများဖြင့် ပေါက်ကွဲသွားသည်: ????
ဒါ 'အာဏာရှိသူတွေနဲ့အတူ အလှမယ်တွေရဲ့အဆင့်တက်မှု'ကို ဝေဖန်တဲ့ ဇာတ်ကွက်ဖြစ်မယ်လို့ မထင်ထားကြဘူးမလား ?
ဘာတွေဖြစ်နေတာလဲ ?
အရာရာသည် လူတိုင်းမျှော်လင့်ထားသည်နှင့် အနည်း ငယ်ကွဲပြားနေသလိုပင်။
ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် ချင်မိသားစုမှလွဲလျှင် တိုက်ရိုက်ကြည့်ရှုနေသည့် ပရိသတ်များလည်း အံ့အား သင့်သွားကြသည်။ သူတို့က စိတ်လှုပ်ရှားနေပြီး လက်တွေကိုပွတ်သပ်နေကြသည်။ ဒါပဲ၊ ဒါက သူတို့တွေးနေတဲ့ဟာပဲ။ အရင်တည်းက အတွင်းသတင်းများသိထား ကြသည်မှာ တကယ်စိတ်ကျေနပ်စရာပင်။ လူတိုင်း၏ တုံ့ပြန်မှုများအား ကြည့်ရှုရန်မစောင့်နိုင်တော့ပေ။
ရှေးခေတ်အလှမယ်နှင့် ဒုက္ခတွေအကြောင်းပြောလျှင်၊ ပထမဆုံး စိတ်ထဲရောက်လာသူမှာ စုတကျီပင်။
သေချာသည်၊ ဇာတ်စင်ပေါ်တွင် မီးခိုးများနှင့်ပြည့်လာသောအခါ၊ ရှန်မင်းဆက် ကျိုးဘုရင်အဖြစ် ချင်ကျောက်နှင့်စုတကျီအဖြစ် ကျီဖေးတို့ဝင်ရောက်လာကြသည်။
ရေကန်အကြီးကြီးတစ်ခု၏ ပုံစံတူပစ္စည်းတစ်ခု ရှိနေ သည်၊ ၎င်းက နာမည်ဆိုးနှင့်ကျော်ကြားသည့် "ဝိုင်ကန်နဲ့ အသားတောအုပ်"ကို ကိုယ်စားပြုတာဖြစ်မည်။
ချင်ကျောက်နှင့် ကျီဖေးတို့သည် ကန်ထဲတွင် ရှိနေပြီး၊ ပတ်ဝန်းကျင်မှ တေးဂီတများအားနားဆင်ရင်း ပျော်ရွှင်စရာကောင်းသည့် လေထုကိုခံစားနေကြသည်။
ကျီဖေးသည် ချင်ကျောက်အား ဝိုင်တစ်ခွက်ငှဲ့ပေးနေ ကာ၊ သူ့ဘေးတွင် အခြားအလှမယ်များလည်းရှိနေသေးသည်။
ရုတ်တရက်ဆိုသလို၊ တရားရုံးအရာရှိတစ်ယောက် လျင် မြန်စွာဝင်ရောက်လာပြီး၊ စိတ်ပျက်အားလျော့သလို ဒူးထောက်ကာ "ကျေးဇူးပြု ပြီး အရှင်မင်းကြီးရဲ့ အမိန့် တော်ကို ပြန်လည်ရုပ်သိမ်းတော်မူပေးပါ။ ကြယ်ကြည့် မျှော်စင်ဆောက်လုပ်ဖို့က ပြည်သူတွေအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်စေပြီး နိုင်ငံတော်ရဲ့အရင်းအမြစ်တွေကိုကုန် ခန်းစေပါတယ်။ ပြည်သူတွေရဲ့အမျက်ဒေါသတွေကို ပိုမိုမြင့်တက်စေပါတယ်။ ဒါကို ဆောက်လုပ်လို့မဖြစ်နိုင်ပါဘူး!"
ချင်ကျောက် ချက်ချင်းအရမ်းဒေါသထွက်သွားသည်။
"ငါကိုယ်တော်ရဲ့ ချစ်လှစွာသောကြင်ရာတော်အတွက် ကြယ်ကြည့်မျှော်စင်ဆောက်တာ ဘာမှားနေလို့လဲ ? ငါကိုယ်တော်လုပ်သမျှ မင်းတို့နဲ့ မဆိုင်ဘူး။"
ထို့နောက် သူ ကျီဖေး၏ပခုံးအားဆွဲကာ နှစ်သိမ့်သည့်အနေဖြင့် " ကိုယ်တော့်ရဲ့အလှလေး၊ လာ.. ကိုယ်တော် ဝိုင်ထပ်လိုချင်တယ်"
သို့ပေမယ့် ကျီဖေးသည် တောင့်တောင့်ကြီးငြိမ်နေပြီး၊ မလှုပ်ရှားလာပေ။
အွန်လိုင်းကြည့်ရှုသူများသည် အစပိုင်းတွင် ကျီဖေး၏ သရုပ်ဆောင်မှုက တောင့်တင်းနေသည်ဟုထင်ခဲ့ကြသည်။ သူ စောစောစီးစီးဇာတ်စင်ပေါ်တက်လာရသဖြင့် စိတ်လှုပ်ရှားနေပြီး ကောင်းကောင်းသရုပ်မဆောင်နိုင်သေးဘူးဟု ထင်ခဲ့ကြပြီး သူတို့ အနည်းငယ်စိတ်ပျက် သွားကြသည်။
သို့သော် နောက်တစ်မိနစ်မှာပင် ချင်ကျောက်က ပြုံးပြီး ကျီဖေး၏မေးစေ့ကိုကိုင်ကာ၊ သူ့အား ကြည့်ဖို့အတင်းအ ကျပ်ခိုင်းသည်ကို မြင်လိုက်ရသည်။
"ကိုယ်တော့်အလှလေးလည်း ကိုယ်တော် သူတို့စကားကိုနားထောင်သင့်တယ်လို့ ထင်နေတာလား ? ကိုယ်တော်နဲ့အတူ ကြယ်ကြည့်မျှော်စင်ပေါ်တက် မသေမျိုးတွေကိုဖိတ်ပြီးတော့ အသက်ရှည်ခြင်းအကြောင်း မေးမြန်းချင်တာ မဟုတ်ဘူးလား ?"
ကျီဖေး တုန်နေသည်၊ သူ့လက်များလည်းတုန်ရင်နေ သည်၊ ချင်ကျောက်ကို ကြည့်ရန်မဝံ့မရဲဖြစ်နေကာ
"ဟုတ်ကဲ့၊ ကျွန်မလည်း တကယ်ကြည့်ချင်ပါတယ်" ဟု ခပ်တိုးတိုးဖြေလိုက်သည်။
ယခုမူ လူတိုင်းသိလိုက်သည် - ကျီဖေးသည် ဤရက် စက်ကြမ်းကြုတ်သည့် ဘုရင်အား အမှန်ပင်ကြောက်နေသည်။ ၎င်းက ကျိုးဘုရင်အား အရုပ်လိုကိုင်လှုပ်နိုင်သည့် ဒဏ္ဍာရီလာစွဲမက်ဖွယ်အလှမယ်ဆိုသည့် ရှေးရိုး စကားနှင့် အတော်လေးကွဲပြားနေသလိုပင်။
"စုန်းမ၊ မင်း တကယ်ပဲ အရှင်မင်းကြီးကိုလှည့်စားနေတာပဲ"
အရာရှိသည် ကျီဖေးအား ချက်ချင်းလက်ညိုးငေါက်ငေါက်ထိုးပြီး "မင်း အရှင်မင်းကြီးကို လက်ဝါးကြီးအုပ်ပြီး နိုင်ငံ့အရေးကိုလစ်လျူရှု အပျော်အပါးလိုက်စားနေအောင်လုပ်နေတာ၊ မင်းကိုသတ်ပစ်ပြီး အရှင်မင်းကြီးကို ပြန်ခေါ်သင့်တယ်!"
ကျီဖေး ချက်ခြင်းပင်ကြောက်လန့်တကြားဖြင့် ချင်ကျောက် နောက်သို့ဝင်ပုန်းလိုက်သည်။
အရာရှိသည် အစောင့်များထံမှ ချက်ချင်းတားဆီးခံရသည်။
သူ့မျက်နှာထက် မျက်ရည်များစီးကျလာပြီး အရာရှိက "အရှင်မင်းကြီး၊ သူက ချောမောလှပပေမယ့် ဒုက္ခပေး နေတဲ့သူပါ။ သူ အရှင်နဲ့ အရှင်ရဲ့တိုင်းပြည်ကို ဖျက်ဆီးလိမ့်မယ်၊ ဒီမိန်းမအတွက်နဲ့ ရှန်မင်းဆက်ရဲ့အခြေခံအုတ် မြစ်ကို လျစ်လျူမရှုနိုင်ဘူး၊ သူ့ကို သတ်ပစ်လိုက်ပါ၊ အားလုံးကို ကယ်တင်နိုင်လိမ့်မယ်။"
ကျီဖေးတုန်လှုပ်သွားပြီး မျက်နှာမှာဖြူဖျော့သွားသည်။
ချင်ကျောက် ရက်စက်စွာပြုံးလိုက်ပြီး " ငါကိုယ်တော် မင်းကို အရင် သတ်ချင်တာ!"
တခဏအတွင်းမှာပင် ဓားကျလာပြီး အရာရှိအားကွပ် မျက်လိုက်သည်။
မီးများရုတ်တရက်ပြောင်းသွားပြီး ဖန်သားပြင်ကြီးသည် လင်းလာသည်။ မရေမတွက်နိုင်သည့်လူများက စွပ်စွဲမှုများနှင့် ကျိန်ဆဲနေသကဲ့သို့ အရူးအမူးလှုပ်ရှားနေသည့် ရှေးဇာတ်ကောင်များပေါ်လာသည်။
"စုတကျီက နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အရှင်မင်းကြီးကို ဖြားယောင်းသွေးဆောင်၊ လှည့်စားပြီး စိတ်လွတ်သွားအောင်လုပ်နေတာ။ သူက ရက်စက်ပြီးယုတ်မာတယ်၊ သူရှိနေတာ ရှန်မင်းဆက်ကို ဘေးဆိုးဖြစ်စေဖို့ပဲ!"
"အဲ့ဒီ ရက်စက်တဲ့လုပ်ရပ်တွေက စုတကျီ အရှင်မင်းကြီးကိုလှည့်ဖြားထားလို့ပဲ၊"
" စုတကျီသာ မရှိရင် ရှန်မင်းဆက်က အရာအားလုံးအ ဆင်ပြေသွားလိမ့်မယ်။"
"အလှတရားနဲ့ဒုက္ခပေးနေတဲ့ စုတကျီကို သတ်ပစ်၊ ကောက်ကျစ်တဲ့စုန်းမ စုတကျီကို သတ်ပစ်"
အချိန်တွေ ရပ်တန့်သွားသလိုမျိုး ဇာတ်ခုံဟည်အမှောင်ထဲကျဆင်းသွားခဲ့သည်။ ချင်ကျောက်၏နောက်ကွယ်တွင် ပုန်းနေစဥ် ကျီဖေးထံသို့အလင်းတန်းတစ်ခုကျရောက်လာခဲ့သည်။
ကျီဖေး အလွန်တုန်လှုပ်ခြောက်ခြားကာ စိတ်ပျက်လက် ပျက် အသံကြီးဖြင့် "ကျွန်မ ဘာလုပ်မိလို့လဲ ? ရှင် ဒီပြဿနာတွေအားလုံး ဘာလို့ ကျွန်မ ခေါင်းပေါ်ပုံချလိုက်ရတာလဲ ?"
သူ မတ်တပ်ထရပ်ပြီး ချင်ကျောက်အား ပြင်းပြင်းထန် ထန် ပါးရိုက်လိုက်ကာ "ကျွန်မက မိသားစုထဲမှာ မိန်းမငယ်လေးတစ်ယောက်ပါ၊ ကျွန်မမှာ ချစ်သူရည်းစားရှိတယ်။ သူ ကျွန်မကို နန်းတော်ထဲအတင်းခေါ်သွားတာ။ သူ ကျွန်မရဲ့ ပုံစံကိုကြိုက်တယ်၊ သူက ကျွန်မကိုဖမ်းချုပ်ထားခဲ့တယ်။ ကျွန်မက ဘယ်လိုအနေအထားမျိုးလဲ ? ငြင်းလို့ရလို့လား ? ကျွန်မကကိုယ်လုပ်တော်တစ်ယောက်ပဲလေ၊ ရှင်တို့ ဘာလို့ သူ့ကို ကျွန်မက ထိန်းချုပ်ထားတာပါတယ်လို့ ပြောနေကြရတာလဲ ? တရားရုံး ကိစ္စလား?"
"ရှင်တို့ သူ တရားရုံးမတက်တာပဲမြင်ပြီး သူ ကျွန်မကို သူ့အနားခစားစေချင်နေတာကြတော့ မမြင်ဘူး။ ရှင်တို့ထဲက ဘယ်သူက ကျွန်မကို ရှင်ဘုရင်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်လွှမ်းမိုးနိုင်တယ်လို့ တကယ်သက်သေပြနိုင်လို့လဲ!"
ထို့နောက် သူ တရားရုံးအရာရှိထံသို့ လှမ်း၍ပါးရိုက်ကာ "ကြယ်ကြည့်မျှော်စင်က အရှင်မင်းကြီးရဲ့အကြံအစည်ပဲ။ သူ မသေမျိုးအဖြစ်နဲ့ တစ်သက်လုံးနေသွားချင်လို့ ဆောက်ချင်ခဲ့တာ။ အဲ့တာ ကျွန်မနဲ့ဘာဆိုင်လို့လဲ ? သူ ကျွန်မကို ခေါ်သွားချင်တာက ကျွန်မ အပြစ်လား ? သူ နိုင်ငံအရေးကိုလျစ်လျူရှုပြီး အပျော်အပါးလိုက်စားနေတာ ကျွန်မအပြစ်လား။ ဘာလို့ သူ့ကို မသတ်တာလဲ? ဘာလို့ ကျွန်မကို သတ်ချင်တာလဲ?"
"ငါ့ရဲ့အလှကြောင့် မလွန်ဆန်နိုင်ပဲ ယုတ်ညံ့တဲ့လုပ်ရပ်တွေလုပ်ခဲ့ရင် အဲ့ဒါ သူ့ကိုယ်ပိုင် ပြဿနာပဲ၊ ကျွန်မ မဟုတ်ရင်တောင်မှ တခြားတစ်ယောက်က သူ့ကို ဒီလမ်းအတိုင်းလိုက်သွားစေလိမ့်မယ်။ သူ့အမိန့် အတိုင်းလိုက် နာတာမှားရင် ဒီနန်းတော်ထဲက အစေခံတိုင်းကိုသတ် သင့်တယ်၊ ဘာလို့ ငါ့ကိုပဲ သတ်ချင်တာလဲ ?"
နောက်ဆုံး ကျီဖေးဖန်သားပြင်ကြီးအား လှည့်ကြည့်ပြီး ဒေါသတကြီးအော်ရင်း "ရှင်တို့အားလုံးက ဘာမှမဟုတ်တဲ့ လူယုတ်မာတွေချည်းဘဲ၊ ရှင်က ရှင့်ရဲ့အရည်အချင်းကိုဖုံးကွယ်ဖို့ အချစ်ရေးကိစ္စတွေကို အသုံးချချင်နေတာ။ ရှင်ဘုရင်က လူမိုက်၊ နန်းတွင်းအရာရှိတွေက အသုံးမကျဘူး။ ရှင်တို့လိုအာဏာရှိတဲ့ ယောက်ျားတွေက နိုင်ငံတော်ကိုဖျက်ဆီးပြီး အပြစ်တင်မခံချင်တာနဲ့ပဲ ကျွန်မတို့လို အားနွဲ့တဲ့ မိန်းမသားတွေအပေါ် သောက်အရှုပ်ထုပ်တွေကိုလွှဲချပစ်တယ်၊ ကျွန်မ လက်မခံနိုင်ဘူး။ ကျွန်မ ဘာအမှားမှမလုပ်ခဲ့ဘူး။ ကျွန်မ လှပကောင်း လှပလိမ့်မယ် ဒါပေမဲ့ ကျွန်မက ပြဿနာရဲ့အရင်းအမြစ်မဟုတ်ဘူး!"
သူ ပေါက်ကွဲပြီးနောက်၊ စခရင်ကြီးပေါ်ရှိစာသားများ ပေါက်ကွဲသွားပြီး ဇာတ်ခုံတစ်ခုလုံးအမှောင်ထုထဲသို့ ထိုးကျသွားသည်။
ပထမပိုင်း သရုပ်ဆောင်မှုပြီးသွားသည်။
ပရိသတ်များ စကားမပြောနိုင်ဘဲကျန်ရစ်ခဲ့ပြီး ထိုကဲ့သို့ ဖျော်ဖြေမှုမျိုးမြင်ရမည်ဟု မမျှော်လင့်ထားချေ။
အွန်လိုင်းမှကြည့်ရှုသူများလည်း အတော်လေးစိတ်လှုပ်ရှားသွားကြသည်။
"အခု ငါနားလည်ပြီ၊ ထိပ်တန်း Idol အဖွဲ့ က 'လှပတဲ့အမျိုးသမီးတွေဟာ ဒုက္ခဖြစ်စေတယ်' ဆိုတဲ့ အထင်အ မြင်လွဲမှားမှုကိုစိန်ခေါ်ဖို့အတွက် ရှန်ဘုရင်ကျိုးနဲ့ စုတကျီတို့အပေါ် မတူညီတဲ့အမြင်တွေကို တင်ပြချင်တာ "
"ဒါက ထူးခြားတဲ့ရှုထောင့်တစ်ခုပဲ။ တကယ်တော့ ထူး ဆန်းတယ်လို့ ငါ အမြဲတွေးဖူးတယ်။ ရှေးခေတ်က ဧကရာဇ်မင်းမြတ်တွေကို လွှမ်းမိုးခဲ့တဲ့ အဲ့ဒီလှပတဲ့ အမျိုးသမီးတွေအားလုံးက ရက်စက်ရတာကို စွဲလမ်းနေ ကြလို့လား ? သူတို့ တကယ်ပဲ ပျော်ရွှင်ဖို့အတွက်ရက် စက်ကြမ်းကြုတ်တဲ့အရာတွေကို လုပ်ဖို့လိုလို့လား ? ငါ့အတွက်တော့ အမြဲတမ်းထူးဆန်းနေသလိုပဲ။"
“ဒါ့အပြင်၊ အခု သက်သေပြနေတဲ့ အချက်တော်တော်များများက 'နိုင်ငံတွင်း ကပ်ဘေးတွေက အမျိုးသားတွေကပဲ အပြစ်ပုံချတာ ဖြစ်နိုင်ချေများတယ်။"
“အမျိုးသားတွေကြီးစိုးတဲ့ ရှေးခေတ်မှာ၊ အမျိုးသမီးတစ်ဦးက ဒီလိုမျိုးအကျိုးသက်ရောက်မှုရှိတာကို စိတ် ကူးကြည့်ဖို့ခက်သား"
"ဖေးမေ့ မပြောခဲ့ဘူးလား ? ရိုမန့်တစ်ကောလဟာလတွေက ပျံ့နှံ့လွယ်တယ်။ အဲ့ဒီအချိန်တုန်းက ပြည်သူတွေက တိုင်းပြည်ကိုအုပ်ချုပ်ရတဲ့ရှုပ်ထွေးတဲ့ နိုင်ငံရေးတွေကို စိတ်မဝင်စားဘူး။ တိုင်းပြည်က ဆုတ်ယုတ်နေရင် ဘုရင်နဲ့ နန်းတွင်းအရာရှိတွေကို အပြစ်တင်တာထက် အသံမထွက်တဲ့မိန်းမတွေကို ပစ်မှတ်ထားဖို့ကပိုလွယ်တယ်။"
"ဒါ မှန်တယ်။ အတင်းအဖျင်းပြောတတ်တဲ့ သူတွေက ဒီလိုမျိုးကောလာဟလတွေကိုကြားရတာ ထုံးစံပဲ။ အဲ့တာတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး လူတိုင်းက ပိုပြီး လွယ်လွယ်ကူကူလက်ခံလာကြတယ်။ အနာဂတ်မှာ သူတို့လုပ်ဖို့လိုတာက အရင်ဧကရာဇ်တွေလို မိန်းမတွေဆီကနေလှည့်စားခံရပြီး စိတ်ရှုပ်ထွေး၊ တပ်မက်နေမှာ မဟုတ်ဘူးလို့ပြောထားတဲ့ ဆိုင်းဘုတ်ကိုလွှင့်ထူထားရမှာ။"
"ကောက်ကျစ်တယ်။ အမျိုးသားတွေက ကောက်ကျစ်တဲ့အခါ၊ အမျိုးသမီးတွေက အမြဲတမ်းဆန့်ကျင်ဘက်ဖြစ်အောင် ကြံစည်နေတဲ့သူတွေပဲ။"
"ရှန်ဘုရင်ကျိုးက စုတကျီကို သူ့နောက်လိုက်တွေအ တွက်အကာအကွယ်အဖြစ် အသုံးချပြီး တရားရုံးအရာရှိတွေက စုတကျီကို ဘုရင်ကိုမဆွဲဆောင်နိုင်တဲ့အတွက် အကြောင်းပြချက်အဖြစ် အသုံးချခဲ့တယ်။ နောက်ဆုံးတော့ စုတကျီရဲ့အပြစ်ပဲ မဟုတ်ဘူးလား ?"
comment များထဲ ဇာတ်လမ်းအား လေးလေးနက်နက် ဆွေးနွေးမှုများကိုမြင်သောအခါ ဒါရိုက်တာနှင့် ထုတ် လုပ်သူတို့ ခက်ခက်ခဲခဲမျိုချလိုက်ပြီး ကျန်အရာများ အဆင်ပြေချောမွေ့ မည်ဟု မျှော်လင့်လိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင် comment များထဲ ပေါက်ကွဲသွား သည်။
"နေဦး ? ငါဘယ်သူကိုတွေ့ လိုက်တာလဲ ? ဘာလို့ ကျီဖေး စင်ပေါ်မှာမရှိတော့တာလဲ?"
"ချင်ကျောက်က ကျိုးဘုရင်အဖြစ် သရုပ်ဆောင်နေတာမို့ ကျီဖေးကပေါင်ဇီအဖြစ် သရုပ်မဆောင်သင့်ဘူးလား ?"
"ဒီမင်းသမီးက ဖျော်ဖြေရေးလောကကနေ ထွက်သွားရမှာ မဟုတ်ဘူးလား?"
"ဟုတ်တယ်၊ သူ့ရဲ့ ရုပ်ရှင်ကားကြီးတွေထဲကို သန်းဆယ်ဂဏန်းလောက်ထည့်ထားတဲ့ ချမ်းသာကြွယ်ဝတဲ့ရင်းနှီးမြုပ်နှံသူတစ်ဦးကိုဖြားယောင်းခဲ့ပေမဲ့ အားလုံးပျက်သွားလို့လေ။ ရင်းနှီးမြုပ်နှံသူရဲ့ဇနီးဖြစ်သူက သူ့မိသားစုကို ဖျက်ဆီးပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို ဖျက်ဆီးတဲ့မြေခွေးမလို့စွပ်စွဲပြီး အွန်လိုင်းပေါ်မှာလွှင့်ခဲ့တာ၊"
“အဲဒီနောက် သူ လူမှုကွန်ရက်ပေါ်မှာ လူတိုင်းရဲ့လှောင် ပြောင်ဝေဖန်ခံခဲ့ရတယ်။ ငိုယိုတောင်းပန်ပြီး ဖျော်ဖြေရေးလောက ကနေ အနားယူကြောင်းကြေညာခဲ့တယ်။”
"ထိပ်တန်းအဖွဲ့ က ရူးသွားပြီလား ? ဒီလို အရှုပ်တော်ပုံရာဇဝင်ရှိတဲ့ သူတစ်ယောက်ကို ဇာတ်ပို့မင်းသမီးအဖြစ် ဘယ်လိုများဖိတ်ခေါ်နိုင်တာလဲ ?"
" နေဦး၊ သူက ဒီဇာတ်ဝင်ခန်းအတွက် အဓိကမင်းသမီး ဖြစ်တဲ့ပုံပဲ"
ဇာတ်ခုံ၏တစ်ဖက်တွင်၊ ယုရို့ရင်သည် မီးရောင်အောက်သို့ ပြန်လည်ရောက်ရှိလာသည့် မင်းသမီးအား လုံးဝစိုက်ကြည့်နေသည်။ သူသည် တစ်ချိန်က သူ့စီအီးအိုဟောင်း ၏မလိုလားအပ်သော ခံစားချက်များဖြစ်ကြောင်း သူတွင် အမှားအယွင်းမရှိခဲ့ဟု မျက်ရည်လည်ရွဲဖြင့် ရှင်းပြခဲ့ဖူးသူတစ်ယောက်ဖြစ်ကြောင်း သူ သတိရမိသည်။ သို့ပေမယ့်သူ့အား မည်သူမျှမယုံကြပေ။
ဗီဒီယိုအဖြစ်အပျက်ကြောင့် သူ စိတ်ဓာတ်ကျပြီး မိမိကိုယ်ကိုသတ်သေဖို့ကြိုးစားခဲ့ကာ နောက်ဆုံးမှာတော့ ဖျော်ဖြေရေးလုပ်ငန်းကနေနုတ်ထွက်ပြီး ဘာခြေရာလက် ရာမှမချန်ပဲ ပျောက်ကွယ်သွားခဲ့သည်။
အင်တာနက်ပေါ်တွင် ကျန်ခဲ့သမျှသည် အရှုပ်အရှင်းများမှာ စော်ကားမှုများသာဖြစ်သည်။
ယုရို့ရင် သူ့ရုပ်ရှင်များအားကြည့်ဖူးသည်။ ဇာတ်ညွှန်းတွေ အရမ်းမကောင်းပေမယ့် သူ့ရဲ့သရုပ်ဆောင်ချက်တွေက... အံ့အားသင့်ဖွယ်ပင်။